Skip to main content

အာရှသတင်းဆု အမျိုးအစားအသစ်အတွက် ပူးတွဲဆောင်ရွက်ကြသူများ

ပံ့ပိုးကူညီသူများအဖြစ် ထိုင်းနှင့် ထိုင်ဝမ် စာနယ်ဇင်းအသင်းများမှ အရီဇိုးနားပြည်နယ် တက္ကသိုလ်၊ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်

(ထိုင်း၊) - အာရှဒေသဆိုင်ရာ သတင်းတင်ပြခြင်းအတွက် လူ့အခွင့်အရေးသတင်းဆုများကို စီမံခန့်ခွဲရန် ထိုင်းနှင့် ထိုင်ဝမ် နိုင်င်ငံခြားသတင်းထောက်များ အသင်းများသည် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW, Human Right Watch) နှင့် အရီဇိုးနားပြည်နယ်တက္ကသိုလ် (Arizona State University)ရှိ Walter Cronkite စာနယ်ဇင်းပညာနှင့် လူထုဆက်သွယ်ရေးကျောင်းနှင့် ပူးပေါင်းလိုက်ကြောင်း အဆိုပါအဖွဲ့အစည်းများမှ ယနေ့ ကြေညာသည်။ ဆုများတွင် “Newsrooms in Exile” (ပြည်ပရောက်သတင်းဌာနများ)၏ အကောင်းဆုံးသတင်းရယူနိုင်မှုကို အသိအမှတ်ပြုသည့် ဆုအမျိုးအစားအသစ်တစ်ခုကိုလည်း ထည့်သွင်းထားသည်။

ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဆုအမျိုးအစားအသစ်မှာ အာရှဆိုင်ရာ လူ့အခွင့်အရေး သတင်းတင်ပြခြင်းနှင့် ပတ်သက်ပြီး များပြားလာသော စိန်ခေါ်မှုများနှင့် အမြဲပြောင်းလဲနေသော ဖြစ်ရပ်မှန်များကို ထင်ဟပ်သည်။ မိခင်နိုင်ငံများတွင် ဘေးကင်းစွာ အလုပ်မလုပ်နိုင်သော သတင်းသမားများ အာရှတွင် ပိုမိုများပြားလာသည်။

“ပြည်တွင်းမှာအလုပ်လုပ်ဖို့ မလုံခြုံတော့တဲ့အတွက် ပြည်ပကနေ လူ့အခွင့်အရေးဆိုင်ရာ သတင်းတွေကို အစီရင်ခံတဲ့ ရဲရင့်တဲ့ သတင်းထောက်များစွာကို အသိအမှတ်ပြုဖို့ ‘Newrooms in Exile’ ဆုအမျိုးအစားကို ဖန်တီးထားတာ ဖြစ်ပါတယ်” ဟု HRW ၏ အမှုဆောင်ဒါရိုက်တာ Tirana Hassan က ပြောသည်။ “အမှန်တရားကို ဖော်ထုတ်ရာမှာ သူတို့ရဲ့ အခန်းကဏ္ဍက အမြဲတမ်း ပိုပြီးအရေးကြီးပါတယ်။”

အာရှဆိုင်ရာ လူ့အခွင့်အရေးကိစ္စများတွင် ထူးချွန်သည့် သတင်းတင်ပြမှုများကို လူ့အခွင့်အရေး သတင်းထူးချွန်ဆုများဖြင့် အသိအမှတ်ပြုလေ့ရှိသည်။ ထိုသို့ အသိအမှတ်ပြုလာသည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်ပြီး ထင်ရှားသည့်သမိုင်းကြောင်း ရှိသည်။ ထိုဆုများကို ယခင်က ဟောင်ကောင်နိုင်ငံခြားသတင်းထောက်များအသင်း (FCCHK, Foreign Correspondents’ Club of Hong Kong)မှ စီမံခန့်ခွဲခဲ့သည်။ သို့သော် တရုတ်အစိုးရက ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေးဥပဒေတစ်ရပ်ကို ၂၀၂၂ ဇွန်လတွင် ပြဌာန်းခဲ့ပြီးနောက် ဟောင်ကောင်တွင် မီဒီယာအဖွဲ့ခွဲပေါင်း ကိုးခုထက်မနည်း ပိတ်သိမ်းလိုက်ရပြီးနောက် ဆုများကိုလည်း ဆိုင်းငံ့ထားခဲ့သည်။

HRW နှင့် အရီဇိုးနားပြည်နယ် တက္ကသိုလ်တို့မှ ၂၀၂၂ ဆုပေးပွဲများကို တာဝန်ယူခဲ့ပြီး ထိုင်ဝမ် နိုင်ငံခြားသတင်းထောက်များအသင်း (TFCC, Taiwan Foreign Correspondents’ Club) နှင့် ထိုင်း နိုင်ငံခြားသတင်းထောက်များအသင်း (FCCT, Foreign Correspondents' Club of Thailand) တို့မှ ၂၀၂၃ ဆုပေးပွဲများကို ပူးတွဲစီမံဆောင်ရွက်ရန် ပူးပေါင်းခဲ့ကြသည်။

“ကမ္ဘာတဝှမ်း ထူးချွန်တဲ့ လူ့အခွင့်အရေးဆိုင်ရာ သတင်းတင်ပြမှုတွေကို ဂုဏ်ပြုချီးမြှင့်တဲ့ လူ့အခွင့်အရေးသတင်းဆုတွေ ဖြစ်ပေါ်လာစေတဲ့ လမ်းကြောင်းပေါ် အရောက်လှမ်းနိုင်အောင် ကျနော်တို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းအသစ်တွေက ပံ့ပိုးကူညီပေးပါတယ်” ဟု Cronkite ကျောင်းမှ ဌာနမှူး Battinto L. Batts Jr. မှ ပြောသည်။ “ဒီလိုအရေးကြီးတဲ့ ကြိုးစားအားထုတ်မှုမှာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခွင့်ရတဲ့အတွက် Cronkite ကျောင်းအနေနဲ့ ဂုဏ်ယူပါတယ်။”

လူ့အခွင့်အရေးသတင်းဆုများမှာ လူထု၏ အခြေခံအခွင့်အရေးများကို လေးစားမှု တိုးမြင့်လာစေရန်နှင့် ထိုလွတ်လပ်ခွင့်များအပေါ် ကျရောက်နေသည့် ခြိမ်းခြောက်မှုများကို ကမ္ဘာက အာရုံစိုက်လာစေရန် ရည်ရွယ်သည်။ အာရှတစ်ဝှမ်းမှ ရာနှင့်ချီသော လျှောက်လွှာများကို နှစ်စဉ် လက်ခံရရှိသည်။ လွန်ခဲ့သောနှစ်များတွင် ဆုအမျိုးအစား ၁၆ခု ရှိခဲ့သည်။ သို့သော် ၂၀၂၄ တွင် စီမံခန့်ခွဲရေးအဖွဲ့မှ “Newsrooms in Exile” ဆုအမျိုးအစားအပါအဝင် စုစုပေါင်း ဆုအမျိုးအစား ခုနစ်ခု သတ်မှတ်ထားသည်။

ယခင်ဆုရရှိသူများတွင် ဖိလစ်ပိုင်သတင်းထောက် နိုဘယ်ဆုရှင် Maria Ressaနှင့် မလေးရှားနိုင်ငံဖွား၊ သတင်းထူးဓာတ်ပုံ ပူလစ်ဇာဆုရှင်၊ Los Angeles Times ဓာတ်ပုံသတင်းထောက် Marcus Yam တို့ ပါဝင်သည်။

“၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်ကောင်စီရဲ့ ဖိနှိပ်ချုပ်ချယ်မှုကနေ လွတ်မြောက်အောင် ထွက်ပြေးခဲ့ရတဲ့ ရဲရင့်တဲ့ မြန်မာသတင်းထောက်တွေအတွက် ထိုင်းနိုင်ငံဟာ ရှေ့တန်းဖြစ်တယ်၊ ဒါကြောင့် FCCT အနေနဲ့ အဆိုပါသတင်းထောက်တွေရဲ့ ထူးချွန်တဲ့လုပ်ဆောင်ချက်ကို ဒီဆုတွေနဲ့ အသိအမှတ်ပြုသင့်တယ်” ဟု FCCT ၏ ဥက္ကဋ္ဌ Lisa Martin မှ ဆိုသည်။ “အရှေ့တောင်အာရှတွင် သက်တမ်းအရင့်ဆုံး စာနယ်ဇင်းအသင်းဖြစ်တဲ့ FCCT အနေနဲ့ အရေးကြီးတဲ့ လူ့အခွင့်အရေးသတင်းအချက်အလက်တွေကို ပေးပို့ရာမှာ ကြီးမားတဲ့ စွန့်စားမှုတွေကို ကြံ့ကြံ့ခံခဲ့တဲ့ အာရှဒေသတစ်ဝှမ်းရှိ သတင်းထောက်တွေကို ဂုဏ်ပြုဖို့ ဒီလိုအရေးပါတဲ့ အဖွဲ့မှာ ပါဝင်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။”

နိုင်ငံခြား သတင်းထောက်များအသင်း နှစ်သင်းစလုံးမှာ များပြားလာသည့် ပြည်ပရောက် သတင်းထောက်များအတွက် ခိုလှုံရာအိမ်များ ဖြစ်လာသည်။ “ထိုင်ဝမ်သည် တရုတ်စကားပြောကမ္ဘာနှင့် အရှေ့အာရှဒေသဆိုင်ရာ သတင်းရေးသားဖော်ပြသော သတင်းသမားများအတွက် အရေးပါသော အချက်အချာနေရာတစ်ခုအဖြစ် ပြောင်းလဲလာသည်။ လွတ်လပ်မှု၊ ဘေးကင်းလုံခြုံမှု၊ နိုင်ငံ၏တည်နေရာကြောင့် ထိုင်ဝမ်သည် တရုတ်သတင်းထောက်များစွာနှင့် အာရှဒေသအသီးသီးမှ သတင်းသမားများအတွက် ခိုလှုံရာနေရာတစ်ခုအဖြစ် ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း TFCC ဥက္ကဋ္ဌ Thompson Chau က ပြောကြားခဲ့သည်။ “၂၀၂၃ လူ့အခွင့်အရေး သတင်းဆုပေးပွဲ ကျင်းပဖို့ လေးစားရတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲလုပ်ဆောင်ရတာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။‘Newsrooms in Exile’ဆုအမျိုးအစားအသစ်က အာရှက သတင်းထောက်တွေရဲ့ စိန်ခေါ်မှုတွေကို မီးမောင်းထိုးပြနေပါတယ်။ တရုတ်၊ ဟောင်ကောင်၊ မြန်မာနဲ့ တခြားအာရှဒေသတွေမှာ သတင်းယူနေတဲ့ သတင်းထောက်တော်တော်များများဟာ ပြည်ပကနေ အလုပ်လုပ်ဖို့ ဖိအားပေးခံနေရပါတယ်။”

၂၀၂၄ ဆုရရှိသူများကို World Press Freedom Day ဖြစ်သည့် ၂၀၂၄၊ မေလ ၃ ရက်နေ့တွင် ကြေညာသွားမည်ဖြစ်သည်။

လျှောက်လွှာများကို ဤနေရာတွင် cronkite.submittable.com/submit/281186/human-rights-press-awards-2024 အွန်လိုင်းမှ တင်သွင်းနိုင်သည်။

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.
Region / Country

Most Viewed