(သည်ဟိဂ်) မြန်မာနိုင်ငံက ရိုဟင်ဂျာလူမျိုးစုအပေါ် လူမျိုးသုဥ်းသတ်ဖြတ်မှုကျူးလွန်ခဲ့သည်ဟု နိုင်ငံတကာတရားရုံး(ICJ)၏ သမိုင်းဝင် စီရင်ချက်ချမှတ်လိုက်ခြင်းသည် တရားမျှတမှုရရှိရေး ရိုဟင်ဂျာများ၏ ကာလရှည်ကြာစောင့်ဆိုင်းခဲ့ရသည့်ဖြစ်စဥ်တွင် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ယနေ့ပြောကြားလိုက်သည်။ ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့၌ ICJ သည် ၂၀၁၆-၂၀၁၇ ခုနှစ် ကာလ မြန်မာစစ်တပ်က ဖော်ဆောင်ခဲ့သည့် “နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး”အတောအတွင်း ရိုဟင်ဂျာလူမျိုးစုအပေါ် လူမျိုးသုဥ်းသတ်ဖြတ်မှုအတွက် မြန်မာနိုင်ငံတွင် တာဝန်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်။
လူမျိုးသုဥ်းသတ်ဖြတ်မှုကာကွယ်တားဆီးရေးနှင့်ပြစ်ဒဏ်ပေးရေး သဘောတူစာချုပ် (လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုင်ရာ စာချုပ်) ကို ချိုးဖောက်မှုဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုခဲ့သည့် အမှုတွင် တရားရုံးက ကိုးမဲ ခြောက်မဲဖြင့် ဂမ်ဘီယာနိုင်ငံဘက်သို့ အနိုင်ပေးဆုံးဖြတ်၍ မြန်မာနိုင်ငံသည် ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် နိုင်ငံတစ်နိုင်ငံ၏ တာဝန်ရှိမှုကို ICJ မှ ပထမဆုံးအကြိမ် ဆုံးဖြတ်ချက်ချမှတ်ခြင်းဖြစ်သည်။ လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် တာဝန်ရှိသူများကို အပြစ်ပေးရန်နှင့် လူမျိုးသုဥ်းသတ်ဖြတ်မှုကို တားဆီးကာကွယ်ရန် ဝတ္တရားများ အပါအဝင် လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုင်ရာစာချုပ်ပါ အခြားဝတ္တရားများကိုလည်း မြန်မာနိုင်ငံက ချိုးဖောက်ခဲ့သည်ဟု ICJ က ဆုံးဖြတ်သည်။ တရားရုံး၏ ဆုံးဖြတ်ချက်သည် အပြီးသတ်ဖြစ်ပြီး အယူခံမတက်နိုင်ပါ။
“နိုင်ငံတကာတရားရုံးရဲ့ ဒီသမိုင်းဝင်ဆုံးဖြတ်ချက်ဟာ မြန်မာစစ်တပ်ကြောင့် ရိုဟင်ဂျာတွေ ခါးစည်းခံခဲ့ရတဲ့ ဒုက္ခဆင်းရဲတွေအတွက် ကာလရှည်ကြာစောင့်စားခဲ့ရတဲ့ အသိအမှတ်ပြုမှုတစ်ရပ် ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ လူမျိုးသုဥ်းသတ်ဖြတ်မှုနှင့် အခြားကြီးလေးတဲ့ ရာဇဝတ်မှုတွေကို ခံစားခဲ့ရတဲ့သူတွေအတွက် သူတို့နည်းသူတို့ဟန်နဲ့ တရားမျှတမှု ရှာဖွေရေးမှာ အင်မတန်အရေးပါတဲ စံနမူနာစီရင်ထုံးတစ်ခုလည်း ချမှတ်ပေးလိုက်တာပါ။” ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (Human Rights Watch) မှ အပြည်ပြည်ဆိုင်ရာတရားမျှတရေး အကြီးတန်းဥပဒေအကြံပေး Maria Elena Vignoli က ပြောကြားသည်။
၂၀၁၇ ခုနှစ် သြဂုတ်လတွင် မြန်မာလုံခြုံရေးတပ်ဖွဲ့များသည် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာလူမျိုးစုအပေါ် အစုံလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် မီးရှို့ခြင်းတို့ပါဝင်သည့် အကြီးစားစစ်ဆင်ရေးတစ်ရပ်ကို စတင်ခဲ့ရာ လူပေါင်း ၇၀၀,၀၀၀ ကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်စေခဲ့သည်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ၌ ဂမ်ဘီယာနိုင်ငံက ရိုဟင်ဂျာလူမျိုးစုအပေါ် မြန်မာနိုင်ငံ၏ ရက်စက်ကြမ်းကြုတ်မှုများသည် လူမျိုးသုဥ်းသတ်ဖြတ်မှုမြောက်ပြီး လူမျိုးသုဥ်းသတ်ဖြတ်မှုတားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာစာချုပ်ကို ချိုးဖောက်မှုမြောက်ကြောင်း စွဲချက်ဖြင့် ICJ တွင် တရားစွဲဆိုခဲ့သည်။ ဤအမှုသည် စွပ်စွဲထားသောပြစ်မှုများနှင့် တိုက်ရိုက်ဆက်စပ်မှုမရှိသည့် နိုင်ငံတစ်ခုက လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုင်ရာ စာချုပ်အဖွဲ့ဝင်ဖြစ်မှုကို အခြေပြုပြီး ICJ ရှေ့မှောက် တရားစွဲဆိုတိုင်ကြားသော ပထမဆုံးအမှုဖြစ်သည်။
ICJ သည် နိုင်ငံများအကြား အငြင်းပွားမှုများကို စစ်ဆေးဆုံးဖြတ်ပြီး နိုင်ငံတကာဥပဒေဆိုင်ရာ ထင်မြင်သုံးသပ်အကြံပြုချက်များကို ချမှတ်ထုတ်ပြန်ပေးသည့် ကုလသမဂ္ဂ၏ အမြင့်ဆုံးတရားစီရင်ရေးဌာန ဖြစ်သည်။ ကုလသမဂ္ဂအထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီက ရွေးကောက်တင်မြှောက်ထားသည့် တရားသူကြီး ၁၅ ဦး ဖြင့် ဖွဲ့စည်းပြီး တရားသူကြီးသက်တမ်းမှာ ကိုးနှစ် ဖြစ်သည်။
စီရင်ချက်ချရာတွင် ICJ က မြန်မာ့လုံခြုံရေးတပ်ဖွဲ့များနှင့် အခြား နိုင်ငံကိုယ်စားပြုအဖွဲ့အစည်းများသည် လူမျိုးသုဥ်းသတ်ဖြတ်မှု ဆန်ဆန် သတ်ဖြတ်မှုလုပ်ရပ်များ၊ ခန္ဓာကိုယ်ပိုင်းဖြစ်စေ၊ စိတ်ပိုင်းဖြစ်စေ အပြင်းအထန်ထိခိုက်စေခြင်း၊ နှင့် ရိုဟင်ဂျာလူမျိုးစုအပေါ် ကလေးမွေးဖွားခွင့်တားမြစ်ပိတ်ပင်ရန် ရည်ရွယ်သည့် အစီအမံများချမှတ်ခြင်းတို့ကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့ကြောင်းကို တရားရုံးထံတင်သွင်းသည့် သက်သေအထောက်အထားများထံမှ အခိုင်အမာတွေ့ရှိသည်ဟု ထုတ်ဖော်ပြောကြားသည်။
သက်သေအထောက်အထားအားလုံးကို ခြုံငုံသုံးသပ်ပြီးနောက် တရားရုံးက မြန်မာနိုင်ငံသည် နိုင်ငံအတွင်းရှိ ရိုဟင်ဂျာလူ့အသိုင်းအဝိုင်း၏ ကြီးကြီးမားမားအစိတ်အပိုင်းတစ်ခုကို ဖျက်ဆီးရန် လူမျိုးသုဥ်းသတ်ဖြတ်မည့် မဖြစ်မနေ ရည်ရွယ်ချက်ဖြင့် အဆိုပါလုပ်ရပ်များကို ကျူးလွန်ခဲ့သည်ဟု ကောက်ချက်ချသည်။ ယင်းသို့ကောက်ချက်ချရန် တရားရုံးသည် ယေဘုယျနောက်ခံအခြေအနေ၊ ရိုဟင်ဂျာလူမျိုးစုကို ပစ်မှတ်ထားရွေးချယ်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် ကလေးသူငယ်များကို ပစ်မှတ်ထားခြင်း ကဲ့သို့ ရိုဟင်ဂျာလူမှုအသိုင်းအဝိုင်း၏ အခြေခံအုတ်မြစ်အပေါ် ချိုးဖောက်သည့် လုပ်ရပ်များ၊ နှင့် မြန်မာနိုင်ငံ၏လုပ်ရပ်များ၏ စနစ်တကျလုပ်ဆောင်ခဲ့သည့် သဘောသဘာဝ စသည်တို့အပါအဝင် သက်ဆိုင်ရာ အချက်များကို ထည့်သွင်းစဥ်းစားခဲ့သည်။
တရားရုံးသည် အဆိုပါအချက်များကို အခြေခံကာ မြန်မာနိုင်ငံ၌ လူမျိုးသုဥ်းသတ်ဖြတ်ရန်ရည်ရွယ်ချက်ရှိသည်ဆိုသော အချက်သည် တရားရုံးရှေ့မှောက်တင်သွင်းသည့် အထောက်အထားများထံမှ သုံးသပ်ကောက်ချက်ချနိုင်သည့် “တစ်ခုတည်းသော ကြောင်းကျိုးဆီလျော်သည့်ကောက်ချက်”ဖြစ်ကြောင်းကို တွေ့ရှိခဲ့သည်။ သောင်းကျန်းသူတန်ပြန်နှိမ်နှင်းမှုစစ်ဆင်ရေးများ ဖော်ဆောင်ရန် သို့မဟုတ် ရိုဟင်ဂျာများကို အဓမ္မနေရပ်စွန့်ခွာထွက်ပြေးစေရန် စသည့် မြန်မာနိုင်ငံ၏လုပ်ရပ်နှင်ပတ်သက်ပြီး ရှင်းပြနိုင်သည့် အခြားသောရည်ရွယ်ချက်များ ဖြစ်နိုင်ခြေမရှိကြောင်း တရားသူကြီးများက ပယ်ချသည်။
တွေ့ရှိချက်များကို ထောက်ရှု၍ လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုင်ရာ စာချုပ်နှင့်အညီအကောင်အထည်ဖော်ရန်အတွက် ဥပဒေတစ်ရပ် ပြဋ္ဌာန်းရန် ပျက်ကွက်မှုနှင့် လူမျိုးသုဥ်းသတ်ဖြတ်မှုကို စုံစမ်းစစ်ဆေးရန်၊ တရားစွဲဆိုရန်နှင့် အပြစ်ပေးရန် ပျက်ကွက်မှုတို့ အပါအဝင် ဖြစ်ပွားနေဆဲ လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုင်ရာ စာချုပ်ချိုးဖောက်မှုများကို ရပ်တန့်ပေးရန် တရားရုံးက မြန်မာနိုင်ငံအပေါ် အမိန့်ချသည်။
တရားရုံးက ဂမ်ဘီယာနိုင်ငံတွင် ရိုဟင်ဂျာနစ်နာသူများအတွက် ၎င်းကိုယ်စား ပြန်လည်ကုစားမှု ရရှိရန်လျှောက်ထားပိုင်ခွင့်ရှိကြောင်း ဆုံးဖြတ်ပြီး မြန်မာနိုင်ငံမှ ၎င်းတို့ကို ပံ့ပိုးပေးရန် အမိန့်ချသည်။ ယင်းသို့ပံ့ပိုးရာတွင် ရိုဟင်ဂျာလူမျိုးစုအတွက် ၎င်းတို့၏နေရပ်သို့ ဘေးကင်းလုံခြုံပြီး မိမိဆန္ဒအလျောက် လူ့ဂုဏ်သိက္ခာရှိရှိဖြင့် ပြန်ခွင့်ပြုရရှိရေးနှင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသော မိသားစုများ ပြန်လည်ဆုံဆည်းနိုင်ရေးကဲ့သို့ နဂိုအခြေအနေပြန်လည်ဖော်ဆောင်ပေးမှု ပုံစံများလည်း ပါဝင်သည်။ နဂိုအခြေအနေပြန်လည်ဖော်ဆောင်ပေးရန် လက်တွေ့အားဖြင့်လုပ်ဆောင်ရန် မဖြစ်နိုင်ပါက လျော်ကြးပေးသည့်အနေဖြင့် ပြန်လည်ကုစားမှု ပံ့ပိုးဖော်ဆောင်ပေးရန် တရားရုံးက မြန်မာနိုင်ငံကို အမိန့်ချသည်။
ဤအမှုရှိ တရားရုံး၏သုံးသပ်ချက်များသည် လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုင်ရာ စာချုပ်ချိုးဖောက်သည်ဆိုသော စွပ်စွဲချက်ဖြင့် ICJ တွင် လျှောက်ထားသည့် အခြားအမှုများအပေါ်လည်း အလေးအနက် သက်ရောက်မှု ရှိသည်။ ယင်းအမှုများတွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် တောင်အာဖရိကနိုင်ငံက အစ္စရေးနိုင်ငံကို တရားစွဲဆိုခဲ့သည့် အမှုလည်း ပါဝင်သည်။
မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုကို စီရင်ချက်မချမီ အမေရိကန်အစိုးရအရာရှိများက လူမျိုးသုဥ်းသတ်ဖြတ်မှုနှင့်ပတ်သက်သည့် ဥပဒေဆိုင်ရာအနိမ့်ဆုံးစံသတ်မှတ်ချက်များနှင့်ပတ်သက်ပြီး ICJ နှင့် တရားသူကြီးများအပေါ် ဖိအားပေးရန် ကြိုးပမ်းခဲ့သည်။ အမေရိကန်အစိုးရသည် အမေရိကန်နှင့် အစ္စရေး အစိုးရအရာရှိများ နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) တွင် တရားစွဲဆိုမခံရစေရေး ကာကွယ်သည့်အနေဖြင့် ICC နှင့် ICC အရာရှိအချို့ကိုလည်း အရေးယူပိတ်ဆို့မှု ချမှတ်ထားပြီး ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရသည့် ၂၀၂၀ ပြည့်နှစ် မြန်မာရွေးကောက်ပွဲပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ယင်းအချိန်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စစ်အာဏာသိမ်းမှုတစ်ရပ်ကို ဦးဆောင်ကာအရပ်သားအစိုးရကိုဖြုတ်ချခဲ့သည်။ ငါးနှစ်ကျော်ကြာသည့်အထိ မြန်မာစစ်အာဏာပိုင်များသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများကို နိုင်ငံတစ်ဝန်း ဆက်လက်ကျူးလွန်နေဆဲ ဖြစ်သည်။ မင်းအောင်လှိုင်သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ပြုလုပ်ခဲ့သည့် အတုအယောင်ရွေးကောက်ပွဲမှတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် သမ္မတရာထူး ပေးအပ်ခဲ့သည်။
ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာအရပ်သားများသည် ၂၀၂၃ ခုနှစ် နှောင်းပိုင်းမှစ၍ စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အာရက္ခတပ်တော်(AA) တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ပိတ်မိနေခဲ့သည်။ နှစ်ဖက်စလုံးသည် တရားလက်လွတ် သတ်ဖြတ်မှုများ၊ ကျယ်ကျယ်ပြန့်ပြန့် မီးရှို့ဖျက်ဆီးမှုများနှင့် ဥပဒေမဲ့ စစ်သားစုဆောင်းမှုများ အပါအဝင် ကြီးလေးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်လာခဲ့ကြသည်။ မြန်မာစစ်တပ်သည် ရိုဟင်ဂျာလူမျိုးစုအပေါ် စစ်ရာဇဝတ်မှုများအပြင် အသားအရောင်ခွဲခြားအုပ်ချုပ်မှု၊ နှိပ်ကွပ်ညှဉ်းပန်းမှုနှင့် လွတ်လပ်ခွင့်ကို ချိုးဖောက်ပိတ်ပင်မှုတို့ဖြစ်သည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်လျက်ရှိသည်။ လက်ရှိတွင် ရခိုင်ပြည်နယ်၏ နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) သည်လည်း အဓမ္မလုပ်အားပေးစေခိုင်းခြင်းနှင့် မတရားဖမ်းဆီးထိန်းသိမ်းခြင်းတို့အပါအဝင် ရိုဟင်ဂျာများအပေါ် ဖိနှိပ်မှုများကို ပိုမိုတင်းကျပ်လာခဲ့ပြီး စစ်ရာဇဝတ်မှုမြောက်သည့် စစ်ပွဲဆိုင်ရာ ဥပဒေများကို ကြီးလေးစွာ ချိုးဖောက်မှုများကိုလည်း ကျူးလွန်လာခဲ့သည်။
ICJ ၏ စီရင်ချက်များသည် အမှုသည်နိုင်ငံများအပေါ် ဥပဒေအရ စည်းနှောင်မှုရှိသည်။ အကယ်၍ အမှုသည်နိုင်ငံတစ်ခုက အခြားတစ်နိုင်ငံသည် စီရင်ချက်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည်ဟု ယူဆပါက ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ ချဉ်းကပ်နိုင်ပြီး၊ လုံခြုံရေးကောင်စီသည် “စီရင်ချက်ကို အကျိုးသက်ရောက်မှုရှိစေရန် ဆောင်ရွက်ရမည့် အစီအမံများနှင့်ပတ်သက်၍ အကြံပြုချက်များ ပြုလုပ် သို့မဟုတ် ဆုံးဖြတ်ချက်များ ချမှတ်”နိုင်သည်။ သို့သော် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် မည်သည့်အခါကမျှ ယင်းဆုံးဖြတ်ပိုင်ခွင့်အာဏာကို အသုံးပြု၍ ဆောင်ရွက်ခဲ့ဖူးခြင်း မရှိသေးပါ။
ကုလသမဂ္ဂအထွေထွေညီလာခံသည် ယင်းစီရင်ချက်များကိုလိုက်နာဆောင်ရွက်ရေး တောင်းဆိုသည့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းအားဖြင့် ICJ ၏ စီရင်ချက်များကို အကောင်အထည်ဖော်ရေးအတွက် နိုင်ငံရေးအရထောက်ခံမှုများ ရရှိလာစေရန် လှုံ့ဆော်ပေးနိုင်သည်။ နိုင်ငံတစ်နိုင်ငံချင်းစီအနေဖြင့်လည်း သက်ဆိုင်ရာနိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံဆောင်ရွက်မှုများမှတစ်ဆင့် စီရင်ချက်များကို လိုက်နာဆောင်ရွက်ရေးအပေါ် သြဇာလွှမ်းမိုးနိုင်သည်။
လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုင်ရာစာချုပ် အဖွဲ့ဝင် ၁၁ နိုင်ငံသည် လူမျိုးသုဥ်းသတ်ဖြတ်မှုဆိုင်ရာစာချုပ်ပါ ပြဋ္ဌာန်းချက်များကို အဓိပ္ပာယ်တည်ဆောက်ဖွင့်ဆိုရေးနှင့်ပတ်သက်၍ အကန့်အသတ်ရှိသောအရေးကိစ္စများတွင် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုဘက်မှ ကြားဝင်ပူးပေါင်းရပ်တည်ခဲ့သည်။ အဆိုပါအရေးကိစ္စများနှင့်ပတ်သက်၍ တရားရုံးမှ စာချုပ်ပါပြဋ္ဌာန်းချက်ကို အဓိပ္ပာယ်ဖွင့်ဆိုမှုသည် ယင်းနိုင်ငံများအပေါ်လည်း ဥပဒေအရစည်းနှောင်မှုရှိလာမည် ဖြစ်သည်။
ICJ ၏ စီရင်ချက်သည် နိုင်ငံတကာဥပဒေကို လေးစားလိုက်နာရာတွင် အမှီအခိုကင်းသည့် တရားရေးဆိုင်ရာဌာနများ အရေးပါကို အထင်အရှား သတိပေးလိုက်ခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောကြားသည်။
“မြန်မာနိုင်ငံဟာ တရားရုံးရဲ့ စီရင်ဆုံးဖြတ်ချက်ကို အမြန်လိုက်နာပြီး ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေကို အဆုံးသတ်သင့်ပါတယ်။ သက်ဆိုင်ရာအစိုးရတွေကလည်း ရိုဟင်ဂျာတွေနဲ့အတူ အခိုင်အမာရပ်တည်ပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေအတွက် တရားမျှတမှု မြှင့်တင်ပေးတာ၊ မြန်မာစစ်အာဏာပိုင်တွေကို တရားရုံးဆုံးဖြတ်ချက်ကို လိုက်နာဖို့ ဖိအားပေးတာနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံကို မိမိတို့စိတ်ဆန္ဒအလျောက် လုံခြုံစွာနေရပ်ပြန်နိုင်ရေး ဆောင်ရွက်ပေးတာတွေ လုပ်သင့်ပါတယ်” ဟု Vignoli က ထပ်လောင်းပြောကြားလိုက်သည်။