Skip to main content

မလေးရှား – မြန်မာဒုက္ခသည် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ပြန်ပေးဆွဲခံရ

သူဇာမောင်နှင့် မိသားစုဝင်များကို အမြန်ရှာဖွေပေးရန်၊ ဘေးကင်းမှုရှိရေး သေချာအောင်လုပ်ရန်

The Myanmar refugee activist Thuzar Maung with her husband, Saw Than Tin Win, who were abducted along with her three children from their home in Kuala Lumpur, Malaysia, on July 4, 2023. © 2023 private

(ဘန်ကောက်) – မလေးရှားအစိုးရအနေနှင့် မြန်မာဒုက္ခသည် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ သူဇာမောင်နှင့် သူမ၏ မိသားစု ပြန်ပေးဆွဲခံရမှုနှင့်ပတ်သက်၍ စေ့စပ်သေချာပြီး ပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးမှုကို ချက်ချင်း ဦးစားပေး လုပ်ဆောင်သင့်သည်ဟု Human Rights Watch (HRW) မှ ယနေ့ ပြောကြားလိုက်သည်။

၂၀၂၃၊ ဇူလိုင်လ ၄ ရက်နေ့တွင် သူဇာမောင်(၄၆နှစ်)၊ သူမ၏ ခင်ပွန်း စောသန်းတင်ဝင်း(၄၃နှစ်)၊ သမီး ပိုးခိုင်မောင် (၁၆နှစ်)၊ သား အောင်မြင့်မောင် (၂၁နှစ်)နှင့် သုခမောင် (၁၇နှစ်)တို့သည် ကွာလာလမ်ပူမြို့ရှိ အမ်ပန်ဂျာယာအရပ်ရှိနေအိမ်တွင် အမည်မသိ အမျိုးသားများ၏ပြန်ပေးဆွဲခံခဲ့ရကြောင်း မျက်မြင်သက်သေများ၏ ပြောကြားချက်များနှင့် လုံခြုံရေးကင်မရာမှတ်တမ်းများအရ သိရသည်။ သူဇာမောင်သည် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို ပြတ်ပြတ်သားသား ထောက်ခံသူတစ်ယောက် ဖြစ်သည်။

“သူဇာမောင်နဲ့ မိသားစု ပြန်ပေးဆွဲခံရတာဟာ အကွက်ချစီစဉ်ထားတဲ့ စစ်ဆင်ရေးဖြစ်တဲ့အတွက်ကြောင့် သူတို့ဟာ ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရနိုင်ပါတယ်” ဟု HRW အာရှရေးရာဒါရိုက်တာ Elaine Pearson က ပြောသည်။ “မလေးရှားအစိုးရအနေနဲ့ အဲဒီမိသားစုကို ချက်ချင်း ရှာဖွေပြီး သူတို့ရဲ့ဘေးကင်းမှု သေချာစေဖို့ အရေးတကြီး ဆောင်ရွက်သင့်တယ်။”

ဇူလိုင်လ ၄ ရက်၊ ညနေ ၄နာရီခွဲခန့်တွင် အဆိုပါမိသားစုနေထိုင်ရာ အိမ်ယာခြံဝန်းထဲသို့ ကားတစ်စီး ဝင်ရောက်လာခဲ့သည်။ လုံခြုံရေးဂိတ်စောင့်များကို ယာဉ်မောင်းသူက သူတို့သည် ရဲများဖြစ်သည်ဟု ပြောခဲ့သည်။ ညနေ ၆နာရီခွဲခန့်တွင် သူဇာမောင်သည် သူငယ်ချင်းတစ်ယောက်နှင့် ဖုန်းပြောနေခဲ့သည်၊ သူဇာမောင်မှ ခင်ပွန်းဖြစ်သူအား အိမ်ထဲသို့ လူစိမ်းအမျိုးသားများ ဝင်ရောက်လာကြောင်း အော်ပြောသည့်အသံကို ထိုသူငယ်ချင်းဖြစ်သူမှ ကြားခဲ့ရပြီးနောက် ဖုန်းအဆက်အသွယ်ပြတ်သွားခဲ့သည်။ ည ၇နာရီ၁၀မိနစ်ခန့်တွင် ထိုရဲကားနှင့် သူဇာမောင်မိသားစုပိုင် ကားနှစ်စီးသည် ခြံဝင်းအတွင်းမှ ထွက်ခွာသွားသည်ကို မြင်တွေ့သူများလည်းရှိသည်။ သူဇာမောင်၏ဖုန်းနှင့် သူမ၏ခင်ပွန်းနှင့် သားသမီးများ၏ ဖုန်းများမှာ အဆက်အသွယ်မရတော့သည့်အတွက်ကြောင့် ချက်ချင်း အပိတ်ခံလိုက်ရပုံပေါ်သည်။

သူမနေသည့် အိမ်ယာခြံဝန်းရှေ့ ဂိတ်စောင့်အခန်း၏ လုံခြုံရေးကင်မရာမှတ်တမ်းများအရ ထို“ရဲ”ကား၏ လိုင်စင်နံပါတ်ပြားမှာ အတုဖြစ်ကြောင်း မလေးရှားရဲတပ်ဖွဲ့မှ ဖော်ထုတ်ခဲ့သည်။ သူဇာမောင်၏ကားနှစ်စီးအနက် တစ်စီးကိုမောင်းသော ယာဉ်မောင်းမှာ ဂိတ်ကတ်ဖြင့် ခြံဝင်းတံခါးဖွင့်ရာတွင် လက်အိတ်အနက်ရောင်ဝတ်ထားသည်ကို အဆိုပါ ဗီဒီယိုဖိုင်တွင် တွေ့ရသည်။ “ရဲ”ဆိုသူများ၏ကားသည် ဇွန်လ ၁၉ ရက်နေ့တွင်လည်း ထိုအိမ်ယာဝန်းထဲသို့ ဝင်ရောက်ခဲ့ကြောင်း ယာဉ်မှတ်တမ်းများအရ သိရသည်။ ဓားပြတိုက်ခံရသည့် လက္ခဏာမရှိကြောင်း ဇူလိုင် ၅ ရက်နေ့တွင် သူဇာမောင်၏နေအိမ်သို့ သွားရောက်ခဲ့သည့် လုပ်ဖော်ကိုင်ဖက်များမှ ပြောသည်။

သူဇာမောင်သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေးနှင့် မလေးရှားနိုင်ငံရှိ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူများ အခွင့်အရေးအတွက် ကာလကြာရှည်စွာ ရပ်တည်ပေးနေသူ ဖြစ်သည်။ သူမသည် မြန်မာမွတ်စလင်ဒုက္ခသည်အဖွဲ့နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကော်မတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး မြန်မာ့အတိုက်အခံ အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရနှင့် နီးကပ်စွာ လက်တွဲဆောင်ရွက်ခဲ့သည်။ သူမသည် ဖေ့ဘွတ်တွင် ဖော်လိုဝါ ၉၃၀၀၀ ကျော်ရှိပြီး၊ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ အလွဲသုံးစားပြုမှုများအပေါ် ဝေဖန်မှု ပို့စ်များကို ဖေ့ဘွတ်တွင် တင်ခဲ့သည်။ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုကြောင့် ပစ်မှတ်ထားခံရသည့်အတွက် သူငယ်ချင်းများနှင့် လုပ်ဖော်ကိုင်ဖက်များမှ စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြသည်။ ကွာလာလမ်ပူရဲတပ်ဖွဲ့မှ ဤအမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် မွတ်ဆလင်များအပေါ် အကြမ်းဖက်မှုများ ကြီးထွားလာမှုကြောင့် သူဇာမောင်သည် ၂၀၁၅ တွင် မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ ထွက်ပြေးခဲ့သည်။ သူမ၏မိသားစုဝင်ငါးဦးကို မလေးရှားနိုင်ငံရှိ ဒုက္ခသည်များအဖြစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီမှ အသိအမှတ်ပြုထားသည်။

“နိုင်ငံခြားအစိုးရတွေက ဒီမိသားစုကို ဘယ်မှာထိန်းသိမ်းထားလဲဆိုတာ မြန်မြန်ဖော်ထုတ်ဖို့ မလေးရှားအာဏာပိုင်တွေကို ဖိအားပေးသင့်တယ်” ဟု Pearson က ပြောကြားခဲ့သည်။ “မြန်မာတက်ကြွလှုပ်ရှားသူတွေအနေနဲ့ သူတို့ခိုလှုံရာနိုင်ငံကနေ စစ်ကောင်စီကို ဝေဖန်ရင်တောင် အန္တရာယ်မကင်းဘူးဆိုတာ သေချာတယ်။”

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.

Most Viewed