ဤအမှုသည် မည်သည့်အရေးနှင့်ပတ်သက်ပြီး မည်သည့်အကြောင်းကြောင့် အရေးကြီးပါသလဲ။
ဤအမှုသည် မည်မျှခရီးရောက်နေပါပြီလဲ။
ဂမ်ဘီယာနိုင်ငံက တရားရုံးကို ဘာတွေတောင်းဆိုပါသလဲ။
အမှုတွင် မည်သည့်အဓိကအရေးကိစ္စများကို အသားပေးတင်ပြကြပါသလဲ။
ICJ ၏ စီရင်ချက်များကို မည်သို့ ဥပဒေကြောင်းအရဖော်ဆောင်နိုင်သနည်း။
ICJ တွင် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုပြီးနောက် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများ၏အခြေအနေ မည်သို့ပြောင်းလဲဖြစ်ပေါ်လာပါသလဲ။
မြန်မာစစ်တပ်စွပ်စွဲခံထားရသော ပြစ်မှုများအတွက် တာဝန်ခံမှုရှိရေး အခြား မည်သည့် ကြိုးပမ်းအားထုတ်နေမှုများ ရှိနေပါသလဲ။
မြန်မာအပေါ် ဂမ်ဘီယာ၏ တရားစွဲဆိုမှုသည် ICJ ရှိ အခြား တရားစွဲဆိုထားဆဲ လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုင်ရာ အမှုများနှင့် မည်သို့ ဆက်စပ်နေပါသလဲ။
လူမျိုးသုဥ်းသတ်ဖြတ်မှုကာကွယ်တားဆီးရေးနှင့်ပြစ်ဒဏ်ပေးရေး သဘောတူစာချုပ် (လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုင်ရာ စာချုပ်) ကို ချိုးဖောက်မှုဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားသည့် သမိုင်းတွင်အမှုကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ နိုင်ငံတကာတရားရုံး (ICJ) က ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်တွင် စီရင်ချက်ချမှတ်တော့မည်ဖြစ်သည်။ ယင်းစီရင်ချက်သည် အပြီးသတ်ဖြစ်ပြီး အယူခံတက်ပိုင်ခွင့် မရှိသလို ရုံးတော်ရှေ့မှောက် ဆောင်ရွက်ခဲ့သည့် တရားစီရင်ရေးလုပ်ငန်းများသည် ယင်းစီရင်ချက်နှင့်အတူ အဆုံးသတ်မည်ဖြစ်သည်။
မကြာမီချမှတ်မည့် စီရင်ချက်နှင့်ပတ်သက်သည့် အဓိကအရေးကိစ္စများကို အောက်ပါ အမေးအဖြေများမှ ဆွေးနွေးဖြေကြားထားသည်။
1. ဤအမှုသည် မည်သည့်အရေးနှင့်ပတ်သက်ပြီး မည်သည့်အကြောင်းကြောင့် အရေးကြီးပါသလဲ။
၂၀၁၇ ခုနှစ် သြဂုတ်လတွင် မြန်မာလုံခြုံရေးတပ်ဖွဲ့များသည် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာလူမျိုးစုအပေါ် အစုံလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် မီးရှို့ခြင်းတို့ပါဝင်သည့် အကြီးစားစစ်ဆင်ရေးတစ်ရပ်ကို စတင်ခဲ့ရာ လူပေါင်း ၇၄၀,၀၀၀ ကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်စေခဲ့သည်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလ၌ ဂမ်ဘီယာနိုင်ငံသည် အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ ကျောထောက်နောက်ခံဖြင့် ICJ တွင် ရိုဟင်ဂျာလူမျိုးစုအပေါ် မြန်မာနိုင်ငံ၏ ရက်စက်ကြမ်းကြုတ်မှုများသည် လူမျိုးသုဥ်းသတ်ဖြတ်မှုမြောက်ပြီး လူမျိုးသုဥ်းသတ်ဖြတ်မှုတားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာစာချုပ်ကို ချိုးဖောက်မှုမြောက်ကြောင်း စွဲချက်ဖြင့်တရားစွဲဆိုခဲ့သည်။ ဤအမှုသည် လူပုဂ္ဂိုလ်၊ အစုအဖွဲ့ကို စွဲဆိုသည့် ရာဇဝတ်မှု မဟုတ်ဘဲ လူမျိုးသုဥ်းသတ်ဖြတ်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ တာဝန်ရှိမှုကို ဥပဒေကြောင်းအရဆုံးဖြတ်ပေးရန် တိုင်ကြားတောင်းဆိုသော အမှုသာ ဖြစ်သည်။
လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုင်ရာစာချုပ်ကို ၁၉၇၈ ခုနှစ်တွင် အတည်ပြုလက်မှတ်ရေးထိုးထားသော ဂမ်ဘီယာနိုင်ငံသည် “လူမျိုးသုဥ်းသတ်ဖြတ်မှု”နှင့် အခြားဆက်နွှယ်နေသော “လုပ်ရပ်များအတွက် နိုင်ငံတစ်ခု၏ တာဝန်ရှိမှုနှင့် ပတ်သက်၍” စာချုပ်အဖွဲ့ဝင်နိုင်ငံများအကြား အငြင်းပွားခွင့်ပြုသည့် စာချုပ်ပါ ပုဒ်မ ၉ အရ တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ဤအမှုသည် စွပ်စွဲထားသောပြစ်မှုများနှင့် တိုက်ရိုက်ဆက်စပ်မှုမရှိသည့် နိုင်ငံတစ်ခုက လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုင်ရာ စာချုပ်အဖွဲ့ဝင်ဖြစ်မှုကို အခြေပြုပြီး ICJ ရှေ့မှောက်တရားစွဲဆိုတိုင်ကြားသော ပထမဆုံးအမှုဖြစ်သည်။
ရိုဟင်ဂျာများနှင့် မြန်မာနိုင်ငံရှိ အခြားတိုင်းရင်းသားလူနည်းစုများအပေါ် မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကောင်းစွာမှတ်တမ်းတင်ထားသည်မှာ ဆယ်စုနှစ်များ တိုင်ခဲ့ပြီဖြစ်သော်လည်း ဂမ်ဘီယာနိုင်ငံက ICJ တွင် တရားမစွဲဆိုခင်အချိန်ထိ မြန်မာစစ်တပ်ကို ၎င်း၏ ရက်စက်ကြမ်းကြုတ်သော ကျူးလွန်မှုများအတွက် တာဝန်ခံစေရေးဆောင်ရွက်မှုမှာ အရာမထင်သလောက်ပင် ဖြစ်ခဲ့သည်။ ဆယ်စုနှစ်များစွာ စစ်တပ်အတွက် အပြစ်ပေးအရေးယူမှုမှ ကင်းလွတ်မှု ရရှိခံစားနေရခြင်းက လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်နိုင်စေခဲ့သည်။
2. ဤအမှုသည် မည်မျှခရီးရောက်နေပါပြီလဲ။
၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ICJ သည် မြန်မာနိုင်ငံတွင် ကျန်ရှိနေသေးသည့် ထောင်နှင့်ချီသော ရိုဟင်ဂျာများကို လူမျိုးသုဥ်းသတ်ဖြတ်မှုမှ ကာကွယ်ပေးရန်အတွက် ကြားဖြတ်အစီအမံများ (provisional measures) ချမှတ်ပေးရန် ဂမ်ဘီယာ၏ တောင်းဆိုမှုကို ကြားနာစစ်ဆေးခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် တရားရုံးက မြန်မာနိုင်ငံကို ရိုဟင်ဂျာလူမျိုးစုအပေါ် လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုင်ရာ လုပ်ရပ်အားလုံးကို ကာကွယ်တားဆီးရန်၊ စစ်တပ်နှင့် အခြားလုံခြုံရေးတပ်ဖွဲ့များ လူမျိုးသုဥ်းသတ်ဖြတ်မှု မကျူးလွန်စေရေး သေချာခိုင်မာစေရန်၊ နှင့် အမှုနှင့်ပတ်သက်သည့် အထောက်အထားများကို ထိန်းသိမ်းရန်အတွက် အဆင့်ဆင့်ဆောက်ရွက်ရန် အမိန့်ချခဲ့သည်။
ထို့အပြင် ကြားဖြတ်အစီအမံများကို အကောင်အထည်ဖော်ဆောင်မှု၊ လိုက်နာဆောင်ရွက်မှုနှင့်ပတ်သက်၍ လေးလအတွင်း အစီရင်ခံတင်ပြရန်နှင့် ယင်းနောက် ခြောက်လတစ်ကြိမ် ပုံမှန်အစီရင်ခံတင်ပြရန် တရားရုံးက မြန်မာနိုင်ငံအပေါ် အမိန့်ချမှတ်ခဲ့သည်။ မြန်မာဘက်မှ အစီရင်ခံစာ ၁၂ စောင် တင်ပြခဲ့သည်။ ICJ ၏ ကြားဖြတ်အစီအမံဆိုင်ရာ အမိန့်များသည် အမှုသည်နိုင်ငံများအပေါ် ဥပဒေအရစည်းနှောင်မှုရှိပြီး ICJ ဥပဒေ ပုဒ်မ ၄၁(၂) အရ ကုလသမဂ္ဂလုံခြုံရေးကောင်စီထံသို့ အလိုအလျောက် ရောက်ရှိသည်။
မြန်မာနိုင်ငံဘက်က လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုင်ရာစာချုပ်အပေါ် လိုက်နာဆောင်ရွက်ခြင်းနှင့်စပ်လျဥ်း၍ နိုင်ငံတော်သမ္မတအဆင့် ညွှန်ကြားချက်သုံးရပ် ထုတ်ပြန်ခြင်း၊ အထောက်အထားများကို သိမ်းဆည်းပြီး အမုန်းစကားများကို တားဆီးခြင်း၊ ပြစ်မှုကျူးလွန်ကြောင်းစွပ်စွဲချက်များကို စုံစမ်းစစ်ဆေးမည့် ဌာနတစ်ရပ် ဖွဲ့စည်းခြင်း၊ နှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစီအမံများ ဖော်ဆောင်ခြင်းတို့ အပါအဝင် ကြားဖြတ်အစီအမံ အကောင်အထည်ဖော်ရန် လုပ်ဆောင်ခဲ့သည့် စီမံဆောင်ရွက်ချက်များကို ၎င်း၏ အစီရင်ခံစာများတွင် ဖော်ပြသည်။ ဂမ်ဘီယာနိုင်ငံဘက်က မြန်မာနိုင်ငံ၏ အစီရင်ခံစာတစ်စောင်ချင်းစီအပေါ် လေ့လာသုံးသပ်ချက်များ တင်သွင်းခဲ့ပြီး မြန်မာသည် ICJ ၏ အမိန့်များကို လိုက်နာဆောင်ရွက်ခဲ့သည်ဟု“ကောက်ချက်ချရန် အကြောင်းရင်းမရှိ” ဟု တင်ပြခဲ့သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် တိုင်ကြားချက်အပေါ် မြန်မာနိုင်ငံ၏ ကနဦးကန့်ကွက်ချက် (preliminary objections) များကို ICJ က ကြားနာခဲ့သည်။ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ICJ က အမှုအပေါ် မြန်မာနိုင်ငံ၏ ငြင်းဆိုချက်အားလုံးကိုပယ်ချကြောင်း ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။ အထူးသဖြင့် ဂမ်ဘီယာနိုင်ငံသည် OIC ၏ “ကြားခံ”အနေဖြင့် တရားစွဲဆိုခဲ့သည့်အတွက် ဂမ်ဘီယာတွင် တရားစွဲဆိုရန်ရပ်တည်ပိုင်ခွင့်မရှိဆိုသော မြန်မာ၏ ငြင်းဆိုချက်ကို တရားသူကြီးများက ပယ်ချပြီး စာချုပ်အဖွဲ့ဝင်နိုင်ငံများအကြား အငြင်းပွားမှုတစ်ရပ် ဖြစ်တည်နေကြောင်း အတည်ပြုသည်။ ထို့အပြင် လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုင်ရာစာချုပ် ပုဒ်မ ၈ ကို မြန်မာနိုင်ငံက ခြွင်းချက်ထားထားကြောင်း တွေ့ရှိသော်လည်း ယင်းပုဒ်မသည် ယခုအမှုနှင့် မသက်ဆိုင်ကြောင်းနှင့် အမှုလက်ခံနိုင်မှုကို မတားမြစ်နိုင်ကြောင်း ကြေညာခဲ့သည်။ ထိုမျှမက ဂမ်ဘီယာနိုင်ငံသည် စွပ်စွဲထားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၏ တိုက်ရိုက်သက်ရောက်မှု မခံခဲ့သည့်တိုင် လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုင်ရာ စာချုပ်အရ ဂမ်ဘီယာတွင် တရားစွဲဆိုရန် ဥပဒေအရအခွင့်အရေးရှိကြောင်း တရားရုံးက အတည်ပြုခဲ့သည်။
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင် ဂမ်ဘီယာဘက်က ၎င်း၏ တိုင်ကြားချက်ကို အနှစ်ချုပ်ဖော်ပြသည့် အဆိုလွှာတစ်စောင် တင်ပြခဲ့ပြီးနောက် မြန်မာဘက်က ၂၀၂၃ သြဂုတ်လတွင် တန်ပြန်အဆိုလွှာတင်ပြကာ ၂၀၂၄ မေလတွင် ဂမ်ဘီယာက ပြန်လည်ချေပချက် တင်ခဲ့သည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ICJ က အမှု၏အဓိကစွဲချက်(merits) နှင့်ပတ်သက်၍ ကြားနာစစ်ဆေးခဲ့သည်။ သုံးပတ်ကြာကာလအတွင်း ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံမှ ဥပဒေအကျိုးဆောင်များက ဤအမှုတွင် ၎င်းတို့၏ လျှောက်လဲချက်များအတွက် အထောက်အပံ့ဖြစ်စေရန် ICJ တရားသူကြီးများရှေ့မှောက်တွင် မျက်မြင်သက်သေများနှင့် အထူးကျွမ်းကျင်သူတစ်ဦးတို့ကို စစ်ဆေးမေးမြန်းခြင်း အပါအဝင် ဆွေးနွေးငြင်းခုံချက်များနှင့် အထောက်အထားများကို အလှည့်ကျ တင်ပြဆွေးနွေးခဲ့ကြသည်။
ICJ သည် ဤအမှုတွင် ၁၁ နိုင်ငံကို ကြားဝင်ပူးပေါင်းရပ်တည်ခွင့်ပြုပေးခဲ့သော်လည်း ယင်းနိုင်ငံများက အဓိကအကြောင်းစွဲချက်ကြားနာပွဲများသို့ ပါဝင်တက်ရောက်ခြင်း မရှိပေ။ အဆိုပါနိုင်ငံများဖြစ်သည့် ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ယူကေ၊ မော်လဒိုက်၊ ဆလိုဗေးနီးယား၊ ဒီမိုကရက်တစ်သမ္မတကွန်ဂို၊ ဘယ်ဂျီယံနှင့် အိုင်ယာလန်တို့သည် လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုင်ရာစာချုပ်အဖွဲ့ဝင်နိုင်ငံများဖြစ်ပြီး ICJ ဥပဒေ ပုဒ်မ ၆၃ အရ လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုင်ရာစာချုပ်ပါ ပြဋ္ဌာန်းချက်များကို အဓိပ္ပာယ်တည်ဆောက်ဖွင့်ဆိုမှုနှင့် သက်ဆိုင်သည့် အကန့်အသတ်ရှိသောအကြောင်းအရာများတွင် ကြားဝင်ပူးပေါင်းခွင့်ရှိသည်။
3. ဂမ်ဘီယာနိုင်ငံက တရားရုံးကို ဘာတွေတောင်းဆိုပါသလဲ။
လူမျိုးသုဥ်းသတ်ဖြတ်မှုကျူးလွန်ခြင်း၊ လူမျိုးသုဥ်းသတ်ဖြတ်မှုကျူးလွန်ရန် ပါ၀င်ပတ်သက်ခြင်း၊ လူမျိုးသုဥ်းသတ်ဖြတ်မှုကို ကာကွယ်တားဆီးမည့် အဆင့်များကို ဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊ နှင့် လူမျိုးသုဥ်းသတ်ဖြတ်မှု သံသယတရားခံများကို ရုံးတင်စစ်ဆေးရန် ပျက်ကွက်ခြင်း အပါအဝင် လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုင်ရာ စာချုပ်အရ ဆောင်ရွက်ရမည့် ဝတ္တရားများကို မြန်မာနိုင်ငံက ချိုးဖောက်ခဲ့ကြောင်း ကြေညာပေးရန် ဂမ်ဘီယာနိုင်ငံက ICJ ကို တောင်းဆိုခဲ့သည်။ ထို့အပြင် “လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုင်ရာ အထူးရာဇဝတ်ဥပဒေ” ပြဋ္ဌာန်းခြင်းအားဖြင့် လူမျိုးသုဥ်းသတ်ဖြတ်မှု သံသယတရားခံများကို စံအရည်အသွေးပြည့်မီသည့် ခုံရုံးတစ်ခုတွင် စစ်ဆေးကြားနာနိုင်ရန် အဆင့်တိုးမြှင့်ဆောင်ရွက်ပြီး လူမျိုးသုဥ်းသတ်ဖြတ်မှုကျူးလွန်ရန် တိုက်ရိုက်နှင့် လူသိရှင်ကြား သွေးထိုးလှုံ့ဆော်မှုအားလုံး နှင့် စာချုပ်ကိုချိုးဖောက်နေမှုအားလုံးကို ရပ်ဆိုင်းရန်အမိန့် မြန်မာနိုင်ငံအပေါ် ချမှတ်ပေးရန် ဂမ်ဘီယာက တရားရုံးကို တောင်းဆိုခဲ့သည်။
ထို့အပြင် အဓမ္မ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူများကို ဘေးကင်းလုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိရှိ ၎င်းတို့ နေရပ်သို့ ပြန်ခွင့်ပြုခြင်း၊ ပိုင်ဆိုင်မှုပစ္စည်းများ ပြန်လည်အပ်နှင်းခြင်း သို့မဟုတ် အစားထိုးပြန်ပေးခြင်း၊ မိသားစုများပြန်လည်ဆုံဆည်းရေးကို ပံ့ပိုးစီစဥ်ပေးခြင်း၊ ရုပ်ပိုင်းနှင့်စိတ်ပိုင်းပြန်လည်ထူထောင်ရေး ပံ့ပိုးပေးခြင်း၊ ပျောက်ဆုံးသွားသည့်ထိခိုက်နစ်နာသူများကို ရှာဖွေရေး ပံ့ပိုးစီစဥ်ပေးခြင်း၊ သတ်ဖြတ်ခံခဲ့ရသည့် ထိခိုက်နစ်နာသူများကို ရှာဖွေဖော်ထုတ်ရေးနှင့် ရိုဟင်ဂျာလူမျိုးစု၏ “ယဥ်ကျေးမှုနှင့် ဘာသာရေးလုပ်ထုံးလုပ်နည်းများ”နှင့်အညီ ပြန်လည် သင်္ဂြိုလ်မြှုပ်နှံနိုင်ရေး အထောက်အပံ့ပေးခြင်း၊ ရိုဟင်ဂျာလူမျိုးများ ခွဲခြားဆက်ဆံမှုနှင့် ဖိနှီပ်ညှဥ်းစဲမှုများမှ အကာအကွယ် ရရှိရေး၊ “ရိုဟင်ဂျာဟု မိမိကိုယ်ကိုယ် အမှတ်အသားပြုသတ်မှတ်ပိုင်ခွင့်ရှိရေး”၊ နှင့် မြန်မာနိုင်ငံအတွင်း ၎င်းတို့ လွတ်လပ်စွာ သွားလာခွင့်ရှိရေးတို့ အမှန်တကယ် ဆောင်ရွက်ပေးခြင်း၊ နှင့် နေထိုင်ရာဒေသ၊ အလုပ်အကိုင် သို့မဟုတ် အသက်မွေးဝမ်းကျောင်းခွင့်အပေါ် ရှိနေသည့် အကန့်အသတ်အားလုံး ဖယ်ရှားပေးခြင်းတို့ကို လုပ်ဆောင်ပေးခြင်း အပါအဝင် နစ်နာမှုများပြန်လည်ကုစားရေး ပံ့ပိုးပေးရန်အမိန့်ကိုလည်း မြန်မာအပေါ် ချမှတ်ပေးရန် ဂမ်ဘီယာက ICJ တရားသူကြီးများကို တောင်းဆိုခဲ့သည်။
နစ်နာမှုများပြန်လည်ကုစားမှုကို မူလအခြေအနေပြန်ဖြစ်သည်အထိ အပြည့်အဝ အထမြောက်အောင် အကောင်အထည်မဖော်နိုင်ပါက အခြားနည်းလမ်းတစ်ရပ်အနေဖြင့် လျော်ကြေးဖြစ်စေ “စိတ်ကျေနပ်စေမည့် ထပ်ဆောင်းနည်းလမ်းများ”ဖြစ်စေ ပံ့ပိုးထောက်ပံ့ပေးရန်အတွက် မြန်မာကို အမိန့်ချပေးရန် ဂမ်ဘီယာက တောင်းဆိုခဲ့သည်။
လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုင်ရာစာချုပ် ချိုးဖောက်မှုများအတွက်နစ်နာသူ ရိုဟင်ဂျာများ ပြန်လည်ကုစားမှုရရှိရေး ဂမ်ဘီယာတွင် တရားစွဲဆိုခွင့်မရှိဆိုသော ဥပဒေရပ်တည်ချက်ကို တင်ပြပြီး မြန်မာဘက်က ကန့်ကွက်သော်လည်း ဂမ်ဘီယာနိုင်ငံက ၎င်းတို့သည် စွပ်စွဲထားသည့် လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုင်ရာလုပ်ရပ်များ၏ တိုက်ရိုက်နစ်နာသူ မဟုတ်သည့်တိုင် နိုင်ငံတကာဥပဒေအရ ၎င်တို့တွင် တောင်းဆိုပိုင်ခွင့်ရှိကြောင်း ငြင်းခုန်ဆွေးနွေးသည်။
လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုင်ရာ စာချုပ်ကို နောက်ထပ်ချိုးဖောက်မှုများ မလုပ်တော့ကြောင်း မြန်မာနိုင်ငံဘက်မှ ကတိပြုချက်၊ အာမခံချက်ပေးရန်အတွက် အမိန့်ချမှတ်ပေးရန်၊ မြန်မာနိုင်ငံသည် ၂၀၂၀ ဇန်နဝါရီလက ချမှတ်ခဲ့သည့် ကြားဖြတ်အစီအမံများကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခဲ့ကြောင်း စစ်ဆေးဖော်ထုတ်ပေးရန်နှင့် ရိုဟင်ဂျာများ ခံစားရသည့် ဆက်စပ်ဘေးအန္တရာယ်များအတွက် ပြန်လည်ကုစားမှုများကို အမိန့်ချမှတ်ပေးရန် ဂမ်ဘီယာနိုင်ငံက တရားရုံးကို တောင်းဆိုထားသည်။
4. အမှုတွင် မည်သည့်အဓိကအရေးကိစ္စများကို အသားပေးတင်ပြကြပါသလဲ။
ဂမ်ဘီယံနိုင်ငံမှ အသားပေးတင်ပြသည့် အဓိကအရေးကိစ္စများတွင် အောက်ပါတို့ ပါဝင်သည်-
- လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုင်ရာလုပ်ရပ်များ- ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြန်မာနိုင်ငံက လုပ်ဆောင်ခဲ့သော နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးလုပ်ဆောင်မှု အခြေအနေအတွင်းမှ လုပ်ရပ်များသည် လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုင်ရာ စာချုပ် ပုဒ်မ ၂ အရ လူမျိုးသုဥ်းသတ်ဖြတ်မှုမြောက်သည့် လုပ်ရပ်များဖြစ်သည်ဟု ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားသည်။ ယင်းလုပ်ရပ်များတွင် အသိုင်းအဝိုင်းတစ်ခု၏အဖွဲ့ဝင်များကို သတ်ဖြတ်ခြင်း၊ အသိုင်းအဝိုင်းတစ်ခု၏အဖွဲ့ဝင်များကို ခန္ဓာကိုယ်ဖြစ်စေ စိတ်ပိုင်းဖြစ်စေ ပြင်းပြင်းထန်ထန် ထိခိုက်နာကျင်စေခြင်း၊ အသိုင်းအဝိုင်းတစ်ခုလုံးကိုဖြစ်စေ တစ်စိတ်တစ်ပိုင်းဖြစ်စေ ရုပ်ပိုင်းဆိုင်ရာထိခိုက်ပျက်စီးမှုဖြစ်ပေါ်စေရန် တွက်ကိန်းချထားသည့် အသက်ရှင်သန်မှုဆိုင်ရာအခြေအနေများ ဖြစ်စေရန် ယင်းအသိုင်းအဝိုင်းအပေါ် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း၊ အသိုင်းအဝိုင်းအတွင်း ကလေးမွေးဖွားမှုကို ရည်ရွယ်ချက်ရှိရှိ ကာကွယ်တားဆီးသည့် အစီအမံများ ချမှတ်ခြင်းတို့ ပါဝင်သည်။ အမှု၏အဓိကစွဲချက် (merits)ကို စစ်ဆေးကြားနာစဥ်အတောအတွင်း ဖြစ်စဥ်များ၏ အတိုင်းအတာ၊ စနစ်တကျဆောင်ရွက်ခဲ့သည့် သဘောသဘာဝနှင့် ရက်စက်ကြမ်းကြုတ်မှုတို့ကို အထောက်အထားပြရန် ဂမ်ဘီယာဘက်က မင်းကြီး၊ ချွတ်ပြင်နှင့် မောင်နူ ရိုဟင်ဂျာရွာသုံးရွာအပေါ် မြန်မာစစ်တပ်က လုပ်ဆောင်ခဲ့သည့် ထင်သာမြင်သာရှိသော တိုက်ခိုက်မှုများနှင့်ပတ်သက်သည့် တင်ပြချက်များကို အသားပေးတင်ပြခဲ့သည်။
- လူမျိုးသုဥ်းသတ်ဖြတ်ရန် ရည်ရွယ်ချက်- မြန်မာသည် လူမျိုးသုဥ်းသတ်ဖြတ်ရန် ကြံရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ကြောင်းကို အခိုင်အမာတင်ပြရာတွင် ယခင် လူမျိုးသုဥ်းသတ်ဖြတ်မှုများအတွင်း ICJ ၏ တရားစီရင်မှုသဘောတရားဆိုင်ရာဥပဒေသုံးသပ်ချက် (jurisprudence) အပြင် အခြားနိုင်ငံတကာခုံရုံးများ၏ သက်ဆိုင်ရာစီရင်ထုံးများအပေါ်လည်း ဂမ်ဘီယာနိုင်ငံက မှီခိုအားထားခဲ့သည်။ ရိုဟင်ဂျာလူမျိုးစုအပေါ် တိုက်ခိုက်မှုများ၏ အလွန့်အလွန်ရက်စက်ကြမ်းကြုတ်မှုများ၊ လူသိရှင်ကြားအမုန်းတရား ဟောပြောချက်အာဘော်များကို မြန်မာအစိုးရက လွှတ်ထားပေးမှု၊ နိုင်ငံတကာလူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ကြီးကြီးမားမားချိုးဖောက်မှုများအား စုံစမ်းစစ်ဆေးရန် မြန်မာအစိုးရ၏ ပျက်ကွက်မှုတို့ အပါအဝင် လူမျိုးသုဥ်းသတ်ဖြတ်ရန် ရည်ရွယ်ချက်ဆိုင်ရာ ညွှန်းကိန်းပေါင်းများစွာကို ထောက်ပြသည်။ အထောက်အထားများနှင့် အထူးတလည်အခြေအနေများသည် လူမျိုးသုဉ်းသတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိကြောင်းကို “ယုံကြည်လက်ခံလောက်ဖွယ် အခိုင်အမာ သက်သေပြနေကြောင်း”နှင့် “အချက်အလက်များမှ ကျိုးကြောင်းဆီလျော်စွာ ကောက်ချက်ချနိုင်သည့် တစ်ခုတည်းသော အချက်မှာ” မြန်မာနိုင်ငံသည် ရိုဟင်ဂျာလူမျိုးစုအပေါ် လူမျိုးစုတစ်စုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့သည်ဆိုသော အချက်ဖြစ်ကြောင်းကို ဂမ်ဘီယာနိုင်ငံက အခိုင်အမာထွက်ဆိုသည်။ ယင်းသို့ တင်ပြရာ၌ ၂၀၁၅ ခုနှစ်က ခရိုအေးရှားနိုင်ငံမှ ဆားဘီးယားနိုင်ငံကို တရားစွဲဆိုခဲ့သည့် အမှုတွင် တရားရုံးက ချမှတ်ခဲ့သော စံနှုန်းကို ဂမ်ဘီယာက အသုံးပြုထားသည်။ အဆိုပါစံနှုန်းအရ အပြုအမူပုံစံတစ်ရပ်ကို အခြေခံ၍ လူမျိုးသုဥ်းသတ်ဖြတ်ရန်ရည်ရွယ်ချက်ရှိသည်ဟု ကောက်ချက်ချမည်ဆိုပါက ယင်းကောက်ချက်သည် “သက်ဆိုင်ရာအပြုအမူများကို ကြောင်းကျိုးဆီလျော်စွာ လေ့လာသုံးသပ်ပြီးမှချနိုင်သည့် ကောက်ချက်သာလျှင် ဖြစ်ရမည်” ဖြစ်သည်။
- လိင်နှင့်ဂျန်ဒါအခြေပြုအကြမ်းဖက်မှု-လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုသည် ရိုဟင်ဂျာလူမျိုးစုအပေါ် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော စစ်ဆင်ရေး၏ ပင်မအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ယင်းတွင် အုပ်စုဖွဲ့မုဒိမ်းကျင့်ခြင်း၊ လိင်းပိုင်းဆိုင်ရာစော်ကားခြင်းနှင့် လိင်အင်္ဂါအစိတ်အပိုင်း ဖြတ်တောက်ခြင်းတို့ ပါဝင်ကြောင်း ဂမ်ဘီယာနိုင်ငံက အခိုင်အမာထွက်ဆိုသည်။ အဆိုပါ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများသည် လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုင်ရာစာချုပ်အရ လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုင်ရာလုပ်ရပ်များ မြောက်ရုံသာမက လူမျိုးသုဥ်းသတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိကြောင်း ထင်ရှားသည့်အထောက်အထားလည်း ဖြစ်ကြောင်း ဂမ်ဘီယာနိုင်ငံက ဆွေးနွေးတင်ပြသည်။ ရိုဟင်ဂျာအမျိုးသမီးများအပေါ် မြန်မာစစ်တပ်၏ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုလုပ်ရပ်များ၏ အတိုင်းအတာနှင့်သဘောသဘာဝသည် ၎င်းတို့ကို လူမျိုးတစ်စုလုံးဖြစ်စေ တစ်စိတ်တစ်ပိုင်းဖြစ်စေ ဖျက်စီးလိုသည့်ရည်ရွယ်ချက်ရှိကြောင်း ပြသနေသည့် ခိုင်မာသောညွှန်းကိန်းများ ဖြစ်သည်ဟု ဂမ်ဘီယာဘက်က တင်ပြသည်။
မြန်မာက အသားပေးတင်ပြသည့် အရေးကိစ္စများတွင် အောက်ပါတို့ ပါဝင်သည်-
- အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်- ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးများသည် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သော အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (Arakan Rohingya Salvation Army – ARSA) က မြန်မာတပ်ဖွဲ့များအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကို တုံ့ပြန်သည့်အနေဖြင့် ဆောင်ရွက်ခဲ့သော အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးများသာဖြစ်ပြီး သတ်မှတ်ထားသည့် ပစ်မှတ်များကိုသာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံက အခိုင်အမာဆိုသည်။ ၎င်း၏ စစ်တပ်သည် ARSA အဖွဲ့ဝင်များနှင့် အဖွဲ့၏ လုပ်ဆောင်မှုများတွင် ပါဝင်ခဲ့သူ သို့မဟုတ် ထောက်ခံအားပေးခဲ့သူ ဒေသခံရွာသားများကို တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံက ငြင်းခုန်ချေပသည်။ ထို့ပြင် ဂမ်ဘီယာနိုင်ငံသည် ARSA အဖွဲ့၏ ခြိမ်းခြောက်မှုကို အရေးမကြီးသကဲ့သို့ လျှော့ပေါ့ဖော်ပြ သို့မဟုတ် မျက်ကွယ်ပြုနေကြောင်း မြန်မာနိုင်ငံက စွပ်စွဲထားပြီး၊ ဂမ်ဘီယာနိုင်ငံ၏ အဆိုလွှာတွင် ARSA အဖွဲ့၊ ၎င်း၏ အဖွဲ့ဝင်များ သို့မဟုတ် ထောက်ခံသူများနှင့်ပတ်သက်သည့် ရည်ညွှန်းဖော်ပြချက်များ အလွန်နည်းပါးကြောင်း ထောက်ပြထားသည်။
- လူမျိုးသုဥ်းသတ်ဖြတ်လိုသည့် ရည်ရွယ်ချက်-မြန်မာနိုင်ငံသည် အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးများကို လူမျိုးသုဉ်းသတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့သည်ဟူသော ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်ကို မြန်မာဘက်က ပယ်ချထားသည်။ ယင်းအမှုတွင် လူမျိုးသုဉ်းသတ်ဖြတ်လိုသည့်ရည်ရွယ်ချက်ရှိသည်ဆိုသည့် တိုက်ရိုက်အထောက်အထား မရှိကြောင်းနှင့် အပြုအမူပုံစံတစ်ရပ်ကို အခြေခံ၍ ထိုရည်ရွယ်ချက်ရှိကြောင်း ကောက်ချက်ချနိုင်ရန် ICJ က သတ်မှတ်ထားသည့် ဆန်းစစ်ချက်ကို ဂမ်ဘီယာနိုင်ငံက ပြည့်မီအောင် သက်သေမပြနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံက အခိုင်အမာဆိုသည်။ ထို့ပြင် လူမျိုးသုဉ်းသတ်ဖြတ်ရန် ရည်ရွယ်ချက်ရှိကြောင်း ပြသသည့် “ညွှန်းကိန်းများ” အပေါ် ဂမ်ဘီယာနိုင်ငံ၏ မှီခိုအားထားကိုလည်း မြန်မာနိုင်ငံက ပယ်ချထားပြီး၊ အဆိုပါ ညွှန်းကိန်းများအနက် မည်သည့်အချက်ကမျှ ထိုရည်ရွယ်ချက်ရှိကြောင်း ကောက်ချက်ချရန် အထောက်အပံ့မပြုကြောင်း အခိုင်အမာပြောဆိုသည်။
- သက်သေအထောက်အထားဆိုင်ရာတန်ဖိုး-ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အခြားနိုင်ငံများနှင့် မီဒီယာများ အပါအဝင် ဂမ်ဘီယံနိုင်ငံဘက်မှ တင်ပြချက်များ၏ သက်သေအထောက်အထားဆိုင်ရာတန်ဖိုးကို မြန်မာနိုင်ငံက အငြင်းပွားထားသည်။ ဂမ်ဘီယာနိုင်ငံ၏တိုင်ကြားချက်တွင် အဓိကအချက်အချာဖြစ်သည်ဟု မြန်မာဘက်က ဆိုသည့် မြန်မာနိုင်ငံဆိုင်ရာ သီးသန့်လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာများ၏ သက်သေအထောက်အထားဆိုင်ရာတန်ဖိုးကိုလည်း မြန်မာနိုင်ငံက ကန့်ကွက်ပြီး ယင်းအစီရင်ခံစာများကို တရားရုံးအနေဖြင့် အလေးထားထည့်သွင်းစဥ်းစား မပြုသင့်ကြောင်းလည်း ထုတ်ဖော်ပြောဆိုသည်။
5. ICJ ၏ စီရင်ချက်များကို မည်သို့ ဥပဒေကြောင်းအရဖော်ဆောင်နိုင်သနည်း။
ICJ ၏ စီရင်ချက်တစ်ရပ်သည် ICJ ဥပဒေ ပုဒ်မ ၅၉ နှင့် ကုလသမဂ္ဂပဋိညာဉ် အပိုဒ် ၉၄(၁) အရ အမှုသည်နိုင်ငံများအပေါ် ဥပဒေအရ စည်းနှောင်မှုရှိသည်။ အကယ်၍ အမှုသည် တစ်နိုင်ငံက အခြားတစ်နိုင်ငံသည် စီရင်ချက်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည်ဟု ယူဆပါက ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ ချဉ်းကပ်နိုင်ပြီး၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း အပိုဒ် ၉၄(၂) နှင့်အညီ လုံခြုံရေးကောင်စီသည် “စီရင်ချက်ကို အကျိုးသက်ရောက်မှုရှိစေရန် ဆောင်ရွက်ရမည့် အစီအမံများနှင့်ပတ်သက်၍ အကြံပြုချက်များ ပြုလုပ်နိုင် သို့မဟုတ် ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည်။” သို့သော် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် မည်သည့်အခါကမျှယင်းဆုံးဖြတ်ပိုင်ခွင့်အာဏာကို အသုံးပြု၍ ဆောင်ရွက်ခဲ့ဖူးခြင်း မရှိသေးပါ။
ကုလသမဂ္ဂအထွေထွေညီလာခံသည် ယင်းစီရင်ချက်များကိုလိုက်နာဆောင်ရွက်ရေး တောင်းဆိုသည့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းအားဖြင့် ICJ ၏ စီရင်ချက်များကို အကောင်အထည်ဖော်ရေးအတွက် နိုင်ငံရေးအရထောက်ခံမှုများ ရရှိလာစေရန် လှုံ့ဆော်ပေးနိုင်သည်။ နိုင်ငံတစ်နိုင်ငံချင်းစီအနေဖြင့်လည်း သက်ဆိုင်ရာနိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံဆောင်ရွက်မှုများမှတစ်ဆင့် စီရင်ချက်များကို လိုက်နာဆောင်ရွက်ရေးအပေါ် သြဇာလွှမ်းမိုးနိုင်သည်။
6. ICJ တွင် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုပြီးနောက် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများ၏အခြေအနေ မည်သို့ပြောင်းလဲဖြစ်ပေါ်လာပါသလဲ။
ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရရှိခဲ့သည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲအပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ထိုစဉ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အရပ်သားအစိုးရကို ဖြုတ်ချသည့် စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သည်။ ယင်းနောက် ငါးနှစ်ကျော် ကြာမြင့်ပြီးသည့်တိုင် မြန်မာစစ်အာဏာရှင်သည် နိုင်ငံတစ်ဝန်းတွင် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်လျက်ရှိသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတို့တွင် ကျင်းပခဲ့သည့် အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် မင်းအောင်လှိုင်သည် ကိုယ့်ကိုယ်ကိုယ် သမ္မတရာထူး ပေးခဲ့သည်။
ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာအရပ်သားများသည် ၂၀၂၃ ခုနှစ် နှောင်းပိုင်းမှစ၍ စစ်အာဏာရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အာရက္ခတပ်တော်(AA) တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ပိတ်မိနေခဲ့သည်။ နှစ်ဖက်စလုံးသည် တရားလက်လွတ် သတ်ဖြတ်မှုများ၊ ကျယ်ကျယ်ပြန့်ပြန့် မီးရှို့ဖျက်ဆီးမှုများနှင့် ဥပဒေမဲ့ စစ်သားစုဆောင်းမှုများ အပါအဝင် ကြီးလေးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်လာခဲ့ကြသည်။ မြန်မာစစ်တပ်သည် ရိုဟင်ဂျာလူမျိုးစုအပေါ် စစ်ရာဇဝတ်မှုများအပြင် အသားအရောင်ခွဲခြားအုပ်ချုပ်မှု၊ နှိပ်ကွပ်ညှဉ်းပန်းမှုနှင့် လွတ်လပ်ခွင့်ကို ချိုးဖောက်ပိတ်ပင်မှုတို့ဖြစ်သည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်လျက်ရှိသည်။ လက်ရှိတွင် ရခိုင်ပြည်နယ်၏ နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) သည်လည်း အဓမ္မလုပ်အားပေးစေခိုင်းခြင်းနှင့် မတရားဖမ်းဆီးထိန်းသိမ်းခြင်းတို့အပါအဝင် ရိုဟင်ဂျာများအပေါ် ဖိနှိပ်မှုများကို ပိုမိုတင်းကျပ်လာခဲ့ပြီး စစ်ရာဇဝတ်မှုမြောက်သည့် စစ်ပွဲဆိုင်ရာ ဥပဒေများကို ကြီးလေးစွာ ချိုးဖောက်မှုများကိုလည်း ကျူးလွန်လာခဲ့သည်။
7. မြန်မာစစ်တပ်စွပ်စွဲခံထားရသော ပြစ်မှုများအတွက် တာဝန်ခံမှုရှိရေး အခြား မည်သည့် ကြိုးပမ်းအားထုတ်နေမှုများ ရှိနေပါသလဲ။
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ICJ တွင် တရားစွဲဆိုထားသည့် အမှုအပြင် မြန်မာနိုင်ငံရှိ ကျူးလွန်သူဟုစွပ်စွဲခံထားရသူများကို တစ်ဦးချင်းအလိုက် နိုင်ငံတကာနှင့် ပြည်တွင်းအဆင့် နှစ်ရပ်စလုံး၌ တရားမျှတမှု စီရင်နိုင်ရန်ဆောင်ရွက်နေသည့် အခြားကြိုးပမ်းမှုများလည်း ရှိသည်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလမှစ၍ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) သည် ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် ပြစ်မှုအချို့ကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုအချို့၊ အထူးသဖြင့် ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာ ၇၄၀,၀၀၀ ကျော်ကို ICC အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အတင်းအကျပ် နေရပ်မှ နှင်ထုတ်ခဲ့မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှု စတင်ရန် ထိုအချိန်က ICC တရားသူကြီးများက ICC အမှုလိုက်ရှေ့နေအား လုပ်ပိုင်ခွင့်ပေးခဲ့သည်။ မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်သော်လည်း အဓမ္မနှင်ထုတ်ခြင်းပြစ်မှုသည် ICC အဖွဲ့ဝင်နိုင်ငံတစ်ခုအတွင်း၌ ဖြစ်ပွားပြီးစီးခဲ့သည့်အတွက် တရားရုံးတွင်စီရင်ပိုင်ခွင့်ရှိကြောင်း ICC တရားသူကြီးများက ယခင်ကတည်းက အတည်ပြုထားသည်။ ထို့ပြင် ICC ၏ တရားစီရင်ပိုင်ခွင့်အတွင်း အကျုံးဝင်ပြီး အမှုလိုက်ရှေ့နေ၏ တင်ပြတောင်းဆိုချက်တွင် ဖော်ပြထားသည့် အခြေအနေနှင့် လုံလောက်စွာ ဆက်စပ်မှုရှိပါက အနာဂတ်တွင် ကျူးလွန်လာနိုင်သည့် ပြစ်မှုများအပါအဝင် အခြားပြစ်မှုများကိုလည်း စုံစမ်းစစ်ဆေးနိုင်ကြောင်း တရားသူကြီးများက ဆုံးဖြတ်ထားသည်။ အဆိုပါ အမှုလိုက်ရှေ့နေ၏ တင်ပြတောင်းဆိုချက်တွင် ရခိုင်ပြည်နယ်၌ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုလှိုင်း နှစ်ကြိမ်အတွင်း ကျူးလွန်ခဲ့သော ပြစ်မှုများကို အဓိကထား ဖော်ပြထားသည်။
၂၀၁၇ ခုနှစ်အတွင်း ရိုဟင်ဂျာလူမျိုးစုအပေါ် ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားသည့် နေရပ်မှနှင်ထုတ်မှုနှင့် နှိပ်ကွပ်ညှဉ်းပန်းမှုဆိုင်ရာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်မှုအတွက် မြန်မာနိုင်ငံ၏ ယခင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးရန် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ICC အမှုလိုက်ရှေ့နေက ICCတရားသူကြီးများထံ တောင်းဆိုခဲ့သည်။ အဆိုပါ ဖမ်းဝရမ်းထုတ်ပေးရန် တောင်းဆိုချက်နှင့်ပတ်သက်၍ ICC တရားသူကြီးများက လူသိရှင်ကြားထုတ်ပြန်သည့် ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ချမှတ်ခြင်း မရှိသေးပါ။
မြန်မာနိုင်ငံအတွင်း ကျူးလွန်ခဲ့သည့် ပြစ်မှုအားလုံးကို စုံစမ်းစစ်ဆေးရန် ICC သို့ လွှဲပြောင်းပေးနိုင်သည့် အခွင့်အာဏာရှိသော အဖွဲ့အစည်းမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တစ်ခုတည်းသာ ဖြစ်သည်။ ရခိုင်ပြည်နယ်နှင့် နိုင်ငံတစ်ဝန်းတွင် စစ်အာဏရှင်က ပိုမိုတိုးမြှင့်ကျူးလွန်လာသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ အပါအဝင် ရာဇဝတ်မှုများ၏ အတိုင်းအတာအပြည့်အစုံကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ICC သို့ လွှဲပြောင်းပေးရေးသည် အရေးပါဆဲဖြစ်သည်။ ထို့အပြင် ICC သို့ လွှဲပြောင်းပေးနိုင်လျှင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသည့် ပြစ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက်လည်း စီရင်ပိုင်ခွင့်အာဏာပေးအပ်နိုင်မည် ဖြစ်သည်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ရိုဟင်ဂျာလူမျိုးစုနှင့် လက်တင်အမေရိကရှိ လူ့အခွင့်အရေးအဖွဲ့အစည်းများသည် ရခိုင်ပြည်နယ်တွင် ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် ပြစ်မှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ထိပ်တန်း စစ်ဘက်နှင့် အရပ်ဘက်ခေါင်းဆောင်များကို စုံစမ်းစစ်ဆေးပေးရန် အာဂျင်တီးနားနိုင်ငံတွင် ရာဇဝတ်ကြောင်းအရ တိုင်ကြားချက်တစ်ရပ် တင်သွင်းခဲ့သည်။ ပြစ်မှုများ ကျူးလွန်ခဲ့သည့် နေရာဒေသနှင့်ဖြစ်စေ သံသယတရားခံ သို့မဟုတ် ကျူးလွန်ခံရသူ၏ နိုင်ငံသားဖြစ်မှုနှင့်ဖြစ်စေ မသက်ဆိုင်ဘဲ ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများအတွက် တာဝန်ရှိသူများကို နိုင်ငံများက စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းတို့ ပြုလုပ်နိုင်စေသည့် ကမ္ဘာလုံးဆိုင်ရာ စီရင်ပိုင်ခွင့်အာဏာဆိုင်ရာ မူအရ အဆိုပါအမှုကို တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် အာဂျင်တီးနားနိုင်ငံရှိ ဖက်ဒရယ်တရားရုံးတစ်ရုံးသည် မင်းအောင်လှိုင်အပါအဝင် လူပုဂ္ဂိုလ် ၂၅ ဦးကို ဖမ်းဝရမ်းများ ထုတ်ပြန်ခဲ့သည်။
မြန်မာစစ်တပ်က ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် ကြီးလေးသော ရာဇဝတ်မှုများနှင့်ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ စီရင်ပိုင်ခွင့်အာဏာဆိုင်ရာ အခြေခံမူအရ အခြားတိုင်ကြားမှုများကိုလည်း အင်ဒိုနီးရှား၊ တီမောလက်စ်တေ၊ တူရကီ၊ ဖိလစ်ပိုင်နှင့် ဒိန်းမတ်အပါအဝင် အခြားနိုင်ငံများတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများက တင်သွင်းထားသည်။ နော်ဝေအာဏာပိုင်များသည် မြန်မာစစ်တပ်က လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်ရာတွင် တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီ Telenor က အားပေးကူညီမှုရှိခဲ့သည်ဟု သံသယရှိသောကြောင့် အဆိုပါကုမ္ပဏီကို စုံစမ်းစစ်ဆေးတစ်ရပ် ပြုလုပ်ခဲ့သည်။
8. မြန်မာအပေါ် ဂမ်ဘီယာ၏ တရားစွဲဆိုမှုသည် ICJ ရှိ အခြား တရားစွဲဆိုထားဆဲ လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုင်ရာ အမှုများနှင့် မည်သို့ ဆက်စပ်နေပါသလဲ။
ICJ တွင် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားသည့် အမှုအပြင် လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုင်ရာစာချုပ် ချိုးဖောက်သည့်ဆိုသောစွပ်စွဲချက်နှင့်ပတ်သက်ပြီး ကြားနားနေဆဲအမှု နောက်ထပ် လေးခုရှိသည်။
- ယူကရိန်းနှင့်ရုရှား-လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုင်ရာစာချုပ်ကို အနက်ဖွင့်ဆိုမှု၊ အသုံးချမှု နှင့် လိုက်နာဆောင်ရွက်မှုတို့နှင့် စပ်လျဥ်းသည့် အငြင်းပွားမှုရှိကြောင်း စွပ်စွဲကာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ၌ ယူကရိန်းက ရုရှားကို ICJ တွင် တရားစွဲဆိုခဲ့သည်။ ယူကရိန်းနိုင်ငံ၏ တရားရုံးထံ တောင်းဆိုချက်များတွင် ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံအပေါ် စစ်ဆင်ရေး ဆင်နွှဲရန် အကြောင်းပြချက်အဖြစ် “ယူကရိန်းနိုင်ငံ၏ လူဟန့်စ်နှင့် ဒိုနက်စ်ဒေသများတွင် လူမျိုးသုဉ်းသတ်ဖြတ်မှုများ ဖြစ်ပွားခဲ့သည်” ဟု မဟုတ်မမှန် စွပ်စွဲခဲ့ကြောင်း ဆုံးဖြတ်ပေးရန်
ပါဝင်သည်။ ယူကရိန်းနိုင်ငံ၏ စွပ်စွဲချက်များကို တုံ့ပြန်သည့်အနေဖြင့် ရုရှားနိုင်ငံကလည်း ယူကရိန်းနိုင်ငံသည် လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ စာချုပ်ကို ချိုးဖောက်ခဲ့ကြောင်း ICJ က ဆုံးဖြတ်ပေးရန် တန်ပြန်တောင်းဆိုချက်များ တင်သွင်းခဲ့သည်။
- တောင်အာဖရိကနှင့် အစ္စရေး- လူမျိုးသုဉ်းသတ်ဖြတ်ရန် တိုက်ရိုက်နှင့် လူသိရှင်ကြား လှုံ့ဆော်ခဲ့မှုများအတွက် အစ္စရေးအဆင့်မြင့်အရာရှိများနှင့် အခြားသူများကို တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ခြင်းမရှိခဲ့ခြင်း အပါအဝင် ဂါဇာဒေသရှိ ပါလက်စတိုင်းလူမျိုးများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခြင်းနှင့် ယင်းကို တားဆီးရန် ပျက်ကွက်ခြင်းတို့ကြောင့် အစ္စရေးနိုင်ငံသည် လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ စာချုပ်ကို ချိုးဖောက်နေသည်ဟု စွပ်စွဲကာ တောင်အာဖရိကနိုင်ငံက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ၌ ICJ တွင် တိုင်ကြားမှုတစ်ရပ် တင်သွင်းခဲ့သည်။
- နီကာရာဂွာနှင့် ဂျာမနီ-ဂါဇာဒေသရှိ ပါလက်စတိုင်းလူမျိုးများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုကို တားဆီးရန် ပျက်ကွက်ခြင်းနှင့် “လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ရာတွင် အသုံးပြုမည့် စစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာများအပါအဝင် အကူအညီများကို အစ္စရေးနိုင်ငံသို့ ပံ့ပိုးပေးခြင်း” တို့ကြောင့် ဂျာမနီနိုင်ငံသည် လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ စာချုပ်မှ ပြဋ္ဌာန်းထားသည့် ဝတ္တရားအချို့ အပါအဝင် နိုင်ငံတကာတာဝန်ဝတ္တရားများစွာကို ချိုးဖောက်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် နီကာရာဂွာနိုင်ငံက ၂၀၂၄ ခုနှစ် မတ်လ၌ ICJ တွင် တိုင်ကြားမှုတစ်ရပ် တင်သွင်းခဲ့သည်။
- ကွန်ဂိုဒီမိုကရက်တစ်သမ္မတနှင့် ရဝမ်ဒါ- လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ စာချုပ်က ပြဋ္ဌာန်းထားသည့် တာဝန်ဝတ္တရားအချို့အပါအဝင် နိုင်ငံတကာတာဝန်ဝတ္တရားများစွာကို ရဝမ်ဒါနိုင်ငံက ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲချက်ဖြင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံက ၂၀၂၆ ခုနှစ် ဇွန်လတွင် ICJ တွင် တိုင်ကြားမှုတစ်ရပ် တင်သွင်းခဲ့သည်။
ICJ သည် ယခင်ကလည်း ဆားဘီးယားနိုင်ငံအပေါ် ဘော့စနီးယားနိုင်ငံနှင့် ခရိုအေးရှားနိုင်ငံတို့က အသီးသီး တင်သွင်းခဲ့သည့် အမှုနှစ်မှုတွင် လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ စာချုပ်ကို ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲချက်များကို ကိုင်တွယ်ဖြေရှင်းရာတွင် လူမျိုးသုဉ်းသတ်ဖြတ်မှုနှင့်ပတ်သက်သည့် ၎င်း၏ တရားစီရင်မှုသဘောတရားဆိုင်ရာဥပဒေသုံးသပ်ချက် (jurisprudence)ကို အများဆုံး တိုးချဲ့ပြုပြင်ခဲ့သည်။ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားသည့် အမှုတွင် တရားရုံးက ၎င်း၏ လက်ရှိ တရားစီရင်မှုသဘောတရားဆိုင်ရာဥပဒေသုံးသပ်ချက် (jurisprudence)များကို မည်သို့မည်ပုံ အသုံးချ၊ အနက်ဖွင့်ဆိုမည်ဆိုသည်က အလားတူတိုင်ကြားမှုများနှင့် စပ်လျဥ်းသည့် လက်ရှိနှင့် နောင်အနာဂတ် တွင် ဖြစ်လာမည့် တရားရေးဆိုင်ရာဆောင်ရွက်မှုများအပေါ်လည်း လွှမ်းမိုးသက်ရောက်မည်ဖြစ်သည်။