Skip to main content

မြန်မာ – စစ်ကောင်စီ၏ ရွေးကောက်ပွဲမှာ တရားဝင်လက်ခံမှုရအောင် လုပ်ကြံထားသော လိမ်လည်မှုတစ်ခုသာဖြစ်

အတုအယောင် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို နိုင်ငံခြားအစိုးရများမှ ငြင်းပယ်သင့်ပြီး အလွဲသုံးစားမှုများကို ရှုတ်ချသင့်

၂၀၂၅၊ အောက်တိုဘာ ၂၇ ရက်တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလ မစတင်မီ စစ်တပ် ကျောထောက်နောက်ခံပြုထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌပုံနှင့် ဆိုင်းဘုတ်တစ်ခု။ ဓာတ်ပုံ © 2025 STR/AFP via Getty Images

(ဘန်ကောက်) – ၂၀၂၅ ဒီဇင်ဘာလကုန်မှ၂၀၂၆ ဇန်နဝါရီလအထိ ရွေးကောက်ပွဲ ကျင်းပမည့် မြန်မာစစ်ကောင်စီ၏ အစီအစဉ်များမှာ လွတ်လပ်မှု၊ တရားမျှတမှု သို့မဟုတ် လူတိုင်းပါဝင်မှု ရှိမည်မဟုတ်သောကြောင့် နိုင်ငံခြားအစိုးရများမှ ငြင်းပယ်သင့်သည်ဟု လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch, HRW) မှ ယနေ့ ပြောကြားခဲ့သည်။ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီးကတည်းက တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံ၏ ဖွံ့ဖြိုးဆဲ ဒီမိုကရေစီစနစ်များကို စနစ်တကျ ဖျက်သိမ်းခဲ့သော စစ်ကောင်စီသည် ရွေးကောက်ပွဲမတိုင်မီ ဖိနှိပ်မှုနှင့် အကြမ်းဖက်မှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

စစ်ကောင်စီမှ အဆင့်ဆင့် ကျင်းပမည်ဖြစ်သော ရွေးကောက်ပွဲ၏ ပထမအဆင့်နှစ်ဆင့်ကို ဒီဇင်ဘာ ၂၈ ရက်နှင့် ဇန်နဝါရီ ၁၁ ရက်တွင် ကျင်းပမည်ဟု ကြေညာခဲ့သည်။ အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံရေးပါတီများစွာကို ပိတ်ပင်ခဲ့ပြီး ဇူလိုင်လတွင် ထုတ်ပြန်လိုက်သည့် တင်းကျပ်သော ရွေးကောက်ပွဲဥပဒေဖြင့် ဖမ်းဆီးခံထားရသူ ၁၀၀ နီးပါး အပါအဝင် နိုင်ငံရေးအကျဉ်းသား ၃၀၀၀၀ ခန့်ကို အကျဉ်းချထား သည်။ ရွေးကောက်ပွဲကို မြို့နယ်အားလုံးတွင် ကျင်းပမည်မဟုတ်ကြောင်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဝန်ခံလိုက်သည်မှာ အတိုက်အခံ လက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံတဝှမ်း ရင်ဆိုင်နေရသောစစ်တပ်မှ စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည်ကို ထင်ဟပ်ပေါ်လွင်စေသည်။

“စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲက စစ်တပ်ရဲ့ ငါးနှစ်နီးပါး အကြမ်းဖက်ဖိနှိပ်မှုတွေအပြီး နိုင်ငံတကာအလယ်မှာ တရားဝင်လက်ခံမှုရချင်လို့ အသည်းအသန်ကြိုးပမ်းမှုတစ်ခုပါပဲ” ဟု HRW ၏ အာရှဒါရိုက်တာ အီလိန်း ပီယာဆန် (Elaine Pearson) က ပြောကြားခဲ့သည်။ “အစိုးရတွေအနေနဲ့ ဒီရွေးကောက်ပွဲတွေကို ယုံကြည်မျှော်လင့်ပေးနေတာဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို လေးစားတဲ့ အရပ်သားဒီမိုကရေစီအုပ်ချုပ်မှုကို လုံးဝထောက်ခံမှု မရှိဘူးဆိုတာ ပြသနေပါတယ်။”

ဇူလိုင်လ ၂၉ ရက်တွင် စစ်ကောင်စီသည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို တားဆီးခြင်း၊ နှောင့်ယှက်ခြင်းနှင့် ဖျက်ဆီးခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ရွေးကောက်ပွဲအား ဝေဖန်ခြင်းကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ခဲ့သည် — ရွေးကောက်ပွဲလုပ်ငန်းစဉ်မည်သည့်အစိတ်အပိုင်းကိုမဆို နှောင့်ယှက် ဟောပြော၊ စည်းရုံးမှု သို့မဟုတ် ဆန္ဒပြမှုအားလုံးကို ပိတ်ပင်လိုက်သည်။ ချိုးဖောက်သူများသည် ထောင်ဒဏ် ၂၀ နှစ်အထိနှင့် သေဒဏ်အထိ ချမှတ်ခံရနိုင်သည်။

စစ်ကောင်စီအာဏာပိုင်များမှ သြဂုတ်လမှစ၍ အနည်းဆုံး ကလေး ၄ ဦးအပါအဝင် လူ ၉၄ ဦးကို လူမှုမီဒီယာလှုပ်ရှားမှုများ၊ စတစ်ကာများနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ မိန့်ခွန်းများ ပြောကြားခြင်းနှင့် ရွေးကောက်ပွဲကို “ဝင်ရောက်စွက်ဖက်ခြင်း” နှင့် “နှောင့်ယှက်ခြင်း” လုပ်ရပ်များအတွက် ဖမ်းဆီးခဲ့သည်။ စက်တင်ဘာလ ၉ ရက်တွင် အမျိုးသားတစ်ဦးသည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် စစ်ကောင်စီကို ဝေဖန်သည့် Facebook ပို့စ်တစ်ခုအတွက် အလုပ်ကြမ်းနှင့် ထောင်ခုနစ်နှစ် ချမှတ်ခံခဲ့ရသည်။ အောက်တိုဘာလ ၂၉ ရက်တွင် ရုပ်ရှင်ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်နှင့် အောင်ချမ်းလူ တို့သည် ရွေးကောက်ပွဲ ဝါဒဖြန့်ချိရေး ရုပ်ရှင်ကို ဝေဖန်ထားသည့် Facebook ပို့စ်တစ်ခုကို “like” လုပ်သောကြောင့် ဖမ်းဆီးခံခဲ့ရသည်။

အာဏာပိုင်များမှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှစ၍ အတိုက်အခံအင်အားစုကို ထောက်ခံခြင်း သို့မဟုတ် စစ်တပ်ကို ဝေဖန်ခြင်း စသည့် အွန်လိုင်းလှုပ်ရှားမှုများကြောင့် လူပေါင်း ၂၀၀၀ နီးပါးကို ဖမ်းဆီးခဲ့သည်။ အဆိုပါလုပ်ရပ်မှာ စစ်ကောင်စီမှ လွတ်လပ်စွာ ပြောဆိုခွင့်၊ စာနယ်ဇင်းနှင့် စုဝေးခွင့်များကို လုံးဝမကျန်အောင် ဖျက်ဆီးသည့် အကြောင်းအရင်းများထဲမှ တစ်ခု ဖြစ်သည်။

နိုင်ငံ၏ နယ်မြေအများစုမှာ အတိုက်အခံအဖွဲ့များမှ ထိန်းချုပ်ထားခြင်းကြောင့် ယုံကြည်စိတ်ချရသော ရွေးကောက်ပွဲကျင်းပရန် စစ်တပ်တွင် နယ်မြေထိန်းချုပ်မှု လုံလောက်မှုမရှိဟု HRW က ပြောကြားခဲ့သည်။ မဲဆန္ဒရှင်စာရင်း ပြုစုရန် ၂၀၂၄ အောက်တိုဘာလတွင် ကောက်ယူခဲ့သော တစ်နိုင်ငံလုံး သန်းခေါင်စာရင်းကို နိုင်ငံ၏ မြို့နယ် ၃၃၀ တွင် ၁၄၅ မြို့နယ်သာ ပြုလုပ်နိုင်ခဲ့သည် — တစ်နိုင်ငံလုံး၏ ထက်ဝက်အောက်သာ ရှိသည်။ စက်တင်ဘာလတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ “အခြေအနေ မလုံခြုံ” ဟု ယူဆရသော မြို့နယ် ၅၆ မြို့နယ်တွင် မဲပေးမည်မဟုတ်ကြောင်း ကြေညာခဲ့ပြီး ယခုအချိန်အထိ ကြေညာခဲ့သော အဆင့်နှစ်ဆင့်တွင် မြို့နယ် ၂၀၂ မြို့နယ်သာ ပါဝင်သည်။

အရပ်သားများနှင့် အရပ်သား အခြေခံအဆောက်အအုံများကို လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်ခြင်းဖြင့် ရွေးကောက်ပွဲမတိုင်မီ လက်နက်ကိုင် အတိုက်အခံအဖွဲ့များထံမှ နယ်မြေကို ပြန်လည်ရယူရန် စစ်ကောင်စီ၏ ကြိုးပမ်းမှုများသည် စစ်ရာဇဝတ်မှု မြောက်သည်။ စစ်ကောင်စီ၏ လေယာဉ်နှင့် လက်နက်များကို အဓိက ထောက်ပံ့ပေးသူများဖြစ်သော တရုတ်နှင့် ရုရှားနှစ်နိုင်ငံစလုံးသည် ရွေးကောက်ပွဲကို ထောက်ခံအားပေးလျက်ရှိသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (United Nations Security Council) တွင် နှစ်နိုင်ငံစလုံးသည် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆန့်ကျင်သည့် နိုင်ငံတကာ၏ အရေးယူမှုများကို ပိတ်ဆို့ခဲ့ကြပြီး စစ်ကောင်စီကို အချိန်ကြာမြင့်စွာ ထောက်ခံခဲ့သည်။

စစ်တပ် အလွဲသုံးစားမှုများနှင့် ပဋိပက္ခများ မြင့်တက်လာခြင်းကြောင့် ပြည်တွင်း၌ လူပေါင်း ၃.၅ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး သန်း၂၀ခန့်သည် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေခဲ့သည်။ စစ်ကောင်စီအာဏာပိုင်များမှ အိုးအိမ်စွန့်ခွာထွက်ပြေးရသူများနှင့် အကျဉ်းသားများကို မဲပေးရန် ဖိအားပေးသည့်အပြင် စစ်ဆေးရေးဂိတ်များနှင့် ဒစ်ဂျစ်တယ်စောင့်ကြည့်မှုများ တိုးမြှင့်ခဲ့ကြောင်း လွတ်လပ်သော မီဒီယာများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများမှ ဖော်ပြခဲ့ကြသည်။

၂၀၂၁ အာဏာသိမ်းမှုသည် ဒေါ်အောင်ဆန်စုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်အောက်တွင် နိုင်ငံ၏ နှေးကွေးပြီး အကန့်အသတ်ရှိသော ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ထိရောက်စွာ အဆုံးသတ်သွားစေခဲ့သည်။ ၂၀၂၀ နိုဝင်ဘာလတွင် ကျင်းပသော အထွေထွေရွေးကောက်ပွဲအတွင်း NLD သည် ယှဉ်ပြိုင်နေသော နေရာများ၏ ၈၂ ရာခိုင်နှုန်းကို ရရှိခဲ့ကာ စစ်တပ်ကိုယ်စားလှယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ပြတ်ပြတ်သားသား အနိုင်ယူခဲ့သည်။ တုံ့ပြန်သည့်အနေဖြင့် စစ်တပ်မှ မဲဆန္ဒရှင်များ နိုင်ငံတဝှမ်း မဲလိမ်လည်မှုများ ရှိခဲ့ကြောင်း စွပ်စွဲခဲ့ပြီး၊ အဆိုပါစွပ်စွဲချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံတကာနှင့် ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်သူများမှ ပယ်ချခဲ့သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အစောပိုင်းတွင် လွှတ်တော်သစ် ပထမဆုံးအကြိမ် စတင်ဖွဲ့စည်းချိန်တွင် စစ်တပ်မှ သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်စုကြည်နှင့် အခြား NLD ဝန်ကြီးများ၊ လွှတ်တော်အမတ်များနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးများကို ဖမ်းဆီးခဲ့သောကြောင့် နိုင်ငံတကာဥပဒေတွင် ပြဋ္ဌာန်းထားသည့် မြန်မာနိုင်ငံသားများ၏ အစိုးရ ရွေးချယ်ပိုင်ခွင့်ကို ဆုံးရှုံးစေခဲ့သည်။

အာဏာသိမ်းပြီး လအနည်းငယ်အကြာတွင် စစ်ကောင်စီသည် ဝန်ကြီးနှင့် လွှတ်တော်အမတ် အနည်းဆုံး ၁၉၇ ဦးနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အရာရှိ ၁၅၄ ဦးကို ဖမ်းဆီးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်မှာ လုပ်ကြံစွပ်စွဲချက်များစွာဖြင့် ထောင်ဒဏ် ၂၇ နှစ်နှင့် ၈ နှစ်စီ ကျခံနေရသည်။

၂၀၂၃ ဇန်နဝါရီတွင် စစ်ကောင်စီမှ NLD အကြီးတန်းအဖွဲ့ဝင်များအား ရွေးကောက်ပွဲများတွင် ပါဝင်ခွင့် မပြည့်မီအောင် ရည်ရွယ်သည့် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံရေးပါတီများ၏ စည်းရုံးခွင့်နှင့် ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲဝင်ခွင့်ဆိုင်ရာ နိုင်ငံတကာစံနှုန်းများကို ချိုးဖောက်ခဲ့သည်။ ထိုနှစ် မတ်လတွင် စစ်ကောင်စီမှ NLD သည် ဥပဒေသစ်အရ မှတ်ပုံတင်ရန် ပျက်ကွက်သောကြောင့် ဖျက်သိမ်းခံရသော နိုင်ငံရေးပါတီ ၄၀ နှင့် အခြားအဖွဲ့များထဲတွင် ပါဝင်ကြောင်း ကြေညာခဲ့သည်။၂၀၂၅ စက်တင်ဘာတွင် ဥပဒေ၏ လိုအပ်ချက်များနှင့် မကိုက်ညီသောကြောင့် စစ်ကောင်စီသည် နောက်ထပ်ပါတီလေးခုကို ဖျက်သိမ်းခဲ့သည်။

စစ်ကောင်စီသည် အတိုက်အခံ အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ (National Unity Government, NUG) နှင့် ၎င်း၏ပါလီမန်အဖွဲ့အစည်းဖြစ်သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို ယခင်က “အကြမ်းဖက်အဖွဲ့အစည်းများ” အဖြစ် ကြေညာခဲ့သည်။ အတိုက်အခံအဖွဲ့များမှ စစ်ကောင်စီလက်အောက်ရှိ မည်သည့်ရွေးကောက်ပွဲကိုမဆို ဆန့်ကျင်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် အရပ်ဘက်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို စစ်တပ်မှခန့်အပ်သောအဖွဲ့အစည်းဖြင့် အစားထိုးခဲ့သည်။ ဥရောပသမဂ္ဂ (European Union, EU) သည် ၂၀၂၅ ဇူလိုင် ၃၁ ရက်တွင် ခန့်အပ်ခဲ့သော လက်ရှိဥက္ကဋ္ဌ ဦးသန်းစိုးနှင့် အခြားစစ်ကောင်စီကော်မရှင်အဖွဲ့ဝင်များကို “မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသောလုပ်ရပ်များတွင် တိုက်ရိုက်ပါဝင်ပတ်သက်မှု” အကြောင်းပြချက်ဖြင့် ပိတ်ဆို့အရေးယူခဲ့သည်။ အာဏာသိမ်းမှုမတိုင်ခင် ဦးသန်းစိုးသည် လွှတ်တော်၏အထက်လွှတ်တော်တွင် စစ်တပ်အစုအဖွဲ့ကို ဦးဆောင်ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်မှ လွှတ်တော်အမတ်နေရာများ၏ ၂၅ ရာခိုင်နှုန်းကို ခန့်အပ်ခဲ့သည်။

ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုအဖြစ် ဇူလိုင် ၃၁ ရက်တွင် စစ်ကောင်စီသည် အာဏာသိမ်းပြီးကတည်းက တည်ရှိခဲ့သော ပြည်နယ်အုပ်ချုပ်ရေးကောင်စီကို အစားထိုးရန် နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကော်မရှင်ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။ ၎င်းသည် ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ (ကယား)၊ ရခိုင်နှင့် ရှမ်းပြည်နယ်များ၊ မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများရှိ မြို့နယ် ၆၃ မြို့နယ်အတွက် အရေးပေါ်အခြေအနေနှင့် စစ်အုပ်ချုပ်ရေးအမိန့်အသစ်ကိုလည်း ကြေညာခဲ့ပြီး အောက်တိုဘာ ၃၁ ရက်တွင် နောက်ထပ် ရက်ပေါင်း ၉၀ တိုးမြှင့်ခဲ့သည်။ အဓိကအားဖြင့် အတိုက်အခံထိန်းချုပ်မှုအောက်ရှိ မြို့နယ်များအတွက် ထုတ်ပြန်ခဲ့သော အမိန့်များသည် “အဆိုပါမြို့နယ်များ၏ အာဏာနှင့် တာဝန်ဝတ္တရားများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ” လွှဲပြောင်းပေးခဲ့သည်။

၂၀၂၄ နိုဝင်ဘာတွင် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံး၏ ရှေ့နေမှ ၂၀၁၇ တွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုခဲ့သည်

စစ်ကောင်စီသည် နိုင်ငံရေးအတိုက်အခံအားလုံးကို ချေမှုန်းရန် ဒီမိုကရေစီအရပ်သားအုပ်ချုပ်ရေး ထူထောင်နိုင်ခြေကို ပျက်ပြားစေရန်နှင့် စစ်တပ်ထိန်းချုပ်ထားသော နိုင်ငံအတွက် တရားဝင်လက်ခံမှုရရှိရန် ကြိုးပမ်းနေကြောင်း HRW မှ ပြောကြားခဲ့သည်။ စစ်ကောင်စီမှ စစ်တပ်ကျောထောက်နောက်ခံပြု USDP လွှမ်းမိုးထားသော ရွေးကောက်ပွဲများအတွက် အခြေခံအုတ်မြစ်ချပေးခဲ့သည်။ တရားဝင် ရက် ၆၀ ကြာ မဲဆွယ်စည်းရုံးရေးကာလသည် အောက်တိုဘာ ၂၈ ရက်တွင် စတင်ခဲ့သော်လည်း စစ်တပ်ကိုယ်စားလှယ်ပါတီ၏ မဲဆွယ်စည်းရုံးရေးမှာ ကောင်းစွာလုပ်ဆောင်နေပြီ ဖြစ်သည်။ စစ်ကောင်စီသည် မဲဆွယ်စည်းရုံးရေး လှည့်လည်မှုများကို ပိတ်ပင်ထားကြောင်း သတင်းများအရ သိရသည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ အောက်တိုဘာလ ထိပ်သီးအစည်းအဝေးတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) က မြန်မာနိုင်ငံမှာ “အရပ်သားအုပ်ချုပ်ရေးသို့ ပြန်လည်ရောက်ရှိရန် ယုံကြည်စိတ်ချရသော လမ်းကြောင်း” ကို တောင်းဆိုခဲ့ပြီး “ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတလိမ့်မယ်လို့ ဘယ်သူကမှ မယုံကြည်ကြဘူးလို့ ကျွန်တော်ထင်ပါတယ်” ဟု ပြောကြားခဲ့သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့ခ် (Volker Türk) မှ ဇင်ဘာလတွင် ရွေးကောက်ပွဲများ ကျင်းပခြင်းကို “နားမလည်နိုင်စရာဘဲ” ဟု ပြောကြားခဲ့သည်။ 

အာဆီယံသည် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများကို “ရွေးကောက်ပွဲများမတိုင်မီ” ပြုလုပ်ရမည်ဟု အလေးပေးပြောကြားခဲ့သည်။ သို့သော် စစ်ကောင်စီအား နည်းပညာအကူအညီ သို့မဟုတ် အပြန်အလှန် ပံ့ပိုးမှုများ မပေးရန် အာဆီယံအနေဖြင့် ဒေသတွင်းအဖွဲ့အစည်းတွင် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံချင်းစီကို တားဆီးနိုင်စွမ်း မရှိပေ။ 

“ဒီရွေးကောက်ပွဲတွေဟာ မြန်မာနိုင်ငံပြည်သူတွေအတွက် အန္တရာယ်ရှိကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားတဲ့ မလေးရှား၊ ဂျပန်နဲ့ အခြားအာရှအစိုးရတွေအနေနဲ့ မိမိတို့ရဲ့ အိမ်နီးချင်းတွေကိုလည်း အလားတူပြုလုပ်ဖို့ တိုက်တွန်းသင့်တယ်” ဟု Pearson မှ ပြောကြားခဲ့သည်။ “ရွေးကောက်ပွဲကို ထောက်ခံတဲ့ တရုတ်၊ ရုရှားနဲ့ တခြားနိုင်ငံတွေရဲ့ ထောက်ခံမှုကို ပြန်တွန်းနိုင်ဖို့ ဒီတရားမဝင် ရွေးကောက်ပွဲတွေက မြန်မာနိုင်ငံကို အကြမ်းဖက်မှု၊ ဖိနှိပ်မှုနဲ့ အာဏာရှင်စနစ်ဆီ တွန်းပို့နေလိမ့်မယ်ဆိုတဲ့ ရှင်းလင်းပြတ်သားပြီး လေးနက်တဲ့ သတင်းစကားတစ်ခု ပါးဖို့ လိုအပ်ပါလိမ့်မယ်။”

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.

Most Viewed