(နယူးယောက်၊ ဇွန် ၇ ရက်၊ ၂၀၂၂) - တရားမျှတမှု လုံးဝမရှိသော ထောင်တွင်းအမှုစစ်ဆေးခြင်းများအပြီး သေဒဏ်အပြစ်ပေးခံထားရသူ လေးယောက်၏အသနားခံစာများကို လက်မခံဘဲ သေဒဏ်ပေးခြင်းကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း မြန်မာစစ်အစိုးရက ဇွန်လ ၃ ရက်၊ ၂၀၂၂ တွင် ကြေညာခဲ့သည်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကျော်မင်းယု (ကိုဂျင်မီ)နှင့် အတိုက်အခံပါလီမန်အမတ် ဖြိုးဇေယျာသော် တို့ကို အလွန်ကျယ်ပြန့်သော အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ (၂၀၁၄) အရ မြန်မာစစ်ခုံရုံးတစ်ခုမှ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် သေဒဏ်ပေးခဲ့သည်။
ဖေဖော်ဝါရီ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ခုံရုံးများမှ မျက်ကွယ်သေဒဏ် ၄၁ ယောက်အပါအဝင် စုစုပေါင်း ၁၁၄ ယောက်ကို သေဒဏ်ပေးခဲ့သည်။ ကုလသမဂ္ဂ၊ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် စိုးရိမ်သောအစိုးရများက ဖြိုးဇေယျာသော်နှင့် ကိုဂျင်မီတို့အပါအဝင် တရားမဝင်ဖမ်းဆီးခံထားရသူအားလုံးကို ချက်ချင်း လွှတ်ပေးရန်နှင့် သေဒဏ်အမိန့်အားလုံးကို ပလှပ်ပေးရန် စစ်အစိုးရကို ဖိအားပေးသင့်သည်။
“ဖြိုးဇေယျာသော်နဲ့ ကိုဂျင်မီတို့ကို စစ်ခုံရုံးက ဟန်ပြအမှုစစ်ပြီး သေဒဏ်အမိန့်ပေးတာဟာ မြန်မာစစ်တပ်ရဲ့ ခုံရုံးတွေက အခြေခံလူ့အခွင့်အရေးကို လုံးဝအလေးမထားဘူးဆိုတာ ထင်ရှားစေတယ်” ဟု လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ မြန်မာသုတေသီ မန်နီမောင်က ပြောသည်။ “ဒီလျှို့ဝှက်ခုံရုံးတွေမှာ မြန်မြန်ဆန်ဆန် ပြစ်မှုထင်ရှားကြောင်း ချမှတ်တာဟာ စစ်အစိုးရဆန့်ကျင်မှုတွေကို ကြောက်သွားအောင်လုပ်တာ။”
အောက်တိုဘာ ၂၄၊ ၂၀၂၁ တွင် အသက် ၅၂ အရွယ် ကိုဂျင်မီကို စစ်သားများက ရန်ကုန်တိုင်း၊ မြောက်ဒဂုံတွင် ဖမ်းဆီးခဲ့သည်။ ဆူပူအုံကြွမှုများကို ဖြစ်ပေါ်စေခြင်းနှင့် “အကြမ်းဖက်မှု”များတွင် ပါဝင်ခြင်း (အဆိုပါ နှစ်မှုလုံးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွင် ပါဝင်သည်) ဟု စွပ်စွဲကာ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၁ ကတည်းက အာဏာပိုင်များက ကိုဂျင်မီကို ဖမ်းဝရမ်းထုတ်ထားခဲ့သည်။ ကိုဂျင်မီမှာ ဖမ်းဆီးခံရစဉ်က ပြင်းထန်စွာ ရိုက်နှက်ခံခဲ့ရပြီး ထောင်ထဲတွင်လည်း နှိပ်စက်ညှင်းပန်းခံခဲ့ရသည်ဟု သူ၏မိသားစုက ပြောကြားခဲ့သည်။
နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ တိုက်ခန်းတစ်ခန်းကို စစ်သားများနှင့် ရဲများ ဝင်ရောက်ရှာဖွေရာ အသက် ၄၁ နှစ်အရွယ် ဖြိုးဇေယျာသော်ကို ဖမ်းမိခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမတ်ဟောင်းတစ်ဦး ဖြစ်ပြီး ဟစ်ဟော့အဆိုတော်တစ်ဦးဖြစ်ခဲ့သည့် ဖြိုးဇေယျာသော်ကို စစ်တပ်ထောက်ခံသူများကို ပစ်ခတ်လုပ်ကြံရာတွင် ဦးဆောင်ခဲ့သည်ဟု စွပ်စွဲခဲ့ပြီး စစ်ခုံရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေတို့ဖြင့် စွဲချက်တင်ခဲ့သည်။
စစ်အစိုးရပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ကိုဂျင်မီနှင့် ဖြိုးဇေယျာသော်တို့ကို “ထောင်လုပ်ထုံးလုပ်နည်းများအတိုင်း ကြိုးပေးသွားမှာ ဖြစ်ပါတယ်” ဟု ကြေညာခဲ့သော်လည်း ကြိုးပေးမည့်နေ့ကို မသတ်မှတ်ရသေးကြောင်း ပြောကြားခဲ့သည်။ စစ်တပ်သတင်းပေးတစ်ယောက်ကို သတ်ဖြတ်သည်ဟု စွပ်စွဲထားခံရပြီး သေဒဏ်ကျခံထားရသော လှမျိုးအောင်နှင့် အောင်သူရဇော်တို့ကိုလည်း ကြိုးပေးမည်ဖြစ်ကြောင်း သူက ဆက်လက်ပြောကြားခဲ့သည်။ ဖြိုးဇေယျာသော်နှင့် ကိုဂျင်မီတို့ မည်သည့်နေရာတွင် ရှိကြောင်းကို စစ်တပ်က ထုတ်ဖော်ပြောဆိုခြင်းမရှိ၊ ဖမ်းဆီးပြီးနောက်ပိုင်းတွင် သူတို့နှစ်ယောက်ကို ထပ်မတွေ့ရတော့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက ပြောကြားသည်။
ဖြိုးဇေယျာသော်နှင့် ကိုဂျင်မီတို့ နှစ်ယောက်စလုံးမှာ စစ်အစိုးရ စစ်ဥပဒေပြဌာန်းထားသောမြို့နယ်များတွင် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။ စစ်ဥပဒေအရ စီရင်ဆုံးဖြတ်ခွင့်နှင့် တရားရေးရာ အာဏာအားလုံးကို ဒေသခံစစ်တိုင်းမှူးသို့ လွှဲပေးပြီးနောက် အရပ်သားအစိုးရအောက်တွင် သေဒဏ်မမြောက်သော အမှုများပါဝင်သည့် အမှုပေါင်း ၂၃ ခုကို သေဒဏ်မြောက်သည်ဟု သတ်မှတ်ခဲ့သည်။
သေဒဏ်အမိန့်များကို အလျင်စလို အမိန့်ချလေ့ရှိသော စစ်ခုံရုံးများမှာ ပြင်ပလူ ဝင်ခွင့်မရှိသော တရားခွင်များ ဖြစ်ပြီး စစ်ခုံရုံးတင်အမှုစစ်ခံရသူများမှာ အမှုစစ်ဆေးရာတွင် အခြေခံမျှတသော အခွင့်အရေးများ မရရှိပေ။ စစ်ခုံရုံးများတွင် စစ်ခုံရုံးတင်အမှုစစ်ခံရသူများမှာ သက်သေကင်းမဲ့သော်လည်း ပြစ်မှုကျူးလွန်ကြောင်း စီရင်ချက်ကိုသာ ရင်ဆိုင်ကြရသည်။ စစ်ခုံရုံးအမှုများကို ပြည်သူလူထုက သို့မဟုတ် နိုင်ငံတကာက စုံစမ်းစစ်ဆေးနိုင်ခြင်း မရှိပေ။ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များသည် အာဏာသိမ်းပြီးနောက်ပိုင်း ထိန်းသိမ်းခံရသူများကို ညှင်းပန်းနှိပ်စက်မှုများနှင့် အခြားနည်းလမ်းဖြင့် အနိုင်အထက်ပြုလုပ်ခြင်းများ (မကြာခဏ ရိုက်နှက်ခြင်း အပါအဝင်) ကျူးလွန်ခဲ့ကြသည်။
ဖိနှိပ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရန်နှင့် အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုများကို ပံ့ပိုးမှုမှန်သမျှကို ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်ရန် မေလ၊ ၂၀၂၁ တွင် စစ်အစိုးရက အတိုက်အခံဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပါလီမန်ကော်မတီနှင့် ထိုအဖွဲ့များမှ ပေါက်ဖွားလာသော လက်နက်ကိုင်တပ်ဖွဲ့များကို စစ်အစိုးရဆန့်ကျင်ရေး လှုံ့ဆော်မှုများကြောင့်ဟု အကြောင်းပြကာ “အကြမ်းဖက်အဖွဲ့များ” အဖြစ် တရားဝင်သတ်မှတ်ခဲ့သည်။ သြဂုတ်လ၊ ၂၀၂၁ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်ခဲ့သည်။ ငြိမ်းချမ်းစွာ ဆန္ဒပြမှု၊ အကြမ်းဖက်မှု မခွဲခြားတော့ဘဲ အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုအားလုံးကို ပိုမိုပြင်းထန်စွာ အပြစ်ပေးနိုင်ရန် ပြင်ဆင်လိုက်သောကြောင့် သက်သေအထောက်အထားပြရန် (burden of proof) မှာ အစွပ်စွဲခံရသူ၏တာဝန် ဖြစ်လာသည်။
စစ်ဥပဒေအရ ကွပ်မျက်ခြင်းအမိန့်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၏ ခွင့်ပြုချက်ဖြင့်သာ ချမှတ်နိုင်သည်။ စစ်ခုံရုံးမှ “ချမှတ်လိုက်သောအမိန့်များနှင့် အပြစ်ပေးခြင်းများကို အယူခံဝင်ခွင့်မရှိ” ဟုလည်း စစ်ဥပဒေလုပ်ထုံးလုပ်နည်းများတွင် ဖော်ပြထားသည်။ သေဒဏ်ချခံထားရသူမှာ ပြစ်ဒဏ်ကျပြီး ၁၅ ရက်အတွင်း ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးရန် သို့မဟုတ် လျှော့ချပေးရန် စစ်အစိုးရဥက္ကဌထံသို့ အယူခံဝင်နိုင်ခြင်းမှလွဲ၍ အခြားရွေးချယ်စရာ မရှိပေ။ ထိုအယူခံကိုလည်း ရှေ့နေမှတဆင့် တင်ပိုင်ခွင့်မရှိဘဲ ထောင်အာဏာပိုင်များမှတဆင့်သာ တင်သွင်းရမည်ဖြစ်သည်ဟု လွတ်လပ်တဲ့အာရှအသံတွင် ဖော်ပြထားသည်။ စစ်အစိုးရမှ သေဒဏ်ချမှတ်သည့် သတင်းထုတ်ပြန်ချိန်အထိ သူတို့၏မိသားစုများမှာ မည်သို့အယူခံဝင်ရမည်ကို နားမလည်သေးကြောင်း ဖြိုးဇေယျာသော်နှင့် ကိုဂျင်မီတို့၏အမှုများနှင့် နီးစပ်သူတစ်ယောက်က ပြောကြားခဲ့သည်။
နိုင်ငံရေးအတိုက်အခံများကို ကွပ်မျက်မည်ဆိုသော စစ်တပ်၏ဆုံးဖြတ်ချက်ကြောင့် “စိတ်အကြီးအကျယ်ထိခိုက်” ရကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ပြောကြားခဲ့သည်။ “ဒါဟာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၃ မှာ ပါတဲ့ လူ့အသက်၊ လွတ်လပ်ခွင့်နဲ့ လုံခြုံမှုအခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာပဲ” ဟု သူက ပြောသည်။
လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့သည် သေဒဏ်ကို ခြွင်းချက်မရှိ ကန့်ကွက်ပြီး မြန်မာပြည်တွင် သေဒဏ်အမိန့်ပေးခြင်းကို အဆုံးသတ်ရန် နှစ်ပေါင်းများစွာကတည်းက တောင်းဆိုခဲ့သည်။ ပြစ်ဒဏ်ပေးနည်းအားလုံးတွင် သေဒဏ်မှာ ရက်စက်ကြမ်းကြုတ်ခြင်းနှင့် ပြန်လမ်းမရှိခြင်းတို့ကြောင့် အထူးခြားဆုံးဖြစ်ပြီး သေဒဏ်ပေးမှုတိုင်းတွင် ဥပဒေကင်းမဲ့ခြင်း၊ အာဂတဖြင့် ဆောင်ရွက်ခြင်းနှင့် အမှားအယွင်းများဖြင့် ပြည့်နှက်နေသည်။
ဖေဖော်ဝါရီ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်းတွင် စစ်အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်များသည် လူအများအပြားကို သတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ တရားမဝင်ဖမ်းဆီးခြင်းနှင့် အရပ်သားများကို ခွဲခြားမှုမရှိဘဲ တိုက်ခိုက်ခြင်းများ ကျူးလွန်ခဲ့ရာ ထိုအမှုများမှာ လူသားမျိုးနွယ်တစ်စုလုံးအပေါ်ကျူးလွန်သော အမှုများဖြစ်ရုံမက စစ်ရာဇဝတ်မှုမြောက်သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ အနည်းဆုံး လူ ၁၈၀၀ ကျော် (ကလေး ၁၃၀ ခန့်အပါအဝင်) ကို သတ်ဖြတ်ခဲ့ပြီး လူ ၁၃၀၀၀ ကျော်ကို တရားမဝင် ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်သည်။
သြစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ဗြိတိန်အပါအဝင် သေဒဏ်အပြစ်ပေးခြင်းကို ပိတ်ပင်ထားသောနိုင်ငံများနှင့် အာဆီယံနိုင်ငံများမှ မှားယွင်းစွာ ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို လွှတ်ပေးရန်နှင့် သေဒဏ်အပြစ်မှ လျှော့ချပေးရန် တောင်းဆိုရမည်။ စိုးရိမ်သောအစိုးရများမှ မြန်မာ၏နိုင်ငံခြားဝင်ငွေရလမ်းများကို ကန့်သတ်ခြင်းအပါအဝင် မြန်မာစစ်အရာရှိကြီးများကို အမည်တပ်ဒဏ်ခတ်ခြင်းများ တိုးမြှင့်လုပ်ဆောင်ရမည်။
“ကိုဂျင်မီနဲ့ ဖြိုးဇေယျာသော်တို့ကို ဟန်ပြစစ်ခုံရုံးတွေမှာ စစ်ဆေး သေဒဏ်ပေးပြီး တကယ်ကွပ်မျက်မယ်ဆိုတဲ့ စစ်အစိုးရရဲ့ခြိမ်းခြောက်မှုတွေ ချက်ချင်း ရပ်သင့်တယ်” ဟု မန်နီမောင်က ပြောကြားသည်။ “စိုးရိမ်တဲ့အစိုးရတွေကလည်း ကွပ်မျက်မှုမဖြစ်အောင် တပြိုင်နက် တွန်းအားပေးဖို့လိုတယ်၊ မမျှတတဲ့ ကြားနာမှုတွေနဲ့ လူတွေကို သေဒဏ်ပေးရင် စစ်အစိုးရအနေနဲ့ နောက်ဆက်တွဲအကျိုးဆက်တွေ ခံစားရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြဖို့လိုတယ်။”