Skip to main content
Donate Now

ဂျပန်အနေဖြင့် မြန်မာ့ရဲတပ်ဖွဲ့သို့ ငွေကြေးထောက်ပံ့ခြင်း အဆုံးသတ်ပါ

စစ်တပ်ထိန်းချုပ်အဖွဲ့အစည်းအားလုံးသို့ အကူအညီပေးအပ်ခြင်း ရပ်ဆိုင်းပါ

Myanmar border guard police officers walk along a path in Tin May village in northern Rakhine State, Myanmar, July 14, 2017. © 2017 AP Photo

(တိုကျို၊ ဇူလိုင် ၂၃၊ ၂၀၂၀) – မော်တော်ယာဉ်များနှင့်ဆက်သွယ်ရေးပစ္စည်းများ ဝယ်ယူရန်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား ငွေကြေးလှုဒါန်းမည့် အစီအစဉ်ကိုဂျပန်အစိုးရအနေဖြင့် ချက်ခြင်းဖျက်သိမ်း သင့်ကြောင်း Human Rights Watch မှ ဒီကနေ့ ပြောကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဟာ အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာရှိမနေဘဲ စစ်တပ်ရဲ့ ထိန်းချုပ်ထောက်ပံ့မှုနဲ့ လည်ပတ်နေတာ ဖြစ်ပြီး ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတွေ ခိုင်ခိုင်လုံလုံ ရှိနေတာ ဖြစ်ပါတယ်။

မော်တော်ယာဉ်တွေ နဲ့ ကြိုးမဲ့ဆက်သွယ်ရေးပစ္စည်းတွေ ဝယ်ယူဖို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဂျပန်ယွမ်ငွေသန်း၁၀၀ (ဒေါ်လာ ၉ ၃၀,၀၀၀) လှုဒါန်းမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၀ ဇူလိုင်လ ၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးက ယခုလိုလှူဒါန်းမှုဟာ ပြည်သူ့လူခြုံရေးကိစ္စတွေကို ဆောင်ရွက်ရာမှာ မြန်မာရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ကြောင်း၊ လူမှုတည်ငြိမ်မှုကို ဖန်တီးပေးနိုင်မှာဖြစ်ကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုး ကူညီ ပေးနိုင်မှာဖြစ်ကြောင်း ဆိုပါတယ်။

Human Rights Watch အဖွဲ့ရဲ့ အာရှဒေသ ဒါရိုက်တာဖြစ်သူ Brad Adams က “ဂျပန်အစိုးရက ရဲတပ်ဖွဲ့ကို ငွေကြေးထောက်ပံ့ပြီး ဘာကြောင့်များ ဆိုးသွမ်းတဲ့ မြန်မာ့လုံခြုံရေးအဖွဲ့အစည်းနဲ့ ပလဲနံသင့် ဖြစ်ဖို့ ကြိုးစားချင်ရတာလဲဆိုတာ မတွေးတတ်အောင်ပဲ၊ မြန်မာ့ရဲတပ်ဖွဲ့ကို ကူညီထောက်ပံ့မယ့်အစား အခြားလှုဒါန်းမည့်အစိုးရအဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး မြန်မာ့လုံခြုံရေးတပ်ဖွဲ့ကို တာဝန်ခံမှု တာဝန်ယူမှု ရှိလာစေခြင်းအားဖြင့် လူမျိုးစုလိုက်ရှင်းလင်းမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဒဏ်ခံစားခဲ့ရတဲ့ ပြည်သူတွေကို ဂျပန်အစိုးရအနေန့ ကူညီပေးသင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

မြန်မာ့စစ်အုပ်ချုပ်ရေး နှစ် ၅၀ ကျော်ကာလမှာ မြန်မာရဲတပ်ဖွဲ့က ဖိနှိပ်ရေးဒေါက်တိုင်တစ်ခုအနေနဲ့ အသုံးတော်ခံခဲ့ပါတယ်။ အစိုးရနဲ့ ဆန့်ကျင်သဘောထားကွဲလွဲသူများစွာနဲ့ ကျောင်းသားများစွာကို ထင်တိုင်းကြဲဖမ်းဆီး ညှဉ်းပမ်းနှိပ်စက်ပြီး တိုင်းပြည်အတွင်း အကြောက်တရား လွှမ်းမိုးနေအောင် ရဲတပ်ဖွဲ့က ဖန်တီးလုပ်ဆောင်ခဲ့တယ်လို့ Human Rights Watch အဖွဲ့က ဆိုပါတယ်။ စစ်တပ်က ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဉပဒေအရ ရဲတပ်ဖွဲ့ကို စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေစေခြင်းကြောင့်လည်း ရဲတပ်ဖွဲ့ဟာ ဆိုးသွမ်းနေဆဲဖြစ်ပြီး အရပ်သားအစိုးရရဲ့ အထိန်းအကွပ်အောက်မှာ ရှိမနေသေးပါ။ ရဲတပ်ဖွဲ့က ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အုပ်ချုပ်မှုအောက်မှာ လည်ပတ်နေတာဖြစ်ပြီးဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထဲရေးဝန်ကြီးဟာ တာဝန်ထမ်းဆောင်ဆဲ တပ်မတော်အရာရှိတစ်ဦးဖြစ်ရန်လိုအပ်ပြီး၊ ဝန်ကြီးဌာနအနေနဲ့လည်း တပ်မတော်ရဲ့ထိန်းချုပ်မှု အောက်မှာပဲ လည်ပတ်ရမည်လို့ဆိုထားပါတယ်။

မကြာသေးမီနှစ်များအတွင်းက မြန်မာရဲတပ်ဖွဲ့ဟာ စစ်တပ်နဲ့အတူစစ်ဆင်ရေးတွေ ပူးတွဲ

ဆောင်ရွက်ခဲ့ပါသေးတယ်။ ၂၀၁၂, ၂၀၁၆, ၂၀၁၇ ခုနှစ်တွေမှာ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာလူမျိုးတွေ အပေါ် ကျူးလွန်ခဲ့တဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု အပါအဝင် ဆိုးရွားရက်စက်တဲ့ လုပ်ရပ်တွေကို ရဲတပ်ဖွဲ့က လုပ်ဆောင်ခဲ့ပါတယ်။ မြန်မာရဲတပ်ဖွဲ့၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ လုံခြံရေး ရဲတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးတွေမှာ စစ်တပ်နဲ့အတူ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ အဲ့ဒီစစ်ဆင်ရေးတွေကြောင့် လူအစုလိုက် သတ်ဖြတ်တာတွေ၊ အဓမ္ဓကျင့်တာတွေနဲ့ ကျေးရွာတွေ မီးရှို့ဖျက်ဆီးတာ‌တွေ ဖြစ်စေခဲ့တာပါပဲ။ ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေ သတ်ဖြတ်ခံခဲ့ရတဲ့ တူလာတိုလီနဲ့ ဂူတာပြင် လူအစုလိုက် သတ်ဖြတ်မှု ဖြစ်ရပ်များအပါအဝင် ၂၀၁၇ ခုနှစ် ဩဂုတ်လနဲ့ စက်တင်ဘာ လတွေအတွင်းက အဆိုးရွား ဆုံးဖြစ်ရပ်တွေမှာ ရဲတပ်ဖွဲ့ပါဝင်ခဲ့ကြောင်း မှတ်တမ်းရှိခဲ့ပါတယ်။

အုပ်စုဖွဲ့အဓမ္မပြုကျင့်မှုတွေ အပါအဝင် ရိုဟင်ဂျာအမျိုးသမီတွေနဲ့ မိန်းမငယ်လေးတွေကို အဓမ္မပြုကျင့် တာတွေ၊ ကလေးမိခင်တွေ ဖမ်းဆီးအဓမ္မပြုကျင့်စဉ်မှာ သူတို့ရဲ့ကလေးတွေကို သတ်ဖြတ်တာတွေမှာ ရဲတပ်ဖွဲ့က ပါဝင်ကျူးလွန်ခဲ့ပါတယ်။ “ကျွန်မကို ရဲသား ဘယ်နှယောက်က အဓမ္မ ပြုကျင့်ခဲ့ လဲဆိုတာတောင် မသိတော့ပါဘူး၊ အဲ့ဒီအချိန်မှာ ကျွန်မအတွက် အရေးလည်းမပါတော့ဘူး။ ကျွန်မမှတ်မိတာက ကျွန်မကလေးတွေကို သူတို့ခေါ်ဖို့လုပ်ကြတယ်။ သားလေးကို ကုတင်အောက်ကနေ အတင်းဆွဲ ခေါ်သွားတာပါ၊ ကလေးတွေကို ကာကွယ်ဖို့ ကျွန်မ အတင်းအော်ခဲ့ပါတယ်၊ ကျွန်မသားလေးကို ထပ်မတွေ့ရ တော့ပါဘူး” လို့ ရသေ့တောင်မြို့နယ်၊ စေတီပြင်က အမျိုးသမီးတစ်ယောက်က ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်ကို ပြောပြခဲ့ပါတယ်။ ကျေးရွာအများစုမှာလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ က အမျိုးသမီးတွေနဲ့ မိန်းမငယ်လေးတွေကို အတင်းအဓမ္မ ဖမ်းဆီးပြီး စစ်တပ်နဲ့ ရဲစခန်းတွေအတွင်းကို ခေါ် ဆောင်ပြီး အုပ်စုဖွဲ့အဓမ္မပြုကျင့်တာတွေ လုပ်ခဲ့ကြပါတယ်။

ရိုဟင်ဂျာတွေ ပြည်နယ်တွင်း လွတ်လပ်စွာသွားလာခွင့်ကို အကြီးအကျယ်ချိုးဖောက်ရာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်တဲ့ ရခိုင်ပြည်နယ်တွင်း စစ်ဆေးရေးဂိတ် အများစုကို ရဲတပ်ဖွဲ့က တာဝန် ယူဆောင်ရွက်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေဟာ အဲ့ဒီစစ်ဆေးရေးဂိတ်တွေမှာ စနစ်တကျငွေညှစ်တောင်းခံ တာတွေကို အကြီးအကျယ်လုပ်ဆောင်ပြီး ကိုယ်ထိလက်ရောက်မဖွယ်မရာပြုကျင့်မှုတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ ဒါတွေကပဲ ရိုဟင်ဂျာတွေအပေါ် တစ်ဖက်သတ်ထင်တိုင်းကြဲပြီး ထိန်းသိမ်းရေးစခန်းတွေနဲ့ ကျေးရွာတွေမှာအကျဉ်းကျနေစေခြင်းကို အားဖြည့်နေတာပါ။ ထင်တိုင်းကျဲအကျဉ်းချထားခံရတဲ့ ရိုဟင်ဂျာတွေအပေါ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ အပါအဝင် ရဲတပ်ဖွဲ့က ကျူးလွန်တဲ့ ညှဉ်းပမ်းနှိပ်စက်မှုတွေကို Human Rights Watch နဲ့ အခြားအဖွဲ့တွေက မှတ်တမ်းပြုစုထားပါတယ်။

မြန်မာရဲတပ်ဖွဲ့က ဝေဖန်မှုတွေနဲ့ ဆန္ဒပြတောင်းဆိုမှုတွေကို ထင်တိုင်းကြဲဖမ်းဆီးတာတွေ မလိုအပ်ဘဲ အင်းအားအလွန်အကျွံသုံးပြီး တုန့်ပြန်တာတွေကို လုပ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်က အင်ဒင်ကျေးရွာမှာ ရိုဟင်ဂျာ ၁၀ ဦး အစုလိုက်သတ်ဖြတ်ခံရမှုအပေါ် Reuters သတင်းဌာနက စုံစမ်းထောက်လှမ်း သတင်း ရေးသားရာ မြန်မာရဲတပ်ဖွဲ့က သတင်းသမားနှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ပါတယ်။ စစ်တပ်ရဲ့ အမိန့်နဲ့ ကျေးရွာတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာမှာ လုံခြုံရေးတပ်ဖွဲ့တွေ ပါဝင်ခဲ့ကြောင်း လုံခြုံရေး ရဲအရာရှိများက Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

၂၀၁၈ ဇန်နဝါရီမှာ အစိုးရအာဏာပိုင်တွေက အခမ်းအနားတစ်ခု ကျင်းပခွင့် ပိတ်ပင်ခဲ့တဲ့နောက် မြောက်ဦးမြို့ အစိုးရအဆောက်အဦးတစ်ခုမှာ စုဝေးဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့လို့ ရခိုင်လူမျိုး ၇ ဦး သေဆုံးခဲ့ရပါတယ်။

နိုင်ငံအနှံ့ အင်အားအလွန်အကျွံသုံး ဖိနှိပ်မှုတွေမှာ ရဲတပ်ဖွဲ့က ပါဝင်ပတ်သတ်နေခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၀ ဧပြီလမှာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ထုတ်ပြန်ထားတဲ့ ကာဗျူးအမိန့်ကို ဖောက်ဖျက်တဲ့ အတွက် မန္တလေးမှာ လူတစ်ယောက်ကို ရဲတပ်ဖွဲ့က ရိုက်နှက်ခဲ့တာကို ဗီဒီယိုမှတ်တမ်းတစ်ခုမှာ တွေ့ရပါ တယ်။ ၂၀၁၉ ဖေဖော်ဝါရီလမှာ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု ထားရှိခြင်းအပေါ် ကရင်နီလူငယ်တွေ ဆန္ဒပြခဲ့ရာမှာ ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ ပစ်ခတ်တာတွေ၊ မီးသတ်ပိုက်သုံးပြီး လူစုခွဲခဲ့တာတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ပိတ်ဆို့ထားတဲ့အတားအဆီးတွေကို ကျော်ဖို့ကြိုးစားခဲ့တဲ့ ဆန္ဒပြသူ အနည်းဆုံး အယောက် ၂၀ ကိုလည်း ထိခိုက်ဒါဏ်ရာ ရရှိစေခဲ့ပါတယ်။

 Human Rights Watchအနေနဲ့ဂျပန်အစိုးကလူ့အခွင့်အရေးစံနှုန်းသတ်မှတ်ချက်တွေ အပေါ်မှာ လိုက်နာမှု ရှိသလား ဆိုပြီးဆက်သွယ်မေးမြန်းရာမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက “ဒီကူညီထောက်ပံ့မှုတွေကို ထိန်းသိမ်းသုံးစွဲရာမှာ ပြောဆိုထားပြီးသား ရည်ရွယ်ချက်တွေအတိုင်းသာ သင့်တင့်မျှတပြီး ထိရောက်မှုရှိစွာ အသုံးပြုမယ် လို့မြန်မာအစိုးရ အနေနဲ့အတည်ပြုခဲ့ကြောင်း” တုံပြန်ထားပါတယ်။ မြန်မာနိုင်ငံဂျပန်သံရုံးအနေနဲ့လည်း မြန်မာနိုင်ငံက ဒီပစ္စည်းတွေကို သင့်လျှော်စွာ အသုံးပြု၊မပြု စောင့်ကြည့်မယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာရဲတပ်ဖွဲ့အနေနဲ့ အရပ်သားအစိုးရ ထိန်းချုပ်မှုအောက်ရောက်ပြီး၊ စနစ်တကျ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်လာတဲ့အချိန်အထိ မြန်မာရဲတပ်ဖွဲ့အပေါ် ဂျပန်အစိုးရရဲ့ ကူညီပံ့ပိုး မှုအားလုံးကို ဆိုင်းငံ့ ထားသင့်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် စစ်တပ်ထိန်းချုပ်ထားတဲ့ ဝန်ကြီးဌာနတွေနဲ့ အဖွဲ့အစည်းအားလုံးဆီ ကူညီထောက်ပံ့မှုအားလုံးကို ဂျပန်နိုင်ငံက ရပ်ဆိုင်း ထားသင့်တယ်လို့ Human Rights Watch က ဆိုပါတယ်။

“စွဲမက်လောက်ဖွယ် ပစ္စည်းအသစ်အဆန်းတွေ ပံ့ပိုးလိုက်ရုံနဲ့ မြန်မာရဲတပ်ဖွဲ့ရဲ့ ဆိုးရွားမှုလျော့နည်းသွား အောင် မလုပ်နိုင်ဘူးဆိုတာကို ဂျပန်အစိုးရအနေနဲ့ နားလည်သဘောပေါက်သင့်ပါတယ်၊ ရဲတပ်ဖွဲ့ထံ မလျော်ကံတဲ့ တရားဝင်မှုကို အပ်နှင်းလိုက်ခြင်းက မြန်မာပြည်သူတွေ ခံစားနေရာတာတွေဟာ စိုးရိမ်ပူပန်စရာမဟုတ်ဘူးဆိုတဲ့ သတင်းစကား ပါးနေသလို ဖြစ်ပါတယ်” လို့ Adams က ဆိုပါတယ်။

Every piece on our website is resource intensive. If you donate whatever you can today, we will use it to continue investigating abuses and advocate for change in 100+ countries.

Tags

Most Viewed