Skip to main content

တစ်ကမ္ဘာလုံးဆိုင်ရာ - ပဋိပက္ခတွင် အသက်အရွယ်အိုမင်းသူများ ပိုမိုထိခိုက်နိုင်

မတရားမှုများ အဆုံးသတ်ရန်၊ အကာအကွယ်ပေးနိုင်ရန်နှင့် အကူအညီပေးနိုင်ရန် အစိုးရများနှင့် ကုလသမဂ္ဂတို့ ပိုမိုလုပ်ဆောင်သင့်

(နယူးယောက်) - လက်နက်ကိုင်ပဋိပက္ခများတွင် မတရားမှုနှင့် အများဆုံးကြုံရနိုင်ချေမှာ အသက်အရွယ်အိုမင်းသူများတွင် ပိုမိုမြင့်မားကြောင်း လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ယနေ့ပြောကြားလိုက်သည်။ လက်နက်ကိုင်ပဋိပက္ခများတွင် ပါဝင်သောအဖွဲ့အားလုံးသည် အသက်အရွယ်အိုမင်းသူများကို မတရားအနိုင်အထက်ပြုခြင်းများ ရပ်ဆိုင်းရန်နှင့် အကူအညီလိုအပ်နေသော အသက်အရွယ်အိုမင်းသူများ လူသားချင်းဆိုင်ရာအကူအညီများ ရရှိရန် ဆောင်ရွက်ပေးသင့်သည်။ လက်နက်ကိုင်ပဋိပက္ခများအတွင်းပိတ်မိနေသော အသက်အရွယ်အိုမင်းသူအရပ်သားများအတွက် ပိုမိုကောင်းမွန်သော ကာကွယ်စောင့်ရှောက်မှုများကို ကုလသမဂ္ဂမှ အလေးထားရန် လုံခြုံရေးကောင်စီက တိုက်တွန်းသင့်သည်။

ဘယ်သူမှမလွတ်ဘူး - လက်နက်ကိုင်ပဋိပက္ခများတွင် ပိတ်မိနေသော အသက်အရွယ်အိုမင်းသူများကို မတရားအနိုင်အထက်ပြုခြင်းများ” ဟူသော စာမျက်နှာ ၄၉ မျက်နှာပါ အစီရင်ခံစာတွင် ၂၀၁၃ မှ ၂၀၂၁ ခုနှစ်အတွင်း ဘာကီနာဖာဆို၊ အလယ်အာဖရိကပြည်ထောင်စုနိုင်ငံ၊ အီသီရိုးပီးယား၊ အစ္စရေးနှင့် သိမ်းပိုက်ခံပါလစ္စတိုင်းနယ်မြေများ၊ မာလီ၊ မိုဇန်ဘစ်၊ နာဂိုနို-ကရာဘက်၊ နိုက်ဂျာ၊ တောင်ပိုင်းဆူဒန်၊ ဆီးရီးယားနှင့် ယူကရိန်းနိုင်ငံများတွင် ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများတွင် အသက်အရွယ်အိုမင်းသူများ အနိုင်အထက်ပြုကျင့်ခံရပုံများကို လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က မှတ်တမ်းတင်နိုင်ခဲ့သည်။ ကန်မရွန်းနိုင်ငံရှိ အင်္ဂလိပ်စကားပြောပြည်နယ်နှစ်ခုတွင် ရေရှည်ဖြစ်ပွားနေသော စိုးရိမ်ဖွယ်အကြမ်းဖက်မှုများ၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် အသက်အရွယ်အိုမင်းသူရိုဟင်ဂျာများအပေါ် လုံခြုံရေးတပ်ဖွဲ့များ၏ကြမ်းကြုတ်ရက်စက်မှုများနှင့် ဆီးရီးယားနိုင်ငံပဋိပက္ခကြောင့် လဘနွန်နိုင်ငံသို့ ထွက်ပြေးရောက်ရှိနေသော အသက်အရွယ်အိုမင်းသူများ၏အတွေ့အကြုံတို့ကိုလည်း အဆိုပါအစီရင်ခံစာတွင် လေ့လာသုံးသပ်ထားသည်။

“ပဋိပက္ခတွေထဲက အသက်အရွယ်အိုမင်းသူတွေဟာ ဥပဒေမဲ့သေဒဏ်ပေးသတ်ဖြတ်ခြင်း၊ မုဒိန်းမှု၊ ပြန်ပေးစွဲမှု စတဲ့ စိုးရိမ်ဖွယ် အနိုင်အထက်ပြုကျင့်တာတွေ ကြုံနေရတယ်” ဟု လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့၏ အသက်အရွယ်အိုမင်းသူများ၏အခွင့်အရေးနှင့်ပတ်သတ်သော အကြီးတန်းသုတေသီ Bridget Sleap က ပြောကြားသည်။ “အသက်အရွယ်အိုမင်းသူတွေ ကြုံရလေ့ရှိတဲ့အန္တရာယ်တွေနဲ့ လိုအပ်လေ့ရှိတဲ့အကူအညီတွေကို ကုလသမဂ္ဂနဲ့အစိုးရတွေက အလျင်အမြန် အသိအမှတ်ပြုပေးဖို့ လိုနေတယ်။”

ကမ္ဘာအရပ်ရပ်ရှိ ပဋိပက္ခများတွင် အစိုးရတပ်များနှင့်အစိုးရမဟုတ်သောလက်နက်ကိုင်အဖွဲ့အစည်းများမှ အသက်အရွယ်အိုမင်းသူအရပ်သားများကို တိုက်ခိုက်ပြီး စိုးရိမ်ဖွယ်ရာအနိုင်အထက်ပြုမှုများကို ကျူးလွန်ခဲ့ကြသည် - အဆိုပါအမှုများတွင် တရားမဝင်သတ်ဖြတ်ခြင်း၊ ဥပဒေမဲ့သေဒဏ်ပေးသတ်ဖြတ်ခြင်း၊ တရားမဝင်ဖမ်းဆီးခြင်းနှင့် ထိန်းသိမ်းခြင်း၊ နှိပ်စက်ညှင်းပန်းခြင်းနှင့် အနိုင်အထက်ပြုခြင်း၊ အဓမ္မကျင့်ခြင်း၊ အလိုမတူဘဲခေါ်ဆောင်ခြင်းနှင့် ပြန်ပေးစွဲခြင်းတို့အပြင် အိမ်များနှင့်ပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်း အစရှိသည်တို့ ပါဝင်သည်။​ လက်နက်ငယ်များ၊ လက်နက်ကြီးများ၊ ကျယ်ပြန့်သောဧရိယာများကို ပျက်စီးစေနိုင်သော လက်နက်ကြီးများ၊ ဓာတုလက်နက်အပါအဝင် တရားမဝင်လက်နက်များကြောင့် အသက်အရွယ်အိုမင်းသူအရပ်သားများ သေဆုံးဒဏ်ရာရခဲ့ရသည်။ တိုက်ခိုက်မှုများမှ ထွက်မပြေးနိုင်ခြင်းကြောင့် သို့မဟုတ် ထွက်မပြေးတော့ဟု ဆုံးဖြတ်ထားခြင်းကြောင့် အသက်အရွယ်အိုမင်းသူများမှာ အန္တရာယ်ပိုရှိနိုင်သည်။

ဘာကီနာဖာဆိုနှင့် မာလီနိုင်ငံတို့တွင် အစ္စလာမ်လက်နက်ကိုင်အုပ်စုများ၊ အစိုးရတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်များသည် ထင်ရှားသော လူကြီးများအပါအဝင် အသက်အရွယ်အိုမင်းသူအမြောက်အများကို သတ်ဖြတ်ခဲ့ကြသည်။ လက်လုပ်မိုင်းကြောင့် ကားပေါက်ကွဲမှုတွင် စစ်သားနှစ်ယောက်သေဆုံးခဲ့ခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် မာလီနိုင်ငံရှိ တူဝါနာရွာတွင် မာလီစစ်တပ်က အသက် ၈၀ ကျော် လူကြီးနှစ်ယောက်နှင့် အခြား ၁၂ ယောက်ကို ၂၀၂၂၊ ဇန်နဝါရီ ၂၇ ရက်နေ့တွင် ကွပ်မျက်ခဲ့သည်။

တောင်ပိုင်းဆူဒန်တွင်လည်း ၂၀၁၉ ဖေဖော်ဝါရီလ အစိုးရစစ်ဆင်ရေးတစ်ခုတွင် စစ်သားတစ်ဦးက အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦးကို လုယက်ထားသောပစ္စည်းများကို သယ်ခိုင်းခဲ့ပြီး သေနတ်နှင့်ရိုက်ကာ အကြိမ်ပေါင်းများစွာ အဓမ္မပြုကျင့်ခဲ့ကြောင်း အသက်ရှင်ကျန်ရစ်သူ ကာယကံရှင်မှ ပြန်လည်ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၂၀၁၆ နှင့် ဧပြီ ၂၀၁၇ ကြားတွင် ဆီးရီးယားအစိုးရ၏စစ်လေယာဉ်များသည် အဆိပ်ဓာတ်ငွေ့ဗုံးကြဲတိုက်ခိုက်မှု လေးကြိမ် ပြုလုပ်ခဲ့သည်။ အဆိပ်ဓာတ်ငွေ့သင့်၍ အသက်ဆုံးရှုံးရသူများတွင် အသက်အရွယ်အိုမင်းသူ အမြောက်အများပါဝင်သည်။

စစ်ပွဲများနဲ့ကြုံကြိုက်သောအခါ လှုပ်ရှားနိုင်စွမ်းနည်းပါးသော သို့မဟုတ် မသန်စွမ်းသော အသက်အရွယ်အိုမင်းသူများမှာ တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရချိန်တွင် ထွက်ပြေးရန် အကူအညီမရရှိဘဲ နောက်ကျန်နေခဲ့ကြရသည်။ အသက်အရွယ်အိုမင်းသူရိုဟင်ဂျာများကို လုံခြုံရေးတပ်ဖွဲ့များက မီးလောင်နေသော အိမ်များထဲသို့ အတင်းတွန်းထည့်သည်ဟု ၂၀၁၇ တွင် မြန်မာပြည်မှ ထွက်ပြေးလာရသော ရိုဟင်ဂျာများက ထွက်ဆိုခဲ့ကြသည်။​ “သူတို့ ကျမ ယောက်ျားရဲ့ဦးလေးကို မီးပုံထဲကို အတင်းတွန်းထည့်နေတာ ကျမ တွေ့တယ်။ မီးလောင်နေတဲ့ အိမ်ထဲကို အတင်းတွန်းထည့်တာ” ဟု အမျိုးသမီးတစ်ယောက်က ပြောသည်။ “သူက သိပ်မသန်ဘူး၊ အသက် ၈၀ လောက်ရှိပြီ၊ သူတို့က လူတိုင်းကို ထွက်ပြေးစေချင်တာ၊ မပြေးနိုင်တဲ့လူတွေကို မီးရှို့သတ်တာ။”

အသက်အရွယ်အိုမင်းသူအချို့မှာ မိမိအိမ်ယာများကို ကာကွယ်စောင့်ရှောက်လိုသောကြောင့် ထွက်မပြေးကြပေ။ ၂၀၂၂ တွင် ဖြစ်ပွားခဲ့သော အဇာဘိုင်ဂျန်ရှိ အာမေးနီးယားတိုင်းရင်းသားအများစုနေထိုင်သော နာဂိုနို-ကရာဘက် ပဋိပက္ခတွင် အရပ်သားလူငယ်အများစုမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြသည်။ ထွက်မပြေးနိုင်သူအများစုမှာ အသက်အရွယ်အိုမင်းသူများ ဖြစ်ကြသည်။ အသက် ၇၀ ကျော်ပြီဖြစ်သော အာရက်ဂါနှင့် အက်ဝပ်ဒ် ဇနီးမောင်နှံမှာ သူတို့အိမ်ယာကို ကာကွယ်စောင့်ရှောက်လိုသောကြောင့် ထွက်မပြေးကြပေ။ အောက်တိုဘာလတွင် ထိုဇနီးမောင်နှံကို အဇာဘိုင်ဂျန်စစ်သားများမှ အကြမ်းဖက်ဖမ်းဆီးခဲ့ပြီး အဇာဘိုင်ဂျန်မြို့တော်ဘာကူရှိ ထိန်းသိမ်းရေးစခန်းသို့ မပို့မီ လူမနေသောအိမ်များတွင် အစာရေစာမပေးဘဲ ချုပ်နှောင်ထားခဲ့သည်။ အာရက်ဂါ၏သွေးတိုးရောဂါအတွက် ဆေးမပေးခဲ့ပေ။ အက်ဝပ်ဒ်မှာ ထိန်းသိမ်းရေးစခန်းတွင် သေဆုံးခဲ့သည်။ သေဆုံးသူ သူမယောက်ျား၏မျက်နှာမှာ အညိုအမဲစွဲနေသည်ကို တွေ့ရကြောင်း အာရက်ဂါက ထွက်ဆိုခဲ့သည်။

စစ်ဘေးရှောင် အသက်အရွယ်အိုမင်းသူများမှာ လူသားချင်းဆိုင်ရာစာနာထောက်ထားသောအကူအညီများ ရယူရာတွင်လည်း အခက်အခဲများ၊ အနိုင်အထက်ပြုခြင်းများနှင့် ရင်ဆိုင်ကြရသည်။ ၂၀၁၇ ခုနှစ် တောင်ပိုင်းဆူဒန်တွင် သူထွက်ပြေးရောက်ရှိနေသော ကျွန်းပေါ်သို့ ဘာအကူအညီမှ ရောက်မလာဟု အသက် ၇၀ အရွယ် မျက်မမြင်တစ်ဦးက ဆိုသည်။ “အချို့အဖွဲ့အစည်းတွေကတော့အသက်အရွယ်အိုမင်းသူတွေကို စာရင်းလုပ်ထားပေမဲ့ အဲဒီအဖွဲ့အစည်းတွေ ဒီကျွန်းကို ရောက်မလာတဲ့အတွက် ကျနော်ကတော့ ဘယ်စာရင်းမှာမှမပါဘူး”ဟု သူက ပြောသည်။ “ဒီကျွန်းမှာ ဘာဆေးခန်းမှမရှိဘူး။ ဆေးလိုချင်ရင် တခြားကျွန်းကို သွားချင်သွား ဒါမှမဟုတ် ပြည်မကို ပြန်ချင်ပြန်မှ ရမယ်။”

လက်နက်ကိုင်ပဋိပက္ခနှင့်ရင်ဆိုင်နေရသော အသက်အရွယ်အိုမင်းသူအရပ်သားများကို အကာအကွယ်ပေးရန် အပြည်ပြည်ဆိုင်ရာ လူသားချင်းဆိုင်ရာစာနာထောက်ထားသောဥပဒေများက အသိအမှတ်ပြုထားသည်။ စစ်တပ်၏ပစ်မှတ်နေရာများမှ အသက်အရွယ်အိုမင်းသူများကို အတတ်နိုင်ဆုံးကြိုးစား၍ ဘေးကင်းစွာရွှေ့ပြောင်းပေးရန်၊ ထိန်းသိမ်းခံရသော အရပ်သားများကို အသက်အရွယ်အလိုက် သင့်တော်သော နေရာထိုင်ခင်း စီစဉ်ပေးရန် ပြဌာန်းထားသည်။ အသက်အရွယ်အိုမင်းသူများကို လိုအပ်သလို အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဥပဒေအရလည်း ခြွင်းချက်မရှိ စောင့်ရှောက်ရမည်။

“ကုလသမဂ္ဂအေဂျင်စီတွေ၊ ငြိမ်းချမ်းရေးထိန်းသိမ်းရေး မစ်ရှင်တွေနဲ့ လူသားချင်းဆိုင်ရာစာနာထောက်ထားတဲ့အဖွဲ့တွေအနေနဲ့ စောင့်ရှောက်ကာကွယ်မှုနဲ့ အကူအညီပေးတဲ့လုပ်ငန်းတွေကို လုပ်ကိုင်ရာမှာ အသက်အရွယ်အိုမင်းသူတွေနဲ့ သူတို့ရဲ့ အထူးလိုအပ်ချက်တွေကို အသေအချာ ဖြည့်ဆည်းပေးသင့်တယ်” ဟု Sleap က ပြောသည်။ “အထူးလိုအပ်ချက်တွေရှိတဲ့အသက်အရွယ်အိုမင်းသူတွေဟာ လက်နက်ကိုင်ပဋိပက္ခရဲ့ ဘယ်သူကမှ သတိမထားမိတဲ့ ဒုက္ခသည်တွေ မဖြစ်သင့်တော့ဘူး။”

Make Your Gift Go Even Further

Make your year-end gift today and it will be multiplied to power Human Rights Watch’s investigations and advocacy as we head into 2026. Our exclusive match is only available until December 31.

Most Viewed