Skip to main content
Hla Win walks with crutches near her son at a displacement camp near Pekon township, Myanmar, July 29, 2023.

“စစ်တပ်က ကျွန်မအိမ်မှာ မိုင်းထောင်ထားလိမ့်မယ်လို့ မထင်မိခဲ့ဘူး”

မြန်မာနိုင်ငံရှိ မြေမြှုပ်မိုင်းဒဏ်မှ အသက်ရှင်ကျန်ရစ်သူများ၏ အသေးစိတ်ပြောပြချက်များ

ဖယ်ခုံမြို့နယ်အနီးရှိ စစ်ရှောင်စခန်းတစ်ခု၌ သားဖြစ်သူအနီးတွင် ချိုင်းထောက်ဖြင့် လမ်းလျှောက်နေသည့် မလှဝင်းကို ၂၀၂၃ ခုနှစ် ဇူလိုင် ၂၉ ရက်နေ့က တွေ့ရစဉ်။© 2023 STR/AFP via Getty Images

မြန်မာ့စစ်တပ်သည် တိုင်းရင်းသားလက်နက်ကိုင် အမျိုးမျိုးနှင့် တိုက်ပွဲဝင်နေသည်မှာ ဆယ်စုနှစ် ခုနစ်ခု  ကြာခဲ့ပြီဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ကို ဖြုတ်ချရေး လက်နက်ကိုင်အဖွဲ့အသစ်များ ပေါ်ထွက်လာခဲ့ပြီး ရှိပြီးသား တိုင်းရင်းသား လက်နက်ကိုင် များနှင့် အတော်များများ အလွတ်သဘော မဟာမိတ်ဖွဲ့ခဲ့ကြသည်။ ခုခံတော်လှန်မှု၊ နယ်မြေဆုံးရှုံးမှုတို့ မြင့်တက်လာသည့်အခါ အာဏာသိမ်းစစ်အုပ်စုသည် အရပ်သားများအပေါ် ၎င်း၏ “မြေလှန်စနစ်” နည်းဗျူဟာများကို တိုး၍ကျင့်သုံးလာခဲ့သည်။ကျေးရွာများကိုတိုက်ခိုက်ခြင်း၊ အရပ်သားများကို သတ်ဖြတ်ပြခြင်း၊ လိင်အကြမ်းဖက်ခြင်းနှင့် နေအိမ်များကိုမီးရှို့ခြင်းတို့ ကျူးလွန်လာခဲ့ကြသည်။ ‘လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားရာ နှင့် ဖြစ်ပွားမှုကိန်းဂဏန်းအချက်အလက် စီမံချက်’ အဖွဲ့အဆိုအရ အာဏာသိမ်းမှုနောက်ပိုင်း လူပေါင်း ၇၀,၀၀၀ ကျော်ကို စစ်တပ်က သတ်ဖြတ်ခဲ့ပြီးဖြစ်သည်။

လက်ရှိဖြစ်စဉ်များတွင် အာဏာသိမ်းစစ်အုပ်စုသည် တားမြစ်လက်နက်များဖြစ်သည့် မြေမြှုပ်မိုင်းများကို တဟုန်ထိုးတိုး၍အသုံးပြုလာခဲ့သည်ကို တွေ့ရသည်။ မြေမြှုပ်မိုင်းများသည် ထောင်ထားပြီးနောက်ပိုင်း အချိန်အတော်ကြာသည်အထိ နင်းမိသူမည်သူမဆိုကို သေဆုံးထိခိုက်ဒဏ်ရာ ရစေနိုင် စွမ်းရှိသည်။ စစ်တပ်အပြင် တခြားသော လက်နက်ကိုင်အဖွဲ့အစည်းများလည်း မြေမြှုပ်မိုင်းကို အသုံးပြုကြသည်။ 

နောက်ဆုံးထုတ်ပြန်သည့် မြေမြှုပ်မိုင်း စောင့်ကြပ်ကြည့်ရှုမှု အစီရင်ခံစာ အရ မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ် တစ်နှစ်တာလုံးတွင် မြေမြှုပ်မိုင်းကြောင့် အရပ်သား သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုပေါင်း ၁၀၀၃ မှု ရှိခဲ့သဖြင့် ရှေ့တစ်နှစ်ကထက် သုံးဆနီးပါး မြင့်တက်သွားခဲ့ရာ တစ်ကမ္ဘာလုံးစာရင်းတွင် နံပါတ်တစ် နေရာကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့သည်။ အရေအတွက် အစစ်အမှန်မှာ ယခုထက်ပိုများနိုင်သည်။ ၂၀၂၄ ခုနှစ် ပထမခြောက်လတွင် သေကျေဒဏ်ရာရမှု ၆၉၂ မှု မှတ်တမ်းတင်ခဲ့ပြီး ၎င်းတို့အနက် သုံးပုံတစ်ပုံမှာ ကလေးသူငယ်များ ဖြစ်သည်။ ၂၀၂၃ ခုနှစ်တစ်လျှောက်လုံး မြေမြှုပ်မိုင်း စနစ်တကျ အသုံးပြုခဲ့သည့် နိုင်ငံ လေးနိုင်ငံသာရှိခဲ့ပြီး မြန်မာမှာ အပါအဝင်ဖြစ်သည်။ ကျန်နိုင်ငံများမှာ ရုရှား၊ အီရန်နှင့် မြောက်ကိုရီးယားတို့ဖြစ်သည်။

အောက်ပါ အဖြစ်အပျက်သုံးခုမှာ မြေမြှုပ်မိုင်းနင်းမိရာမှ ကိုယ်လက်အင်္ဂါ လုံးဝထိခိုက်ပျက်စီးခဲ့ရပြီဖြစ်သော လူသုံးဦးတို့အကြောင်းဖြစ်သည်။
 

ဒေါ်ခင်

အသက် ၅၇ နှစ်ရှိသူ ဒေါ်ခင်သည် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၉ ရက်တွင် ၎င်း၏အိမ်ဝင်းထဲ၌ ထောင်ထားသော မြေမြှုပ်မိုင်းကို နင်းမိခဲ့သည်။

၎င်းသည် ရှေ့တစ်နှစ်ကျော် ၂၀၂၁ ခု မေလအတွင်း အာဏာသိမ်း စစ်တပ်၏ လေကြောင်းမှ တိုက်ခိုက်မှု များကြောင့် ထွက်ပြေးတိမ်းၡောင်ပြီးနောက် ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ ၎င်း၏ရွာသို့ ပြန်ရောက်ရုံသာ ရှိသေးသည်။ ထိုနှစ်ဖေဖော်ဝါရီလ စစ်အာဏာ သိမ်းပြီးနောက် လပိုင်းအတွင်းကရင်နီပြည်နယ်၌ တိုက်ပွဲများဖြစ်ပေါ်ခဲ့သည်။ အာဏာသိမ်းစစ်တပ်အပေါ် လက်နက်ကိုင် ဆန့်ကျင်တော်လှန်မှု အရှိန်မြင့်လာသည့်အခါ စစ်တပ်ကလည်း လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ အပါအဝင် အရပ်သား/လက်နက်ကိုင်မခွဲခြား လွှမ်းခြုံတိုက်ခိုက်လက်တုံ့ပြန်ခြင်းများကြောင့် အရပ်သားများ၏ အသက်အိုးအိမ် စည်းစိမ်တို့ ထိခိုက် ပျက်စီးခဲ့ရသည်။ ၎င်းတို့၏ မညှာတမ်းတိုက်ခိုက်မှုများကြောင့် ကျေးရွာများနေ ပြည်သူများ ထွက်ပြေး တိမ်းရှောင်သွားသည့်အခါ စစ်ကောင်စီတပ်များသည် ကျေးရွာများအတွင်း ဝင်ရောက်လာကြကာ လူနေအိမ်များ ပတ်ပတ်လည်တွင်လည်းကောင်း၊ ကျေးရွာ လမ်းများ၌လည်းကောင်း မြေမြှုပ်မိုင်းများ ထောင်ထားခဲ့ကြသည်။ တချို့မိုင်းများကို ၎င်းတို့တပ်စွဲထားစဉ်အတွင်း ထောင်ခဲ့ကြသလို အချို့ကိုတော့ ၎င်းတို့ ပြန်လည်ထွက်ခွာသွားချိန်မှာ ထောင်ခဲ့ကြခြင်းဖြစ်သည်။

စစ်ကောင်စီ စစ်သားများသည် ဒေါ်ခင်၏ရွာတွင် ခေတ္တတပ်စွဲပြီးနောက် ပြန်လည်ထွက်ခွာသွားခဲ့ကြ သည်။ “ကျွန်မ အမြန်ပြန်လာလိုက်တယ်။ ရွာထဲမှာပျက်စီးသွားတဲ့ အိမ်တွေအများကြီးဘဲ။ ကျွန်မအိမ်ကတော့ ဘာမှမဖြစ်ဘူး။ ခေါင်မိုးလေးပဲ ပျက်သွားတာ။ အိမ်မှာက ကျည်ဆံအပေါက်ရာတွေနဲ့။ကျွန်မ ရေကြည့်တာ ဆယ့်နှစ်ခုတောင်” ဟု ဒေါ်ခင်က ဆိုသည်။

စစ်သားများ မရှိတော့သဖြင့် ကိုယ့်အိမ်ကိုယ် ပြန်လာကြသော အခြားရွာသားများနည်းတူဒေါ်ခင်လည်း မိမိအိမ်ကို နိုင်သလောက်ပြုပြင်နေထိုင်ခဲ့သည်။ အိမ်ပြန်ရောက်ပြီး နှစ်ရက်အကြာတွင် အိမ်မကြီးနှင့် သီးခြားရှိသည့် အိမ်သာကိုသန့်ရှင်းရေးလုပ်နေစဉ် မြေမြှုပ်မိုင်း နင်းမိသည်။ 

“စစ်တပ်က ကျွန်မအိမ်မှာ မိုင်းထောင်ထားလိမ့်မယ်လို့ မထင်မိခဲ့ဘူး” ဟု သူက ပြောသည်။

ဒေါ်ခင်၏ တူနှင့် သမက်တို့က ပေါက်ကွဲသံကြားပြီး ရောက်လာကြကာ ၎င်းကို ဆေးရုံတင်ကြသည်။ သုံးရက်ကြာ သူသတိလစ်နေခဲ့ပြီး ဆေးရုံ၌ နှစ်လကြာခဲ့သည်။ ၎င်း၏ညာဘက် ခြေထောက်ကို ပေါင်မှ၊ ဘယ်ဘက်ခြေထောက်ကို ဒူးခေါင်းအောက်မှ ဖြတ်ရသည်။ လက်ချောင်းတစ်ချောင်းလည်းဖြတ်လိုက်ရသည်။

၎င်းက “ကျမမှာ ခြေထောက်တွေ မရှိတော့ဘူးဆိုတာ သိလိုက်ရတယ်။ စိတ်ဓာတ် တအားကျပြီး ရက်ပေါင်းများစွာ ငိုရတယ်။ သမီးကိုလည်း မေးခွန်းတွေ အများကြီး မေးတယ်။ ကျမ ဘာကိုမှ မမှတ်မိဘူး” ဟုဆိုသည်။

ဒေါ်ခင်၏အိမ်နီးချင်းတစ်ဦးသည်လည်း နောက်နေ့တွင် မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာ ရသွားခဲ့သည်။ ၎င်းက “[စစ်တပ်က] ရွာထဲတပ်စွဲတုန်းက မြေမြှုပ်မိုင်းတွေ ထောင်တယ်။ ဒါပေမဲ့ ပြန်ထွက် သွားတော့ ပြန်မဖြုတ်ဘဲ ဒီအတိုင်းထားခဲ့တယ်” ဟုဆိုသည်။

အိမ်သာအနီး ထောင်ထားသည့် ထိုမိုင်းကို သူကိုယ်တိုင် မမြင်ခဲ့ရသော်လည်း အခြားသူများ ပြန်ပြောချက်အရ မြေကြီးအောက် မြှုပ်ရသည့် ထိုမိုင်းသည် နင်းမိသည့်အခါ မြေပေါ်သို့ ကန်ထွက်ကာ ပေါက်ကွဲသည့်မိုင်းအမျိုးအစားဟု သိရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်များကြောင့် ဒေါ်ခင်သည် ခင်ပွန်းသည်နှင့်အတူ နေရပ်စွန့်ခွာ တိမ်းရှောင် ခဲ့ကြသည်။ ခင်ပွန်းသည်သည် စစ်ရှောင်စခန်းမှာ ခိုလှုံနေစဉ်အတွင်း ၂၀၂၂ ခုနှစ် ဧပြီလ၌ နာမကျန်းဖြစ်၍ ဆုံးပါးသွားခဲ့သည်။ ခြေထောက်များ ဆုံးရှုံးသွားပြီးနောက် သားဖြစ်သူ၏မိသားစုနှင့်အတူ သွားရောက်နေထိုင်သည်။

“နာနေတုန်းပဲ။ တစ်ချိန်လုံး ထုံကျင်နေတယ်။ အေးရင် ပိုဆိုးတယ်။ နာရင် ငိုနေရတယ်။ ပေါင်ကနေ ဖြတ်လိုက်ရတဲ့ ခြေထောက်က အဆိုးဆုံးပဲ” ဟု ၎င်းက ဆိုသည်။

နောက်ထပ်ပြန်ပြရန် ဆေးရုံသို့ နှစ်ကြိမ်သွားရောက်ခဲ့သော်လည်း ၂၀၂၃ နိုဝင်ဘာလကစ၍ တိုက်ပွဲများ အရှိန်ပြန်မြင့်လာသည့်အတွက် ဆေးရုံပြန်မသွားနိုင်တော့ပေ။

“တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ဆေးရုံ အားလုံးက ဝေးလွန်းပြီး သွားဖို့ လမ်းစရိတ်ကလည်း မရှိဘူး။ ဒီတော့ ပါရာစီတမောပဲ သောက်လိုက်တယ်” ဟု ပြောသည်။

၂၀၂၃ ခုနှစ် မေလတွင် ခြေတုတစ်ခု ရရှိသော်လည်း ကောင်းစွာမတော်၍သော်လည်းကောင်း၊ ခြေနှစ်ဘက်စလုံး ဆုံးရှုံးသွားသဖြင့် ဟန်ချက်ထိန်းရန် အထောက်အကူ မပြု၍သော်လည်းကောင်း အသုံးမပြုနိုင်ဟု ဆိုသည်။ ၎င်းတွင် ချိုင်းထောက်ရှိသော်လည်း ဘီးတပ်လှည်း မရှိ၊ နေထိုင်သည့် နေရာ၌ သွားရလာရ အဆင်မပြေဟု ဆိုသည်။

“အိမ်မှာ ဘာမှမလုပ်ဘူး။ သန့်ရှင်းရေး နည်းနည်းပါးပါး လုပ်တယ်။ ကြမ်းတိုက်ဖို့ ကိုယ့်ဟာကိုယ် ကြမ်းပြင်မှာ ဖင်ရွှေ့ဖင်ရွှေ့နဲ့သွားတယ်” ဟု ၎င်းက ဆိုသည်။

ဦးဝင်း

အသက် ၄၅ နှစ်ရှိသူ ဦးဝင်းသည် ၎င်း၏အိမ်ကို ဖျက်ဆီးလိုက်သည့် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုတစ်ခုမှ ထွက်ပြေးတိမ်းရှောင်ပြီး ကရင်နီပြည်နယ် ယာယီရွှေ့ပြောင်းစခန်းတစ်ခုတွင် အစာရေစာ၊ ဆေးဝါးမလုံမလောက်နှင့် တစ်နှစ်ကြာ နေထိုင်ခဲ့သည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကုန်ခါနီးရောက်သည့်အခါ ရိက္ခာအခက်အခဲကို ဖြေရှင်းရန်အတွက်ဒီးမော့ဆိုမြို့နယ် နန်းမေခုံရွာရှိ ၎င်း၏ ယာတောသို့ ပြန်လာခဲ့သည်။ သို့ရာတွင် တစ်မနက်ခင်း အစောပိုင်း၌ ကြက်ဖတွန်သံကြားသဖြင့် လိုက်ရှာဖမ်းရင်း မြေမြှုပ်မိုင်း နင်းမိသည်။ သူ မိုင်းနင်းမိသည့်နေရာမှာ မိုင်းရှိမည်ဟု လုံးဝထင်မထားခဲ့သော နေရာဖြစ်သည်။

“နင်းပြီးမှပဲ သိလိုက်တယ်။ ခြေထောက် အောက်ပိုင်းတစ်ခုလုံး စုတ်ပြတ်သတ်သွားတာ။ သွေးတွေထွက်ပြီး သူငယ်ချင်းရှိတဲ့ တဲဆီကို တွားသွားလိုက်ရတယ်” ဟု ၎င်းကဆိုသည်။

ဦးဝင်း၏ခြေထောက်အောက်ပိုင်းကို လွိုင်ကော်ဆေးရုံတွင် ဖြတ်လိုက်ရသည်။ ၎င်းနှင့် တစ်ရွာတည်းမှ လူသုံးဦးလည်း မိုင်းနင်းမိသဖြင့် ဦးဝင်းနှင့်မရှေးမနှောင်း ဆေးရုံသို့ရောက်လာကြသည်။ ထိုသုံးဦးတွင် အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးတစ်ဦးလည်း ပါသည်။ နင်းမိသောမိုင်းများမှာ ပလတ်စတစ် နင်းမိုင်းအသေးစားများဟု မိမိရွာသားများထံမှ သူသိခဲ့ရသည်။   

၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က ဖယ်ခုံမြို့နယ်အနီး ဖယ်ရှားရှင်းလင်းခဲ့သော မြန်မာစစ်တပ်၏ မြေမြှုပ်မိုင်းများကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့တင်တစ်ဦးက ပြသနေစဉ်။ © 2023 STR/AFP via Getty Images

“စစ်တပ်က ရွာထဲမှာ မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့တယ်။ အဆောက်အအုံကြီးတွေနဲ့ အိမ်တွေရဲ့ အဝင်ဝတွေမှာ ထောင်တာ။ တော်လှန်ရေးသမားတွေ မနေအောင်လို့” ဟု ၎င်းက ဆိုသည်။ ၎င်းတို့ စခန်းသို့ အသွားလမ်းတွင်လည်း မိုင်းများ ထောင်ထားခဲ့ကြသည်။

“ကရင်နီမှာက စစ်ကောင်စီ တပ်စွဲခဲ့တဲ့ ရွာတိုင်းမှာ မြေမြှုပ်မိုင်းတွေက ရှိတုန်းပဲ” ဟု သူက ဆိုသည်။

ဦးဝင်းသည် ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် ခြေတုတစ်ခု ရရှိခဲ့သော်လည်း ဖြတ်ထားသည့် နေရာက နာကျင်ကိုက်ခဲနေဆဲဖြစ်သလို အနာသက်သာစေမည့်ဆေးကလည်း မရရနိုင်သဖြင့် ဝေးဝေးလံလံ မလျှောက်နိုင်ပေ။

“အကြာကြီး လမ်းလျှောက်တာတို့၊ ခရီးသွားတာတို့ မလုပ်နိုင်ဘူး။ ဒါမတိုင်ခင်က မွေးချင်းတွေ၊ မိဘတွေ ရှိတယ်။ တူတူနေတာ။ ခုတော့ တိုက်ပွဲတွေကြောင့် တကွဲတပြားပဲ။ အိမ်လည်း ပျက်စီးသွားပြီ” ဟု ပြောသည်။

မြေမြှုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့သော တခြားသော လယ်သမား၊ အလုပ်သမားများနည်းတူ ဦးဝင်းသည် အလုပ်ပြန်မလုပ်နိုင်တော့ပေ။

“ကိုယ်က ဒဏ်ရာကြီးနဲ့ဆိုတော့ နေဖို့က ပိုပြီးခက်ခဲလာနေတယ်။ ကျနော်အလုပ် မလုပ်နိုင်ဘူး။ ပိုက်ဆံလည်းမရှိ၊ အလုပ်အကိုင်လည်း မရှိ။ စစ်တပ်က အားလုံး ဖျက်ဆီးလိုက်ပြီ” ဟု ဆိုသည်။

အဗ္ဗဒူလာ

အသက် ၄၀ ရှိ အဗ္ဗဒူလာသည် ၂၀၂၄ ခုနှစ် သြဂုတ်လဆန်းပိုင်းက ရခိုင်ပြည်နယ် မောင်တောမြို့ မြောက်ဘက် အောက် (လက်သား) ရွာမှ ထွက်ပြေးစဉ် မြေမြှုပ်မိုင်းနင်းမိခဲ့သည်။ ထို ရွာသည် ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ရိုဟင်ဂျာ ရာပေါင်းများစွာ သတ်ဖြတ် ခံရသည်ဟု ဆိုသော ဖြစ်စဉ်ဖြင့် လူသိများခဲ့သော နေရာဖြစ်သည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (အေအေ) တို့အကြား တိုက်ပွဲများသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက တဟုန်ထိုး တိုးမြင့်လာခဲ့ပြီး နှစ်ဘက်စလုံးက မြေမြှုပ်မိုင်းများ အသုံးပြုခြင်းအပြင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ရွာမီးတိုက်ခြင်းနှင့် ဥပဒေနှင့် မညီ စစ်သားစုဆောင်းခြင်းတို့ကိုကျူးလွန်ကြသည်။

“သြဂုတ်လ ၉ ရက်နေ့မှာ အာရက္ခတပ်တော်က ကျွန်တော်တို့ကို ရွာကနေ အတင်း မောင်းထုတ်လို့ နယ်စပ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်ထဲဝင်ဖို့ နတ်မြစ်ဘက်ကို သွားကြတာ။ မြေမြှုပ်မိုင်းတွေကို နို့ဆီဘူးနဲ့တူတဲ့ ဘူးတွေထဲမှာ ထည့်ထားပြီး အပေါ်ကနေ သဲတို့၊ ကျောက်စရစ်တို့နဲ့ဖုံးထားတယ်။ အနားကပ်တာနဲ့ ပေါက်ကွဲတာပဲ။ လမ်းမကြီးအတိုင်း လျှောက်နေတုန်း မြေမြှုပ်မိုင်းတစ်လုံးက ကျွန်တော်နဲ့ နောက်ရွာသားတစ်ယောက်ရဲ့ အောက်တည့်တည့်ကနေ ပေါက်ကွဲသွားတယ်” ဟု အဗ္ဗဒူလာက ဆိုသည်။

၂၀၂၄ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့တွင်ရခိုင်ပြည်နယ် မောင်တောမြို့ရှိ ၎င်း၏ကျေးရွာမှ စွန့်ခွာထွက်ပြေးရင်း မြေမြှုပ်မိုင်းနင်းမိပြီးနောက် အဗ္ဗဒူလာသည် ဘယ်ဘက်ခြေထောက် အောက်ပိုင်းကို ဆုံးရှုံးခဲ့သည်။ © 2024 Sohel Khan

ထိုနေ့က မိုင်းလေးငါးလုံးခန့် ပေါက်ကွဲပြီး အနည်းဆုံး ရိုဟင်ဂျာတစ်ဦး သေဆုံးခဲ့သည်ဟု ၎င်းက ဆိုသည်။

ရွာသားများက အဗ္ဗဒူလာကို မြစ်ဆိပ်ရောက်သည်အထိ သယ်လာခဲ့ကြပြီး မြစ်ကိုကူးရန် လှေပေါ်တင်ဖို့ လုပ်စဉ် ၎င်းသည် သွေးလွန်ပြီး သတိလစ်သွားခဲ့သည်။

“မြေမြှုပ်မိုင်းပေါက်တုန်းက သူသေပြီလို့ ကျွန်တော်တို့အားလုံးက ထင်ခဲ့တာ” ဟု အဗ္ဗဒူလာနှင့်အတူ ထွက်ပြေးခဲ့ကြသူ မိတ်ဆွေတစ်ဦးက ပြောသည်။

ဩဂုတ်လ ၁၃ ရက်နေ့တွင် အဗ္ဗဒူလာ ဘင်္ဂလားဒေ့ရှ်သို့ ရောက်သည်။

“ရွာသားတွေက ကျွန်တော့်ကို ဘင်္ဂလားဒေ့ရှ် အမြန်ဆုံးပို့ဖို့ ပိုက်ဆံကောက်ကြတယ်။ နောက်ထပ် တစ်ရက်လောက် နောက်ကျသွားရင် ကျွန်တော် သေမှာပဲထင်တယ်” ဟု ၎င်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်များက ကနဦး၌ အဗ္ဗဒူလာနှင့် ၎င်း၏မိသားစုကို ပေးမဝင်သော်လည်း ၎င်း၏ဒဏ်ရာပြင်းထန်မှုကို မြင်သည့်အခါ ဝင်ခွင့်ပြုလိုက်သည်။ ၎င်း၏ဘယ်ဘက် ခြေထောက် အောက်ပိုင်းကို စစ်တကောင်း ဆေးကောလိပ်ဆေးရုံတွင် ဖြတ်ခဲ့ပြီး ဆေးရုံ၌ သီတင်းခြောက်ပတ် နေခဲ့ရသည်။ အဗ္ဗဒူလာနှင့်အတူ မိုင်းနင်းမိရင်း ဒဏ်ရာရခဲ့သည့် ရိုဟင်ဂျာရွာသားတစ်ဦးမှာလည်း ခြေထောက်ဖြတ်ခဲ့ရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင် ဒုက္ခသည်စခန်းရှိ ဆေးရုံတစ်ခုမှ ဆရာဝန်တစ်ဦးကလည်း ယခုလို ပြောသည်။

“သေနတ်ဒဏ်ရာတို့လို၊ ဗုံးစထိမှန်ဒဏ်ရာတို့လို ဒဏ်ရာတွေအပါအဝင် ထိခိုက်ဒဏ်ရာရပြီး ရောက်လာတဲ့သူ ဦးရေက ဇူလိုင်လကတည်းက သိသိသာသာ များလာတာ ကျနော်တို့ တွေ့ရပါတယ်။ လူနာတချို့ဆို ပိုးဝင်နေတဲ့ဒဏ်ရာအစိမ်းလိုက်ကြီးတွေနဲ့။ သူတို့ကို ကြည့်လိုက်ရင် သွေးဆိပ်တက်တာမျိုး၊ သွေးလွန်တဲ့ လက္ခဏာမျိုးတွေနဲ့ပဲ။ ဆိုလိုတာက သူတို့တွေဟာ ဒဏ်ရာရရချင်း ကျနော်တို့ဆီ ရောက်လာတာ မဟုတ်ဘူး။ ... (ဩဂုတ်လတစ်လထဲမှာကို) သုံးရက်အတွင်း ဘာမှမလုပ်ရသေးတဲ့ ဒဏ်ရာအစိမ်းလိုက်နဲ့ ရောက်လာတဲ့ လူနာငါးဆယ်လောက်ကို ကျနော်တို့ ကုပေးခဲ့ရတယ်။ … လူနာအတော်များများကတော့ တိုက်ပွဲကြားမှာ ပိတ်မိနေခဲ့သူတွေ၊ ဒါမှမဟုတ် ပစ်ကြခတ်ကြတဲ့အချိန်မှာ ထွက်ပြေးရင်း မြေမြှုပ်မိုင်းနင်းမိလို့ဒဏ်ရာရခဲ့ကြသူတွေလို့ ပြောတယ်။”

ပြီးခဲ့သည့် လပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုလှုံလာခဲ့ကြသည့် ရိုဟင်ဂျာ ၄၀,၀၀၀ ခန့်ရှိသည် ဟု ခန့်မှန်းထားသည်။ အကြမ်းဖက်ခံရခြင်းကြောင့် ၂၀၁၇ ခုနှစ်ကတည်းက ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ နှင့်ပြီးသူ ရိုဟင်ဂျာတစ်သန်းခန့် ရှိပြီးဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် မကြာသေးမီကမှ ရောက်ရှိလာသော ဒုက္ခသည်တစ်ဦးဖြစ်သည့် အဗ္ဗဒူလာကို မှတ်ပုံမတင်ရသေးသဖြင့် ၎င်းသည် ဒုက္ခသည်အကူအညီသို့မဟုတ် ရိက္ခာထုတ်ကတ်ပြားကိုပင် ရယူနိုင်ခြင်း မရှိပေ။

“ခင်ဗျားက အပြင်ကဒဏ်ရာကိုပဲ မြင်နေတာ။ လူနာတွေရင်ထဲက အနာ၊ သူတို့အတွက် အိပ်မက်ဆိုး ဖြစ်လာတဲ့ အနာ ... အဲဒါကမှ ကျနော်တို့ကုဖို့ ခက်နေတာ” ဟု ဆရာဝန်က ဆိုသည်။

Your tax deductible gift can help stop human rights violations and save lives around the world.

Topic