Skip to main content

မြန်မာ – ပေါက်ကွဲနှုန်းမြင့်သော အဆင့်မြင့်ဗုံးဖြင့် တိုက်ခိုက်မှုမှာ စစ်ရာဇ၀တ်မှု မြောက်နိုင်

သာမိုဘားရစ် (Thermobaric) ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် လူ ၁၆၀ ကျော် သေဆုံး

Members of the Myanmar military stand atop trucks loaded with missiles during a parade to commemorate Myanmar's 77th Armed Forces Day in Naypyitaw, Myanmar, March 27, 2022. © 2022 AP Photo/Aung Shine Oo

(ဆစ်ဒနီ၊ မေလ ၉ ရက်၊ ၂၀၂၃) - စစ်ကိုင်းဒေသကြီးရှိ စစ်အစိုးရဆန့်ကျင့်ရေးရုံးတစ်ရုံးကို မြန်မာစစ်တပ်မှ ဧပြီလ ၁၁ ရက်နေ့ ၂၀၂၃ တွင် သာမိုဘားရစ်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် လူ ၁၆၀ ကျော် သေဆုံးခဲ့သည်ဟု လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) မှ ယနေ့ ပြောကြားသည်။

အညာဒေသရှိ ပဇီကြီးရွာကို “ပေါက်ကွဲနှုန်းမြင့်သော အဆင့်မြင့်ဗုံး (enhanced-blast type munition)” ဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းမှာ အရပ်သား လက်နက်ကိုင် မခွဲခြားသော တိုက်ခိုက်မှုဖြစ်ပြီး အရပ်သားသေဆုံးမှု အဆမတန်များပြားသောကြောင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်သည်။ ပြစ်ဒဏ်ကင်းမဲ့စွာ ညှင်းပန်းနှိပ်စက်မှုများ ပြင်းပြင်းထန်ထန် ကျူးလွန်နေသော မြန်မာစစ်တပ်ဆီ ထောက်ပံ့ငွေ၊ လက်နက်နှင့် လေကြောင်းလောင်စာဆီများ မရောက်အောင် နိုင်ငံခြားအစိုးရများအနေဖြင့် တားဆီးရမည်။

“အရပ်သားတွေ အပြည့်ရှိတဲ့ နေရာကို အသေအပျောက် အများဆုံးဖြစ်အောင် တီထွင်ထားတဲ့ လက်နက်နဲ့ တိုက်ခိုက်တာဟာ မြန်မာစစ်တပ်အနေနဲ့ ဘယ်သူဘာပြောပြော လူ့အသက်ကို ဂရုမစိုက်ဘူးဆိုတာ ပြနေတာပဲ” ဟု HRW မှ အာရှဒါရိုက်တာ Elaine Pearson က ပြောသည်။ “နောက်ထပ်ရက်စက်မှုတွေ ဖြစ်မလာအောင် နိုင်ငံခြားအစိုးရတွေအနေနဲ့ စစ်အစိုးရရဲ့ ရန်ပုံငွေ၊ လက်နက်တွေနဲ့ လေယာဉ်လောင်စာဆီ လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ လိုတယ်။”

မြန်မာသင်္ကြန်မတိုင်ခင် ဧပြီလ ၁၁ ရက်နေ့တွင် ကန့်ဘလူမြို့နယ်မှ ဒေသခံ ၃၀၀ ခန့်သည် အတိုက်အခံအုပ်ချုပ်ရေးရုံး ဖွင့်ပွဲကို တက်ရောက်ခဲ့ကြသည်။ နံနက် ၇ နာရီခွဲခန့်တွင် စစ်တပ်ဂျက်လေယာဉ်တစ်စင်း ခေါင်းပေါ်မှ ပျံသွားပြီး ထိုအဆောက်အအုံပေါ်သို့ အနည်းဆုံးဗုံးတစ်လုံးကြဲခဲ့ရာ အဆောက်အအုံတစ်ဝိုက်တွင် စုဝေးနေသော လူအုပ်ကြားတွင် ပေါက်ကွဲခဲ့သည်ဟု မျက်မြင်သက်သေ နှစ်ဦးက HRW ကို ပြောခဲ့သည်။ မိနစ်ပိုင်းအတွင်း စစ်ရဟတ်ယာဉ်တစ်စီး ထပ်ရောက်လာပြီး ထွက်ပြေးရန် ကြိုးစားနေသော လူအုပ်ထဲသို့ အမြောက်၊ လက်ပစ်ဗုံးနှင့် ဒုံးကျည်များ ပစ်ခတ်ခဲ့သည်ဟု မျက်မြင်သက်သေတစ်ဦးက ပြောသည်။

စစ်အစိုးရဆန့်ကျင်ရေး ပြည်သူ့စစ်အဖွဲ့ဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဝင်များလည်း ထိုဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြောင်း ပဇီကြီးရွာခံ တစ်ဦးက ပြောသည်။ အခွန်ကောက်ခံခြင်း၊ မြို့နယ်အစည်းအဝေးများနှင့် တရားစီရင်ရေးလုပ်ငန်းစဉ်များ ကဲ့သို့သော အရပ်ဖက်အသုံးပြုမှုများအတွက် ထိုရုံးကို ဆောက်ခဲ့ခြင်းဖြစ်သည်။ PDF အဖွဲ့မ​ှ ကုန်ပစ္စည်းများ၊ ရန်ပုံငွေများနှင့် ဆေးဝါးများသာမက လက်နက်ခဲယမ်းအချို့ကိုပါ ထိုရုံးတွင် သိုလှောင်ထားကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောသည်။

“အခမ်းအနားအစီအစဉ်အရ အစည်းအဝေးတွေ၊ ဖျော်ဖြေမှုတွေနဲ့ ဆုပေးပွဲတွေ ပါတယ်” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။ “လုံခြုံရေးအတွက် ကင်းထောက်တွေနဲ့ အစောင့်အကြပ်တွေ အများကြီးရှိပေမယ့် သူတို့က စစ်ယာဉ်တန်းတွေ လမ်းပေါ်က လာမလားလို့သာ စိတ်ပူနေကြတာ၊ လေကြောင်းက တိုက်ခိုက်လာမယ်လို့ မျှော်လင့်မထားတော့ အငိုက်မိသွားတယ်။” အဆိုပါတိုက်ခိုက်မှုတွင် သူ့မိသားစုဝင်အချို့ သေဆုံးခဲ့ရာ ကလေးတစ်ဦးလည်း ပါဝင်ကြောင်း ထိုမျက်မြင်သက်သေက ပြောကြားခဲ့သည်။

“ကျွန်တော်က အဲဒီကို စောရောက်နေတာ၊ လေယာဉ်ဗုံးကြဲတော့ ကျွန်တော်က အဆောက်အအုံအပြင်ဘက်မှာ ရပ်နေတာကြောင့် အကာအကွယ်ယူဖို့ အခွင့်အရေးရခဲ့တယ်” ဟု ဒုတိယမျက်မြင်သက်သေတစ်ဦးက ပြောကြားခဲ့သည်။ အဆောက်အဦအနီး ဗုံးပေါက်ကွဲချိန်တွင် ကတုတ်ကျင်းထဲသို့ ခုန်ချခဲ့ကြောင်း သူက ပြောသည်။ “[ဂျက်လေယာဉ်] ပထမဆုံး ဗုံးကြဲတော့ ရုံးထဲရှိနေတဲ့လူအားလုံး သေပြီး ရုံးလည်း ပျက်စီးသွားတယ်။ နောက်ထပ်ရောက်လာတဲ့ ဟယ်လီကော်ပတာက အနီးက တောအုပ်ထဲ အသက်လုပြေးနေတဲ့ လူတွေနောက်လိုက်ပြီး ပစ်ခတ်သတ်ဖြတ်ခဲ့တာ။”

တိုက်ခိုက်မှုကြောင့် သေဆုံးသူများ၏ ရုပ်အလောင်း ဓာတ်ပုံ ၅၉ ပုံနှင့် ဗီဒီယိုတစ်ခုကို HRW မှ လေ့လာသုံးသပ်ခဲ့ပြီးနောက် ပထမတိုက်ခိုက်မှုမှာ လေယာဉ်ဖြင့် ကြဲချရသည့် “ပေါက်ကွဲနှုန်းမြင့်သော အဆင့်မြင့်ဗုံး”ကြီးတစ်လုံးကို အသုံးပြုခဲ့ကြောင်း ကောက်ချက်ချခဲ့သည်။ ထိုလက်နက်မျိုးကို “သာမိုဘားရစ်” သို့မဟုတ် “ဓာတ်ငွေ့-တိမ်လုံး ဖောက်ခွဲရေးပစ္စည်း (vapour-cloud explosive)” ဟု ခေါ်သည်။ ပေါက်ကွဲနှုန်းမြင့်သော အဆင့်မြင့်ဗုံးများကို နည်းလမ်းမျိုးစုံအသုံးပြုနိုင်သော်လည်း ယေဘုယျအားဖြင့် ထိုလက်နက်များမှာ အခြေခံသဘောတရား တူညီသည်။ ပေါက်ကွဲနိုင်သောပစ္စည်းတစ်ခုကို ဓာတ်ငွေ့တိမ်လုံးအဖြစ် ပြန့်နှံ့သွားစေပြီး ထိုဓာတ်ငွေ့တိမ်လုံးမှာ လေထုထဲရှိအောက်စီဂျင်ကို လောင်စာအဖြစ် အသုံးပြုသည်။ ပေါက်ကွဲမှုအတိုင်းအတာနှင့် အပူဒဏ်ကြောင့် အဆောက်အအုံပျက်စီးမှု၊ သေဆုံးသူများနှင့် ဒဏ်ရာရသူများတွင် တွေ့ရသော ပြင်းထန်သော မီးလောင်ဒဏ်ရာများနှင့် ဒဏ်ရာရထားသော တစ်ရှူးပေျာ့များ၊ အရည်ပျော်လုနီး ဒဏ်ရာများမှာ သာမန်ဒဏ်ရာရပုံနှင့်မတူဘဲ ထူးခြားနေသည်။

ပေါက်ကွဲနှုန်းမြင့်သော အဆင့်မြင့်လက်နက်များမှာ အရွယ်အစားတူ သမားရိုးကျလက်နက်များထက် ပိုမိုအားကောင်းပြီး ကျယ်ပြန့်သော နေရာများတွင်ပင် အကြီးအကျယ် ပျက်စီးစေနိုင်သောကြောင့် လူနေထူထပ်သော နေရာများတွင် အသုံးပြုပါက အရပ်သားစစ်သားမခွဲခြားဘဲ သေစေနိုင်သည်ဟု HRW က ဆိုသည်။

အွန်လိုင်းတွင် တင်ထားသော လက်နက်အစအနများ၏ ဓာတ်ပုံရှစ်ပုံနှင့် ဗီဒီယိုနှစ်ခုနှင့် ဧပြီလ ၁၄ ရက်၊ သတင်းစာရှင်းလင်းပွဲတွင် အတိုက်အခံ အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ (NUG) မှ တင်ပြသော အထောက်အထားများကို HRW မှ ပြန်လည်သုံးသပ်ခဲ့သည်။ HRW အနေဖြင့် လက်နက်အစအနများကို မည်သည့်လက်နက်က ဖြစ်သည်ဟု အတိအကျ မပြောနိုင်ပေ။ သို့ရာတွင် အချို့လက်နက်အစအနများမှာ Mi-35 အမျိုးအစား စစ်ဟယ်လီကော်ပတာတွင် သုံးသည့် လက်နက်ခဲယမ်းများ ဖြစ်သည်ဟု ယူဆနိုင်သည်။

ဧပြီလ ၁၁ ရက်နေ့ ညနေပိုင်းတွင် နိုင်ငံပိုင်မီဒီယာမှ မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း ကြေညာခဲ့သည်။ စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက PDF များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ ဖောက်ခွဲရေးပစ္စည်းများနှင့် မြေမြှုပ်မိုင်းများ သိုလှောင်ထားသော နေရာဖြစ်သောကြောင့် ပေါက်ကွဲမှုဖြစ်ပြီး အသေအပျောက်များရခြင်း ဖြစ်သည်ဟု ဆိုသည်။

သေဆုံးသူအများစုမှာ ပဇီကြီးရွာမှ အရပ်သားများဖြစ်ပြီး ကလေး ၄၀ ကျော် ပါဝင်သည်။ သေဆုံးသူများတွင် အသက်အငယ်ဆုံးမှာ ၆ လအရွယ်ဖြစ်ပြီး အသက်အကြီးဆုံးမှာ ၇၆ နှစ်ဖြစ်သည်။ မေလ ၅ ရက်နေ့တွင် သေဆုံးသူမှာ ၁၆၈ ယောက်ရှိပြီဟု NUG က ဆိုသည်။ ထိုသေဆုံးသူအရေအတွက် HRW မှ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

မြန်မာပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများနှင့်လည်း အကျုံးဝင်သော အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေအရ တိုက်ပွဲဝင်တပ်ဖွဲ့ဝင်များအားလုံးအနေနှင့် တိုက်ခိုက်ရေးသမားများနှင့် အရပ်သားများကို ခွဲခြားရန် လိုအပ်ပြီး စစ်ဘက်ဆိုင်ရာ ရည်ရွယ်ချက်ဖြင့်သာ တိုက်ခိုက်ရေးပစ်မှတ်များကို သတ်မှတ်ရမည်၊ အရပ်သား သို့မဟုတ် အရပ်ဖက်ပစ်မှတ်ထားခြင်းကို ရှောင်ကြဉ်ရမည်။ တိုက်ပွဲဝင် နှစ်ဖက်စလုံးအနေဖြင့် အရပ်သားများ၏အသက်နှင့် စည်းစိမ်ဥစ္စာများ ဆုံးရှုံးခြင်းမဖြစ်စေရန် အတတ်နိုင်ဆုံး ရှောင်ကျဉ်ရမည်၊ လျော့ချရမည်။ အခြေအနေပေးလျှင် ပေးသလို တိုက်ပွဲဖြစ်ပွားနိုင်ကြောင်း ကြိုတင်သတိပေးရမည်။

အရပ်သား စစ်သားမခွဲခြားဘဲ တိုက်ခိုက်ခြင်းကို စစ်ပွဲဥပဒေများမှ တားမြစ်ထားသည်။ အရပ်သားများ၏အသက်ဆုံးရှုံးခြင်းနှင့် စည်းစိမ်ဥစ္စာများ ပျက်စီးခြင်းကို လျှော့ချရန် မဖြစ်နိုင်သည့် တိုက်ခိုက်ရေး နည်းလမ်းများကို ကန့်သတ်ထားသည်။ ခိုင်မာသော စစ်ရေးအသာစီးရမှု ရှိနိုင်သော်လည်း အရပ်သား အသေအပျောက် အဆမတန် များပြားနိုင်ပါက ထိုတိုက်ခိုက်မှုများကို တားမြစ်ထားသည်။

တိုက်ပွဲဝင်များနှင့် လက်နက်ခဲယမ်းများ ရှိနေခြင်းကြောင့် ပဇီကြီးရွာ အတိုက်အခံရုံးမှာ စစ်တပ်၏တရားဝင်ပစ်မှတ်တစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ သို့ရာတွင် ပေါက်ကွဲနှုန်းမြင့်သော အဆင့်မြင့်လက်နက်ကို အသုံးပြုခြင်းမှာ စစ်သား အရပ်သား မခွဲခြားနိုင်သောကြောင့် တရားဝင်ခြင်းမရှိသည့်အပြင် အရပ်သားများပြည့်နေသောနေရာတွင် ထိုလက်နက်ကို အသုံးပြုခဲ့ခြင်းကြောင့် အရပ်သားများ၏အသက်ဆုံးရှုံးခြင်းကို အတတ်နိုင်ဆုံး လျှော့ချရန် မဖြစ်နိုင်ခဲ့ပေ။ ထို့အပြင် ကနဦးတိုက်ခိုက်ခဲ့ပြီးနောက် ထွက်ပြေးနေကြသော ရာနှင့်ချီသော အရပ်သားများကို ဆက်လက်တိုက်ခိုက်ခြင်းမှာ အရပ်သား အသေအပျောက် အဆမတန် များပြားစေသည့် တရားမဝင် တိုက်ခိုက်ခြင်း ဖြစ်ပြီး အရပ်သားများကို တမင်သက်သက် ပစ်မှတ်ထားခြင်း ဖြစ်နိုင်သည်။

နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ရာဇဝတ်မှု ကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် - တမင်တကာ ဖြစ်စေ၊ မဆင်မခြင် ဖြစ်စေ - အပြင်းအထန် ချိုးဖောက်ခြင်းများကို စစ်ရာဇဝတ်မှုများဟု သတ်မှတ်သည်။ အရပ်သားများအပေါ် တမင်တကာ တိုက်ခိုက်ခြင်း၊ အရပ်သား စစ်သား မခွဲခြားဘဲ တိုက်ခိုက်ခြင်းနှင့် အရပ်သား အသေအပျောက် အဆမတန် များပြားစေသည့် တိုက်ခိုက်ခြင်းများ အပြင် အခြားရာဇဝတ်မှု မြောက်များစွာကို စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်သည်။ စစ်ရာဇဝတ်မှု ကျူးလွန်ရန် ကြိုးပမ်းခြင်း၊ အကူအညီပေးခြင်း၊ အဆင်ပြေအောင် ဆောင်ရွက်ပေးခြင်း၊ ထောက်ပံ့ခြင်း၊ အားပေးခြင်းများ ပြုလုပ်သူ မည်သူမဆို ရာဇဝတ်မှုဖြင့် အပြစ်ပေးခံရနိုင်သည်။ တပ်မှူးများအနေဖြင့် မိမိတပ်ဖွဲ့ဝင်များမှ ညှင်းပန်းနှိပ်စက်မှုများ ကျူးလွန်နေသည်ကို သိရမည် သို့မဟုတ် သိသင့်သည်။ သင့်လျော်သော အရေးယူခြင်းမရှိပါက အမိန့်ပေးသူတွင် တာဝန်ရှိသောကြောင့် စစ်ရာဇဝတ်မှုဖြင့် အပြစ်ပေးခံရနိုင်သည်။

ဧပြီ ၁၀ ရက် ချင်းပြည်နယ်တွင် လေကြောင်းတိုက်မှုကြောင့် အရပ်သား ၉ ဦးသေဆုံးမှုနှင့် ပဲခူးတိုင်းတွင် မေ ၂ ရက် အရပ်သား ၃ ဦးသေဆုံးမှုတို့အပါအဝင် မကြာသေးမီက တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး မြန်မာစစ်တပ်မှ စစ်ပွဲဥပဒေ ချိုးဖောက်မှုများအတွက် တာဝန်ရှိနိုင်သည်။ ဧပြီ ၂၁ ရက်နေ့တွင် စစ်တပ်၏ဝေဟင်မြေပြင်စစ်ဆင်ရေးများကြောင့် ဂျပန်မှ ထောက်ပံ့ထားသော ဆေးရုံတစ်ရုံ မီးလောင်ခဲ့သည်။ မတ်လအတွင်းတွင်လည်း ရှမ်းပြည်နယ်ရှိ မြို့တစ်မြို့ကို စစ်တပ်မှ သိမ်းပြီးနောက် လူ ၂၂ ဦး ဥပဒေမဲ့ကွပ်မျက်ခံခဲ့ရသည်။ ထိုသူများမှအချို့မှာ ညှင်းပန်းနှိပ်စက်ခံရသော ဒဏ်ရာများကို တွေ့ရသည်။

မေလ ၉ ရက်မှ ၁၁ ရက်အထိ အင်ဒိုးနီးရှားတွင် ကျင်းပမည့် အာဆီယံအစည်းအဝေးတွင် စစ်တပ်၏ ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်နိုင်ရန် ပိုမိုခိုင်မာသော ဆောင်ရွက်မှုများ ပြုလုပ်ရန်နှင့် ပြုပြင်ပြောင်းလဲရေးအတွက် စစ်အစိုးရကို ဖိအားပေးရန် အာဆီယံအနေနှင့် ထောက်ခံကြောင်း ပြသသင့်သည်။

ကုသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် (ဒီဇင်ဘာ)နှင့် အစီရင်ခံစာ (မတ်လ)တို့ကို ပြန်လည်သုံးသပ်ပြီး စစ်တပ်၏ နောက်ထပ်ကျူးလွန်မှုများကို ဟန့်တားနိုင်သော ဆုံးဖြတ်ချက်အသစ်ကို ချမှတ်နိုင်ရန် အရေးတကြီး ဆွေးနွေးသင့်သည်။ မြန်မာအမှုကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးသို့ လွှဲပေးသင့်ပြီး စစ်အစိုးရခေါင်းဆောင်များနှင့် စစ်တပ်ပိုင်ကုမ္ပဏီများကို ပစ်မှတ်ထားအရေးယူပိတ်ဆို့မှုများ ချမှတ်သင့်သည်။

“လက်နက်နဲ့ ပစ္စည်းတွေ ဝယ်ချင်းတိုင်းဝယ်လို့ရနေတာကို အားကိုးပြီး မြန်မာစစ်အစိုးရက ရက်စက်တဲ့စစ်ဆင်ရေးတွေ လုပ်နေတာ” ဟု Pearson က ပြောသည်။ “အာဆီယံရော၊ ကုသမဂ္ဂလုံခြုံရေးကောင်စီကပါ မြန်မာစစ်အစိုးရကို ကိုင်တွယ်ရာမှာ မထိရောက်တဲ့ နည်းလမ်းတွေကို ပြန်လည်သုံးသပ်ပြီး ပိုပြီးပြင်းပြင်းထန်ထန် အရေးယူသင့်တယ်။”

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.

Most Viewed