(ဘန်ကောက်၊) – အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများကို မြန်မာစစ်တပ်မှ ရခိုင်ပြည်နယ်တွင် ၂၀၁၇၊ သြဂုတ်လ ၂၅ ရက်နေ့က ကျူးလွန်ခဲ့သည်။ ထိုကျူးလွန်မှုများ ငါးနှစ်ကြာပြီဖြစ်သော်လည်း တရားမျှတမှုနှင့် ၎င်းတို့၏အခွင့်အရေးများကို အကာအကွယ်ပေးရန် ရိုဟင်ဂျာများ စောင့်မျှော်နေဆဲဖြစ်သည်ဟု လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) က ယနေ့ ပြောကြားလိုက်သည်။ ရိုဟင်ဂျာ ၇၃၀ ၀၀၀ ကျော်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရေလွှမ်းမိုးမှုကြုံရလေ့ရှိသော ဒုက္ခသည်စခန်းများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ပြီး ၆၀၀ ၀၀၀ ခန့်မှာ မြန်မာနိုင်ငံတွင် ဖိနှိပ်ချုပ်ချယ်ခံနေရဆဲ ဖြစ်သည်။
ရိုဟင်ဂျာလူထုခံစားခဲ့ရသော လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများကျူးလွန်ခြင်းနှင့် ဂျန်နိုဆိုက်လုပ်ရပ်များအတွက် မည်သူ့ကိုမျှ အရေးယူနိုင်ခြင်း မရှိသေးပေ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြန်မာနိုင်ငံနှင့် ဒေသတစ်ဝှမ်းရှိ ရိုဟင်ဂျာများအတွက် တရားမျှတမှုနှင့် လုံခြုံမှုရရှိစေရန် စိုးရိမ်သောအစိုးရများအနေဖြင့် မြန်မာစစ်တပ်ကို ခိုင်လုံသော အရေးယူဆောင်ရွက်မှုများ ပြုလုပ်လာအောင် ဤနှစ်ပတ်လည်နေ့က တိုက်တွန်းနှိုးဆော်သင့်သည်။
“အစိုးရတွေအနေနဲ့ ရိုဟင်ဂျာလူထုကို အကြီးအကျယ် ပျက်စီးစေခဲ့တဲ့စစ်ဆင်ရေး ၅ နှစ်ပြည့်အထိမ်းအမှတ် လုပ်သင့်တယ်၊ ရိုဟင်ဂျာလူထု ပါဝင်မှုနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်တဲ့ မဟာဗျူဟာ ဖော်ဆောင်ပြီး တာဝန်ခံမှု၊ တရားမျှတမှုတွေ ရှိအောင် လုပ်ဆောင်သင့်တယ်” ဟု HRW အာရှဒါရိုက်တာ Elaine Pearson က ပြောကြားခဲ့သည်။ “အလှူရှင်တွေအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ လွတ်လွတ်လပ်လပ် လုံလုံခြုံခြုံ ကျောင်းတက်နိုင်အောင်၊ အလုပ်လုပ်နိုင်အောင် ပံ့ပိုးပေးသင့်တယ်၊ အဲဒါမှ သူတို့ဟာ အမှီအခိုကင်းပြီး မိမိကိုယ်မိမိ အားကိုးနိုင်တဲ့ အနာဂတ်တွေကို တည်ဆောက်နိုင်မယ်။”
မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် ထွက်ပြေးလာသော ရိုဟင်ဂျာရာပေါင်းများစွာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၀၁၇၊ သြဂုတ်လကတည်းက HRW မှ တွေ့ဆုံမေးမြန်းခဲ့သည်။ စစ်သားများက ရွာသားများကို စနစ်တကျ သတ်ဖြတ် မုဒိမ်းကျင့်ရုံမက အိမ်များကိုပါ မီးရှို့ခဲ့ကြသည်ဟု သူတို့က ပြောပြခဲ့ကြသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လူ ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး ရွာပေါင်း ၄၀၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးကြသူများမှာ ၂၀၁၇ မတိုင်ခင်က အကြမ်းဖက်မှုနှင့် ဖိနှိပ်မှု လှိုင်းလုံးကြီးများကြောင့် ထွက်ပြေးလာခဲ့ကြသော သိန်းနှင့်ချီသော ဒုက္ခသည်များနှင့် ပူးပေါင်းခဲ့သည်။
“မြန်မာအာဏာပိုင်တွေက ကျွန်တော်တို့ကို ရက်ရက်စက်စက် လုပ်ခဲ့တယ်” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အသက် ၃၀ အရွယ် ရိုဟင်ဂျာ ဒုက္ခသည် Abdul Halim က ပြောသည်။ “ကျွန်တော်တို့ အိမ်တွေကို မီးရှို့တယ်၊ အမေနဲ့ အစ်မတွေကို မုဒိမ်းကျင့်တယ်၊ ကလေးတွေကို မီးရှို့သတ်တယ်။ အဲဒီရက်စက်ကြမ်းကြုတ်မှုကနေ လွတ်မြောက်ဖို့ ကျွန်တော်တို့ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံခဲ့ကြတယ်။ အခု ကူတူးပလောင်စခန်းမှာ ရောက်နေတာ ငါးနှစ်ရှိပြီ။” Abdul မှာ ၂၀၁၇ တွင် မြန်မာနိုင်ငံမှ ထွက်ပြေးစဉ်က နာမကျန်းဖြစ်နေသော မိခင်ကိုပါ ကျောပိုးသယ်ဆောင်လာခဲ့သည်။ သူမမှာ ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိပြီး မကြာမီ သေဆုံးသွားခဲ့သည်။
ရခိုင်ပြည်နယ်တွင် ကျန်ရှိနေဆဲ ရိုဟင်ဂျာများမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများဖြစ်သည့် လူမျိုးရေးခွဲခြားမှု၊ ဖိနှိပ်မှုနှင့် လွတ်လပ်ခွင့် ဆုံးရှုံးမှု စသည့် စနစ်တကျ နှိပ်စက်ညှင်းပန်းမှုများကို ရင်ဆိုင်နေရသည်။ သူတို့မှာ လွတ်လပ်စွာ သွားလာခွင့်မရှိဘဲ စခန်းများနှင့် ကျေးရွာများတွင် ချုပ်နှောင်ခံထားရပြီး လုံလောက်သော စားနပ်ရိက္ခာ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းမှုတို့ကိုလည်း ဖြတ်တောက်ခံထားရသည်။
“ကျွန်တော်တို့ ကလေးဘဝကတည်းက မြန်မာနိုင်ငံမှာ ဘာလွတ်လပ်မှုမှ မရခဲ့ဘူး” ဟု Abdul က ဆိုသည်။ “သူတို့က ကျွန်တော့်ကို နွားကုလား (မွတ်စ်လင်မ်များကို နှိမ်ခေါ်ခြင်း) လို့ ခေါ်တယ်၊ ကျွန်တော်တို့ကို တိရစ္ဆာန်တွေ ကျနေတာပဲ။” မြန်မာနိုင်ငံ၏ ၁၉၈၂ နိုင်ငံသားဖြစ်မှုဥပဒေအရ ရိုဟင်ဂျာများ နိုင်ငံသားဖြစ်မှုကို ထိရောက်စွာ ကန့်သတ်ထားသောကြောင့် သူတို့မှာ နိုင်ငံမဲ့အဖြစ် နေကြရသည်။ ၂၀၁၇ ရက်စက်ကြမ်းကြုတ်မှုများမှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော နိုင်ငံတော် ဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုများတွင် အစပြုခဲ့သည်။
“မြန်မာနိုင်ငံမှာ ကျွန်မတို့ ဘဝတစ်လျှောက်လုံး ရုန်းကန်ခဲ့ရတယ်” ဟု အသက် ၄၀ အရွယ် Hasina Hatu က ပြောသည်။ “ဆိတ်မွေးတော့ နယ်ခြားစောင့်တပ်တွေက ဆိတ်တွေကို သိမ်းတယ်။ နွားမွေးတော့လည်း နွားတွေ အသိမ်းခံရတာပဲ။ လယ်လုပ်တော့ စပါးတွေ အသိမ်းခံရတယ်။” Hasina ၏ဖခင်မှာ ၂၀၁၇ ခုနှစ်တွင် ထွက်ပြေးစဉ် ရွှံ့တောင်စောင်းတစ်ခုမှ ပြုတ်ကျပြီး သေဆုံးသွားခဲ့သည်။
၂၀၂၁၊ ဖေဖော်ဝါရီလတွင် ရိုဟင်ဂျာများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို ကြိုးကိုင်ခဲ့သူ စစ်ဗိုလ်ချုပ်များက အာဏာသိမ်းပြီး မြန်မာနိုင်ငံ၏ ရွေးကောက်ခံအရပ်သားခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ လူထုဆန္ဒပြပွဲများကို စစ်အစိုးရက နိုင်ငံတစ်ဝှမ်းတွင် နှိမ်နင်းခဲ့သည်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများ၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ မတရားဖမ်းဆီးခြင်းများနှင့် လက်နက်ကိုင်အရပ်သားမခွဲခြားဘဲ တိုက်ခိုက်ခြင်းများကြောင့် လူသားမျိုးနွယ်အပေါ် ရာဇ၀တ်မှုများနှင့် ပဋိပက္ခဒေသများတွင် စစ်ရာဇ၀တ်မှုများ ကျူးလွန်ရာ ရောက်သည်။ ၂၀၁၇ ရက်စက်ကြမ်းကြုတ်မှုများတွင် ပါဝင်ပတ်သက်ခဲ့သောကြောင့် အမေရိကန်နှင့် ယူကေတို့မှ ပိတ်ဆို့အရေးယူထားသော တပ်ဖွဲ့များကို နိုင်ငံတစ်ဝှမ်းရှိ စစ်ဆင်ရေးအသစ်များတွင် တပ်ဖြန့်ချထားခဲ့သည်။
စစ်အစိုးရသည် ရိုဟင်ဂျာစခန်းများနှင့် ကျေးရွာများတွင် သွားလာရေး ကန့်သတ်ချက်အသစ်များ ချမှတ်ထားသောကြောင့် ရေရှားပါးမှုနှင့် အစာရေစာပြတ်လပ်မှုများအပြင် ရောဂါနှင့် အာဟာရ ချို့တဲ့မှုများလည်း တိုးလာခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရိုဟင်ဂျာ ၂၀၀၀ ကျော်ကို “တရားမ၀င် ခရီးသွားခြင်း” အမှုဖြင့် ဖမ်းဆီးခဲ့ရာ ထိုသူများတွင် ရာနှင့်ချီသော ကလေးငယ်များလည်း ပါဝင်သည်။ ထိုလူအများစုမှာ ထောင်ဒဏ် အများဆုံး ငါးနှစ်အထိ ချမှတ်ခံခဲ့ရသည်။ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲများ အရှန်မြင့်လာခြင်းကလည်း ရိုဟင်ဂျာများကို ပဋိပက္ခအလယ်တွင် ပိတ်မိနေစေသည်။
ဘင်္ဂလားဒေ့ရှ်တွင် ရိုဟင်ဂျာဒုက္ခသည် တစ်သန်းခန့်သည် ကျယ်ပြောသော်လည်း လူဦးရေအဆမတန်များပြားနေသော Cox’s Bazar ဒုက္ခသည်စခန်းများနှင့် သီးခြားမြေနုကျွန်းဖြစ်သည့် Bhasan Char ကျွန်းရှိ စခန်းများတွင် နေထိုင်ကြသည်။ လွန်ခဲ့သော ၅ နှစ်အတွင်းတွင် ဘင်္ဂလားဒေ့ရှ်အစိုးရမှာ ဒုက္ခသည်များကို အသက်အန္တရာယ် သို့မဟုတ် လွတ်လပ်ခွင့် ခြိမ်းခြောက်ခံနေရသည့် နေရပ်သို့ ပြန်မပို့ရ (nonrefoulement) ဟူသော နိုင်ငံတကာမူကို လေးစားလိုက်နာခဲ့သည်။
သို့ရာတွင် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များသည် ဒုက္ခသည်များ၏ အသက်မွေးဝမ်းကျောင်းမှု၊ ရွှေ့ပြောင်းသွားလာမှုနှင့် ပညာရေးအပေါ် ကန့်သတ်ချက်များကို မကြာသေးမီက တိုးမြှင့်လိုက်သောကြောင့် ဒုက္ခသည်အများအပြားမှာ သူတို့ကို မလိုလားသောကြောင့် အန္တရာယ်ရှိသည်ဟု ခံစားလာရသည်။ အာဏာပိုင်များသည် ကိုယ်ထူကိုယ်ထစာသင်ကျောင်းများကို ပိတ်ခိုင်းခဲ့ပြီး ဈေးဆိုင်များကို တရားမဲ့ ဖျက်ဆီးကာ ခရီးသွားလာရေးတွင်လည်း အတားအဆီးအသစ်များ ချမှတ်ခဲ့သည်။
“ဒီဘင်္ဂလားဒေ့ရှ်မှာလည်း ကျွန်တော်တို့ ကလေးတွေ ပညာသင်ခွင့်မရှိဘူးဆိုရင် ဘယ်နေရာသွားသွား ကျွန်တော်တို့ ဖိနှိပ်ခံရမှာပါပဲ” ဟု Abdul က ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် ရိုဟင်ဂျာ ၂၈၀၀၀ ခန့်ကို Bhasan Char ကျွန်းသို့ ရွှေ့ပြောင်းခဲ့ပြီး ထိုကျွန်းရှိဒုက္ခသည်များမှာ ပြင်းထန်သော ခရီးသွားလာရေး ကန့်သတ်ချက်များ၊ အစားအစာနှင့် ဆေးဝါးပြတ်လပ်မှုနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ အလွဲသုံးစားမှုများနှင့် ရင်ဆိုင်နေရသည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ကြီးကြပ်ပေးနေသော်လည်း အများစုမှာ သတင်းအချက်အလက်အစုံအလင် မသိရဘဲ ပြောင်းရွှေ့ခံရပြီး ပြည်မသို့ ပြန်ခြင်းကိုလည်း တားမြစ်ခံထားရသည်။ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် ကန့်သတ်ချက်အသစ်များကို ရုတ်သိမ်းကာ ဒုက္ခသည်များကို Bhasan Char ကျွန်းသို့ အတင်းအကျပ် ရွှေ့ပြောင်းခိုင်းခြင်းကို အဆုံးသတ်သင့်သည်ဟု HRW မှ ပြောကြားခဲ့သည်။
“ကျွန်မတို့ ဘယ်လောက်ကြာကြာ ဒီလိုနေရအုံးမှာလဲ” ဟု Hasina က ပြောသည်။ “ကမ္ဘာကြီးက ကျွန်မတို့ ပြဿနာကို ဖြေရှင်းပေးလိမ့်မယ်လို့ ကျွန်မ မထင်ဘူး။”
ရိုဟင်ဂျာ လူသားချင်းစာနာမှု အကျပ်အတည်းအတွက် ၂၀၂၂ ပူးပေါင်းတုန့်ပြန်ခြင်းအစီအစဉ် (Joint Response Plan) အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၈၈၁ သန်းလျာထားခဲ့သော်လည်း ထိုငွေ၏လေးပုံတစ်ပုံသာ ရရှိခဲ့သည်။ ဒုက္ခသည်လူထု၏ ကြီးမားသောလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်၊ ရိုဟင်ဂျာများနှင့် အိမ်ရှင်အသိုင်းအဝိုင်းများကို ထောက်ပံ့နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကူညီပေးနိုင်ရန် အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂနှင့် သြစတြေးလျ အပါအဝင် အလှူရှင်များမှ ရန်ပုံငွေကို တိုးမြှင့်သင့်သည်။
ဒုက္ခသည်များကို နေရပ်ပြန်ပို့ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် မြန်မာစစ်အစိုးရက ဆွေးနွေးပွဲအသစ်များ ပြုလုပ်ခဲ့ပြီးနောက် ဇန်နဝါရီလတွင် “စိစစ်ရေးလုပ်ငန်းစဉ်ကို အမြန်ပြီးမြောက်ရန်” ပူးတွဲအစီအစဉ်များကို ထုတ်ပြန်ကြေညာခဲ့သည်။ မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသော ဖိနှိပ်မှုများနှင့် ညှင်းပန်းနှိပ်စက်မှုများကြောင့် ရိုဟင်ဂျာဒုက္ခသည်များမှာ နေရပ်ပြန်လိုခြင်းမရှိပေ၊ ထို့ကြောင့် ယခင်က နေရပ်ပြန်ပို့ရေး နှစ်ကြိမ် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ပွင့်လင်းစွာပြောတတ်သော ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet သည် Cox’s Bazar သို့ သွားရောက်ခဲ့ပြီးနောက် “နယ်စပ် ဟိုဖက်မှာရှိတဲ့ ပြဿနာကြောင့် ပြန်ဖို့ကောင်းတဲ့အခြေအနေ မဟုတ်သေးဘူး” ဟု သြဂုတ်လ ၁၇ ရက်နေ့တွင် ကြေငြာခဲ့သည်။
“ကျွန်တော်တို့ မြန်မာနိုင်ငံကို ပြန်ချင်ပေမဲ့ ပြန်ရမယ်ဆိုရင် တရားမျှတမှု ရမှဖြစ်မယ်” ဟု အသက် ၂၁ နှစ်အရွယ် Mohammad Ayaz က ပြောသည်။ “တာပေါ်လင်မိုးကာစနဲ့ ကာထားတဲ့အိမ်တွေမှာ ဘယ်လောက်ကြာကြာ နေရအုံးမှာလဲ။ ငါးနှစ်တောင် ရှိပြီ။ ကျွန်တော်တို့ ဒီမှာ ဘယ်လောက်ကြာကြာနေရမယ် ဆိုတာ ဘယ်သူသိလဲ။ ကမ္ဘာကြီးက ကျွန်တော်တို့အတွက် တရားမျှတမှုရအောင် ကူညီပေးမှာလားဆိုတာ ဘယ်သူသိနိုင်မလဲ။” မိုဟာမက်သည် ၂၀၁၇၊ သြဂုတ်လ ၃၀ တွင် Tula Toli ရွာမှ ထွက်ပြေးစဉ် သေနတ်ဒဏ်ရာရရှိခဲ့သည်။ သူ၏ မိဘများနှင့် ညီအစ်မများအပါအဝင် မိသားစုဝင် ၁၂ ဦးထက်မနည်း သေဆုံးခဲ့သည်။
အခြားရိုဟင်ဂျာဒုက္ခသည် ထောင်ပေါင်းများစွာမှာ မလေးရှား၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့ရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် အကန့်အသတ်မရှိ ချုပ်နှောင်ခံနေရသည်၊ ထိုသို့မဟုတ်ပါက လုံလောက်သော အထောက်အပံ့နှင့် အကာအကွယ်မရှိဘဲ နေထိုင်နေကြရသည်။
၂၀၁၇ အကြမ်းဖက်မှုကို နိုင်ငံတကာတုံ့ပြန်ချက်မှာ အစိတ်စိတ်အမွှာမွှာကွဲ၍ တုံ့နှေးကြန့်ကြာနေသည်။ နိုင်ငံတကာအစိုးရများ လိုလားသော တိုးတိုးတိတ်တိတ် သံခင်းတမန်ခင်းမှာ စစ်တပ်အပေါ် စစ်မှန်သော ဖိအားပေးရန်အတွက် မဟာဗျူဟာမြောက်ခြင်း သိပ်မရှိဟု HRW မှ ပြောကြားခဲ့သည်။
ရိုဟင်ဂျာဒုက္ခသည်များ ဆန္ဒအလျောက် ဘေးကင်းပြီး ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်စေသည့် အခြေအနေများ တည်ဆောက်ရာတွင် စည်းလုံးညီညွတ်သော နိုင်ငံတကာ တုံ့ပြန်မှု လိုအပ်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရပိုင်ခွင့်များကို လေးစားသော အုပ်ချုပ်မှု ထူထောင်ရန်နှင့် ရခိုင်ပြည်နယ်ရှိ ရာဇ၀တ်မှုများအတွက် တရားမျှတမှု ရရှိရန် လိုအပ်သည်။ ဒီမိုကရေစီ အရပ်သားအစိုးရအုပ်ချုပ်မှုအောက်ရှိ အနာဂတ်မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများ နိုင်ငံသားအခွင့်အရေး အပြည့်အဝ ရရှိပြီး ခိုးယူဖျက်ဆီးခံရသည့် မြေယာနှင့် ပစ္စည်းဥစ္စာများအပါအဝင် ရက်စက်ကြမ်းကြုတ်မှုများအတွက် လျော်ကြေးငွေများလည်း ရရှိမည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် တရုတ်နှင့် ရုရှား၏ ဗီတိုအာဏာကို စိုးရိမ်ပြီး အရေးယူမှုမရှိခြင်းကို ရပ်ဆိုင်းသင့်သည်။ မြန်မာနိုင်ငံကို ကမ္ဘာမှလက်နက်ရောင်းချနေမှုကို တားမြစ်ရန် ဆုံးဖြတ်ချက်ကို အရေးတကြီး ညှိနှိုင်းဆောင်ရွက်ရန်၊ မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံးသို့ လွှဲအပ်ရန်နှင့် စစ်အစိုးရနှင့် စစ်ဘက်ဆိုင်ရာ ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် လိုအပ်သည်။
“ကျွန်တော်တို့ ဘာကိုစောင့်နေတာလဲ” ဟု အမေရိကန်သံတမန်တစ်ဦးက ၂၀၂၁ လုံခြုံရေးကောင်စီအစည်းအဝေးတွင် မိန့်ခွန်းပြောခဲ့သည်။ “ကျွန်တော်တို့ အချိန်ဆွဲလေလေ လူအသေအပျောက် များလေလေပဲ။ လုံခြုံရေးကောင်စီအနေနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ကာကွယ်ရမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ စုပေါင်းတာဝန် ပျက်ကွက်နေတယ်။ အဲဒါကြောင့် မြန်မာပြည်သူပြည်သားတွေကို နစ်နာစေတယ်။”
ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံတစ်ဝှမ်းရှိ ရက်စက်သော စစ်ဆင်ရေးများကို ကျူးလွန်နေသာ စစ်တပ်၏ဝင်ငွေကို ဖြတ်တောက်ရန် အမေရိကန်၊ ယူကေ၊ အီးယူနှင့် အခြားအစိုးရများသည် နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုများကို အားကောင်းအောင် လုပ်ဆောင်သင့်သည်။
စစ်အစိုးရ နှစ်စဉ် အမြတ်ငွေ စုစုပေါင်း ဒေါ်လာသန်းတစ်ထောင်ခန့် ရနေသည့် အကြီးဆုံး နိုင်ငံခြား၀င်ငွေ ရင်းမြစ်ဖြစ်သော သဘာဝဓာတ်ငွေ့လုပ်ငန်းကို နိုင်ငံတကာအစိုးရများမှ ပစ်မှတ်ထား ပိတ်ဆို့သင့်သည်။ စစ်အစိုးရထိန်းချုပ်ထားသော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများကို ဖေဖော်ဝါရီလတွင် အီးယူမှ ပိတ်ဆို့အရေးယူခဲ့သော်လည်း အခြားနိုင်ငံတကာအစိုးရများက လိုက်မလုပ်ခဲ့ပေ။
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အနေဖြင့် မြန်မာ့အရေးအတွက် အချက်ငါးချက်ပါ အားလုံးသဘောတူ တုန့်ပြန်မှုမှာ မအောင်မြင်ကြောင်း အသိအမှတ်ပြုရမည်။စစ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်မှုများကို ပြင်းပြင်းထန်ထန် အရေးယူနိုင်ရန် ပူးပေါင်းလုပ်ဆောင်ရမည်။
“နိုင်ငံခြားအစိုးရတွေနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ အကူအညီနဲ့ ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေကို ပြန်ရနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်တယ်” ဟု Abdul က ပြောကြားခဲ့သည်။ “အဲဒါကိုပဲ ကျွန်တော်တို့ လိုချင်တာ။”
မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုရရှိရန် လမ်းကြောင်းတိုင်းကို နိုင်ငံတကာအစိုးရများက ရှာဖွေသင့်သည်။ အပြည်ပြည်ဆိုင်ရာ တရားရုံးရှေ့မှောက်တွင် ဂျန်နိုဆိုက်ကွန်ဗင်းရှင်းအရ ဂမ်ဘီယာမှ မြန်မာကို တရားစွဲထားသောအမှုကို နိုင်ငံတကာမှ တရားဝင် ကူညီထောက်ပံ့သင့်သည်။ ကနေဒါနှင့် နယ်သာလန်တို့သာ ထိုအမှုကို ထောက်ခံရန် ရည်ရွယ်ကြောင်း ကြေညာခဲ့သည်။
နိုင်ငံတကာအစိုးရများအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်မူကို ကိုင်စွဲပြီး စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲဆိုမှုများကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်သင့်သည်။ စစ်အစိုးရ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများမှာ ပြင်းထန်လွန်းသောကြောင့် နိုင်ငံအားလုံးမှ ထိုအမှုများကို ကိုင်တွယ်ဖြေရှင်းလျှင် အကျိုးရှိစေမည့် လမ်းကြောင်းဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်မူကို ကိုင်စွဲပြီး အာဂျင်တီးနားတရားစီရင်ရေးဌာနသည် မြန်မာအစိုးရမှ ရိုဟင်ဂျာများအပေါ် ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်ခဲ့သော လုပ်ရပ်များနှင့် ပတ်သက်သော စုံစမ်းစစ်ဆေးရေး စတင်နေပြီဖြစ်သည်။
“လက်ရှိမြန်မာစစ်အစိုးရက ဆန္ဒပြသူတွေကို သတ်ဖြတ်တာ၊ အရပ်သားတွေကို ပစ်ခတ်တာ၊ တခြား ရက်စက်မှုတွေကို ကျူးလွန်တာတွေဟာ လွန်ခဲ့တဲ့ ၅ နှစ်က သူတို့ရဲ့ ရက်စက်ယုတ်မာမှုတွေအတွက် စစ်ဗိုလ်ချုပ်တွေကို တာဝန်ခံခိုင်းဖို့ ပျက်ကွက်ခဲ့တာကို အကြီးအကျယ် ထင်ဟပ်နေပါတယ်” ဟု Pearson က ဆိုသည်။
“သြဇာရှိတဲ့ အစိုးရတွေအနေနဲ့ အတိတ်က အမှားတွေကို သင်ခန်းစာယူပြီး စစ်အစိုးရ လက်ရှိကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေကို အာမခံပေးနေတဲ့ လက်နက်နဲ့ ၀င်ငွေစီးဆင်းမှုကို ဖြတ်တောက်ခြင်းဖြင့် ပြင်းပြင်းထန်ထန် အရေးယူသင့်တယ်။”