(ဘန်ကောက်) – မြန်မာ့စစ်တပ်သည် တားမြစ်ထားသည့် မြေမြှုပ်မိုင်းများကို အသုံးပြု၍ နိုင်ငံတစ်ဝန်း လက်နက်ကိုင်-အရပ်သား မခွဲခြား သတ်ဖြတ် ဒဏ်ရာရအောင် ကျူးလွန်လျက်ရှိသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ယနေ့ပြောလိုက် သည်။ လွန်ခဲ့သည့် နှစ်အတွင်း အာဏာသိမ်းစစ်တပ်နှင့် တော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုများ အကြား တိုက်ပွဲများမှာ နိုင်ငံတစ်ဝန်း အရှိန်မြင့်တက်ခဲ့သည်။ နိုင်ငံ၏ ပြည်နယ်နှင့် တိုင်း ၁၄ ခုစလုံးတွင် မြေမြှုပ်မိုင်းကြောင့် လူသေဆုံးခြင်းနှင့် မြေမြှုပ်မိုင်းအသုံးပြုမှုရှိခြင်းတို့ကို ပထမဆုံး အကြိမ် တွေ့ရှိမှတ်တမ်းတင်ခဲ့ရသည်။ မြေမြှုပ်မိုင်းတွေ့ရှိမှုမှာ မြို့နယ်စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းအထိ ရှိသည်။
အသစ်ထုတ်ပြန်သော ၂၀၂၄ ခုနှစ် မြေမြှုပ်မိုင်း စောင့်ကြပ်ကြည့်ရှုမှု အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းများ၊ မပေါက်ကွဲသေးသည့် စစ်သုံးလက်နက်များကြောင့် အရပ်သား သေဆုံး၊ ထိခိုက်ဒဏ်ရာရမှု ၁၀၀၃ မှုဖြင့် ၂၀၂၃ ခုနှစ်အတွင်း မကြုံစဖူး ကမ္ဘာ့နံပါတ်တစ်နေရာကို ရခဲ့သည်။ ၎င်းသည် ရှေ့တစ်နှစ်ကထက် ဖြစ်ပွားမှုသုံးဆနီးပါး မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ဤနှုန်းသည် ၂၀၂၄ ခုနှစ်တွင်လည်း မြင့်တက်နေဆဲဖြစ်သည်။ ပထမခြောက်လတာ မှတ်တမ်းအရ အရပ်သား ထိခိုက်သေဆုံးမှု ၆၉၂ မှု ရှိပြီး ယင်းတွင် ကလေးငယ် သုံးပုံတစ်ပုံပါဝင်သည်။ သို့သော် တကယ့် မြေပြင်တွင် ထိုအရေအတွက်ထက် အများကြီးပိုမြင့်နိုင်သည်။
ကမ္ဘောဒီးယားနိုင်ငံ စီယမ်ရိမြို့၌ နိုဝင်ဘာလ ၂၅ ရက်မှ ၂၉ ရက် အထိ ကျင်းပခဲ့သော မြေမြှုပ်မိုင်းပိတ်ပင်တားမြစ်ရေးပဋိညာဉ် ပဉ္စမအကြိမ်မြောက် ပြန်လည်စစ်ဆေးရေးညီလာခံတွင် ပါဝင်တက်ရောက်နေသောနိုင်ငံများအနေဖြင့် မြေမြှုပ်မိုင်းဒဏ်ခံရသူများအား ပံ့ပိုးရန် ပိုမို ကြိုးပမ်းသင့်သကဲ့သို့ မြေမြှုပ်မိုင်းများ အသုံးပြုခြင်းအတွက် မြန်မာနိုင်ငံကို ရှုတ်ချသင့်သည်။
လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ သုတေသီ ၡေနာ ဘောက်ချ်နာ က “မြန်မာစစ်တပ်က မြေမြှုပ်မိုင်းတွေကို အနှံ့အပြားအသုံးပြုခြင်းဟာ ရွာသားတွေရဲ့ အသက်တွေနဲ့ အသက်မွေး ဝမ်းကျောင်းမှု တွေကို အခုရော လာမယ့်ဆယ်စုနှစ်တွေအထိပါ ခြိမ်းခြောက်လိမ့်မယ်။ အာဏာသိမ်း စစ်အုပ်စုက အိမ်တွေ၊ ရွာတွေနဲ့ လယ်တွေမှာ မြေမြှုပ်မိုင်းတွေ ထားတာက အရပ်သားတွေကို ကြောက်ရွံ့အောင်ရော အန္တရာယ်ဖြစ်အောင်ပါ စီမံထားပုံရတယ်” ဟုဆိုသည်။
အောက်တိုဘာလတွင် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က မြေမြှုပ်မိုင်းကြောင့် ထိခိုက်ခဲ့သူ လေးဦးနှင့် ၎င်းတို့ကိုပံ့ပိုးပေးသည့် ဆေးဝါးကုသမှုနှင့် လူသားချင်းစာနာထောက်ထားမှုလုပ်သား ခြောက်ဦးတို့ကို တွေ့ဆုံမေးမြန်းခဲ့သည်။ အသက်ရှင်ကျန်ရစ်သူ လေးဦးလုံး ခြေတစ်ချောင်း သို့မဟုတ် နှစ်ချောင်းလုံး ဆုံးရှုံးသွားခဲ့ကြသည်။ တိုက်ပွဲများကြောင့် လူသူမရှိတော့သည့် ရွာများရှိ အိမ်များအနီး တစ်ဝိုက်နှင့် ရွာလမ်းများတစ်လျှောက် စစ်သားများက မိုင်းများထောင်ထားပြီး ရွာသို့ ပြန်လာသည့် ရွာသားများ ထိခိုက်ဒဏ်ရာရခဲ့ပုံကို ၎င်းတို့က ပြောပြသည်။ ၎င်းတို့ ရွာသို့ပြန်ချိန် သို့မဟုတ် ရွာမှထွက်ပြေးချိန်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မိုင်းနင်းမိခဲ့သူသုံးဦးက ဆိုကြသည်။
မြေမြှုပ်မိုင်းများကို စနစ်တကျအသုံးပြုသော ရုရှ၊ အီရန်နှင့် မြောက်ကိုးရီးယားအပါအဝင် လေးနိုင်ငံ သာၡိသည်အနက် မြန်မာနိုင်ငံက တစ်နိုင်ငံဖြစ်သည်။ မြန်မာစစ်တပ်သည် မြေမြှုပ်မိုင်းများ အသုံးပြု နေခဲ့သည့် ရာဇဝင်အဖွဲ့အစည်းဖြစ်သော်လည်း ၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းမှု ဖြစ်စဉ် နောက်ပိုင်းတွင် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်ပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့်အတူ မြေမြှုပ်မိုင်း အသုံးပြုမှု အသစ်များ တိုးမြင့်လာခဲ့သည်။ စစ်တပ်ကိုဆန့်ကျင်တိုက်ခိုက်နေသည့် အခြား လက်နက်ကိုင်အဖွဲ့များလည်း မြေမြှုပ်မိုင်းကို အသုံးပြုကြသည်။ အများအားဖြင့် ၎င်းတို့သုံးသည့် မိုင်းများမှာ လက်လုပ်မိုင်းများဖြစ်သည်။ ထို့အတူ စစ်မြေပြင်တွင် ဖော်ထုတ်သိမ်းဆည်းရရှိသည့် စစ်တပ်သုံးမြေမြှုပ်မိုင်းများကိုလည်း ပြန်လည်အသုံးပြုကြသည်။
ကပစဟုသိကြသော စစ်အာဏာသိမ်းအုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ များ သည် ပေါက်ကွဲသည့်မိုင်းများ၊ မြေစိုက်မိုင်းများ၊ ‘ကလေးမော’ အမျိုးအစား မိုင်းများနှင့် အပေါ်သို့ကန်ထွက်ပြီးကွဲသည့် မိုင်းများအပါအဝင် မြေမြှုပ်မိုင်း အနည်းဆုံးငါးမျိုးကို ထုတ်လုပ် နေကြသည်။ မိုင်းများကို ကျောင်းများ၊ ဆေးခန်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ခရစ်ယာန် ဘုရားကျောင်းများ၊ စိုက်ကွင်းများ၊ ဖုန်းတာဝါတိုင်များနှင့် ဓာတ်အားရုံများ၊ စစ်ရှောင်စခန်းများ၊ ဆိပ်ကမ်းများ၊ ဖွံ့ဖြိုးရေး လုပ်ငန်းစီမံကိန်းနေရာများနှင့် တံတားများ အစရှိသည်တို့၌ ထောင်ကြသည်။
တပ်ဖွဲ့များသည် “လူသားမိုင်းရှင်းသမားများ” အဖြစ်လုပ်ဆောင်ရန် ကလေးများအပါအဝင် ရွာသားများကို ဖမ်းဆီးပေါ်တာဆွဲလာခဲ့ပြီး ဖောက်ခွဲရေးပစ္စည်းများကို ရှင်းလင်းရန် ၎င်းတို့အား စစ်သားများ အရှေ့မှ အတင်းအကျပ်သွားစေသည်။ ပဋိပက္ခဒေသသို့ ခရီးထွက်သည့် ဆရာဝန်တစ်ဦးက “သူတို့က တစ်ခါတလေ စစ်ဝတ်စုံ အတင်းဝတ်ခိုင်းတယ်။ မိုင်းနင်းမိလို့ ဒဏ်ရာရရင် ထားခဲ့လိုက်ရော” ဟု ဆိုသည်။
ကရင်နီ (ကယား) ပြည်နယ်၌ဆေးခန်းဖွင့်ထားသည့် ခွဲစိတ်ဆရာဝန်တစ်ဦးက အသက် ၈ နှစ်၊ ၁၂ နှစ်နှင့် ၁၅ နှစ်အရွယ် ကလေး သုံးဦးအပါအဝင် မြေမြှုပ်မိုင်းဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရခဲ့သူ အရပ်သား ၁၅ ဦးနှင့် တော်လှန်ရေးစစ်သည် ၅၀ ကျော်ကို ၂၀၂၂ ခုနှစ်ကစ၍ ကုသပေးခဲ့ကြောင်း ပြောသည်။
“စစ်အာဏာသိမ်းအုပ်စုရဲ့ စစ်သားတွေက ရွာသားတွေ ရွှေ့ပြောင်းအောင်လုပ်မယ်၊ ပြီးရင် ရွာထဲ၊ လယ်ထဲ၊ စပါးခင်းတွေ၊ ပြောင်းစိုက်ကွင်းတွေနဲ့ စစ်စခန်းတွေ အနီးတဝိုက်မှာ မိုင်းတွေထောင်မယ်။ ရွာသားတွေက ကြောက်တော့ ကြောက်တယ်။ ဒါပေမဲ့ သီးနှံတွေရိတ်သိမ်းချိန်ကျတော့ ပြန်ရတာပဲ။ ကလေးတွေက သူတို့နဲ့ လိုက်သွားမယ်၊ လယ်ကွင်းတွေထဲမှာ ကစားမယ်။ ဒီစစ်အာဏာသိမ်းအုပ်စုက ရွာသားတွေအပေါ် ရန်သူပဲလို့ သဘောထားပြီး ရွာသားတွေကို တမင်သက်သက် ထိခိုက်စေချင်လို့ လယ်တွေထဲမှာ မိုင်းတွေ လိုက်ထောင်တာပေါ့” ဟု အဆိုပါခွဲစိတ်ဆရာဝန်က ဆိုသည်။
၂၀၂၂ ခုနှစ် စက်တင်ဘာလ စစ်ရှောင်စခန်းမှ ပြန်လာပြီးနောက် နှစ်ရက်အကြာတွင် အသက် ၅၇ နှစ် အရွယ် ဒေါ်ခင်သည် ၎င်း၏အိမ်သာအနီးတွင် မိုင်းနင်းမိသည်။ သူသည် ၎င်းအချိန်မတိုင်မီ တစ်နှစ် ကျော်က စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေရပ်စွန့်ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
“တခြား ရွာသားတွေ လိုပဲ သန့်ရှင်းရေးလုပ်ဖို့ ပြန်တာ။ စစ်တပ်က ကျွန်မအိမ်မှာ မိုင်းထောင်ထား လိမ့်မယ်လို့ မထင် မိခဲ့ဘူး” ဟုဆိုသည်။ ၎င်းသည် ဆေးရုံ၌ သုံးရက်ကြာ သတိလစ်နေခဲ့ပြီး ထိုသို့သတိလစ်နေစဉ်အတွင်း ဆရာဝန်များက ညာဘက်ခြေထောက် တစ်ချောင်းလုံး၊ ဘယ်ဘက် ခြေထောက် အောက်ပိုင်းနှင့် လက်ချောင်းတစ်ချောင်းတို့ကို ဖြတ်တောက်ပစ်ခဲ့ရသည်။
“စိတ်ညစ်လွန်းလို့ ရက်ပေါင်းများစွာ ငိုလိုက်တာလေ.... နာနေတုန်းပဲ။ တစ်ချိန်လုံး ထုံကျင်နေတယ်” ဟုဒေါ်ခင်က ဆိုသည်။
လွန်ခဲ့သည့်နှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိမှု နှစ်ဆမှ သုံးဆတက်သွားသည်ကို မြင်ခဲ့ ရပြီး ယင်းသည် လေကြောင်းမှတိုက်ခိုက်မှုကြောင့် ရသည့် ဒဏ်ရာပြီးလျှင် ဒုတိယ မြင်ရလေ့ အရှိဆုံး ထိခိုက်ဒဏ်ရာ ဖြစ်သည်ဟု အထက်ပါခွဲစိတ်ဆရာဝန်က ဆိုသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ် အောက်တိုဘာလနောက်ပိုင်း နေရပ်စွန့်ခွာရသူ ၁ ဒသမ ၈ သန်း အပါအဝင် စုစုပေါင်းလူသုံးသန်း ကျော်သည် နိုင်ငံ၏ပဋိပက္ခများကြောင့် ပြည်တွင်းအိုးအိမ် စွန့်ခွာခဲ့ရသည်။ မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသည့် စစ်လက်နက်ပစ္စည်းများ တိုးမြင့်တည်ရှိနေမှုသည် ၎င်းတို့ အိမ်ပြန်ရန်အတွက် ခြိမ်းခြောက်လျက်ရှိသည်။
ကရင်နီပြည်နယ် စစ်ရှောင်စခန်းတစ်ခု၌ ဆေးကုသပေးနေသော ဆေးဘက်ဆိုင်ရာဝန်ထမ်းတစ်ဦးက လွန်ခဲ့သည့် တစ်နှစ်အတွင်းတွင် ကလေး လေးငါးယောက်အပါအဝင် မြေမြှုပ်မိုင်းဒဏ်မှ အသက်ရှင် ကျန်ရစ်သူ အရပ်သားလေးဆယ်ခန့်နှင့် တွေ့ခဲ့ကြောင်း ပြောပါသည်။ စစ်တပ်က နယ်မြေ ဆုံးရှုံးမှု များလာသည်နှင့်အမျှ မြေမြှုပ်မိုင်းအသုံးပြုမှုလည်း များလာသည်ဟု ဆိုသည်။
“စစ်တပ်က တပ်ဆုတ်တဲ့အခါ စစ်သားတွေက မြေစိုက်မိုင်းတွေကို လှည်းနဲ့ နေရာတိုင်းမှာ လိုက်ချတော့တာပဲ။”
အရပ်သားၡိရာနေရာများ၌ စစ်တပ်၏ မြေမြှုပ်မိုင်းများအသုံးပြုမှုသည် စစ်တပ်၏ “ဖြတ်လေးဖြတ်” ဗျူဟာနှင့် ချိတ်ဆက်နေပုံရသည်။ ယင်းဗျူဟာမှာ နယ်မြေတခုရှိ အရပ်သားများကို သီးခြားခွဲကာ အကြောက်တရားသွတ်သွင်းခြင်းဖြင့် စုပေါင်းပြစ်ဒဏ်ပေး၍ ထိန်းချုပ်ရန် ကြိုးပမ်းခြင်း ဖြစ်သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့သော ၁၀၂၇ စစ်အစိုးရ ဆန့်ကျင်ရေး ထိုးစစ်ကို ကိုးကား၍ အတိုက် အခံစစ်သားတစ်ဦးက “၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်တပ်က မိုင်းတွေ ပိုသုံးလာနေတယ်။ သူတို့က တော်လှန်ရေးသမားတွေ မဝင်နိုင်အောင် လူနေတဲ့ အရပ်တွေမှာ မိုင်းပိုထောင်လာတယ်။ အိမ်နံရံတွေအောက်၊ ခြံဝင်းတွေထဲနဲ့ တရွာလုံးပဲ မိုင်းတွေချတယ်။ နေအိမ်ခြံတံခါးနေရာတွေမှာ ဝါယာကြိုးတွေသုံးပြီး ‘ဘူဘီထရပ်’ ထောင်ချောက်တွေဆင်တယ်” ဟု ဆိုသည်။
ယခင်ကတည်းက ရှိခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရော အသစ်ပေါ်လာသည့် အဖွဲ့အစည်းများပါ မြေမြှုပ်မိုင်းများနှင့်အခြားပေါက်ကွဲကိရိယာများကို အသုံးပြုကြသည်။
“ဘယ်လက်နက်ကိုင် အုပ်စုမဆို သူတို့အုပ်ချုပ်တဲ့ ဘယ်ရွာမှာမဆို မြေမြှုပ်မိုင်း ထောင်တာပဲ။ တော်လှန်ရေးအတွက်က စကစ ရဲ့ ထိုးစစ်ကို ကာကွယ်ဖို့ဆိုရင် မိုင်းတွေက ဈေးအသက်သာဆုံး နည်းပဲ” ဟု လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ဝန်ထမ်းတစ်ဦးက ဆိုသည်။
မြန်မာစစ်တပ်ရော အာရက္ခတပ်တော်ပါ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် နယ်မြေ ထိန်းချုပ်ရန် တိုက်ပွဲဝင်ရင်း မြေမြှုပ်မိုင်းများ စိုက်ခဲ့ကြသည်။ အသက် ၄၀ အရွယ်ရှိ အဗ္ဗဒူလာသည် ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ရခိုင်ပြည်နယ် မောင်တောရှိ ၎င်း၏ရွာမှ ထွက်ပြေးရင်း မြေမြှုပ်မိုင်း နင်းမိသည်။ နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်ရှိ ဆရာဝန်များက ၎င်း၏ ဘယ်ဘက်ခြေထောက် အောက်ပိုင်းကို ဖြတ်တောက်ပစ်ခဲ့ရသည်။
စက်တင်ဘာလတွင် ယာဂိမုန်တိုင်းကြောင့် ခန့်မှန်းခြေလူတစ်သန်း ရေကြီးမှုနှင့် မြေပြိုမှုဒဏ် ခံခဲ့ရပြီး ၎င်းတို့အတွက် မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသည့်လက်နက်ပစ္စည်းများ အန္တရာယ် ပိုတိုးမြင့်ခဲ့သည်။
ရေဘေးသင့်နေရာများတွင် မိုင်းဖြုတ်ပေးခဲ့သော ကျန်းမာရေးဝန်ထမ်း တစ်ဦးက “ရေကြီးတော့ မိုင်းတွေက တရွာလုံးရော စစ်ရှောင် စခန်းတွေမှာပါ နေရာတကာ ရွေ့ကုန်တာ။ မုတ်သုန်မိုးကြောင့် မြေမြှုပ်မိုင်းတွေက ရွှံ့အောက်ရောက်သွားပြီး မမြင်ရတော့ဘူး။” ဟုဆိုသည်။
မြေမြှုပ်မိုင်းများ ပျံ့နှံ့ နေခြင်းသည် လူသန်းပေါင်းများစွာ အငတ်ဘေးနှင့် ကြုံတွေ့ရန် အန္တရာယ်ရှိ နေသည့် မြန်မာနိုင်ငံ၏ တရိပ်ရိပ်ထိုးတက်နေသော အစားအစာလုံခြုံမှုမရှိခြင်းနှင့် စီးပွားရေး ပြိုပျက်မှုကို ပိုမိုဆိုးရွားစေသည်။ ရွာသားများသည် ယေဘုယျအားဖြင့် အငတ်ဘေးနှင့် ကြံရာမရ ဖြစ်ခြင်းတို့ကြောင့် အစာရှာရန်အတွက် ဘေးမကင်းသည့် အရပ်များသို့ တွန်းပို့ခံရသည့်အခါ ထိခိုက် ဒဏ်ရာရကြသည်ဟု လူသားချင်းအကူအညီပေးနေသည့် ဝန်ထမ်းတစ်ဦးက ဆိုသည်။ မြေမြှုပ်မိုင်းများကြောင့် ကျွဲနွားတိရစ္ဆာန်များ သေကျေပျက်စီးခဲ့ရသလို လယ်သမားများလည်း လယ်ယာလုပ်ငန်းခွင် မဝင်နိုင် ဖြစ်ရသည်။
အသက်ရှင်ကျန်ရစ်သူများသည် ယေဘုယျအားဖြင့် ၎င်းတို့၏ ယခင်အသက်မွေးဝမ်းကြောင်း အလုပ်များကို ပြန်လည်လုပ်ကိုင်နိုင်ခြင်း မရှိတော့ပေ။ အသက် ၄၅ နှစ်အရွယ် လယ်သမားတစ်ဦး ဖြစ်သည့် ဦးဝင်းက “ကိုယ်က ဒဏ်ရာကြီးနဲ့ဆိုတော့ နေဖို့က ပိုပြီးခက်ခဲလာနေတယ်” ဟုဆိုသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ၎င်း၏အိမ်ပျက်စီးသွားပြီး တစ်နှစ်အကြာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် ဘယ်ဘက်ခြေထောက် အောက်ပိုင်း ဆုံးရှုံးသွားခဲ့သည်။
“ကျနော် အလုပ် မလုပ်နိုင်ဘူး။ ပိုက်ဆံလည်းမရှိ၊ အလုပ်အကိုင်လည်း မရှိ။ စစ်တပ်က အားလုံး ဖျက်ဆီးလိုက်ပြီ” ဟုဆိုသည်။
မြန်မာနိုင်ငံတွင် ရေရှည်ဝန်ဆောင်မှုများနှင့် ပြန်လည်ထူထောင်ရေး၊ ခြေတုများနှင့် အထောက်အကူ ပြုသည့်ကိရိယာများ အလွန်နည်းပါးသည်။ လူတို့က ရော်ဘာသားနှင့် ချိုင်းထောက်များ မိမိဘာသာ ပြုလုပ်ကြသည်ဟု ကျန်းမာရေးလုပ်သားများက ဆိုသည်။ ဆက်လက်ဖြစ်ပေါ်နေဆဲ ပဋိပက္ခများ အကြားတွင် ကိုယ်လက်အင်္ဂါချို့တဲ့ပြီးသူများသည် တိုက်ပွဲများဖြစ်သည့်အခါ စွန့်ခွာထွက်ပြေးရာတွင် လည်းကောင်း၊ အသက်ကယ်ပစ္စည်းများ ရရှိနိုင်မှုတွင်လည်းကောင်း စိန်ခေါ်မှုပို၍ကြီးလာကြသည်။
အသက်ရှင်ကျန်ရစ်သူများက စိတ်ဓာတ်ကျသည့်၊ ခိုကိုးရာမဲ့ပြီး ကြောက်ရွံ့သည့် ခံစားချက်များတို့နှင့် ရုန်းကန်နေရကြောင်း ဖော်ပြသည်။ ၂၀၂၂ ခုနှစ် မတ်လတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ညာဘက် ခြေထောက် ဆုံးရှုံးပြီး တစ်စိတ်တစ်ပိုင်း နားမကြားတော့သည့် တော်လှန်ရေးစစ်သည်တစ်ဦးက “အသက်မသေဘူးဆိုပေမဲ့ ပုံမှန်လူတစ်ယောက်လို မခံစားရတော့ဘူး။ နာနေတယ်။ အရင်ကဆိုရင် နားထဲကသွေးထွက်တယ်။ အခုတော့ သိပ်မထွက်တော့ဘူး … မိုင်းနင်းပြီးတော့ ကလစ်ဆိုတဲ့အသံ ကြားပြီး ‘ဟာ၊ သွားပြီ’ လို့ ဖြစ်သွားတယ်။ အခုထိ အဲဒီ ‘ကလစ်’ ဆိုတဲ့အသံကြောင့် စိတ်ဒဏ်ရာ ရနေတုန်းပဲ” ဟု ဆိုသည်။
“တချို့က ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံ ကြတယ်။ သူတို့ရဲ့ စိတ် ကျန်းမာရေးလိုအပ်ချက်တွေကို ပံ့ပိုးဖို့ ဘာအရင်းအမြစ်မှ မရှိဘူး။ အလုပ်အကိုင်၊ သွားလာနိုင်မှု၊ ဝါသနာတွေ ဆုံးရှုံးသွားတယ်။ သူတို့ဘယ်တော့မှ နာလန်မထူနိုင်တော့ဘူးလို့ ယူဆကြတယ်” ဟု ခွဲစိတ်ဆရာဝန်က ၎င်း၏လူနာများအကြောင်းကို ပြောသည်။
မြန်မာနိုင်ငံတွင် မိုင်ရှင်းလင်းရေးကြိုးပမ်းချက်များက အလွန်ပင်နည်းပါးပြီး အဆင်ပြေသလိုသာ လုပ်ကြသည်။ မြေမြှုပ်မိုင်းရှင်းလင်းရန် အချို့ရွာသားများက ဘက်ဟိုးပါသော ယာဉ်တစ်စီး ငှားခဲ့သည်ဟု ဆိုကြသည်။ တော်လှန်ရေးစစ်သည်ဖြစ်သူက ၎င်း၏တပ်က မိုင်းရှာ ကိရိယာတစ်ခု သုံးသည့်ကြားက ၎င်းထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြောသည်။
မြေမြှုပ်မိုင်းများကို ထုတ်လုပ်ခြင်း၊ လွှဲပြောင်းခြင်းနှင့် သိုလှောင်ထားခြင်းတို့ကို တားမြစ်သည့် ၁၉၉၇ ခုနှစ် မြေမြှုပ်မိုင်းပိတ်ပင်တားမြစ်ရေး ပဋိညာဉ်တွင် နိုင်ငံပေါင်း ၁၆၄ နိုင်ငံ ပါဝင်သည်။ သိုလှောင်ထားသည်များကို ဖျက်ဆီးခြင်း၊ မိုင်းဒဏ်ခံရသည့် နယ်မြေများကို ရှင်းလင်းခြင်းနှင့် ဒုက္ခခံရသူများအား ကူညီရန်လည်း ဤပဋိညာဉ်က သတ်မှတ်ထားသည်။ မြန်မာနိုင်ငံသည် ဤပဋိညာဉ်တွင် မပါဝင်သော်လည်း ထိုလက်နက်များသည် ပင်ကိုအားဖြင့် အရပ်သားနှင့် လက်နက်ကိုင်များအကြား ခွဲခြားနိုင်စွမ်း မရှိခြင်းကြောင့် အာဏာသိမ်းစစ်တပ်၏ အသုံးပြုမှုသည် ဥပဒေနှင့် မကိုက်ညီပေ။ တားမြစ်လက်နက်များကို အသုံးပြုခြင်း သို့မဟုတ် သိမ်းကျုံး၍ တိုက်ခိုက်ခြင်းများ အတွက် တာဝန်ရှိသည့် ပုဂ္ဂိုလ်များသည် စစ်ရာဇဝတ်မှုများအတွက် အရေးယူခံရနိုင်သည်။
မြန်မာစစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့များသည် လူသတ်မိုင်းများ အသုံးပြုမှု အားလုံးကို ချက်ချင်းရပ်သင့်သည်ဟု လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့က ပြောသည်။ မြေမြှုပ်မိုင်း အန္တရာယ်အသိပညာတိုးပွားစေရန်နှင့် ဒုက္ခခံရသူများနှင့် ၎င်းတို့၏ မိသားစုများအား ပြန်လည်ထူထောင်ရေး ဝန်ဆောင်မှုများ၊ အထောက်အကူပြုသည့် ကိရိယာများ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ပံ့ပိုးမှု၊ အစားအသောက်နှင့် အခြေခံ စားဝတ်နေရေး ရယူနိုင်မှု အပါအဝင် အထောက်အကူများကို အလှူရှင်များက ဒေသန္တရ အရပ်ဘက်အဖွဲ့အစည်းများနှင့် နယ်စပ်ဖြတ်ကျော်၍ ကြိုးပမ်းမှုများမှ တစ်ဆင့် ပေးသင့်သည်။
ဘောက်ချ်နာက “ကမ္ဘောဒီးယားနိုင်ငံမှာ ညီလာခံတက်တဲ့ အစိုးရတွေဟာ မြေမြှုပ်မိုင်းတွေ သုံးတာရပ်ဖို့အတွက် မြန်မာ့ အာဏာသိမ်း စစ်အုပ်စုနဲ့ တခြားလက်နက်ကိုင်အုပ်စုတွေကို ဖိအားပေးဖို့ ကြိုးပမ်းမှုတွေကို ညှိနှိုင်းလုပ်ဆောင်သင့်တယ်၊ ကမ္ဘာ့နိုင်ငံ အများစုက ၂၅ နှစ် ကြာအောင် တားမြစ်ထားတဲ့၊ အကြီးအကျယ် ပျက်စီးစေတဲ့ လက်နက်ကို မရပ်မနားသုံးတဲ့ မြန်မာစစ်အရာရှိတွေကို တာဝန်ခံစေသင့်တယ်” ဟုဆိုသည်။