Skip to main content

မလေးရှား – ပြန်ပေးဆွဲခံရသည့် ရဖျူဂျီးတစ်ဦး မြန်မာနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံရ

ဒေါ်သူဇာမောင်အား ပြန်လွှတ်ပေးရန်နှင့် သူမမိသားစု ပြန်ပေးဆွဲခံရမှုနှင့်ပတ်သက်သော စုံစမ်းစစ်ဆေးမှုကို ပြန်လည်စတင်ရန် တောင်းဆိုရန်

၂၀၂၃၊ ဇူလိုင်လ ၄ ရက်နေ့၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ နေအိမ်တွင် ကလေးငယ်သုံးဦးနှင့်အတူ ပြန်ပေးဆွဲခံခဲ့ရသည့် မြန်မာဒုက္ခသည် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ သူဇာမောင်နှင့် ခင်ပွန်းဖြစ်သူ စောသန်းတင်ဝင်း။ © ၂၀၂၃ ပုဂ္ဂလိက

(ဘန်ကောက်၊ အောက်တိုဘာ ၂၂၊ ၂၀၂၅) – မလေးရှားအစိုးရအနေနှင့် ၂၀၂၃ ဇူလိုင်လတွင် ကွာလာလမ်ပူမှ ပြန်ပေးဆွဲခံခဲ့ရသော ရဖျူဂျီးမိသားစုတစ်စုကို ချက်ချင်းလွှတ်ပေးရန် မြန်မာစစ်ကောင်စီကို ဖိအားပေးသင့်ကြောင်း လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch, HRW) မှ ယနေ့ပြောကြားခဲ့သည်။ မြန်မာနိုင်ငံဒီမိုကရေစီအရေးလှုပ်ရှားသူ ဒေါ်သူဇာမောင် ပျောက်ဆုံးနေပြီးနောက် နှစ်နှစ်ကျော်အကြာတွင် သူမနှင့်အတူ ခင်ပွန်းသည်နှင့် ကလေးသုံးဦးကိုပါ ဖမ်းဆီးထားကြောင်း စစ်ကောင်စီအာဏာပိုင်များမှ ၂၀၂၅ အောက်တိုဘာလ ၁၇ ရက်တွင် ကြေညာချက်ထုတ်ခဲ့သည်။ 

အသက် ၄၈ နှစ်အရွယ် ဒေါ်သူဇာမောင်နှင့် သူမ၏မိသားစုဝင်များကို မြန်မာနိုင်ငံသို့ “တရားမဝင်ပြန်လည်ဝင်ရောက်မှု” ဖြင့် ဖမ်းဆီးခဲ့ပြီး ၂၀၂၃ ဇန်နဝါရီလတွင် မြန်မာနိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ သူမကို ဖမ်းဝရမ်းထုတ်ထားကြောင်း စစ်ကောင်စီမှ ပြောကြားခဲ့သည်။ မလေးရှားအာဏာပိုင်များအနေနှင့် ကွာလာလမ်ပူရှိ နေအိမ်မှ ဒေါ်သူဇာမောင်နှင့် သူမ၏မိသားစု ပြန်ပေးဆွဲခံရမှုနှင့်ပတ်သက်သော စုံစမ်းစစ်ဆေးမှုကို အမြန်ဆုံးပြန်လည်စတင်သင့်ပြီး အဆိုပါပြန်ပေးဆွဲမှုသည် နိုင်ငံဖြတ်ကျော်ဖိနှိပ်မှု (transnational repression) နှင့် နယ်စပ်ဖြတ်ကျော်၍ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု မြောက်နိုင်သည်။ 

“မလေးရှားအာဏာပိုင်တွေအနေနဲ့ ဒေါ်သူဇာမောင်နဲ့ မိသားစုကို လွှတ်ပေးဖို့နဲ့ ဒီလိုထင်ရှားတဲ့ ရဖျူဂျီးတစ်ယောက် မြန်မာနိုင်ငံကို ဘယ်လိုရောက်သွားလဲဆိုတာကို စုံစမ်းစစ်ဆေးဖို့ စစ်ကောင်စီကို လူသိရှင်ကြား ဖိအားပေးသင့်တယ်” ဟု HRW အာရှဒါရိုက်တာ Elaine Pearson မှ ပြောကြားသည်။ “မလေးရှားအစိုးရဟာ ကလေးငယ်တွေအပါအဝင် အန္တရာယ်ရှိနေတဲ့ ရဖျူဂျီးတွေကို ကာကွယ်ဖို့ ပျက်ကွက်နေပြီး စစ်ကောင်စီနဲ့ တခြားတာဝန်ရှိနိုင်တဲ့ အစိုးရတွေရဲ့ အခန်းကဏ္ဍကို အပြည့်အဝ စုံစမ်းလေ့လာပြီး ဖော်ထုတ်ဖို့ လိုအပ်တယ်။”

ဒေါ်သူဇာမောင်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် မလေးရှားနိုင်ငံရှိ ရဖျူဂျီးနှင့် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးများအတွက် ရေရှည်ထောက်ခံသူတစ်ဦး ဖြစ်သည်။ မွတ်စလင်များအပေါ် ပိုမိုဆိုးရွားလာသော အကြမ်းဖက်မှုများမှ လွတ်မြောက်ရန် ၂၀၁၅ တွင် မြန်မာနိုင်ငံမှ မလေးရှားသို့ ထွက်ပြေးခဲ့သည်။ ကုလသမဂ္ဂ ရဖျူဂျီးများဆိုင်ရာ အေဂျင်စီ UNHCR သည် သူမနှင့် သူမ၏မိသားစုကို ရဖျူဂျီးများအဖြစ် အသိအမှတ်ပြုခဲ့သည်။ သူမပြန်ပေးဆွဲခံရချိန်တွင် Facebook follower ၉၃၀၀၀ ကျော်ရှိပြီး ၂၀၂၁ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကို ဝေဖန်သည့်ပို့စ်များ တင်လေ့ရှိသည်။ 

မန္တလေးတိုင်း မြစ်သာမြို့နယ်တရားရုံးမှ “အကြမ်းဖက်အဖွဲ့အစည်း” အဖြစ် ကြေညာခံထားရသည့် အတိုက်အခံ အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ (National Unity Government) အား ထောက်ခံမှုပေးသည့်အတွက် စစ်ကောင်စီ ပြင်ဆင်ထားသော အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) နှင့် ရာဇ၀တ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းဥပဒေ ပုဒ်မ ၅၁၂ အရ ဒေါ်သူဇာမောင်အား ဖမ်းဝရမ်းထုတ်ပြန်ခဲ့ကြောင်း စစ်ကောင်စီမှ ထုတ်ပြန်ကြေညာခဲ့သည်။ ပုဒ်မ ၅၂(က) အရ ထောင်ဒဏ်သုံးနှစ်မှ ခုနစ်နှစ်အထိ ချမှတ်နိုင်သည်။ 

ဖမ်းဆီးခံထားရစဉ် မိသားစုဝင်ငါးဦး မျက်လုံးများကို အနက်ရောင်ဖြင့် ကွယ်ထားသည့် ဓာတ်ပုံလည်း ကြေညာချက်တွင် ပါဝင်သည်။ “ပြည်ပတွင် နေထိုင်သူ မည်သူမဆို အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်ခြင်း၊ နိုင်ငံတော်ကို ဆန့်ကျင်ခြင်းနှင့် အကြမ်းဖက်အဖွဲ့များအား ငွေကြေးထောက်ပံ့ခြင်း ပြုလုပ်ပါက အရေးယူမည်”ဟု ဖော်ပြထားသည်။ ဒေါ်သူဇာမောင်နှင့်မိသားစုအား ဖမ်းဆီးသည့်ရက်စွဲ၊ မိသားစုအပေါ် တရားစွဲဆိုမှုများ သို့မဟုတ် မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း သတင်းအချက်အလက် မပေးခဲ့သောကြောင့် သူတို့မှာ အတင်းအကြပ် အစအနဖျောက်ခံရဆဲ ဖြစ်သည်။

၂၀၂၃ ဇူလိုင်လ ၄ ရက်တွင် အမည်မသိလူများမှ ကွာလာလမ်ပူ၊ အမ်ပန်ဂျာယာရှိ နေအိမ်မှ သူမခင်ပွန်း ဦးစောသန်းတင်ဝင်း၊ သမီး၊ သားနှစ်ယောက်နှင့်အတူ ဒေါ်သူဇာမောင်ကို ပြန်ပေးဆွဲခဲ့သည်။ ထိုအချိန်တွင် ဒေါ်သူဇာမောင်နှင့် ဖုန်းပြောနေသော သူငယ်ချင်းတစ်ဦးသည် အမည်မသိလူများ အိမ်ထဲသို့ ဝင်ရောက်လာသည်ဟု အော်ဟစ်ပြောဆိုသည်ကို ကြားခဲ့ရပြီး ဖုန်းလိုင်းပြတ်တောက်သွားခဲ့သည်။ CCTV မှတ်တမ်းများအရ ဖုန်းခေါ်ဆိုမှုမတိုင်မီ လုံခြုံရေးရှိသော အိမ်ယာအတွင်းသို့ အတုအယောင်လိုင်စင်နံပါတ်များတပ်ထားသည့် ကားတစ်စီး ဝင်ရောက်လာပြီး သုံးနာရီအကြာတွင် ထွက်ခွာသွားသည့် မှတ်တမ်းရှိပြီး ထိုအချိန်တွင် မိသားစု၏ ဖုန်းများအားလုံးမှာ ပိတ်ထားသည်။

၂၀၂၃ ဇူလိုင် ၂၁ ရက်တွင် အတင်းအကြပ် သို့မဟုတ် အလိုမတူဘဲ ပျောက်ဆုံးမှုများဆိုင်ရာ ကုလသမဂ္ဂအလုပ်အဖွဲ့နှင့် အခြားကုလသမဂ္ဂကျွမ်းကျင်သူများမှ မလေးရှားအစိုးရထံ စာရေးသားကာ အာဏာပိုင်များအား မိသားစု၏ “သက်သေမပြနိုင်သေးသည့် အဆိုပါအတင်းအကြပ်ပျောက်ဆုံးမှုနှင့်ပတ်သက်၍ ချက်ချင်း ဘက်လိုက်မှုမရှိသော၊ စေ့စပ်သေချာသော၊ ပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးမှုကို အမြန်ဆုံးလုပ်ဆောင်ရန်” တိုက်တွန်းခဲ့သည်။ ဒေါ်သူဇာမောင်သည် လူ့အခွင့်အရေးလှုပ်ရှားမှုကြောင့်ပစ်မှတ်ထားခံရပြီး အတင်းအကြပ်နေရပ်ပြန်စေခြင်းကြောင့် “မိသားစု ကိုယ်ရေးကိုယ်တာဘေးကင်းရေး၊ လွတ်လပ်မှု၊ သမာဓိနှင့် အသက်ကို အန္တရာယ်ဖြစ်စေပြီး ဥပဒေမဲ့ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အကျဉ်းချုံးသေဒဏ်စီရင်ခြင်းနှင့် တရားမျှတသော တရားစီရင်မှုမရှိခြင်းများ”နှင့် ရင်ဆိုင်ကြုံတွေ့ရနိုင်သောကြောင့် အလုပ်အဖွဲ့မှ စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့သည်။ 

စက်တင်ဘာလ မလေးရှားအစိုးရ ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုတွင် မိသားစုမှာ ပြန်ပေးဆွဲခံရခြင်း သို့မဟုတ် အတင်းအကြပ် ပျောက်ဆုံးကြောင်း ညွှန်ပြသည့် ရုပ်ပိုင်းဆိုင်ရာ အထောက်အထား သို့မဟုတ် မျက်မြင်သက်သေ ထွက်ဆိုချက်များ မတွေ့ရှိခဲ့ကြောင်းနှင့် နိုင်ငံမှ ထွက်ခွာသွားကြောင်း မှတ်တမ်းမရှိကြောင်း တုံ့ပြန်ခဲ့သည်။ ထို့အပြင် မိသားစုမှာ ငှားရမ်းထားသည့်အိမ်များမှ ကြိုတင်အသိပေးခြင်းမရှိဘဲ ထွက်ခွာသွားခဲ့သည်ဟု ယူဆရသော မှတ်တမ်းရှိဖူးကြောင်း မလေးရှားမှ အသေးစိတ်ဖော်ပြခဲ့သည်။ မိသားစု ပျောက်ဆုံးသွားမှုနှင့်ပတ်သက်၍ စစ်ကောင်စီအာဏာပိုင်များထံ အကြောင်းကြားရန် နိုင်ငံတကာ ရာဇဝတ်မှုရဲတပ်ဖွဲ့ (International Criminal Police Organization) သို့မဟုတ် INTERPOL ထံမှ အကူအညီတောင်းခံခဲ့ကြောင်းလည်း ဖော်ပြထားသည်။

၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း မလေးရှားအာဏာပိုင်များသည် အသက်အန္တရာယ်နှင့် လွတ်လပ်ခွင့်အတွက် အန္တရာယ်ရှိနေသော်လည်း ခိုလှုံခွင့်တောင်းဆိုမှုများ သို့မဟုတ် အခြားကာကွယ်မှုလိုအပ်ချက်များကို ဆန်းစစ်ခြင်းမရှိဘဲ ခိုလှုံခွင့်တောင်းခံသူထောင်ပေါင်းများစွာကို မြန်မာနိုင်ငံသို့ လျင်မြန်စွာ ပြန်ပို့ခဲ့သည်။ လူဝင်မှုကြီးကြပ်ရေးစီးနင်းမှုများနှင့် ဖမ်းဆီးမှုများသည် လွန်ခဲ့သည့်နှစ်အတွင်း မြင့်တက်လာခဲ့ပြီး ဇန်နဝါရီလမှ မေလလယ်အထိ ၃၄၀၀၀ ဦး ရှိခဲ့သည်။

၎င်းတို့၏နေရပ်အစိုးရများ၏ တောင်းဆိုချက်အတိုင်း ခိုလှုံခွင့်တောင်းခံသူများနှင့် ရဖျူဂျီးများအပါအဝင် တိုင်းတပါးသားများကို မလေးရှားအာဏာပိုင်များမှ အတင်းအကျပ် ပြန်ပို့ခဲ့သည်။ အစိုးရများမှ ပြည်ပတွင်နေထိုင်သော နိုင်ငံသားများကို “အကြမ်းဖက်သမားများ” အဖြစ် မှားယွင်းစွာ သတ်မှတ်ခြင်းကြောင့် အရှေ့တောင်အာရှတစ်ဝှမ်း “နိုင်ငံဖြတ်ကျော်ဖိနှိပ်မှုနှုန်း မြင့်တက်လာကြောင်း သတင်းများထွက်ပေါ်နေသည့်အပေါ် နက်နက်ရှိုင်းရှိုင်း စိုးရိမ်မိကြောင်း” ကုလသမဂ္ဂကျွမ်းကျင်သူများမှ ပြောကြားခဲ့သည်။ UNHCR မှတ်ပုံတင်ထားသော ရဖျူဂျီးများအပါအဝင် မလေးရှားရှိ မြန်မာနိုင်ငံသားများကို ထောက်ခံသော အရပ်ဘက်လူ့အဖွဲ့အစည်းများမှ ဖမ်းဆီးမှုနှင့် အတင်းအကျပ်ပြန်ပို့မှုအပေါ် စိုးရိမ်ကြောက်ရွံ့မှုများ တိုးပွားလာနေကြောင်း HRW သို့ ပြောကြားခဲ့သည်။ 

မြန်မာစစ်ကောင်စီမှ အာဏာသိမ်းမှုနောက်ပိုင်း တက်ကြွလှုပ်ရှားသူ ၃၀၀၀၀ ခန့်၊ သတင်းထောက်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်သားများနှင့် အခြားသူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ထောင်ပေါင်းများစွာသောသူများကို ဖမ်းဆီးခဲ့သည်။ မြန်မာနိုင်ငံသား သန်းပေါင်းများစွာ နိုင်ငံမှ ထွက်ပြေးသွားခြင်းနှင့်အတူ စစ်ကောင်စီသည် ၎င်း၏နယ်နိမိတ်ပြင်ပရှိ တက်ကြွလှုပ်ရှားသူများကို နှိမ်နင်းရန်အတွက် နိုင်ငံဖြတ်ကျော် ဖိနှိပ်မှုများကို လုပ်ဆောင်ခဲ့ပြီး အဆိုပါလုပ်ရပ်များတွင် နေရပ်ပြန်ပို့ရန် တောင်းဆိုခြင်း၊ နိုင်ငံကူးလက်မှတ်များကို ရုပ်သိမ်းခြင်းနှင့် ဒစ်ဂျစ်တယ်စောင့်ကြည့်ခြင်းများ ပါဝင်သည်။

မလေးရှားနိုင်ငံသည် ယခုနှစ် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)၏ ဥက္ကဋ္ဌဖြစ်သည်။ အောက်တိုဘာ ၂၆ ရက် ကွာလာလမ်ပူ၌ စတင်ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ပွဲများတွင် အာဆီယံအဖွဲ့ဝင်များနှင့် မိတ်ဖက်များအနေဖြင့် မလေးရှားအား ဒေါ်သူဇာမောင်ပျောက်ဆုံးမှုစုံစမ်းစစ်ဆေးမှု ပြန်လည်စတင်ရန်နှင့် ပိုမိုကျယ်ပြန့်စွာပြောရလျှင် ရွှေ့ပြောင်းနေထိုင်သူများနှင့် ရဖျူဂျီးများအပေါ် အလွဲသုံးစားပြုဆက်ဆံမှုကို အဆုံးသတ်ရန် တိုက်တွန်းသင့်သည်။ အာဆီယံအနေဖြင့် အဖွဲ့၏ ဥပဒေများနှင့် သဘောတူညီချက်များသည် ရဖျူဂျီးများ၊ သဘောထားကွဲလွဲသူများ၊ တက်ကြွလှုပ်ရှားသူများနှင့် အခြားနိုင်ငံဖြတ်ကျော်ဖိနှိပ်မှု ပစ်မှတ်ထားခံရသူများ၏ အခွင့်အရေးများကို ကာကွယ်ပေးကြောင်း သေချာအောင် လုပ်သင့်သည်။ 

“ကွာလာလမ်ပူထိပ်သီးအစည်းအဝေးက အာဆီယံအဖွဲ့ဝင်တွေနဲ့ မိတ်ဖက်တွေအနေနဲ့ အာဆီယံဒေသတွင်းနိုင်ငံဖြတ်ကျော်ဖိနှိပ်မှုရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ရာဇဝတ်မှုတွေကို အဆုံးသတ်ဖို့ အတူတကွ လုပ်ဆောင်သင့်တယ်” ဟု Pearson က ပြောကြားခဲ့သည်။ “ဒေါ်သူဇာမောင်နဲ့ သူမရဲ့မိသားစုလို ရဖျူဂျီးတွေ အန္တရာယ်ကင်းဝေးပြီး မလေးရှားနဲ့ အခြားနိုင်ငံတွေအနေနဲ့ မြန်မာရဖျူဂျီးတွေကို ပြန်ပေးဆွဲပြီး အစအနပျောက်အောင် စစ်ကောင်စီရဲ့ နောက်ထပ်ကြိုးပမ်းမှုတွေကို တားဆီးရန် အတူပူးတွဲလုပ်ဆောင်ရန် လိုအပ်တယ်။” 

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.

Most Viewed