Skip to main content
Donate Now

မြန်မာစစ်တပ်မှ ပါရာမော်တာ (စက်လေထီး) ဖြင့် ပစ်ခတ်မှုကြောင့် လူ ဒါဇင်နဲ့ချီ သေဆုံး၊ ဒဏ်ရာရရှိ

အရပ်သားတိုက်ခိုက်ရေးသမား မခွဲခြားဘဲ တိုက်ခိုက်ရာတွင် ပါရာမော်တာ (paramotor/motorized paragliders) များကို ပိုမိုအသုံးပြုလာ

တရုတ်ပြည်တွင် တိုးရစ်တစ်ယောက် ပါရာမော်တာ စီးနေပုံ  © VCGPIX via AP Photo

စစ်ကိုင်းတိုင်း ဒေသကြီးတွင် တနင်္လာနေ့ ညနေပိုင်း သီတင်းကျွတ် ဆီမီးထွန်းပွဲကျင်းပနေချိန် မြန်မာစစ်တပ်မှ ပါရာမော်တာများဖြင့် ပစ်ခတ်ဗုံးကျဲမှုကြောင့် ၂ နှစ်သား အရွယ် ကလေးငယ် သုံးဦး အပါအဝင် အနည်းဆုံး လူ ၂၁ ဦး သေဆုံးခဲ့သည်။ သီတင်းကျွတ်ပွဲတော် ဆင်နွှဲရန်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် ဒေသတွင် စစ်တပ်၏ ကျူးလွန်မှုများကို ဆန့်ကျင်ဆန္ဒပြရန် ရာနှင့်ချီသော ရွာသားများ မူလတန်းကျောင်းဝင်းအတွင်း စုရုံးရောက်ရှိနေချိန် တိုက်ခိုက်ခံခဲ့ရသည်။

အရပ်သားများနှင့် အရပ်သားအခြေခံအဆောက်အအုံများ – စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးနေရာများနှင့် အိုးမဲ့အိမ်မဲ့ စခန်းများ – နှင့် ထောင်နှင့်ချီသော အရပ်သားများအပေါ် ဥပဒေမဲ့ တိုက်ခိုက်မှုများ အပါအဝင် လေကြောင်းတိုက်ခိုက်မှုများကို ယခုနှစ်အတွင်း စစ်ကောင်စီမှ တိုးမြင့်လာခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုအချို့မှာ အတိုက်ခံလက်နက်ကိုင်အဖွဲ့များကို ပံ့ပိုးနေသည့် နယ်မြေများရှိ အရပ်သားများကို စုပေါင်းပြစ်ဒဏ်ပေးသည့် ပုံစံအဖြစ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေသည်ဟု ထင်ရသည်။

အရပ်သားများနှင့် တိုက်ခိုက်ရေးသမားများအကြား ခွဲခြားမှုမရှိဘဲ သို့မဟုတ် ခွဲခြား၍မရသော တိုက်ခိုက်မှုများကို စစ်ဥပဒေများမှ တားမြစ်ထားသည်။

စစ်ကောင်စီမှ လက်နက်တပ်ဆင်ထားသော ပါရာမော်တာများကို တိုးမြင့်အသုံးပြုလာသောကြောင့် လေထီးမောင်းနှင်သူများမှ ၁၂၀ မီလီမီတာ အမြောက်များကို “တိကျစွာ ပစ်မှတ်ထားနိုင်သည့် အရည်အချင်းမရှိဘဲ” ပစ်ချခြင်းကြောင့် အရပ်သားများအပေါ် ကြီးမားသော ခြိမ်းခြောက်မှုအသစ်များ ဖြစ်စေခဲ့သည်ဟု ကုလသမဂ္ဂမှ ဆိုသည်။ ၂၀၂၄ ဒီဇင်ဘာလကတည်းက ပါရာမော်တာတိုက်ခိုက်မှုပေါင်း ၁၃၅ ခုကျော် ရှိပြီဖြစ်ကောင်း အစီရင်ခံစာများအရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်တွင် တနင်္လာနေ့ တိုက်ခိုက်မှုမှာ အသေအပျောက် အများဆုံး ပါရာမော်တာတိုက်ခိုက်မှု ဖြစ်သည်။ အနီးရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ပါရာမော်တာများ ထွက်ခွာသွားကြောင်း အတိုက်ခံအဖွဲ့၏သတိပေးချက်မှာ တိုက်ခိုက်မှုမဖြစ်ခင် ၁၀ မိနစ်ခန့်အလိုတွင် ရောက်ရှိလာသဖြင့် ဒေသခံများ အကာအကွယ်ရှာရန် အချိန်အနည်းငယ်သာ ရခဲ့သည်။ “ဒီမနက်အထိ မြေပြင်ကနေ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လိုက်ကောက်နေရတုန်းပါပဲ” ဟု တိုက်ခိုက်မှုအပြီး နောက်တစ်နေ့တွင် မျက်မြင်သက်သေတစ်ဦးမှ အေအက်ဖ်ပီ (AFP) သို့ ပြောကြားခဲ့သည်။

ကလေးငယ် အယောက် ၂၀ အပါအဝင် ဒဏ်ရာရရှိသူ လူ ၄၀ ကျော်အနက် အများအပြားမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ စစ်ကောင်စီမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိတ်ဆို့ထားသောကြောင့် ဒဏ်ရာရရှိသူများ သေရေးရှင်ရေးအတွက် လိုအပ်သော ဆေးဝါးနှင့် သွေးသွင်းခြင်းများရရှိနိုင်သည့် အခွင့်အလမ်းများ ရပ်တန့်သွားသည်။

အကူအညီများ ပိတ်ဆို့ခြင်းသည် အရပ်သားများကို သီးသန့်ခွဲ့ထားပြီး အကြမ်းဖက်ရန် စီမံထားသည့် စစ်တပ်၏ သက်တမ်းရှည် ‘ဖြတ်လေးဖြတ်’ မဟာဗျူဟာကို ရှေရှည်တည်တံ့စေသော်လည်း ၂၀၂၂ ဒီဇင်ဘာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UN Security Council) ဆုံးဖြတ်ချက်နှင့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ၂၀၂၁ သဘောတူညီချက် ငါးရပ်ကို ဆန့်ကျင်နေသည်။ အောက်တိုဘာ ၂၆ ရက် စတင်ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အပြိုင်အဆိုင် တိုက်ပွဲနယ်မြေများအတွင်းရှိ အရပ်သားများအတွက် အကူအညီများ လွတ်လွတ်ကျွတ်ကျွတ်ဝင်ရောက်ခွင့်ပေးရန် စစ်ကောင်စီအား ဖိအားပေးရန် နည်းလမ်းရှာဖွေသင့်သည်။

မြန်မာစစ်တပ်၏ ရက်စက်ယုတ်မာမှုများကို ငွေကြေးထောက်ပံ့ခြင်း ဖြတ်တောက်ရန် အစိုးရများအနေနှင့် ပိတ်ဆို့အရေးယူမှုများကို တိုးချဲ့ ကျင့်သုံးသင့်သည့်အပြင် လေကြောင်းလောင်စာဆီရောင်းချမှု တားမြစ်ရေးကိုလည်း ညှိနှိုင်းဆောင်ရွက်သင့်သည်။ ၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးကတည်းက ငါးနှစ်နီးပါးခန့် ဆက်တိုက်ကျူးလွန်နေသော စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် စစ်မှန်သော အကျိုးဆက်များကို စစ်ကောင်စီမှ ယခုချိန်ထိ မရင်ဆိုင်ရသေးပေ။ စစ်ကောင်စီအပေါ် အရေးယူမှုများ မရှိသေးသရွေ့ အရပ်သားများအပေါ် ဥပဒေမဲ့ တိုက်ခိုက်မှုများ ဆက်ဖြစ်ပွားနေပေလိမ့်မည်။

Every piece on our website is resource intensive. If you donate whatever you can today, we will use it to continue investigating abuses and advocate for change in 100+ countries.

Most Viewed