(ဘန်ကောက်) - မကြာသေးခင်က အကျဉ်းသားများလွှတ်ပေးခြင်းမှာ မြန်မာစစ်အစိုးရ၏ မဖြစ်စလောက် လုပ်ရပ်သာဖြစ်ပြီး စစ်အစိုးရက လူ့အခွင့်အရေးကို လေးစားလာပြီဖြစ်ကြောင်း သက်သေမဟုတ်ဟု လူအခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ယနေ့ ပြောကြားလိုက်သည်။ အကျဉ်းသားပေါင်း ၁၃၁၆ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး “ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ခြင်းကြောင့်” ထိန်းသိမ်းခံထားရသော အကျဉ်းသားပေါင်း ၄၃၂၀ ၏ အမှုများကို ပလပ်ပေးလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက)က အောက်တိုဘာ ၁၈၊ ၂၀၂၁ ရက်နေ့တွင် ကြေငြာခဲ့သည်။ အကျဉ်းသားများကို မည်သည့်သတ်မှတ်ချက်များဖြင့် လွှတ်ပေးသည်၊ မည်ကဲ့သို့လွှတ်ပေးသည်တို့ကို စစ်အစိုးရက အသေးစိတ်မပြောကြားခဲ့ပေ။
နိုင်ငံရေးအကျဉ်းသားများအားလုံးကို ပြန်လွှတ်ပေးရန် ဆန္ဒပြသူများနှင့် အခြားသူများအပေါ် အလွဲသုံးစားလုပ်ရပ်များကို အဆုံးသတ်ပေးရန်နှင့် ဒီမိုကရေစီအုပ်ချုပ်ရေးကို အမြန်ဆုံးဖော်ဆောင်ပေးရန် စိုးရိမ်ပူပန်သောအစိုးရများက စစ်အစိုးရကို ဖိအားပေးသင့်သည်။
“မတရားဖမ်းဆီးခံထားရတဲ့ အကျဉ်းသားတချို့တလေကို လွှတ်ပေးတာလောက်နဲ့တော့ စစ်အစိုးရရဲ့ တရားလွန်အလွဲသုံးစားအုပ်ချုပ်ရေးက ဘာမှပြောင်းလဲမသွားဘူး”ဟု အာရှဒေသဆိုင်ရာဉပဒေရေးရာအကြံပေး လင်ဒါလက်ခ်ဒီးရ်က ပြောသည်။ “ပြန်လွတ်လာသူတွေထဲကတချို့ကို ချက်ချင်းပြန်ဖမ်းတယ်၊ လူသိများတဲ့နိုင်ငံရေးခေါင်းဆောင်တွေအပါအဝင် အာဏာသိမ်းပြီးကတည်းက မတရားဖမ်းဆီးထားသူအားလုံးကို လွှတ်ပေးသင့်တယ်။ တရားမဲ့ဖမ်းဆီးမှုတွေကိုလည်း ချက်ချင်းဖမ်းသင့်တယ်။”
ပြန်လွတ်လာသူများစာရင်းနှင့် မည်သည့်အကျဉ်းထောင်များမှ လွှတ်ပေးခဲ့သည်ကို စစ်အစိုးရက မဖော်ပြခဲ့ပေ။ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးမှုများ၊ အကျဉ်းချမှုများနှင့် ပြန်လွှတ်ပေးမှုများကို စာရင်းပြုစုသော အဖွဲ့အစည်းဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဂျာနယ်လစ် ၁၄ ယောက် အပါအဝင် ပြန်လွတ်လာသူပေါင်း ၁၈၉ ယောက်ကိုသာ အတည်ပြုနိုင်ခဲ့သည်။ အကျဉ်းထောင်ထဲတွင် ညှင်းပန်နှိပ်စက်မှုများနှင့် မဖွယ်မရာဆက်ဆံမှုများ ခံခဲ့ရကြောင်း ပြန်လွတ်လာသူများမှ ပြောခဲ့သည်။
စစ်အစိုးရ၏ကြေညာချက်အရ အာဏာပိုင်များက“[ကြောက်ခြင်း၊ ထိတ်လန့်ခြင်း] ဖြစ်စေသောကြောင့်” ဟူသည့် ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲခံနေရသူများ၏အမှုများကို ပလပ်ပေးခဲ့သည်ဆိုသော်လည်း ထိုပုဒ်မမှာ စစ်အစိုးရအား ဝေဖန်သူများကို အပြစ်ပေးရန် ထုတ်ပြန်ကြေငြာထားသည့် ရေရေရာရာမရှိသော ဉပဒေသာ ဖြစ်သည်။ သို့သော် အဆိုပါပုဒ်မဖြင့် တရားစွဲဆိုခံထားရသူများမှာ အခြားပုဒ်မများဖြင့်လည်း တရားစွဲခံထားရသဖြင့် အကျဉ်းထောင်များထဲတွင် ဆက်လက်ထိန်းသိမ်းထားခံရဆဲ ဖြစ်သည်။
မိတ္ထီလာမြို့တွင် ပြန်လွှတ်ပေးခဲ့သော အကျဉ်းသား ၃၈ ယောက်အနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမတ်တစ်ဉီးအပါအဝင် ၁၁ ဉီးမှာ ချက်ချင်းပြန်အဖမ်းခံခဲ့ရပြီး မြန်မာပြည်၏အကြမ်းဖက်မှုနှိမ်နင်းရေးဉပဒေပုဒ်များဖြင့် တရားရင်ဆိုင်ရဖွယ် ရှိသည်။ အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပါဝင်မည်မဟုတ်ကြောင်း ခံဝန်ချက်ထိုးမှ ပြန်လွှတ်ပေးခဲ့သဖြင့် အခြေခံလူ့အခွင့်အရေးကို စစ်အစိုးရမှ ချိုးဖောက်ခဲ့သည်။ နောက်တကြိမ် အဖမ်းခံရပါက ပြစ်ဒဏ်ဟောင်းနှင့် ပြစ်ဒဏ်အသစ် ပေါင်းပြီးအပြစ်ပေးမည် ဖြစ်ကြောင်း စစ်အစိုးရ၏ပြောရေးဆိုခွင့်ရှိသူတစ်ဉီးမှ သတိပေးခဲ့သည်။
ဇွန်လတွင် စစ်အစိုးရက အကျဉ်းသား နှစ်ထောင်ကျော်ကို လွှတ်ပေးခဲ့သည်ဆိုသော်လည်း အကျဉ်းသား ၃၇၂ ယောက်သာ လွတ်မြောက်ခဲ့ကြောင်း AAPP က အတည်ပြုနိုင်ခဲ့သည်။
“အာဏာပိုင်တွေက ပွင့်လင်းမြင်သာမှုမရှိတဲ့အပြင် လွတ်လာတဲ့အကျဉ်းသားတွေကို ချက်ချင်း ပြန်ဖမ်းတာတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ပြန်လွှတ်ပေးဖို့ ဖိအားပိုပေးရမယ်”ဟု လက်ခ်ဒီးရ်က ပြောသည်။ “ဇွန်လတုန်းကလိုပဲ တကယ်လွတ်မြောက်လာတဲ့အကျဉ်းသားဉီးရေက သူတို့ပြောတဲ့အရေအတွက်ထက် အများကြီးနည်းနိုင်တယ်။”
အာဏာသိမ်းသည့်နေ့မှ အောက်တိုဘာ ၁၉ ရက်နေ့အထိ ၈လအတွင်း အဖမ်းခံရသူပေါင်း ၉၀၀၀ ကျော် ရှိခဲ့ပြီး ၇၁၀၀ ကျော်မှာ ထိန်းသိမ်းခံရဆဲဖြစ်သည်ဟု AAPP မှ ပြောသည်။ လူ ၂၀၀၀ နီးပါးမှာလည်း စစ်အစိုးရ ဖမ်းဝရမ်းထုတ်ထားသောကြောင့် ပုန်းရှောင်နေကြရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဉီးဝင်းမြင့် သာမက ရွေးကောက်ခံရသော ပါလီမန်အမတ်များနှင့် ဂျာနယ်လစ်များစွာ ထိန်းသိမ်းခံရဆဲဖြစ်သည်။ စစ်အစိုးရက အကျဉ်းသားများ လွှတ်ပေးမည်ဟု ကြေညာသောနေ့တွင်ပင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လူ ၂၄ ယောက်ကို ထပ်မံဖမ်းဆီးခဲ့သည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်မှ ကျူးလွန်ခဲ့သော လူသတ်မှု၊ အဓမ္မဖမ်းဆီးဖျောက်ဖျက်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ မုဒိန်းမှုနှင့် အခြားလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ လွတ်လပ်ခွင့်ကို အကြီးအကျယ်ကန့်သတ်ထားမှုနှင့် အကြီးအကျယ်ဒုက္ခရောက်စေသော လူမဆန်သည့်အမှုများမှာ လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ် ရာဇဝတ်မှုများကျူးလွန်ရာရောက်သည်။ အကျဉ်းထောင်ထဲတွင် ညှင်းပန်းနှိပ်စက်မှုများနှင့် မဖွယ်မရာပြုမှုများကို ခံခဲ့ရကြောင်း ပြန်လွတ်လာသူများမှ ပြောကြားခဲ့သည်။ ရိုက်နှက်ခြင်း၊ သေနတ်နှင့်ချိန် မောင်းဖြုတ်ပြီး သေဒဏ်ပေးဟန်ပြုခြင်း၊ ဆေးလိပ်မီးနှင့်တို့ခြင်းနှင့် အဓမ္မပြုမည်ဟု ခြိမ်းခြောက်ခြင်း အပါအဝင် နည်းမျိုးစုံဖြင့် ညှင်းပန်းနှိပ်စက်ခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များလက်ချက်ဖြင့် အနည်းဆုံး ၁၁၈၁ ယောက် သေဆုံးခဲ့ရပြီး အချို့မှာ ထိန်းသိမ်းခံရစဉ် သေဆုံးခြင်း ဖြစ်သည်။
စိုးရိမ်ပူပန်သောအစိုးရများအနေဖြင့် ပိုမိုတင်းကြပ်သော စီးပွားရေးပိတ်ဆို့မှုများဖြင့် စစ်တပ်ခေါင်းဆောင်များနှင့် ၄င်းတို့၏စီးပွားရေးလုပ်ငန်းများကို ဒဏ်ခတ်ရမည် ဖြစ်ပြီး နိုင်ငံခြားဘဏ်များတွင် ထည့်ထားသော စစ်တပ်၏နိုင်ငံခြားဝင်ငွေအရင်းအမြစ်များကို ဖြတ်တောက်ရမည်။ မြန်မာနိုင်ငံသို့ မည်သည့်နိုင်ငံကမှ လက်နက်တင်ပို့ခြင်းမပြုနိုင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးယူရမည်။
“ဒီလောက် အကျဉ်းသားလွှတ်ပေးတာလေးနဲ့တော့ စစ်အစိုးရ လုပ်ပုံကိုင်ပုံပြောင်းလာတယ်လို့ အခြားအစိုးရတွေက မယူဆသင့်ဘူး”ဟု လက်ခ်ဒီးရ်က ပြောသည်။ “စစ်အစိုးရနဲ့ဗိုလ်ချုပ်တွေကို ဒဏ်ခတ်ဖို့ အရှိန်တက်နေတဲ့ နိုင်ငံတကာဖိအားကို လျော့သွားအောင် အကျဉ်းသားတွေ လွှတ်ပေးတယ်ဆိုပြီး မလောက်လေးမလောက်စား ထလုပ်တာ။”