Skip to main content
Donate Now

မြန်မာ- နိုင်ငံရေးအကျဉ်းသူများ ညှဉ်းပန်းနှိပ်စက်ခံရ၊ ဆိုးရွားစွာဆက်ဆံခံရ

စစ်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသူများကို အင်မတန်ဆိုးဝါးသည့်အခြေအနေများတွင် ထားရှိပြီး ဆေးကုသခွင့် ငြင်းပယ်ထားသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် အန္တရာယ်များပြီး အသက်ဆုံးရှုံးစေနိုင်သည့် ကိုယ်ဝန်ဆောင်ချိန်နှင့် မီးဖွားကာလဆိုင်ရာ ဆေးကုသစောင့်ရှောက်မှုများ ငြင်းပယ်ခံရမှုများ ရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသူဟောင်းများနှင့် ၎င်းတို့၏ မိသားစုဝင်များကပြောကြားသည်။  © ၂၀၂၆ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့

(ဘန်ကောက်၊ ၂၀၂၆ စက်တင်ဘာ ၂၃) – မြန်မာစစ်အာဏာပိုင်များသည် နိုင်ငံရေး အကျဉ်းသူများ အား ညှဉ်းပန်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းနှင့် အသက်အန္တရာယ်ရှိစေနိုင်သည့်အခြေအနေအထိ ဆေးကုသမှုငြင်းပယ်ထားခြင်းတို့ကို ပြုလုပ်လျက်ရှိကြောင်း လူ့အခွင့်အရေးစောင့်ကြည့် (Human Rights Watch) အဖွဲ့က ယနေ့ ပြောကြားလိုက်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသူ/သား ၃၀၀၀၀ ကျော်တွင် အမျိုးသမီး ၆၆၀၀ ခန့်နှင့် ကလေးငယ် ၆၄၀ ခန့် ပါဝင်သည်။ ရိုက်နှက်ခံရခြင်း၊ မုဒိမ်းကျင့်ခံရခြင်း၊ ညစ်ပတ်ဆိုးဝါးသော အခြေအနေများအပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် အန္တရာယ်များပြီး အသက်ဆုံးရှုံးစေနိုင်သည့် ကိုယ်ဝန်ဆောင်ချိန်နှင့် မီးဖွားကာလဆိုင်ရာ ဆေးကုသစောင့်ရှောက်မှုများ ငြင်းပယ်ခံရမှုများ ရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသား/သူဟောင်းများနှင့် ၎င်းတို့၏ မိသားစုဝင်များကပြောကြားသည်။ စစ်အာဏာပိုင်များသည် ငါးနှစ်ကျော်ကြာ ထိန်းသိမ်းခံထားရသည့် ယခင်နိုင်ငံံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသူအားလုံးနှင့် ၎င်းတို့၏ ကလေးငယ်များကို အမြန်ဆုံး၊ ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးသင့်သည်။

"ရည်ရွယ်ချက်ရှိရှိနဲ့ ဒုက္ခတွေ၊ လျစ်လျူရှုမှုတွေကြားမှာ အထားခံရပြီး ပုံမှန်ခေါက်ရိုးကျိုးနေနေကြရတဲ့ ထောင်စနစ်ရဲ့ စိတ်ထိခိုက်စရာကောင်းတဲ့ ပိတ်ကားကို မြန်မာနိုင်ငံမှာ အကျဥ်းသူအဖြစ်ဖမ်းခံထားရတဲ့ အမျိုးသမီးတွေက နက်နက်ရှိုင်းရှိုင်း ဖော်ညွှန်းပြသနေပါတယ်။" ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့၏ အာရှဆိုင်ရာဒုတိယညွှန်ကြားရေးမှူး Bryony Lau က ပြောကြားသည်။ "အမျိုးသမီးတွေဟာ စိတ်ထင်သလိုဖမ်းဆီးခံတာကအစ အကျဥ်းချထားချိန်မှာ ညှဥ်းပန်းနှိပ်စက်ခံရတာ၊ လူလိုသူလိုဆက်ဆံမခံရတာအလယ်၊ လွတ်ပြီးနောက်မှာလည်း အသောမသတ်တဲ့ အကြောက်တရားတွေ၊ စိတ်ဒဏ်ရာတွေဆက်ရှိနေသေးတာ အဆုံး၊ မတရားမှု အလွှာများစွာကို ခံစားကြရပါတယ်။" ဟု ၎င်းကဆိုသည်။

လူ့အခွင့်အရေးစောင့်ကြည့် (HRW) အဖွဲ့သည် ၂၀၂၅ နှင့် ၂၀၂၆ ခုနှစ်အတွင်း နိုင်ငံရေးအကျဉ်းသူဟောင်း ၁၇ ဦး၊ မိသားစုဝင် သုံးဦး၊ ရှေ့နေနှင့် နိုင်ငံရေးအကျဉ်းသူ/သားအရေးဆောင်ရွက်သူ လေးဦးတို့ကို တွေ့ဆုံမေးမြန်း ခဲ့သည်။ နိုင်ငံရေးအကျဉ်းသူ/သားဟောင်းများဖြစ်ခဲ့ကြသည့် တက်ကြွလှုပ်ရှားသူများ၊ သတင်းထောက်များ၊ ကျန်းမာရေး စောင့်ၡောက်ပေးသူဝန်ထမ်းများနှင့် ကူညီထောက်ပံ့ရေးဝန်ထမ်းများသည် စစ်ကြောရေးစခန်းနှင့် အကျဉ်းထောင် ၁၁ ခုတို့၌ ဖမ်းဆီးအကျဥ်းချခံခဲ့ရပြီး အချို့မှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းစဥ်ကတည်းက ဖြစ်သည်။

အမျိုးသမီးများက ၎င်းတို့သည် စစ်အာဏာပိုင်များကိုဝေဖန်သူများသို့မဟုတ် ဝေဖန်သည်ဟုယူဆခံရသူများအား အရေးယူရာ၌အသုံးပြုသည့် ပြစ်မှုဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်အမျိုးမျိုးဖြင့် တရားစွဲဆိုခံခဲ့ရကြောင်း ပြောပြသည်။ ထိုပြဋ္ဌာန်းချက်များတွင် အာဏာသိမ်းပြီးနောက်ပိုင်း အတိုက်အခံများနှင့် ကန့်ကွက်သူများကို အပြစ်ပေးရန်ပြဋ္ဌာန်းခဲ့ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်မရေရာဘဲ အလွန်ကျယ်ပြန့်သောပြဋ္ဌာန်းချက်တစ်ခုဖြစ်သည့်ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နှင့် အကျုံးဝင်နယ်ပယ်ကျယ်ပြန့်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့ ပါဝင်သည်။ အမျိုးသမီးအချို့က ၎င်းတို့သည် အဖမ်းမခံဘဲ တိမ်းရှောင်နေသည့် မိတ်ဆွေများသို့မဟုတ် ဆွေမျိုးများ၏ ဓားစာခံများအဖြစ် ဥပဒေမဲ့ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း ပြောကြားသည်။

လချီကြာမြင့်သည့် စစ်ကြောရေး သို့မဟုတ် ပြစ်ဒဏ်ခံရစဉ်အတွင်း ညှဉ်းပန်းနှိပ်စက်ခံရပြီး ဆိုးရွားစွာဆက်ဆံခံခဲ့ရကြောင်း အမျိုးသမီးများက ပြောပြသည်။ ထောင်အာဏာပိုင်များသည် ၎င်းတို့ကို တုတ်၊သံကြိုး၊ သံပိုက်၊ လေးခွတို့ဖြင့် ရိုက်နှက်ခြင်း၊ ကျဥ်စက်ဖြင့်တို့ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ စီးကရက်မီးဖြင့်တို့ခြင်း၊ အချိန်ကြာမြင့်စွာပုံစံထိုင်ခိုင်းခြင်းနှင့် ရက်သတ္တပတ်ချီသို့မဟုတ် လနှင့်ချီ၍ တိုက်ပိတ်ထားခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ တရားမူဘောင်လျော်ညီသည့် လုံခြုံရေးဆိုင်ရာရည်ရွယ်ချက်ထက်ကျော်လွန်၍ အရှက်ရစေလိုသည့်ရည်ရွယ်ချက် ပိုမိုပါဝင်သည်ဟုယူဆရလောက်သော အပြုအမူဖြင့် အကြိမ်ကြိမ်အဖန်ဖန် နှိုက်နှိုက်ချွတ်ချွတ် ခန္ဓာကိုယ်ရှာဖွေစစ်ဆေးမှုများ အပါအဝင် လိင်ပိုင်းဆိုင်ရာအရ အရှက်ရစေသည့်ပုံစံသို့မဟုတ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း ပြောကြသည်။

အသက် ၂၆နှစ်အရွယ် ကိုယ်ဝန်ဆောင် တက်ကြွလှုပ်ရှားသူအမျိုးသမီးတစ်ဦးသည် ၂၀၂၄ ခုနှစ်တွင် ဖမ်းဆီးခံရစဉ် တစ်လကျော်ကြာစစ်ဆေးမေးမြန်းခံခဲ့ရသည်။ “သူတို့က သူ့ရဲ့ကိုယ်ဝန်ကို ခြိမ်းခြောက်ပြီး၊ ကျွန်တော်နဲ့ [အတိုက်အခံဘက်က] သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအကြောင်း ပြောပြခိုင်းတယ်။ ‘အချက်အလက်တွေ မပြောပြရင် နင့်ရဲ့ဗိုက်ကို ရိုက်မယ်’ လို့လည်း သူ့ကို ခြိမ်းခြောက်ခဲ့တယ်” ဟု ၎င်း၏ခင်ပွန်းကပြန် ပြောပြသည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ အချက်အလက်များအရ အာဏာသိမ်းပြီးနောက်ပိုင်း အချုပ်အနှောင်ကျနေစဉ်အတွင်း သေဆုံးခဲ့သည့် အမျိုးသားနှင့်အမျိုးသမီး ၂၃၀၀ ကျော် ရှိသည်။ မြန်မာ့အကျဉ်းထောင်သက်သေ (Myanmar Prison Witness) ၏ မှတ်တမ်းများအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့အတွင်း နိုင်ငံရေး အကျဉ်းသူ/သား ၂၉၀ ဦး သေဆုံးခဲ့ပြီး၊ ၎င်းတို့အနက် ၄၃ ဦးမှာ နိုင်ငံရေးအကျဉ်းသူများနှင့် ၎င်းတို့၏ ကလေးငယ်များဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ထိန်းသိမ်းခံထားရစဉ်အတွင်းသေဆုံးပါက မိသားစုဝင်များ လက်မှတ်ထိုးပေးရသည့် အသိပေးစာကို ရည်ညွှန်း၍ "ထောင်တွင်းကကျွန်တော်တို့ရဲ့ဘဝတွေဟာ A4 စာရွက်တစ်ရွက်လောက်ပဲ တန်တယ်" ဟု ပြောသည်။သေဆုံးသူ၏ ရုပ်အလောင်းကို မိသားစုထံပြန်လည်ပေးအပ်ခြင်းမရှိဟု ၎င်းကပြောပြပြီး၊ မည်သည့်စုံစမ်းစစ်ဆေးမှု သို့မဟုတ်တာဝန်ယူမှုမျိုးမျှ ရှိမရှိကိုလည်း လူ့အခွင့်အရေးစောင့်ကြည့်ရေး (HRW) အဖွဲ့မှ မသိရှိရပေ။အချို့အခြေအနေများတွင် သေဆုံးကြောင်းကို မိသားစုဝင်များအား အသိပေးအကြောင်းကြားခြင်းပင် မရှိပေ။

ပြင်းထန်သောနာတာရှည်ရောဂါများနှင့် ရုတ်တရက်ဖြစ်ပွားသည့် ကျန်းမာရေးအခြေအနေများအတွက် လိုအပ်သော ဆေးကုသမှုရရှိနိုင်မှုကို အကျဉ်းထောင်အာဏာပိုင်များက အမြဲပိတ်ပင်တားဆီးထားလေ့ရှိကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများက ပြောသည်။ ကုသမှုရရှိရေးမှာ ထောင်ဝန်ထမ်းများ၏သဘောထားအပေါ်မူတည်ပြီး လပေါင်း များစွာ စောင့်ဆိုင်းရခြင်း၊ ထောင်စောင့်များကို လာဘ်ပေးရခြင်းနှင့် ဆေးဝါးနှင့်ကုသမှု အတွက် ပြင်ပမှ ငွေကြေးပေးချေရခြင်းတို့ လိုအပ်သည်။

"ရောဂါနဲ့ပတ်သက်လို့ကတော့ ဆေးကုသခွင့်မရှိတဲ့အတွက် တောင့်ခံရုံပဲၡိတယ်" ဟု ထောင်ဒဏ် သုံးနှစ်ကျခံခဲ့ရသည့် အမျိုးသမီးတစ်ဦးကပြောသည်။ "တော်ရုံကိစ္စလေးတွေက မလိုအပ်ဘဲအကြီးကြီးတွေ ဖြစ်သွားတာပေါ့"

၎င်းတို့၏လိင်ပိုင်းဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေးစောင့်ၡောက်မှု လိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်မည့် အထူးဝန်ဆောင်မှုများ လုံးဝနီးပါးမရှိခြင်းက ဆေးကုသမှုဆိုင်ရာ လျစ်လျူရှု ခံရမှုအခြေအနေကိုပိုမိုဆိုးရွားစေသည်ဟု အမျိုးသမီးများက ဆိုသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများသည်ကိုယ်ဝန်ဆောင်စဥ်၊ မီးဖွားစဉ်နှင့် မီးဖွားပြီးနောက်ပိုင်း လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများကိုငြင်းပယ်ခံရသည့်အပြင် ကျန်းမာရေး၊ အသက်နှင့် ကိုယ်ဝန်ကိုပါအန္တရာယ်ဖြစ်စေနိုင်လောက်သောညှဉ်းပန်း နှိပ်စက်မှုများနှင့်လည်းရင်ဆိုင်ရသည်။

၂၀၂၁ ခုနှစ်ကိုယ်ဝန်သုံးလၡိစဥ်ဖမ်းဆီးခံရသည့်အမျိုးသမီးတစ်ဦးက မိမိ၌ကိုယ်ဝန်ရှိကြောင်း သိလျက်ဖြင့် စစ်ဆေးမေးမြန်းသူများမှ ၎င်းအားကျင်စက်နှင့်တို့ပြီး၊ ရိုက်နှက်ခဲ့သည့်အတွက် နာတာရှည်နာကျင်ကိုက်ခဲမှုများ ခံစားနေရကြောင်း ပြောသည်။ ကိုယ်ဝန်ဆောင်အကျဉ်းသူကိုးဦးနှင့် အတူ ၎င်းအား စတိုခန်းတစ်ခုတွင် ထိန်းသိမ်းထားခဲ့ပြီး၊ ထိုနေရာ၌၎င်းတို့သည် အသုံးပြုပြီးသား ဆေးဘက်ဆိုင်ရာနှာခေါင်းစည်းများနှင့် PPE ဝတ်စုံများအကြား သမံတလင်းပေါ်တွင် ကော်ဇောပါးခင်းပြီး အိပ်ခဲ့ကြရသည်။

"အာလ်ထရာဆောင်းမရှိတော့ မွေးမယ့်ရက်ကို မှန်းလို့မရဘူး" ဟု ၎င်းကပြောသည်။ "ညသန်းခေါင်မှာ ရေမြွှာပေါက်ပေမယ့် [ဆေးရုံ]လွှဲပေးစာက မနက် ၁၀ နာရီလောက်မှ ရောက်လာတယ်... ကလေး မွေးပြီးပြန်ထွက်ချိန် ခြေကျင်းပြန်ခတ်ကြတယ်။"

အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုမရှိနေခြင်းကြောင့် အမျိုးသမီးအချို့သည် ၎င်းတို့၏အကျဉ်းခန်း များ၌ပင် မီးဖွားခဲ့ရပြီး၊ယင်းကြောင့် ကလေးအသေမွေးဖွားခြင်းအပြင် မိခင်နှင့်ကလေးငယ်များ သေဆုံးရခြင်းတို့ရှိခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများက ဆိုသည်။

အမျိုးသမီးများက ၎င်းတို့၏အသက်နှင့်ကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်သည့် လူများအလွန်အကျွံပြွတ်သိပ်နေမှုနှင့် ညစ်ပတ်ပေရေနေသောအခြေအနေများအကြောင်းကိုလည်းပြောပြခဲ့ကြသည်။ လွတ်မြောက်လာပြီးနောက် အချို့ကစိတ်ကျရောဂါ၊ အမြဲစောင့်ကြည့်ခံနေရသည်ဟုခံစားရခြင်း၊ အထီးကျန်ဆန်ခြင်းနှင့် မိမိကိုယ်ကို အဆုံးစီရင်လိုစိတ်များ ဖြစ်ပေါ်ခြင်းတို့ခံစားခဲ့ရသည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် အမျိုးသမီးများအပေါ် ပုံစံအားလုံးဖြင့်ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်၊ကလေးသူငယ်အခွင့်အရေးဆိုင်ရာသဘောတူစာချုပ်နှင့် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာသဘောတူစာချုပ်တို့ အပါအဝင် ထိန်းသိမ်းခံထားရသူများအား ဆက်ဆံပုံနှင့်သက်ဆိုင်သည့် နိုင်ငံတကာလူ့အခွင့်အရေး ပင်မသဘောတူစာချုပ်များတွင် အဖွဲ့ဝင်နိုင်ငံဖြစ်သည်။

စာချုပ်များနှင့်နိုင်ငံတကာဓလေ့ထုံးတမ်းဥပဒေအရ မြန်မာအာဏာပိုင်များ၌ အကျဉ်းထောင်များရှိလူများအပေါ် ဂရုစိုက်စောင့်ရှောက်ရန် တာဝန်ရှိပြီး၊၎င်းတို့၏ အသက်ရှင်သန်ခွင့်၊ ကျန်းမာရေး၊ဘေးကင်းရေး၊ ဂုဏ်သိက္ခာနှင့် လုံခြုံရေးဆိုင်ရာအခွင့်အရေးများကို ကာကွယ်ပေးရမည့် ဝတ္တရား လည်းၡိသည်။ ထို့ပြင် မည်သူ့ကိုမျှရက်စက်ကြမ်းကြုတ်သော၊ လူမဆန်သော သို့မဟုတ် ဂုဏ်သိက္ခာ ကျဆင်းစေသော ဆက်ဆံခြင်းသို့မဟုတ် ပြစ်ဒဏ်ပေးခြင်း မပြုရပါ။

အကျဉ်းသားများအပေါ်ဆက်ဆံရေးဆိုင်ရာ ကုလသမဂ္ဂ၏ အနိမ့်ဆုံးစံသတ်မှတ်ချက်များ (နယ်လ်ဆန်မန်ဒဲလား စည်းမျဉ်းများ) တွင် "အကျဉ်းသားများအားကျန်းမာရေးစောင့်ရှောက်မှု ပံ့ပိုးပေးခြင်းက နိုင်ငံတော်၏တာဝန်ဖြစ်သည်" ဟုပြဋ္ဌာန်းထားပြီး၊ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုကို အခမဲ့ပံ့ပိုးပေးရမည် ဖြစ်သည်။ ထိုစည်းမျဉ်းများကအကျဉ်းထောင်အားလုံးအား ဆေးရုံ၌မီးဖွားနိုင်ရေး အစီအမံများအပါအဝင် မီးမဖွားမီနှင့် မီးဖွားပြီးနောက်ပိုင်း စောင့်ရှောက်ကုသမှုများ ရရှိရေးနှင့်နေရာထိုင်ခင်းများ လျင်မြန်စွာ ဆောင်ရွက်ပေးရေးတောင်းဆိုထားသည်။ 

လူမှုအသိုက်အ၀န်းများ၌ရရှိနိုင်သောဝန်ဆောင်မှုများနှင့် အနည်းဆုံးညီမျှသည့်ဂျန်ဒါအလိုက်သီးသန့်ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများအပြင် မိခင်နှင့်ကလေးများအတွက် ကာကွယ်စောင့်ရှောက်မှုအစီအမံများ အပါအဝင်အကျဉ်းသူများအတွက် ထပ်ဆောင်းအကာအကွယ်များကို အကျဉ်းသူများအပေါ် ဆက်ဆံရေးနှင့် ပြစ်မှုကျူးလွန်သည့် အမျိုးသမီးများအတွက် ထိန်းသိမ်း ချုပ်နှောင်ခြင်း မဟုတ်သော ဆောင်ရွက်ချက်များဆိုင်ရာ ကုလသမဂ္ဂ စည်းမျဉ်းများ (ဘန်ကောက် စည်းမျဉ်းများ) တွင် ပြဋ္ဌာန်းထားသည်။

သက်ဆိုင်ရာအစိုးရများသည် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူ အားလုံးကို ခံဝန်လွတ်ခြွင်းချက်မရှိလွှတ်ပေးရန်၊ ထိန်းသိမ်းခံထားရစဉ်ညှဉ်းပန်းမှုနှင့် အခြားနှိပ်စက်မှုများကို ချက်ချင်းရပ်တန့်ရန်နှင့် ဘက်မလိုက်သော နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့ အစည်းများအား ထိန်းသိမ်းခံထားရသူအားလုံးထံ ဝင်ရောက်ခွင့် အပြည့်အဝပေးဖို့ ဖိအားပေးရန်၊ စစ်အာဏာပိုင်အကြီးတန်းအရာရှိများအပေါ် ပစ်မှတ်ထားသည့် စီးပွားရေးနှင့် ခရီးသွားလာရေး ပိတ်ဆို့အရေးယူမှုများ ချမှတ်သင့်သည်။ လက်ရှိနှင့်ယခင် နိုင်ငံရေးအကျဉ်းသူများအား ဥပဒေရေးရာ၊ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ၊လူမှုရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အကူအညီများပေးနေသည့် ဒေသတွင်းအဖွဲ့အစည်းများကို အလှူရှင်များက ပံ့ပိုးကူညီသင့်ပြီး၊ အထူးသဖြင့် ထိခိုက်နစ်နာနိုင်ခြေပိုများသော အခြေအနေရှိသူများအတွက် ပြန်လည်နေရာချထားရေး အခွင့်အလမ်းများကိုလည်း တိုးမြှင့်သင့်သည်။

"အစိုးရများအနေဖြင့်ဖမ်းဆီးထိန်းသိမ်းခံထားရသည့်အမျိုးသမီးများအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ စစ်အာဏာပိုင်များအားအခွင့်အရေးရရင်ရသလိုဖိအားပေးသင့်ပါတယ်" ဟု Lau က ဆိုသည်။ "ထိန်းသိမ်းခံထားရသည့် အမျိုးသမီးများ၏အတိဒုက္ခအပေါ် ပိုမိုအာရုံစိုက်ခြင်းက စစ်အာဏာပိုင်များအား ၎င်းတို့၏ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်များကို အကျဉ်း ထောင်နံရံများနောက်ကွယ် ဖုံးကွယ်ထား၍မရနိုင်ကြောင်းပြသမည် ဖြစ်ပြီး၊ မတရားသဖြင့် ဖမ်းဆီး ထိန်းသိမ်းခံထားရသည့် အမျိုးသမီးထောင်ပေါင်းများစွာကို မိမိတို့ မေ့ပျောက်မထားကြောင်း ပြသရာ ရောက်ပါမည်။"

စစ်အာဏာပိုင်က နိုင်ငံရေးအကျဉ်းသူများအပေါ် ကျူးလွန်သည့် ညှဉ်းပန်းနှိပ်စက်မှုများအကြောင်း နောက်ထပ်အချက်အလက်များကို အောက်တွင်ကြည့်ရှုပါ။တွေ့ဆုံမေးမြန်းခဲ့သူများအား အကာအကွယ်ပေးထားရန် အမည်ဝှက်များ၊ နာမ်စားတစ်မျိုးတည်းသာ ဖော်ပြထားပါသည်။

နိုင်ငံရေးအကျဥ်းသူများအပေါ် မြန်မာစစ်အာဏာပိုင်တို့၏ ညှဉ်းပန်းနှိပ်စက်မှုများ 

ညှဉ်းပန်းမှု၊နှိပ်စက်မှုနှင့် လက်တုံ့ပြန်မှု

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များ၊ စစ်ကြောရေးစခန်းများ၊ စစ်အခြေစိုက်စခန်းများနှင့် အခြားထိန်းသိမ်းရေးနေရာများတွင် ညှဉ်းပန်းမှုနှင့် အခြားသော နှိပ်စက်မှုများကျယ်ပြန့်စွာ ဖြစ်ပွားလျက်ရှိပြီး ရိုက်နှက်ခြင်း၊မုဒိမ်းကျင့်ခြင်း၊ အချိန်ကြာမြင့်စွာပုံစံထိုင်ခိုင်းခြင်း၊ ကျဉ်စက်ဖြင့်တို့ခြင်း၊ အစားအစာ၊ရေနှင့် အိပ်စက်ခွင့်တို့ မပေးခြင်းများရှိကြောင်း မှတ်တမ်းများရှိသည်။

၂၀၂၂ ခုနှစ်တွင်စစ်အာဏာပိုင်များသည် အသက် ၃၆ နှစ်အရွယ်မဖြူဖြူကို ရန်ကုန်မြို့မြောက်ပိုင်းရှိ ရွှေပြည်သာနှင့်မရမ်းကုန်းမြို့နယ်၊ ၈ မိုင်တို့တွင်ရှိသော စစ်ကြောရေးစခန်းများအကြား သုံးလခွဲကြာရွှေ့ပြောင်းထားရှိခဲ့ပြီး၊ထိုနေရာများတွင် ထပ်ခါတလဲလဲ စစ်ဆေးမေးမြန်းခြင်းနှင့် ရိုက်နှက်ခြင်းများပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်-

သူတို့ကနည်းအမျိုးမျိုးသုံးတယ်။ လူကြီးတစ်ယောက်ဆို “နင်က ငါ့သမီးလိုပါပဲ၊ မေးတာဖြေရင် ဘာမှလုပ်ဘူး။” … ကျွန်မအဖြေတွေကို မကျေနပ်ရင် တုတ်နဲ့ရိုက်တယ်။ “နင်ငါတို့ကိုညာနေတာ” လို့ပြောတယ်။ .…“နင်ဒီကို ရောက်နေတာ ဘယ်သူမှမသိဘူးဆိုတော့နင့်ကို သတ်လို့ရတယ်” ဆိုပြီး ကျွန်မကို အချိန်မရွေး သတ်နိုင်တယ်လို့ ခြိမ်းခြောက်တယ်။

ရန်ကုန်မြို့ရှိ အင်းစိန်ထောင်သို့ပြောင်းရွှေ့ခံရပြီးနောက်၊ ရိုက်နှက်ခံရပြီးနောက်ပိုင်းခံစားရသော နာကျင်မှုနှင့်ခေါင်းမူးခြင်းတို့အတွက် ဆေးရုံ၌ပြသခွင့်ရရန် ၎င်းကတောင်းဆိုခဲ့သည်။ ၁၀လခန့် ကြာအောင် အကြိမ်ကြိမ်တောင်းဆိုခဲ့ပြီးနောက် ၎င်းကို ဆေးရုံရှိဆရာဝန်ထံ ခေါ်ဆောင်သွားခဲ့ရာ၊ ဘယ်ဘက်ပခုံးရိုးကျိုးကြေနေသည်ကို တွေ့ရှိခဲ့ရသည်။

၂၀၂၁ ခုနှစ်၊စက်တင်ဘာလတွင် ဖမ်းဆီးခံခဲ့ရပြီးနောက် အကြိမ်ကြိမ်ရိုက်နှက်ခံရာမှရရှိခဲ့သော ဦးခေါင်း ဒဏ်ရာများအတွက် နှစ်ပေါင်းများစွာကြာမြင့်သည်အထိ လုံလောက်သောဆေးကုသမှုမရရှိသောကြောင့် ၂၆ နှစ် အရွယ်တက်ကြွလှုပ်ရှားသူ မဝတ်ရည်အောင်သည် ၂၀၂၅ခုနှစ်၊ ဇူလိုင်လတွင် အင်းစိန်ထောင်တွင်း၌ ကွယ်လွန်ခဲ့သည်။မကွယ်လွန်မီ နှစ်လအလိုတွင် ၎င်း၏အမှုအတွက် ဆောင်ရွက်ပေးနေသော ရှေ့နေတစ်ဦးက၎င်းသည် တက်သည့်ဝေဒနာကိုမကြာခဏခံစားရကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့အား ပြောပြသည်။

အကျဉ်းထောင်ဝန်ထမ်းများသည် နိုင်ငံရေးအကျဉ်းသားများကို "ပြဿနာရှာသူများ" အဖြစ် ပစ်မှတ် ထားခဲ့ပြီး တစ်ခါတစ်ရံတွင် ၎င်းတို့ကိုအခြားအကျဉ်းသားများမှ သီးခြားခွဲထားကြောင်း အမျိုးသမီး များက ဆိုသည်။ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးအမျိုးသမီးအကျဉ်းထောင်မှ တာဝန်ခံအရာရှိ အမျိုးသမီးသည်ပုံမှန်ပင် အာဏာအလွဲသုံးစားပြုကြောင်းအသက် ၂၇ နှစ်အရွယ် မခိုင်ဇာက ပြောသည်။တစ်ကြိမ်တွင် ထိုအရာရှိသည် "နိုင်ငံရေးအကျဉ်းသူသုံးဦးကို သံကြိုးတွေနဲ့ ရိုက်ဖို့ တခြား အကျဉ်းသားတွေကို အမိန့်ပေးတယ်... တစ်ယောက်ဆို ဒဏ်ရာ ဆိုးဆိုး ရွားရွားရလို့ ထမ်းစင်နဲ့ သယ်သွားရတယ်" ဟု ၎င်းက ပြောသည်။

အင်းစိန်ထောင်၌ ဆူပူမှုတစ်ခုအတောအတွင်း ပါဝင်ပတ်သက်ခြင်းမရှိသော်လည်း ထောင်စောင့်များက၎င်းကို ရိုက်နှက်ခဲ့သည်ဟု အသက်၃၁ နှစ်အရွယ် မနီလာဦးကပြောသည်-

ကျွန်မက အရင်တောင်းဆိုမှုတွေမှာ ပါခဲ့ဖူးလို့ ပစ်မှတ်ထားခံရတာ။ အမျိုးသားနဲ့ အမျိုးသမီး အစောင့်တွေက ကျွန်မနဲ့အခြားအကျဉ်းသူတွေကို ရိုက်ကြတယ်။ ကျွန်မကို လူလေးယောက် တစ်ပြိုင်တည်းဝိုင်းကန်တယ်။ ပြီးတာနဲ့ အပြစ်ပေးတဲ့အနေနဲ့ ၂ ပတ်တိုက်ပိတ်ခံရတယ်။

လူစာရင်းစစ်ဆေးချိန်များတွင် အစောင့်များသည်အကျဥ်းသူများအား ပုံစံဟုခေါ်သော ခန္ဓာကိုယ်ကိုအားစိုက်ထုတ်ရသည့် ဆောင့်ကြောင့်ထိုင်အနေအထားမျိုးဖြင့် တစ်နာရီကြာအောင်နေခိုင်းခဲ့သည်။

မိသားစုဝင်များ သို့မဟုတ် လာရောက်စစ်ဆေးသည့်အရာရှိများအား ထောင်တွင်းၡိ ဆိုးရွားသည့် အခြေ အနေ သို့မဟုတ် ဆက်ဆံရေးများအကြောင်း တိုင်ကြားသည့် အကျဉ်းသားများက လက်တုံ့ပြန် ခံရလေ့ရှိကြောင်း တွေ့ဆုံမေးမြန်းသူများက ပြောကြားသည်။ ထိုသို့ လက်တုံ့ပြန်ခံရသည့် လုပ်ရပ်များတွင် ၎င်းတို့ထံပေးပို့သော ထောင်ဝင်စာများ သို့မဟုတ် စာများကို သိမ်းဆည်းခြင်း၊ အစားအစာဝေစု လျှော့ချခြင်း၊ ထောင်ဝင်စာတွေ့ခွင့် ငြင်းပယ်ခြင်း၊ ဆေးကုသခွင့် ငြင်းပယ်ခြင်း၊ တိုက်ပိတ်ခြင်း ဖြစ်စေ ပိုမိုဆိုးရွားသော သို့မဟုတ် ပိုမိုဝေးလံသော ထောင်တစ်ခုသို့ ပြောင်းရွှေ့ခြင်းတို့ ပါဝင်သည်။ ထို့ပြင် အရာရှိများသည် "စည်းကမ်း ထိန်းသိမ်းရေး" ဟူသော အကြောင်းပြချက်ဖြင့် အကျဉ်းသားတစ်အုပ်လုံးကို ပိတ်လှောင်ထားခြင်း ကဲ့သို့ စုပေါင်းပြစ်ဒဏ်ပေးသည့် နည်းလမ်းများကိုလည်း အသုံးပြုကြသည်။

"တစ်ယောက်ယောက်က ထောင်မှူးကိုတင်ပြဖို့ ကြိုးစားရင်သူ့ကိုတခြားထောင် ပြောင်းလိုက်ကြတယ်" ဟုအသက် ၂၉ နှစ်အရွယ်မနှင်းနှင်းက ပြောသည်။ "အမှန်တရားဖော်ထုတ်ပြောဆိုသူတွေ နှိပ်ကွပ် ခံရလိမ့်မယ်ဆိုတဲ့ ဥပမာကိုသူတို့ပြတာပေါ့”

နိုင်ငံရေးအကျဉ်းသားများအပေါ် ထောင်စောင့်များက စနစ်တကျ ရက်စက်ကြမ်းကြုတ်သည်ဆိုသော နာမည်ဆိုးဖြင့်ကျော်ကြားသည့် ပဲခူးတိုင်းဒေသကြီးရှိ သာယာဝတီအကျဉ်းထောင်သို့ ပြောင်းရွှေ့ခံခဲ့ရကြောင်း အမျိုးသမီးအချို့က ပြောသည်။ ၂၀၂၃ ခုနှစ်၌ မဖြူဖြူအား အမျိုးသမီး ၁၀၀ နှင့် အမျိုးသား ၂၀၀ ၡိ အခြားနိုင်ငံရေးအကျဉ်းသား ၃၀၀ ခန့် နှင့်အတူ အင်းစိန်ထောင်မှ သာယာဝတီ ထောင်သို့ ပြောင်းရွှေ့ခဲ့သည်။ “သူတို့က ကျွန်မ တို့ကို ‘နင်တို့က တခြားထောင်မှာဆိုးလို့ ဒီထောင်ကို ပို့လိုက်တာ’ လို့ ပြောတယ်” ဟု ၎င်းက ပြောသည်။

သာယာဝတီထောင်သို့ အသစ်ရောက်ရှိလာသော အကျဉ်းသားများသည် ရောက်ရှိချိန်တွင် ပုံမှန် ရိုက်နှက်ခံရလေ့ရှိကြောင်း မကြာသေးမီက ပြန်လည်လွတ်မြောက်လာသည့် အကျဥ်းသားများက ဆိုသည်။ အသက် ၃၂ ​​နှစ်အရွယ် မနန္ဒာလှိုင်က ကိုယ်တိုင်ရိုက်နှက်ခံခဲ့ရပြီးနောက် နှစ်ပတ်ကြာ တိုက်ပိတ်ခံခဲ့ရကြောင်း ပြောသည်-

၂၄ နာရီကြာမှတစ်ခါ ၁၅ မိနစ်ပဲ အပြင်ထွက်ခွင့်ရတယ်။ တစ်နေ့လုံး ၁၀ ပေ၊ ၆ ပေ အကျဉ်းခန်း ထဲမှာပဲ နေခဲ့ရပြီး အဲဒီမှာပဲ စား၊ အဲဒီမှာပဲ အိမ်သာတက်ခဲ့ရတယ်။ အဲဒီမှာ မှောင်လိုက်တာ။ မီးလည်း မရှိ၊ ဘာလုပ်စရာမှလည်း မရှိ၊ ဖတ်စရာလည်း မရှိ။

အင်းစိန်ထောင်မှပြောင်းရွှေ့ပြီးနောက် အသက်၂၆ နှစ်အရွယ် မခင်စန်းဝင်းအားသာယာဝတီထောင် အရာၡိများသည် တိုက်ပိတ်အခန်းထဲကိုးလကြာထိန်းသိမ်းခဲ့သည်။ "ကျွန်မတို့ကို အဆောင်ကနေ တိုက်ထဲပြောင်းတဲ့အခါ အမျိုးသားတွေရောအမျိုးသမီးတွေရော ထောင်ဝန်ထမ်းတွေကကျွန်မတို့ကို ဆဲပြီး ထောင်ခွေးတွေလွှတ်ပြီး ကိုက်ခိုင်းတယ်" ဟု၎င်းက ဆိုသည်။ "သူတို့ကကျွန်မတို့ကို လေးခွနဲ့လည်း ပစ်သေးတယ်။" ၁၅ ရက်ထက်ပို၍ တိုက်ပိတ်ထားခြင်းသည် ညှဉ်းပန်းနှိပ်စက်မှု ပုံစံတစ်ရပ် ဖြစ်ကြောင်းကုလသမဂ္ဂ၏ ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်များက အတည်ပြုထားသည်။

အစပိုင်း၌ အမျိုးသားအစောင့်များသည် အကျဉ်းသူများအပေါ်အကြမ်းဖက်ခြင်းကို ရှောင်ကြဉ်ခဲ့ ကြသော်လည်းလွန်ခဲ့သည့် ငါးနှစ်အတွင်း ထိုဓလေ့ကိုစွန့်လွှတ်လိုက်ကြသည်ဟု အကျဉ်းသားများအရေး ထောက်ခံပြောဆိုပေးသူတစ်ဦးက ဆိုသည်။အိုးဘို၊ သာယာဝတီနှင့် ဒိုက်ဦးအကျဉ်းထောင်များတွင် အမျိုးသားဝန်ထမ်းများက ဖျားနာနေသူများ သို့မဟုတ် ကိုယ်ဝန်ဆောင်များပင် အပါအဝင်နိုင်ငံရေးအကျဉ်းသူများအား ထိန်းချုပ်ရန် လောက်လေးခွများ အသုံးပြုခဲ့ကြသည်ဟု၎င်းက ပြောသည်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု

မုဒိမ်းကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာအရ အရှက်ရစေခြင်းနှင့်နှိပ်စက်သည့်သဘောဖြင့် ခန္ဓာကိုယ်ကို နှိုက်နှိုက်ချွတ်ချွတ်ရှာဖွေစစ်ဆေးမှုကို အလွန်အကျွံလုပ်ဆောင်ခြင်း၊ စောင့်ကြည့်ခြင်း၊ လိင်ပိုင်း ဆိုင်ရာနှင့် ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများသည် ထိန်းသိမ်းခံထားရသူများအပေါ် မကြာခဏကျူးလွန်လေ့ရှိသည့် ညှဉ်းပန်းနှိပ်စက်မှုပုံစံတစ်ရပ်ဖြစ်သည်။ 

စစ်ဆေးမေးမြန်းစဉ်အတွင်း မုဒိမ်းကျင့်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းများကို မှတ်တမ်းတင် ထားကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးကပြောသည်။ ၂၀၂၁ ခုနှစ်မှ၂၀၂၃ ခုနှစ်အတွင်း အင်းစိန်နှင့်ဒိုက်ဦးအကျဉ်းထောင်များတွင်ထိန်းသိမ်းခံခဲ့ ရသည့်အမျိုးသမီးတစ်ဦးကထောင်စောင့်များက အမျိုးသမီးအချို့အား ဆေးဝါးသို့မဟုတ် အခြား လိုအပ်သည့်အရာများအားလိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုများဖြင့်ဖလှယ်ရန် အတင်းအကျပ်ဖိအားပေးသည်ဟု ဆိုသည်။

အင်းစိန်ထောင်ရှိ အမျိုးသမီးများသည်တရားရုံးချိန်းမသွားမီနှင့်သွားပြီးနောက်မူးယစ်ဆေးဝါး သို့မဟုတ် စာများပါမပါစစ်ဆေးရန်ဟူသော အကြောင်းပြချက်ဖြင့် ဂုဏ်သိက္ခာကျဆင်းစေသည့် ကိုယ်ခန္ဓာရှာဖွေစစ်ဆေးမှုများကို ခံခဲ့ရကြောင်းပြောပြသည်။ "အမှုစစ်နေတုန်း တရားရုံးကနေအကျဥ်းခန်းထဲကို ပြန်လာတိုင်း အမျိုးသမီးဝန်ထမ်းတွေက ကိုယ်ကိုစစ်တယ်" ဟု မခိုင်ဇာက ပြောသည်။ "အပြင်ဘက်ကိုစာတွေ ပို့ပေးမနေဖို့ သေချာအောင်ဆိုပြီးမိန်းမကိုယ်ထဲကို လက်နဲ့ နှိုက်ကြတယ်။ဒါက ပုံမှန်လုပ်ထုံးလုပ်နည်းတစ်ခုပဲ။ ရာသီလာနေတဲ့အမျိုးသမီးတွေဆိုရင် စစ်ဖို့ အတွက် လစဉ်သုံး ကို အတွင်းခံဘောင်းဘီကခွါပြရတယ်"

အကျဉ်းထောင် ၅ ခုမှ နိုင်ငံရေးအကျဥ်းသူဟောင်းများက ၎င်းတို့ ရေချိုးစဥ် သို့မဟုတ် အဝတ်လဲစဉ် လူကိုယ်တိုင်ဖြစ်စေ၊ CCTV ကင်မရာများမှဖြစ်စေ စောင့်ကြည့်ခံရမှုများအကြောင်း ပြောပြခဲ့သည်။ ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ပြည်အကျဉ်းထောင်၌ ထိန်းသိမ်းခံခဲ့ရသူ အသက် ၂၁ နှစ်အရွယ် မချိုချိုဝင်းက “ရေချိုးရင်မလုံခြုံဘူး။ မျှော်စင်ပေါ်ကအမျိုးသားဝန်ထမ်းတွေကနေ အမျိုးသမီးရေချိုးတဲ့နေရာကိုကြည့်နေကြတာ၊ ရေချိုးတဲ့အခါ လုံခြုံတယ်လို့ မခံစားရဘူး” ဟု ပြောသည်။ “CCTV တွေကအဝတ်လဲတဲ့နေရာအထိရှိတယ်။ CCTV ကိုင်တဲ့လူတွေကယောက်ျားတွေဆိုတော့ မလုံခြုံဘူး။ အမျိုးသမီး တချို့ဆို ရေတောင်သွားမချိုးရဲတော့တာရှိတယ်။”

မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရား (The UN Independent Investigative Mechanism for Myanmar) က ၂၀၂၅ ခုနှစ်တွင် အောက်ပါအတိုင်း တွေ့ရှိခဲ့သည်-

…ထိန်းသိမ်းသည့်အနေအထားများတွင် ကွဲပြားသော အသက်အရွယ်နှင့် လိင်စိတ် ခံယူမှုရှိသူများအပေါ် လိင်ပိုင်းဆိုင်ရာနှင့် ဂျန်ဒါအခြေပြု ပြစ်မှုများကို စနစ်တကျ ကျူးလွန်ခြင်း။ ဤပြစ်မှုများတွင် စအိုနှင့်လိင်အင်္ဂါအပေါက်များအတွင်း ပစ္စည်းများ ထည့်သွင်းခြင်း၊ လိင်ပိုင်းဆိုင်ရာ ကျွန်ပြုခြင်း၊ စီးကရက် သို့မဟုတ် မီးလောင်နေသော ပစ္စည်းများဖြင့် လိင်အင်္ဂါအစိတ်အပိုင်းများကို မီးတိုက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ရည်ရွယ်ချက်ဖြင့် တို့ထိခြင်း သို့မဟုတ် အဝတ်အစားများ တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးဝ အတင်းအကျပ် ချွတ်ခိုင်းခြင်း၊ ဂုဏ်သိက္ခာကျဆင်းစေရန်ရည်ရွယ်၍ ခန္ဓာကိုယ်ကို နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေစစ်ဆေးခြင်း၊ လိင်ပိုင်းဆိုင်ရာ သဘောၡိပြီး အမျိုးသမီးမုန်းတီးရေး သို့မဟုတ် လိင်တူချစ်သူများကို မုန်းတီးသည့်သဘောပါဝင်သော စော်ကားပြောဆိုမှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြင့် ခြိမ်းခြောက်ခြင်း သို့မဟုတ် ဂျန်ဒါ သို့မဟုတ် လိင်စိတ်တိမ်းညွှတ်မှုအပေါ် အခြေခံသည့် အကြမ်းဖက်မှုနှင့် အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် ကျူးလွန်သည့် မျိုးဆက်ပွားမှုဆိုင်ရာ အကြမ်းဖက်မှုများတို့ အပါအဝင် (အုပ်စုလိုက်မုဒိမ်းကျင့်ခြင်းနှင့် အကြိမ်ကြိမ် မုဒိမ်းကျင့်ခြင်းအပါအဝင်) မုဒိမ်းကျင့်ခြင်းတို့ ပါ၀င်သည်။

ကျန်းမာရေးဆိုင်ရာ အခွင့်အရေးချိုးဖောက်မှုများနှင့် အခြားသောမလျော်ကန်စွာ ဆက်ဆံခံရမှုများ

ဆေးဝါးကုသရေးလျစ်လျူၡုထားမှု

နိုင်ငံရေးအကျဥ်းသူဟောင်းများက ကျန်းမာရေးစောင့်ရှောက်မှု ဆိုးဆိုးရွားရွား မလုံလောက်ခြင်း၊ အရည်အချင်းပြည့်မီသော ကျန်းမာရေးဝန်ထမ်းများ၊ မရှိမဖြစ်လိုအပ်သည့် ဆေးဝါးများသို့မဟုတ် ဆေးဘက်ဆိုင်ရာ ကိရိယာများ၊သို့မဟုတ် အရေးပေါ်ဝန်ဆောင်မှုများ မရရှိနိုင်ကြောင်းပြောပြသည်။ တရားဝင် ကျန်းမာရေးဝန်ထမ်းများ မရှိသဖြင့်ယေဘုယျအားဖြင့် ဆေးကုသမှုအခြေခံရှိသည့် အခြား အကျဉ်းသားများအပေါ်သာ အားထားခဲ့ရသည်ဟုဆိုသည်။ အကျဉ်းထောင်အပေါ် မူတည်၍အချို့မှာ ဆေးဝါးများကို ကိုယ်တိုင်ဝယ်ယူခြင်း သို့မဟုတ်မိသားစုများထံမှ ထောင်ဝင်စာများဖြင့် ပေးပို့စေခြင်းတို့ကို ပြုလုပ်နိုင်ခဲ့သည်။ "ထောင်ထဲမှာကျွန်မတို့ ကိုယ့်ကိုယ်ကိုပဲ ကူကြရတယ်။" ဟု မခင်စန်းဝင်းက ပြောသည်။ "တစ်ယောက်နဲ့တစ်ယောက် ဆေးတွေတိုးတိုးတိတ်တိတ် မျှသုံးခဲ့ကြတယ်။ ထောင်ထဲမှာကဆေးက တန်ဖိုးကြီးတယ်။"

အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကျန်းမာရေးဝန်ထမ်းအများအပြားသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု ဖြစ်သည့် CDM တွင်ပါဝင်ခဲ့ခြင်းကြောင့် ဖမ်းဆီးခံခဲ့ရသဖြင့် အကျဉ်းထောင်များ၌ဆေးဘက်ဆိုင်ရာ ဝန်ထမ်းအင်အား လျော့နည်းသွားခဲ့သည်။ မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားများ ကွန်ရက်မှ ကိုယ်စား လှယ်တစ်ဦး၏ပြောကြားချက်အရ သာယာဝတီအကျဉ်းထောင်တွင် အကျဉ်းသား၃၀၀၀ ကျော် အတွက် ဆရာဝန် သုံးဦးသာရှိပြီး၊အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းသား ၈၀၀၀ ကျော်အတွက်ဆရာဝန် လေးငါးဦးသာရှိသည်ဟု သိရသည်။ရှမ်းပြည်နယ်၊ ညောင်ရွှေအကျဉ်းထောင်၌ ၂၀၂၁ခုနှစ်က ထိန်းသိမ်းခံခဲ့ရဖူးသည့် အကျဥ်းသူဟောင်းတစ်ဦးက ထိုစဉ်ကအကျဉ်းသား ၂၀၀၀ အတွက်ဆရာဝန် တစ်ဦးသာရှိကြောင်း ပြောသည်။ အကျဉ်းသား ၁၀၀၀အောက်ရှိသော အကျဉ်းထောင်များတွင် ဆရာဝန်သို့မဟုတ် ဆေးခန်း လုံးဝမရှိသည့်အခြေအနေ မကြာခဏရှိသည်။

၂၀၂၁ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အတွင်း ထိန်းသိမ်းခံခဲ့ရသူ မအေးမြင့်ကဒိုက်ဦးအကျဉ်းထောင်တွင် ဆေးကုသရေးအရာရှိတစ်ဦးသာ ရှိခဲ့သည်ဟု ဆိုသည် - "ဘယ်ရောဂါဖြစ်ဖြစ်သူက ပါရာစီတမောပဲပေးလို့ ကျွန်မတို့ကသူ့ကို 'ကိုကိုပါရာ' လို့ခေါ်ကြတယ်။"

CDMလှုပ်ရှားမှုတွင်ပါဝင်သည့်သူနာပြုတစ်ဦးဖြစ်သူ အသက်၃၃ နှစ်အရွယ် မနုနုသည်အတိုက်အခံ လှုပ်ရှားသူများအား ဆေးကုသပေးသည့်အတွက်၂၀၂၂ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရသည်။၎င်းသည် အစပထမ အင်းစိန်ထောင်အပြီးနောက် သာယာဝတီထောင်၌နှစ်နှစ်ခွဲကြာ ထိန်းသိမ်းခံခဲ့ရသည်။ အင်းစိန်ထောင်၌ CDM ဆရာဝန်တစ်ဦးကိုဆေးကုသမှုဆိုင်ရာတာဝန်ခံအဖြစ်တာဝန်ပေးအပ်ထား သော်လည်း "ပစ္စည်းကိရိယာတွေလည်း မရှိ၊ ဆေးကုသဖို့ ဆုံးဖြတ်ချက်ချခွင့်လည်း မရှိခဲ့ဘူး" ဟု ဆိုသည်။

သာယာဝတီတွင် သူနာပြုနောက်ခံကြောင့် ၎င်းအားဆေးဘက်ဆိုင်ရာအရာရှိအဖြစ် တာဝန်ပေးခဲ့သည်။ "အဲဒီမှာအမျိုးသားဆရာဝန်တစ်ယောက် ရှိပေမယ့် အမြဲအရက်မူးနေတယ်" ဟုဆိုသည်။ "ဒီတော့ ကျွန်မပဲလူနာတွေစစ်ဆေးတဲ့တာဝန် ယူခဲ့ရတယ်။"

အခြေခံစောင့်ရှောက်မှုထက် ပိုသောမည်သည့်အရာမဆိုကို တောင်းဆိုသည့်အခါ အကျဉ်းထောင် အုပ်ချုပ်သူများ၏ ခွင့်ပြုချက်ရယူရန် လိုအပ်ပြီး၊ ယင်းက စနစ်အတိုင်းမဟုတ်ဘဲ ကြာမြင့်သည့် လုပ်ငန်းစဉ်မျိုး ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများက ပြောသည်။ ထိုတောင်းဆိုမှုများက မကြာခဏ ပယ်ချခံရသည်။

မနုနုသည် ကြီးကြီးမားမားအနေဖြင့် ကျောက်ကပ်ကျောက်တည်ရာမှ ဆီးလမ်းကြောင်းပိုးဝင်ပြီး အဖျားတက်သွားသည့် လူနာတစ်ဦးကို ကုသပေးခဲ့ရသည်။ "ကျွန်မက သူ့ကို antibiotics ထိုးပေးပြီး ထပ်လိုတဲ့ကုသမှုပေးဖို့ ထောင်ကို တောင်းဆိုခဲ့တယ်" ဟု ၎င်းက ပြောသည်။ "နှစ်လ ကြာအောင် တောင်းဆိုပြီးမှပဲ သူ့ကို [ဆေးရုံမှာ] ကုခွင့် ပေးတယ်။"

အသက် ၄၇နှစ်ၡိ နိုင်ငံရေးအကျဉ်းသူတစ်ဦးက ဒိုက်ဦးအကျဉ်းထောင်၌ အသက်ကြီးရင့်သည့်အကျဉ်းသူတစ်ဦး ချော်လဲ၍ခြေကျိုးသွားသော်လည်း ဓာတ်မှန်ရိုက်နိုင်ရန် ခြောက်လကြာစောင့်ဆိုင်းခဲ့ရသည်ဟု ဆိုသည်။ ကျောက်ကပ်ရောဂါရှိသည့် ၎င်း၏အခန်းဖော်မှာလည်း ဓာတ်မှန်ရိုက်ရန် ၄၅ ရက်ကြာစောင့်ခဲ့ရသည်ဟု ဆိုသည်။ "ရောဂါအခြေအနေပိုဆိုးတဲ့ လူနာတွေကိုအချိန်လွန်မှ အပြင်ကဆေးရုံကို လွှဲပေးလေ့ရှိတယ်" ဟု ၎င်းက ပြောသည်။

ဒိုက်ဦးအကျဉ်းထောင်မှ ကင်ဆာရောဂါသည် အကျဉ်းကျသူများတွင် ထောင်တွင်းဆရာဝန်များ၏ လွှဲခွင့်ရှိသော်လည်း ပြင်ပဆေးရုံများတွင် ကုသခွင့်မပြုခဲ့ဟုအကျဉ်းသူဟောင်း နှစ်ဦးက ဆိုသည်။ "ကင်ဆာရောဂါသည်တွေကသေခါနီးမှပဲ လွှဲပြောင်းကုသခွင့် ရကြတယ်" ဟု အကျဉ်းသားအရေး ဆောင်ရွက်သူတစ်ဦးကပြောကြားခဲ့သည်။

အကျဉ်းထောင်အများအပြားတွင် ညဘက်ဆေးကုသမှုမပြုပါ။ ၂၀၂၁ခုနှစ် မန္တလေးမြို့ အိုးဘိုထောင်၌ရှိစဉ်တစ်ည အသက် ၂၈နှစ်အရွယ် မဝင်းကြည်သည် တန်းပိတ်ချိန်တက်ပြီးမေ့သွားခဲ့သည်။ "ထောင်ဆရာဝန်လို့ပြောတဲ့လူတစ်ယောက် နောက်ပိုင်းရောက်လာပေမယ့် တန်းပိတ်ချိန်မို့လို့ အခန်းသံတိုင်တွေကြားကပဲ ကျွန်မကိုစမ်းသပ်ခဲ့တယ်" ဟု ၎င်းကပြောသည်။

မခိုင်ဇာက ဒိုက်ဦးတွင်ညအချိန်ကြုံတွေ့ခဲ့ရသည့် ဆေးကုသမှုဆိုင်ရာ အရေးပေါ် အခြေအနေအကြောင်း ဤသို့ ပြောပြသည် -

ကျောက်ကပ်အောင့်တဲ့ အကျဉ်းသူတစ်ဦးက မနက် ၁ နာရီလောက်ကစပြီး မရပ်တမ်း အန်လို့ ဆေးကုပေးဖို့ ထပ်တလဲလဲ ပြောတာ။ ညအချိန်ဖြစ်ပြီး တန်းပိတ်ချိန်မို့လို့ ထောင်ဝန်ထမ်းတွေက ဆရာဝန်ခေါ်ပေးဖို့ ငြင်းတယ်။ အရေးပေါ် ဆေးကုပေးဖို့ အားလုံး ဝိုင်းပြောကြပြီးမှ မနက် ၆ နာရီလောက်မှပဲ ထောင်ဝန်ထမ်းတွေက ဆရာဝန်ခေါ်ဖို့ လုပ်ကြတယ်။ အဲဒီနောက် ဝန်ထမ်းတွေ ပြန်လာပြီး ဆရာဝန်က လာဖို့ ငြင်းတယ်လို့ ပြောတယ်။ နောက်ဆုံးတော့ မနည်းပြောမှ သူ့ကိုကူညီဖို့ CDM အမျိုးသားအကျဉ်းသားဆရာဝန် တစ်ယောက် ခေါ်လာတယ်။

အာဏာပိုင်များက "စည်းကမ်းထိန်းသိမ်းရေး" အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုရယူခွင့်ကို ပိတ်ပင်ကြောင်း၊ ထို့ပြင် စစ်ကြောရေးတွင် သတင်းအချက်အလက်ပေးမှဆေးကုသပေးမည်ဟု ဖိအားပေးကတိပြုကြောင်း အမျိုးသမီးများကပြောသည်။ စစ်ကြောရေးတွင်ရိုက်နှက် ခံရသည့်ဒဏ်ဖြင့် ထောင်တွင်းနှစ်ကြိမ်အတက်ရောဂါဖြစ်ဖူးသည့် အကျဉ်းသူတစ်ဦးကို ဒိုက်ဦးအကျဉ်းထောင်ရှိ တာဝန်ခံ အရာရှိက ခြိမ်းခြောက်ခဲ့သည်ဟု မခိုင်ဇာက ပြောပြသည်။ "တတိယအကြိမ် တက်ရဲရင်တက်ကြည့်၊ တိုက်ပိတ်မယ်လို့ သူ့ကိုခြောက်လိုက်တယ်" ဟု မခိုင်ဇာက ဆိုသည်။

၂၀၂၁ နှင့်၂၀၂၂ ခုနှစ်များ၌ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ညောင်ရွှေအကျဉ်းထောင်တွင် ထိန်းသိမ်းခံခဲ့ရသူမမြစိန်က နိုင်ငံရေးအကျဉ်းသူတစ်ဦးသတိလစ်မေ့မြောသွားသည်ကို တစ်မနက်တွေ့ရှိခဲ့ရသည်-

တကယ်တော့သူက လေဖြတ်တာ။ အရေးပေါ်ဆေးကုပေးဖို့၊ ဘယ်လောက်ကုန်ကုန်ပေးပါ့ မယ်လို့ကျွန်မတို့က ဆေးခန်းကိုပြောတယ်။ ဒါပေမဲ့ဆေးကုဖို့က နောက်အဆင့်ဆီ ခွင့်တောင်း ဖို့လိုတယ်လို့ ထောင်မှူးကပြောတယ်။ သူလဲကျပြီးမိနစ် ၃၀ ကြာတော့ဆရာဝန်လာကြည့် တယ်။ သတိပြန်ရပေမဲ့ လမ်းမလျှောက်နိုင်တော့ဘူး။ ခန္ဓာကိုယ်ညာဘက်ခြမ်းက လှုပ်မရတော့ ဘူး။မရပ်တမ်းအန်တယ်။ လေဖြတ်တာအတွက် သုံးနာရီအတွင်းတိုက်ရင် ပျောက်တဲ့ဆေး ယူလာပေးဖို့ ဆရာဝန်ကိုကျွန်မတို့ တောင်းမဲ့ အဲဒီဆေးမရှိဘူးလို့ဆရာဝန်က ပြောတယ်။

နိုင်ငံရေးအကျဉ်းသူများသည် ရာသီလာစဉ်သုံးသည့်ပစ္စည်းများနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး အထောက်အပံ့ပစ္စည်းများ ရရှိသုံးစွဲခွင့်အပေါ် စိုးရိမ်ဖွယ်ကန့်သတ်ချက်များနှင့် ရင်ဆိုင်နေရပြီး၊ ယင်းကို ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)က မျိုးဆက်ပွားမှုဆိုင်ရာ အကြမ်းဖက်မှုပုံစံတစ်ရပ်အဖြစ် သတ်မှတ်ဖော်ပြထားပါသည်

၂၀၂၄ ခုနှစ်တွင် အရပ်ဝတ်အာဏာပိုင် ၁၀ ဦးက ဝင်ရောက်စီးနင်းဖမ်းဆီးစဉ် မချိုချိုဝင်းမှာ ဖမ်းဆီးခံခဲ့ ရပြီး၊ ၎င်း၏နေအိမ်ကို မွှေနှောက်ရှာဖွေကာ မျက်လုံးကိုစည်းနှောင်ပြီး လက်များကိုလည်း ကြိုးဖြင့် ချည်နှောင်ခဲ့ကြသည်။ "အဖမ်းခံရတုန်းက ရာသီလာနေတယ်။" ဟု ၎င်းက ပြောသည်။ "Pad ရော၊ အတွင်းခံရောမလဲဘဲ နှစ်ရက်နေခဲ့ရတယ်။" စစ်ဆေးမေးမြန်းနေစဉ် အရာရှိများက ၎င်းကိုသတ်ဖြတ်ပြီအလောင်းဖျောက်ပစ်မည်ဟု ခြိမ်းခြောက်သည်-

.… ကျွန်မက သေအောင်ကြောက်တာပေါ့။ အဲလို စိတ်ထိခိုက်မှုဒဏ်ကြောင့် ဟော်မုန်းတွေ မညီမျှဖြစ်လို့ပြည်အကျဉ်းထောင်ရောက်ပြီး တစ်လလုံးလုံးသွေးဆင်းတယ်။ ထောင်ထဲမှာက လူသစ်ဖြစ်လို့ ပထမနှစ်လ မှာဂွမ်းထုတ် မရခဲ့ဘူး။ ကုမ္ပဏီတွေက ဂွမ်းထုတ်တွေလှူပေမယ့် ထောင်ဝန်ထမ်းတွေက ကျွန်မ တို့ကို အဲဒါတွေပြန်ရောင်းတယ်။

အခြားအမျိုးသမီးများစွာကလည်း စိတ်ဖိစီးမှုကြောင့် ရာသီထိန်သည်ဟု ပြောဆိုကြသည်။ မဖြူဖြူကရာသီထိန်ရာမှ နောက်ပိုင်းတွင် သားအိမ်အလုံးဖြစ်သဖြင့် ခွဲစိတ်ကုသမှုခံယူခဲ့ရသည်ဟု ပြောပြသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်၏အဆိုအရ ၂၀၂၅ ခုနှစ် မတ်လ မြေငလျင်ကြောင့်အမျိုးသမီး ၂၆ ဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၅၉ဦး သေဆုံးခဲ့ပြီး အဓိကအားဖြင့်ငလျင်ဗဟို ချက်နှင့် နီးကပ်စွာတည်ရှိသောအိုးဘိုအကျဉ်းထောင်၌ဖြစ်ပြီး၊ငလျင်ဒဏ်မှ ကနဦးအသက်ရှင်သန်ခဲ့ သော်လည်း ဒဏ်ရာများကုသမှုမရရှိသဖြင့် သေဆုံးခဲ့ရသူများလည်း ပါဝင်သည်။ပြည်အကျဉ်း ထောင်မှ မချိုချို၀င်းက ငလျင်လှုပ်ချိန်တွင် ဝန်ထမ်းများကအကျဉ်းသားများကို အခန်းများအတွင်း သော့ခတ်ထားခဲ့ပြီးထောင်ဝင်းမှ ထွက်ပြေးသွားခဲ့ကြသည်ဟု ပြောသည်။အကျဉ်းသားအချို့ ဒဏ်ရာ ရရှိခဲ့သော်လည်း နောက်ဆက်တွဲကုသမှု တစ်စုံတစ်ရာမရရှိခဲ့ဟု ၎င်းကဆိုသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊မိခင်များနှင့် ကလေးများ

နိုင်ငံရေးအကျဉ်းသူ ၁၂၅ဦးခန့်သည် ၎င်းတို့၏ကလေးငယ်များနှင့်အတူ သို့မဟုတ်ကိုယ်ဝန်ဆောင်စဥ် အကျဉ်းကျခံခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသူများအဖွဲ့က ၂၀၂၅ခုနှစ်၊ ဇူလိုင်လတွင် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့အား ပြောကြားခဲ့သည်။ ကလေးငယ်အချို့ကို မိခင်များနှင့်အတူဖမ်းဆီးထိန်းသိမ်း ခဲ့ပြီး အချို့ကမူ အကျဉ်းထောင်အတွင်း၌ မွေးဖွားခဲ့ကြသည်။ကလေးငယ်များကို ၎င်းတို့၏ မိဘများအစား ရံဖန်ရံခါ တရားမဝင်ဖမ်းဆီးထိန်းသိမ်းကြသည်။ 

နိုင်ငံတကာစံနှုန်းများက မီးမဖွားမီနှင့်မီးဖွားပြီးနောက် စောင့်ရှောက်ကုသမှုအတွက် အထူးအစီအမံများထားရှိရန်နှင့် ကလေးများကို ထောင်ပြင်ပရှိဆေးရုံတွင်မွေးဖွားနိုင်ရေးစီစဉ်ဆောင်ရွက်ပေးရန် တောင်းဆိုသည်။ မိခင်နှင့်အတူဆက်လက်နေထိုင်ကြသောကလေးများအတွက် ကလေးအထူးကု ဝန်ဆောင်မှုများပံ့ပိုးပေးရန် အစီအစဉ်များလည်းထောက်ပံ့ပေးသင့်ပါသည်။

အသက် ၄၁နှစ်အရွယ်ၡိသူ ဒေါ်နွယ်နီဝင်းသည် ငလျင်လှုပ်စဉ်အိုးဘိုအကျဉ်းထောင်၌ ထိခိုက်ဒဏ်ရာ ရရှိခဲ့ချိန်၌ ကိုယ်ဝန်၈ လရှိနေသည်။ ၎င်းကဆေးကုသမှုခံယူခွင့် တောင်းဆိုခဲ့သော်လည်း နှစ်ပတ်ကြာ ငြင်းပယ်ခံခဲ့ရပြီး ထိုအချိန်တွင်၎င်း၏သန္ဓေသားမှာ သားအိမ်တွင်း၌ပင် သေဆုံးသွားပြီဖြစ်ကြောင်း ဒေသတွင်းသတင်းမီဒီယာများက ဖော်ပြခဲ့သည်။ကလေးအသေမွေးဖွားပြီးနောက် မကြာမီမှာပင် ဒေါ်နွယ်နီဝင်းသည် ရောဂါပိုးဝင်မှုကြောင့် ကွယ်လွန်ခဲ့သည်။

၂၀၂၁ ခုနှစ်တွင် ကိုယ်ဝန်ရှိနေကြောင်းသိရှိပြီး တစ်ပတ်အကြာ၌ ဖမ်းဆီးခံခဲ့ရချိန်တွင် မခိုင်ဇာသည် အသက် ၂၂ နှစ်အရွယ်သာ ရှိသေးသည်။ "တပ်၀င်းထဲမှာ စစ်ကြောရေးလုပ်တဲ့သူတွေက ကိုယ်ဝန်ရှိနေမှန်း သိသားနဲ့ ကျွန်မရဲ့ ခါးနဲ့ ပေါင်ခြံတွေကို ကျဉ်စက်တွေနဲ့ တို့တယ်" ဟု ၎င်းက ပြောသည်။ 

ကိုယ်ဝန်ဆောင်နေစဥ် မခိုင်ဇာအားသားဖွားမီးယပ်အထူးကုဆရာဝန်နှင့်ပြသခွင့်မပေးသော်လည်း၊ ၎င်း၏ခင်ပွန်းမိသားစုက ကိုယ်ဝန်ဆောင်အားဆေးများနှင့်ဖြည့်စွက်အာဟာရများ လာရောက်ပေးအပ် ခွင့်ရရှိရန် အကျဉ်းထောင်အရာၡိများအား လာဘ်ထိုးခဲ့ကြသည်။အင်းစိန်ထောင်ဝန်ထမ်းများသည်အာလ်ထရာစောင်းမရိုက်ဘဲ ၎င်း၏ဗိုက်ကိုပေကြိုးတိုင်းပြီးကလေးမွေးဖွားမည့်ရက်ကို ခန့်မှန်းတွက်ချက်ခဲ့ကြသည်။ "ညမမွေးနဲ့ဆိုပြီးထောင်ဝန်ထမ်းတွေက ဆူတယ်၊ထောင်တံခါးဖွင့်ပေးဖို့က အချိန်အကြာကြီး ကြာတတ်လို့" ဟုမခိုင်ဇာက ဆိုသည်။

မန္တလေးတိုင်းဒေသကြီးရှိ မြင်းခြံအကျဉ်းထောင်တွင် မဝင်းကြည်သည် အခြားနိုင်ငံရေးအကျဉ်းသူ တစ်ဦးအား စတိုခန်းတစ်ခုအတွင်း မီးဖွားရန်ကူညီပေးခဲ့ရသည်။ "ကလေးမွေးဖို့ ဘာကိရိယာမှ မရှိဘူး" ဟု ၎င်းက ပြောသည်။ "ဒီတော့ အကျဉ်းသားတွေအားလုံးပဲ သူ့ကို ဝိုင်းကူခဲ့ရတယ်။ ကျွန်မတို့က စတိုခန်းကိုဝိုင်းရှင်းပြီး သူက ကလေးကို ဖုန်တွေကြားထဲ မွေးခဲ့ရတာ။ မွေးပြီးပြီးချင်းပဲ သူ့ကို ထိုင်နိုင်လားမေးပြီးအဆောင်ဆီလမ်းလျှောက်ပြန်ခိုင်းတယ်။ ဆေးရုံလည်းမပို့၊ နောက်ဆက်တွဲ ဆေးကုပေးတာလည်း လုပ်မပေးဘူး။"

အကျဉ်းထောင်အတွင်း မီးမဖွားမီစောင့်ရှောက်မှုမရရှိနိုင်ခဲ့၍ မမေဖြိုးမောင်သည်ထိန်းသိမ်းခံနေရ သော CDM ကျန်းမာရေးဝန်ထမ်းများ၏ အကူအညီကို အားထားခဲ့သည်။ ၎င်း၏ခင်ပွန်းသည်ဆေးဝါး များနှင့် ကိုယ်ဝန်ဆောင်အားဆေးများပေးပို့နိုင်ရန်နှင့် ကိုယ်ဝန်ဆောင်စဥ်ဆရာဝန်နှင့် တစ်ကြိမ်ပြသ နိုင်ရန် ထောင်ဝန်ထမ်းများကို လာဘ်ထိုးခဲ့ရသည်။ဆေးရုံ၌ မီးဖွားခွင့်ရရှိစေရန်လည်း ငွေကျပ်၃၀၀၀၀၀ (အမေရိကန်ဒေါ်လာ ၁၅၀) ပေးချေခဲ့ရပြီး ထိုဆေးရုံ၌ ခွဲစိတ်၍မီးဖွားခဲ့ရသည်။ 

ထိန်းသိမ်းခံရစဉ်မီးဖွားသည့် အမျိုးသမီးများသည်မိမိတို့ကလေးကို ထောင်တွင်း၌ပင် ပြုစုပျိုးထောင် မည်လား၊ မိသားစုဝင်များထံ ကလေးကို လွှဲပြောင်းပေးမည်လားဟူသော စိတ်ကြေကွဲစရာရွေးချယ်မှု ပြုလုပ်ကြရသည်။ ၂၀၂၅ခုနှစ်တွင် သမီးဖြစ်သူအား မွေးမဖွားမီကပင်မမေဖြိုးမောင်သည် ထောင်ဒဏ် ၁၅နှစ် ချမှတ်ခံထားရသည်။ ၎င်းသည်ကလေးကို မိမိနှင့်အတူ ထောင်တွင်း၌မထားရှိရန် ဆုံးဖြတ်ခဲ့ပြီး မီးဖွားပြီးတစ်ပတ်အကြာတွင် ကလေးနှင့်ခွဲခွာခဲ့ရသည်။ "ဒါဟာ လုံး၀ရွေးချယ်လို့ မရတဲ့ အခြေအနေမျိုးပါ" ဟု ၎င်း၏ခင်ပွန်းက ပြောသည်။ "ကျွန်တော့်ကလေးကိုဇနီးသည်နဲ့အတူ ရှိစေချင် သလို၊ ဇနီးသည်ကိုလည်း လွတ်လပ်စေချင်တယ်" ဟု ဆိုသည်။ ဖမ်းဆီးခံရမည့်အရေးမှ ရှောင်ရှားရန်ခင်ပွန်းဖြစ်သူ နိုင်ငံမှ ထွက်ခွာသွားပြီးနောက်တွင် ၎င်းတို့၏ဆွေမျိုးများက ကလေးကိုပြုစု စောင့်ရှောက်ခဲ့ကြသည်။

မခိုင်ဇာသည်၂၀၂၂ ခုနှစ်တွင် မီးဖွားပြီး၂၈ ရက်အကြာ၌ သမီးဖြစ်သူကိုမိသားစုအားပေးခဲ့ပြီး၊ သုံးနှစ် ကြာပြီး ထောင်မှလွတ်မြောက်လာမှသာ သမီးနှင့်ပြန်လည်ဆုံတွေ့ခွင့် ရရှိခဲ့သည်။ ၎င်းက "ကလေးကကျွန်မကိုသိပ်မရင်းဘူး။ သူ့အိမ်လာလည်တဲ့ဧည့်သည်လို့ပဲ ထင်နေတယ်။" ဟုပြောပြသည်။

မိမိတို့၏ကလေးငယ်များနှင့် ခွဲထားခံရပြီးနောက်မိခင်နို့သက်ရာတွင် အထောက်အကူဖြစ်စေမည့် မည်သည့်ပစ္စည်းကိရိယာကိုမျှ မရရှိခဲ့ကြောင်းအကျဉ်းသူဟောင်းများက ပြောကြပြီး ယင်းကြောင့် နို့အုံ တင်း၍နာကျင်ကိုက်ခဲကာ နို့ပြွန်ပိတ်ဆို့ခြင်းနှင့် ပိုးဝင်ခြင်းတို့ဖြစ်ပွားနိုင်သည့် အန္တရာယ်လည်း ရှိသည်။

အချို့အကျဉ်းထောင်များတွင် မိခင်များနှင့်အတူထိန်းသိမ်းခံရသည့်ကလေးများသည် အခြားသူများနှင့်နေထိုင်ကြသော်လည်း ညောင်ရွှေထောင်ကဲ့သို့ အခြားထောင်များတွင်မူ ၎င်းတို့အတွက်သီးသန့် အကျဥ်းခန်းရှိသည်။ ၂၀၂၁ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အကြားအင်းစိန်ထောင်၌ထိန်းသိမ်းခံခဲ့ရစဉ်ကအမျိုးသမီး ၁၀၀ ခန့်ကိုအခန်းကြီးတစ်ခုတွင်ထားရှိခဲ့ပြီး၊၎င်းတို့ ၁၃ ဦး၌ကလေးငယ်များၡိကြောင်း မနန္ဒာလှိုင်က ပြောကြားခဲ့သည်။ မဝင်းကြည်က၂၀၂၂ ခုနှစ် အိုးဘိုထောင်၌ရှိနေစဉ် အကျဉ်းသူ အယောက်၈၀ ရှိသော အခန်းတစ်ခု၌အသက် ၆ နှစ်အောက်ကလေး ၁၂ ဦးနေထိုင်ခဲ့ကြောင်း ပြောပြသည်။ "သူတို့ကိုလည်းအကျဉ်းသားတွေလိုပဲဆက်ဆံကြတယ်" ဟု ၎င်းကဆိုပြီး ကစားစရာများ၊အပိုနေရာလွတ်၊ သို့မဟုတ် နို့မှုန့်များမရှိဟု ပြောသည်။ "ကလေးရှိတဲ့မိခင်တွေပိုဒုက္ခရောက်တယ်။ ကလေးတွေကောင်းကောင်းအိပ်နိုင်ဖို့ မိခင်တွေက တစ်ညလုံး မအိပ်ဘဲယပ်ခတ်ပေးကြတယ်။…သူတို့မငိုအောင်လေ။"

ညစ်ပတ်ပေရေသောအခြေအနေများ

အမျိုးသမီးများနှင့်ကလေးငယ်များအပါအဝင် မြန်မာနိုင်ငံရှိအကျဉ်းထောင်များမှ အကျဉ်းသားအားလုံးသည် လူဦးရေအလွန်အမင်းပြွတ်သိပ်နေသောအကျဥ်းခန်းများတွင် ထိန်းသိမ်းခံရပြီး၊တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်လိုအပ်သောသန့်ရှင်းရေးအထောက်အပံ့ပစ္စည်းများရယူခွင့် မရှိသည့်အပြင် လူမဆန်သောအခြေအနေများနှင့်လည်း ရင်ဆိုင်ကြရသည်။

၂၀၂၁ ခုနှစ်မှ၂၀၂၃ ခုနှစ်အတွင်း အင်းစိန်ထောင်၌ထိန်းသိမ်းခံရသည့်အမျိုးသမီးများက လူဦးရေ၇၀ မှ ၈၀ထားရှိရန်ရည်ရွယ်ထားသော ပေ ၄၀၊ ပေ၆၀ ရှိ အခန်းများတွင်အကျဉ်းသား ၁၀၀ မှ၁၃၀ အထိ အတူတကွနေထိုင်ခဲ့ကြရသည်ဟုဆိုသည်။ ၂၀၂၁ နှင့် ၂၀၂၂ခုနှစ်များတွင် ညောင်ရွှေထောင်၌ ထိန်းသိမ်း ခံခဲ့ရသည့် အမျိုးသမီးတစ်ဦးကလည်း ၂၅ပေ၊ ၁၅ ပေရှိ အခန်းတစ်ခုတွင် အမျိုးသမီးအယောက် ၃၀ အတူနေထိုင်ခဲ့ပြီး၊၎င်းတို့ အိပ်စက်နေစဉ်အတွင်း မီးများဖွင့်ထားသည်ဟု ပြောသည်။

အင်းစိန်ထောင်ရှိ အကျဉ်းသားများသည်သမံတလင်းပေါ်တွင်အိပ်နိုင်ရန်ကော်ဇောစများကို မိသားစု များထံမှ တောင်းခံတတ်သည်ဟု မနန္ဒာလှိုင်ကပြောသည် - "ကြမ်းကကျွံနေပြီး အပေါက်တွေ၊အဖု အထစ်တွေနဲ့မို့လို့ ကျောနာတယ်။"

လူဦးရေအလွန်အမင်းပြွတ်သိပ်နေခြင်းကြောင့်လည်း အစားအစာေ၀စုနှင့်ရေချိုးရန်ရရှိသည့်ရေ ပမာဏ လျော့နည်းသွားသည်။ နွေရာသီကာလအတွင်းရေရှားပါးမှုကြောင့် အိမ်သာနှင့်ချိုးရေများ မလုံလောက်ကြောင်းအမျိုးသမီးများက ဆိုသည်။ရေချိုးရာတွင် သတ်မှတ်ထားသော ရေအခွက် အရေအတွက်ထက် ပိုမိုသုံးစွဲမိပါကအစောင့်များက ပေတံဖြင့် ရိုက်နှက်လေ့ရှိသည်။

ပုပ်သိုးနေသော၊ လောက်တက်နေသော အစားအစာများ၊ ညစ်ညမ်းနေသော သောက်ရေ၊ မိုးရာသီတွင် ရေကြီးခြင်း၊ မှိုတက်ခြင်း၊ ကြွက်နှင့်ပိုးမွှားများ ပေါများခြင်းတို့အကြောင်း အကျဉ်းသူဟောင်းများက ပြောပြကြသည်။ "ထမင်းဆိုအမြဲအကောင်တွေ၊ ကြက်ချေးတွေရော၊ အလပ်စတစ်စတွေပါပါတယ်" ဟု မသီတာအောင်က ပြောသည်။ "ပဲဟင်းဆို ပိုးတောင်တွေ တီကောင်တွေပါတယ်။"

ညစ်ပတ်ပေရေသည့် နေထိုင်မှုအခြေအနေများကလည်း ရောဂါပျံ့နှံ့စေသည့် အကြောင်းရင်းတစ်ခု ဖြစ်သည်။ တွေ့ဆုံမေးမြန်းခဲ့ကြသည့် အမျိုးသမီးများက ယားနာ၊ဝဲနှင့် အခြားအရေပြားရောဂါများ နေရာတကာတွေ့ရပြီး ကုသမှုအလွန်နည်းသည်ဟု ပြောသည်။ အာဏာပိုင်များက အမျိုးသမီးများအား အကျဉ်းသူဝတ်စုံ နှစ်စုံသာပေးပြီး အခြားအဝတ်အစားများကို သိမ်းလိုက်သဖြင့် ၎င်းတို့သည် စိုထိုင်းသော အဝတ်အစားများနှင့် အတွင်းခံများကို ထည်လဲဝတ်ဆင်ကြရသည်။ ရေမှတစ်ဆင့် ကူးစက်သော ဝမ်းလျှောခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းနှင့် မိန်းမကိုယ်ဆိုင်ရာ ပိုးဝင်ကူးစက်မှုများမှာလည်း အဖြစ်များသည်။

ခြင်အများအပြားရှိသော်လည်း အရာရှိများက၎င်းတို့တွေ့သည့်ခြင်ဆေးများကိုသိမ်းဆည်းလေ့ရှိသောကြောင့် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုများဖြစ်ပွားခဲ့ရသည်ဟု အကျဉ်းသူဟောင်းတစ်ဦးက ပြောသည်။၂၀၂၂ ခုနှစ်မှ ၂၀၂၅ခုနှစ်အထိ ထိန်းသိမ်းခံခဲ့ရသည့် မွန်ပြည်နယ်ရှိကျိုက်မရောထောင်တွင် အကျဉ်းသားဦးရေ အလွန်ပြွတ်သိပ်များပြားသဖြင့် တီဘီရောဂါရှိသူများကို အခြားအကျဉ်းသားများဖြင့် သီးခြားခွဲထားခြင်း မပြုလုပ်တော့ကြောင်း မသီတာအောင်ကပြောသည်။

ရေရှည်ထိခိုက်မှု

နိုင်ငံရေးအကျဉ်းသူဟောင်းအားလုံးသည် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုများ ရေရှည်ခံစားရသည်ဟု ပြောသည်။

အမျိုးသမီးများက အိပ်မပျော်ခြင်း၊အိပ်မက်ဆိုးများ ထပ်ခါတလဲလဲမက်ခြင်း၊ ရုတ်တရက်အကြောက်လွန်တတ်ခြင်း၊ အမြဲစောင့်ကြည့်ခံနေရသည်ဟုခံစားရခြင်း၊ ဆူညံသံများကိုမခံနိုင်ခြင်းနှင့် ယူနီဖောင်းဝတ်ဆင်ထားသူများကို ကြောက်ရွံ့ခြင်းတို့ ကြုံတွေ့ရကြောင်းပြောပြကြသည်။

မနီလာဦးသည် ထောင်ဒဏ် လ ၂၀ ကျခံခဲ့ရသည်။ ၂၀၂၃ ခုနှစ်တွင် ပြန်လည်လွတ်မြောက်ပြီးမကြာမီ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သော်လည်း ယခုတိုင် အိပ်မက်ဆိုးများမက်နေပြီး စိုးရိမ်မှုလွန်ကဲ စိတ် ခံစားနေရဆဲဖြစ်သည်။ “စောင့်ကြည့်ခံရတယ်လို့ခံစားရတယ်။ ခုချိန်ထိယူနီဖောင်းဝတ်ထားတဲ့လူတွေကို မြင်တိုင်း လန့်တယ်" ဟု ၎င်းက ပြောသည်။ "အထောက်အထား သက်တမ်းတိုးတာလို အာဏာပိုင်တွေနဲ့ဆက်ဆံရမယ့်အချိန်တိုင်း အဲဒီမတိုင်ခင် ညမှာ အိပ်လို့မရတော့ဘူး။"

တွေ့ဆုံမေးမြန်းခဲ့သည့်အမျိုးသမီးအများစုမှာ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၀၁အရ ပြန်လွတ်လာကြသူများဖြစ်သည်။ ယင်းပုဒ်မမှာ ပြန်လွတ်လာချိန်တွင် သတ်မှတ်ထားသည့် စည်းကမ်းသတ်မှတ်ချက်တစ်ခုခုကို “လိုက်နာဆောင်ရွက်နိုင်ခြင်းမရှိပါက” အာဏာပိုင်များဘက်မှ ဖမ်းဝရမ်းမလိုဘဲ ပြန်လည်ဖမ်းဆီးနိုင်ပြီး ကျန်ရှိနေသည့် အပြစ်ဒဏ်ကို ဆက်လက်ကျခံရမည့် အခြေအနေမျိုးဖြင့် (ခံဝန်ဖြင့်) လွတ်မြောက်လာသော လွတ်ငြိမ်းခွင့် တစ်မျိုးဖြစ်သည်။

မိသားစုဝင်များနှင့်မိတ်ဆွေများက ရှက်ရွံ့မှု၊အပြစ်တင်ဝေဖန်စိတ် သို့မဟုတ် ကြောက်ရွံ့မှုတို့ကြောင့် ကွာရှင်းစာရွက်များပေးပို့သည့်လုပ်ရပ် အပါအဝင် အဆက်အသွယ်ဖြတ်တောက်ကြကြောင်း အမျိုးသမီးအများအပြားက ပြောသည်။ အိမ်ပြန်ပြီး ပညာရေးအောင်လက်မှတ်များယူရန်အတွက် အဒေါ်ဖြစ်သူမှ အိမ်ပြန်အလာမခံသောကြောင့် အလုပ်အကိုင်ရရှိရေး ရုန်းကန်ခဲ့ရသည်ဟု မခိုင်ဇာက ဆိုသည်။

ထောင်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် မိသားစုက စိတ်အနှောင့်အယှက်ပြုပြီး နှိမ်သဖြင့် ၎င်းတို့နှင့် ဝေးရာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်း သုံးနှစ်ကြာ အချုပ်အနှောင်ကျခဲ့သည် အကျဉ်းသူဟောင်းတစ်ဦးက ပြောပြသည်။ အခြား မိသားစုများကလည်း မိမိတို့၏ဆွေမျိုးသားချင်းများ အကျဉ်းကျနေစဉ် ကူညီနိုင်စွမ်းမရှိဟု ခံစားခဲ့ရသဖြင့် အပြစ်မကင်းသည့်စိတ်ခံစားချက် ပြင်းပြင်းထန်ထန်ခံစားခဲ့ရကြောင်း ပြောဆိုကြသည်။

နိုင်ငံရေးအကျဉ်းသူ/သား အများအပြားမှာ ပြန်လည်လွတ်မြောက်လာပြီးနောက် ထိုင်းနိုင်ငံသို့ တိမ်းရှောင်ကြသော်လည်း၊ အချို့မှာမူ မိသားစုဝတ္တရားများ သို့မဟုတ် အထောက်အထားစာရွက်စာတမ်းနှင့် ငွေကြေး မၡိသဖြင့် မြန်မာနိုင်ငံ၌သာနေထိုင်ခဲ့ကြသည်။ ထိုင်းနိုင်ငံသို့ တိမ်းၡောင်နိုင်သူများက ရွှေ့ပြောင်းအလုပ်သမားများအတွက် မဖြစ်မနေလိုအပ်သည့် အဆင့်တစ်ခုဖြစ်သော မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားလက်မှတ် (CI) လျှောက်သည့်အခါ မြန်မာအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရမည်ကို စိုးရိမ်ပူပန်မှုများ ရှိသည်ဟု ပြောပြသည်။

၂၀၂၆ ခုနှစ်မတ်လတွင် စစ်အာဏာပိုင်များက နိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေသစ်တစ်ရပ် ပြဋ္ဌာန်းခဲ့သဖြင့်ဖိနှိပ်မှုနှင့် စောင့်ကြည့်မှုများတိုးမြင့်လာခဲ့ရာ နိုင်ငံရေးအကျဥ်းသူ/သားဟောင်းများ မြန်မာနိုင်ငံမှထွက်ခွာရန် ပိုမိုခက်ခဲလာသည်။ အဆိုပါဥပဒေအရ စစ်အာဏာပိုင်များသည် ပြန်လည်လွတ်မြောက်လာသူများ သို့မဟုတ်"နိုင်ငံတော်လုံခြုံရေး သို့မဟုတ် နိုင်ငံတော်၏ အကျိုးစီးပွားကို ခြိမ်းခြောက်နိုင်သည်ဟု ယူဆထားသူများ"ကို စည်းကမ်းသတ်မှတ်ချက်များဖြင့် နိုင်ငံကူးလက်မှတ်ရပိုင်ခွင့် ငြင်းပယ်ပြီး ပြစ်မှုဆိုင်ရာ အရေးယူခံခဲ့ရဖူးသူမည်သူမဆိုအား နိုင်ငံကူးလက်မှတ် ငြင်းပယ်ရန် မည်သည့် "တရားရုံး သို့မဟုတ် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း" မဆိုအား အကြံပြုနိုင်သည့် အခွင့်အာဏာရှိသည်။ မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဘုတ်အဖွဲ့၏ တာဝန်များတွင် "အမည်ပျက်စာရင်းထဲသို့ အမည်များ ထည့်သွင်းခြင်း" ပါဝင်သည်။

ထိုဥပဒေသစ်နှင့် ထွက်လာတော့မည့်အီလက်ထရွန်းနစ် နိုင်ငံကူးလက်မှတ်တို့သည် ဇီဝဆိုင်ရာ ဒေတာဘေ့စ်နှင့် မျက်နှာသွင်ပြင်စိစစ်သည့်စနစ်ကို စစ်အာဏာပိုင်များက တည်ဆောက်မှု အချိန်ကိုက် တစ်ပြိုင်နက် ဖြစ်ပေါ်လာသည်။ လူပုဂ္ဂိုလ်များအား ထိုသို့စိစစ်စောင့်ကြည့်သည့် စနစ်သည်ပြည်သူများ၏ သွားလာ လှုပ်ရှားမှုများနှင့်ဒစ်ဂျစ်တယ်နှင့်ငွေကြေးဆိုင်ရာလုပ်ဆောင်ချက်များကို ကျယ်ပြန့်စွာ စောင့်ကြည့်နိုင်စေသည်။ ယေဘုယျအားဖြင့် ဤကိရိယာများကပြန်လည်ဖမ်းဆီးခံရမည်ကို အမြဲစိုးရိမ်ပူပန်နေကြသည့် နိုင်ငံရေးအကျဉ်းသူ/သားဟောင်းများကိုမြန်မာနိုင်ငံမှ တရားဝင် ထွက်ခွာနိုင်ခြင်းမရှိစေရန် တားဆီးပိတ်ပင်ထားသည်။

မတရားဖမ်းဆီးထိန်းသိမ်းခံရခြင်းနှင့် ထောင်ကျခြင်းတို့ကြောင့် ဆုံးရှုံးသွားရသည့်နှစ်ကာလများသည် အမျိုးသမီးများ၏ ပညာရေးနှင့်အလုပ်အကိုင်ကို ထိခိုက်စေပြီး အလုပ်ရှာဖွေရာတွင်အခက်အခဲများ ကြုံတွေ့စေသည်။ အလုပ်ရှင်အချို့သည် မိမိအား ရဲစခန်းထောက်ခံစာမပါရှိဘဲ အလုပ်ခန့်အပ်ရန်ငြင်းပယ်ခဲ့သည်ဟု အမျိုးသမီးတစ်ဦးက ပြောသည်။

"ကျွန်မရဲ့ အချိန်သုံးနှစ် အလဟဿ ဖြစ်သွားခဲ့တယ်" ဟုအသက် ၁၉ နှစ်အရွယ်တွင်ဖမ်းဆီးခံခဲ့ရသည့် မသီတာက ဆိုသည်။ "ဘာမှလည်းမသင်နိုင်ခဲ့ဘူး... တစ်ယောက်နဲ့တစ်ယောက် သင်ပေးချင်သူတွေရှိရင်တောင်မှ ဘာအထောက်အကူပြုပစ္စည်းမှ မရှိဘူး။"

"လောကနှစ်ခုကို နားလည်သဘောပေါက်အောင် ကြိုးစားနေရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာအရ ရုန်းကန်နေခဲ့ရတယ်" ဟု မမြစိန်က ပြောကြားခဲ့သည်။ "ပြင်ပလောကအကြောင်းကို ကျွန်မမေ့သွားတယ်။ အင်္ဂလိပ်လို ပြောတတ်တာကိုလည်းမေ့သွားခဲ့တယ်။ အပြင်က လူတွေရဲ့နာမည်တွေနဲ့ ဖုန်းနံပါတ်တွေ အားလုံးကိုလည်းမေ့သွားတယ်။"

Your tax deductible gift can help stop human rights violations and save lives around the world.

Most Viewed