(နယူးယောက်) လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ယနေ့ထုတ်ပြန်သော အစီရင်ခံစာတွင် ဘင်္ဂလားဒေ့ရှ်အစိုးရမှ ရိုဟင်ဂျာဒုက္ခသည် နှစ်သောင်းနီးပါးကို လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု၊ အလုပ်အကိုင်နှင့် အကာအကွယ်တို့ မပေးဘဲ လူသူမနီးသောကျွန်းတစ်ကျွန်းသို့ ပြောင်းရွှေ့ပေးခဲ့သည်ဟု ဖော်ပြထားသည်။ ဘာဆန်ချားကျွန်းရှိ ဒုက္ခသည်များ၏လုံခြုံမှု၊ သဘာဝဘေးအန္တရာယ်အတွက် ပြင်ဆင်ထားမှုနှင့် နေထိုင်ရန်သင့်တော်မှု ရှိ၊ မရှိတို့ကို လွတ်လပ်သောအဖွဲ့တစ်ဖွဲ့မှ စစ်ဆေးပေးရန် ကုလသမဂ္ဂနှင့် အကူအညီပေးသည့်အစိုးရများမှ အပူတပြင်းတိုက်တွန်းသင့်သည်။
“ပင်လယ်ထဲက အကျဉ်းထောင်၊ ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာဒုက္ခသည်များကို ဘာဆန်ချားကျွန်းသို့ ရွှေ့ပြောင်းခြင်း”ဆိုသော စာမျက်နှာ ၅၈ မျက်နှာပါ အစီရင်ခံစာတွင် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များသည် ဒုက္ခသည်များကို ထောင့်ပေါင်းစုံမှ ရှင်းမပြဘဲ ခွင့်ပြုချက်ယူ၍ ဘာဆန်ချားကျွန်းသို့ ပို့လိုက်ပြီး ထိုကျွန်းမှ ပြန်ခွင့်မပေးတော့ကြောင်း ရေးသားထားသည်။ ကော့က်စ်ဘဇားဒုက္ခသည်စခန်းများတွင် လူဉီးရေအလွန်သိပ်သည်းလာမှုကို ဖြေလျော့ရန် ဘင်္ဂလားပင်လယ်အော်အတွင်းရှိ မြေနုကျွန်းတစ်ကျွန်းဖြစ်သော ဘာဆန်ချားကျွန်းသို့ အနည်းဆုံး ဒုက္ခသည်တစ်သိန်းကို ပြောင်းရွှေ့ပေးရန် စီစဉ်နေသည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရမှ ပြောကြားခဲ့သည်။ သို့သော် ထိုကျွန်းတွင် ဆိုက်ကလုံးမုန်တိုင်းနှင့် ဒီရေတက်ရောက်ခြင်းများကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်အောင် စီမံထားခြင်းမရှိဟု လူသားအကျိုးပြုဆောင်ရွက်သည့်ပညာရှင်များက ပြောကြားသည်။ ထိုကျွန်းတွင် ကျန်းမာစောင့်ရှောက်မှုနှင့် ပညာရေး မပြည့်စုံခြင်း၊ ရွှေ့ပြောင်းသွားလာရန် မလွယ်ကူခြင်း၊ အစာရေစာ မလောက်ငှခြင်း၊ အလုပ်အကိုင် မရှိခြင်းတို့အပြင် လုံခြုံရေးတပ်ဖွဲ့များ၏ အနိုင်ကျင့်ခြင်းကိုလည်း ရင်ဆိုင်နေရသည်ဟု ဒုက္ခသည်များမှ တင်ပြခဲ့သည်။
“ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော်ရဲ့ ပြဿနာကို ဘင်္ဂလားဒေ့ရှ်အစိုးရက မနည်းဖြေရှင်းနေရတယ်ဆိုပေမဲ့ သူတို့ကို ဝေးလံသီခေါင်တဲ့ ကျွန်းတစ်ကျွန်းကို ပို့တာကတော့ ပြဿနာအသစ်တွေ ထပ်ရှာနေသလိုပဲ” ဟု ဒုက္ခသည်နှင့် ရွှေ့ပြောင်းသွားလာသူများဆိုင်ရာအခွင့်အရေး ညွှန်ကြားရေးမှူး ဘီးလ်ဖရဲလစ်ခ်က ပြောကြားသည်။ “နိုင်ငံတကာက ရိုဟင်ဂျာကို ကူညီသင့်တယ်၊ ဒါပေမယ့် အဲဒီကျွန်းရဲ့အခြေအနေက သိပ်အန္တရာယ်ရှိပြီး မထိန်းနိုင်မသိမ်းနိုင်ဖြစ်နေတယ်လို့ ကျွမ်းကျင်သူတွေက ဆုံးဖြတ်ရင် ပြည်မ ပြန်ချင်တဲ့ ဒုက္ခသည်တွေကို အာဏာပိုင်တွေက ပြန်ခွင့်ပေးရမယ်လို့ တောင်းဆိုသင့်တယ်။
မေလ ၂၀၂၀ နှင့် မေလ ၂၀၂၁ အတွင်း လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ရိုဟင်ဂျာဒုက္ခသည်ပေါင်း ၁၆၇ ယောက် (ဘာဆန်ချားမှ ၁၁၇ ယောက်နှင့် ကော့က်စ်ဘဇားမှ အယောက် ၅၀၊ ထိုအယောက် ၅၀မှ ၃၀ မှာ ဘာဆန်ချားသို့ ရွှေ့ပြောင်းခဲ့ကြရသည်) ကို အင်တာဗျူးခဲ့သည်။
ရိုဟင်ဂျာပြဿနာတွင် အဓိကတာဝန်ရှိသူမှာ မြန်မာအစိုးရ ဖြစ်သည်။ သြဂုတ်လ ၂၅၊ ၂၀၁၇ တွင် မြန်မာစစ်တပ်မှ ရက်စက်သော လူမျိုးတုံးသတ်ဖြတ်မှု စစ်ဆင်ရေး(လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ အဓမ္မကျင့်ခြင်းနှင့် အိမ်ယာများကို မီးရှို့ခြင်း အပါအဝင်)ကို စတင်ခဲ့ခြင်းကြောင့် ရိုဟင်ဂျာ ၇၄၀၀၀၀ ကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးခဲ့ကြရသည်။ အဆိုပါစစ်ဆင်ရေးမတိုင်ခင်ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲတွင် စာရင်းမဲ့ ရိုဟင်ဂျာဒုက္ခသည် သုံးသိန်းမှ ငါးသိန်းအထိ ရှိသည်ဟု ခန်းမှန်းရသည်။ မြန်မာအစိုးရမှ ရိုဟင်ဂျာလူမျိုးများအပေါ် ဆက်လက်ဖိနှိပ်နေခြင်းကြောင့် ရိုဟင်ဂျာလူမျိုးများ မြန်မာပြည်သို့ပြန်လိုက လုံခြုံစွာ၊ သိက္ခာရှိစွာ ပြန်နိုင်သည့် အခြေအနေ မရှိခဲ့ပေ။
ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ရိုဟင်ဂျာဒုက္ခသည်များအတွက် ဖွင့်ပေးခဲ့သည်မှာ နှစ်လိုဖွယ်ရာ ဖြစ်သော်လည်း အာဏာပိုင်များမှာ ဒုက္ခသည်စခန်းများကို အဆင်ပြေအောင် စီစဉ်ထားခြင်းမရှိသောကြောင့် ဘာဆန်ချားကျွန်းသို့ ပြောင်းရွှေ့ရန် အခြေအနေ ဖြစ်လာခဲ့သည်။ ဒုက္ခသည်စခန်းများထဲတွင် တစ်နှစ်ကျော်ကြာ အင်တာနက်ဖြတ်တောက်ထားခြင်း၊ ကလေးငယ်များကို စာသင်ခွင့်မပေးခြင်း၊ အရေးတကြီးကိစ္စများတွင်ပင် သွားရလာရခက်ခဲအောင် သံဆူးကြိုးများကာရံခြင်းများကို အာဏာပိုင်များမှ လုပ်ခဲ့သည်။ ဒုက္ခသည်များကို အဓမ္မဖမ်းဆီးခြင်း၊ ဖျောက်ထားခြင်းနှင့် ဉပဒေမဲ့သတ်ဖြတ်ခြင်းတို့ကို လုံခြုံရေးတပ်ဖွဲ့များမှ လုပ်နေသည်ဟု စွပ်စွဲချက်များလည်း ရှိနေသည်။
မေလ ၂၀၂၀ တွင် ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာဒုက္ခသည် ၃၀၀ ကျော်ကို ပင်လယ်ထဲမှ ကယ်တင်ခဲ့ပြီး ဘာဆန်ချားကျွန်းသို့ ပို့ပေးခဲ့သည်။ ဒုက္ခသည်စခန်းတွင် ကိုဗစ်-၁၉ ပျံ့မည်ကို စိုးရိမ်သဖြင့် သူတို့ကို ကျွန်းပေါ်တွင် ကွာရန်တိုင်းနေထိုင်ရန် စီစဉ်ပေးသည်ဟု အစိုးရမှ ပြောကြားခဲ့သော်လည်း သူတို့မှာ ယခုချိန်ထိ ပြည်မမှ မိသားစုများနှင့် ပြန်မတွေ့ရသေးချေ။ ဒီဇင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များသည် ဒုက္ခသည်စခန်းများမှ ထောင်ပေါင်းများစွာသော ဒုက္ခသည်များကို ကျွန်းပေါ်သို့ စတင်ပို့ပေးခဲ့သည်။ ထိုသို့ပို့ပေးခြင်းမှာ ဘာဆန်ချားကျွန်းတွင် အကာအကွယ်၊ ဘေးအန္တရာယ်ကင်းမှု၊ နေထိုင်ရန်သင့်တော်မှု ရှိ၊ မရှိတို့ကို လွတ်လပ်သောအဖွဲ့အစည်းများမှ စစ်ဆေးပြီးမှ ဒုက္ခသည်များကို ပို့မည်ဟူသော ကတိကို ဖောက်ဖျက်ခြင်း ဖြစ်သည်။
မတ်လ ၁၇ မှ ၂၀ အတွင်း အဖွဲ့ ၁၈ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့မှ ထိုကျွန်းကို ကြည့်ရှုပြီးနောက် အာဏာပိုင်များက ကုလသမဂ္ဂကို လူသားချင်းစာနာထောက်ထားသော အကူအညီများပေးရန် တောင်းဆိုလာသည်။ ကျွန်းပေါ်တွင် ဘာပြဿနာမှမရှိဟု ယုံကြည်သွားအောင် ကုလသမဂ္ဂကိုယ်စားလှယ်အဖွဲ့ ကျွန်းပေါ်ရောက်ရှိချိန်တွင် ဘင်္ဂလားဒေ့ရှ်အရာရှိများရှေ့တွင်သာ ကိုယ်စားလှယ်များနှင့် စကားပြောခွင့်ပေးခဲ့သည်ဟု ဒုက္ခသည်များက ပြောသည်။
မေ ၃၁၊ ၂၀၂၁ တွင် ကျွန်းပေါ်မှ အခြေအနေများကို တင်ပြရန်နှင့် ကျွန်းပေါ်တွင် မနေလိုကြောင်း ဆန္ဒထုတ်ဖော်ရန် ဒုက္ခသည် ထောင်ပေါင်းများစွာ စုဝေးပြီး ကျွန်းသို့ လာရောက်လည်ပတ်သည့် ကုလသမဂ္ဂအဖွဲ့တစ်ဖွဲ့နှင့် တွေ့ဆုံရန် ကြိုးစားခဲ့သည်။ ထိုကဲ့သို့မလုပ်ရန် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များမှ ကြိုတင်သတိပေးခဲ့သည်ဟု လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ကို ဒုက္ခသည်တချို့က ပြောသည်။ ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့များ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ရိုဟင်ဂျာအမျိုးသမီးများနှင့် ကလေးများအပါအဝင် လူပေါင်းများစွာ ဒဏ်ရာရှိခဲ့သည်ဟု မျက်မြင်သက်သေများက ပြောခဲ့သည်။ ကုလသမဂ္ဂမှ ဘာဆန်ချားကျွန်းသို့ သွားရောက်ပြီး ထုတ်ပြန်ခဲ့သော ဒုက္ခသည်များ၏ ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရေးနှင့် ကာကွယ်ရေးနှင့်ပတ်သည့်အကြံပြုချက်များကို အာဏာပိုင်များက လိုက်နာသင့်သည်။
ဘင်္ဂလားဒေ့ရှ်အစိုးရမှ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့သို့ ပေးပို့သောစာတွင် “ဘာဆန်ချားရှိ ဒုက္ခသည်များအတွက် အစားအစာ လုံလောက်စွာ ထောက်ပံ့ထားသည့်အပြင် သင့်တော်သော သန့်ရှင်းရေးနှင့် ကျန်းမာရေးအထောက်အပံ့များလည်း ရှိသည်” ဟု ဖော်ပြထားသည်။ ထိုစာကို ဒုက္ခသည်များက သဘောမတူချေ။ အသက် ၅၃ နှစ်အရွယ် ဒုက္ခသည်တစ်ဉီးမှာ “အဲဒီကျွန်းကို ကျနော် မသွားချင်ဘူး” ဟု ပြောသည်။ သူ့ကို ကျွန်းအပို့ခံရမည်ကို ကြောက်၍ ပုန်းနေခဲ့သော်လည်း စခန်းမှူးတစ်ယောက်က “ခင်ဗျား သေရင်တောင် ခင်ဗျားအလောင်းကို ကျွန်းကို ပို့မယ်” ဟု ခြိမ်းခြောက်ခဲ့သည်။ တခြားသူများမှာ လိမ်ညာကတိပေးမှုများကြောင့် ကျွန်းသို့ လိုက်ရန် သဘောတူခဲ့ကြသည်ဟု ပြောသည်။
ကျွန်းပေါ်တွင် ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်ကြောင်း ဒုက္ခသည်များမှ ပြောသည်။ လူ့အခွင့်အရေးလေ့လာစောင့်ကြည်ရေးအဖွဲ့က ဒုက္ခသည် ၁၄ ယောက်ကို မေးမြန်းရာတွင် ဘာရောဂါဖြစ်ဖြစ်(ပန်းနာ၊ အကိုက်အခဲ၊ အဖျား၊ ခြေလက်များယောင်ကိုင်းခြင်း၊ ဆီးချို၊ ပြည်တည်နာနှင့် ငှက်ဖျား) ပါရာစီတမောကိုသာ ပေးပြီး အိမ်ပြန်လွှတ်သည်ဟု ထွက်ဆိုခဲ့ကြသည်။ ထို ၁၄ ယောက်မှ ၄ ယောက်မှာ ကျန်းမာရေးစောင့်ရှောက်မှု မပြည့်စုံသောကြောင့် အသက်ဆုံးရှုံးခဲ့ကြသည်ဟု မိသားစုဝင်များမှ ယုံကြည်ကြသည်။
ကျွန်းပေါ်တွင် အရေးပေါ်ကုသရေးဌာန မရှိပေ။ ပြည်မရှိအနီးဆုံးဆေးရုံကို ရောက်ရန် သင်္ဘောဖြင့် ၃ နာရီ၊ ကားဖြင့် ၂ နာရီကြာ သွားရပြီး ဆရာဝန်တစ်ယောက်မှ အရေးပေါ်ကုသရန် လိုသည်ဟု မှတ်ချက်ပေးပြီး ကျွန်းအာဏာပိုင်များ၏ခွင့်ပြုချက်ရမှ သွားနိုင်သည်။ အသက်ကယ်ဆေးကုသမှုလိုအပ်နေသော ကိုယ်ဝန်ဆောင်အမျိုးသမီးများလည်း ထို့နည်းတူပင်။ ဆရာဝန်က ပြည်မဆေးရုံကို သွားဖို့အကြံပြုပြီး အာဏာပိုင်များ၏ခွင့်ပြုချက်ကို နှစ်နာရီကြာ စောင့်ရသောအချိန်အတွင်း ဇနီးသည်မှာ မီးတွင်းတွင် အသက်ဆုံးခဲ့ရသည်ဟု ဒုက္ခသည် တစ်ယောက်က ပြောသည်။
ကျောင်းများ၊ ဆရာများနှင့်ပြည့်စုံသော တရားဝင်ပညာရေးစနစ်မျိုး ကျွန်းပေါ်ရှိ ကလေးများရစေမည်ဟု ကတိပေးခဲ့သည်ဟု ဒုက္ခသည်များက ပြောသည်။ သို့သော် ဘာဆန်ချားကျွန်းတွင် ခန့်မှန်းချေကလေးဉီးရေ ၈၄၉၅ ယောက် ရှိသည့်အနက် ၁၅၀၀ လောက်ကိုသာ အန်ဂျီအိုအဖွဲ့ ၄ ခုလောက်က စာသင်ပေးနိုင်သည်ဟု အန်ဂျီအိုဝန်ထမ်းတစ်ယောက်က ပြောသည်။
သူမ၏ ၇ နှစ်နှင့် ၉နှစ်အရွယ် သမီးနှစ်ယောက် ပညာရေးမှာ ပြည်မဒုက္ခသည်စခန်းကထက် ဆိုးရွားသည်ဟု အသက် ၃၅ နှစ်အရွယ် မိဇန်က ပြောကြားသည်။ “ကျမတို့ ဒီမှာ ၆လ ရှိပြီ၊ သမီးတွေက စာဆက်သင်ဖို့ သူတို့ရှိသမျှ စာအုပ်တွေ၊ လွယ်အိတ်တွေ အကုန်ယူခဲ့ပေမဲ့ စာသင်ပေးမဲ့နေရာတောင် ဒီမှာ မရှိဘူး။”
ဇွန်လတွင် ရောက်ရှိလာမည့် မုတ်သုန်ရာသီဉတုကြောင့် ကျွန်းမှာ မုန်တိုင်းနှင့် ရေကြီးမှုအန္တရာယ်များနှင့် ရင်ဆိုင်နေရသည်။ ကျွန်းပတ်လည်ရှိတာရိုးများမှာ အဆင့် ၃ နှင့် အထက်ရှိသော မုန်တိုင်းဒဏ်ကို ခံနိုင်မည့်ပုံ မပေါ်ခေျ။ ကျွန်းပေါ်တွင် မုန်တိုင်းခိုရန် အဆောက်အအုံများ လုံလောက်သည်ဟု အစိုးရက ပြောသော်လည်း မုန်တိုင်းပြင်းထန်ပြီး လေကြောင်း၊ ရေကြောင်းတို့မှ ရိက္ခာမပို့နိုင်ပါက ဒုက္ခသည်များ၊ လုံခြုံရေးတပ်ဖွဲ့များနှင့် အန်ဂျီအိုဝန်ထမ်းများ ဆေးဝါးရိက္ခာမလုံလောက်ဘဲ ကျွန်းပေါ်တွင် သောင်တင်နေနိုင်သည်။ မကြာသေးခင်ကပင် ရာသီဉတုဆိုးရွားသောကြောင့် ဒုက္ခသည်တစုကို ဘာဆန်ချားသို့ ပို့မည့်အစီအစဉ်ကို ရပ်ဆိုင်းခဲ့ရသည်။
“ မသွားချင်တဲ့ ဒုက္ခသည်တွေကို ဆိုက်ကလုံးမုန်တိုင်းတွေ တိုက်တတ်တဲ့ ဝေလံသီခေါင်တဲ့ မြေနိမ့်ကျွန်းကို ပို့တာဟာ အတော်ဆိုးတဲ့ အိုင်ဒီယာဘဲ” ဟု ဖရဲလစ်ခ်က ပြောသည်။ “အစစအရာရာ ဆုံးရှုံးပြီး အင်မတန်ခံစားခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို သိက္ခာရှိရှိ ဆက်ဆံရမယ်၊ သူတို့ရဲ့ ဘေးအန္တရာယ်ကင်းမှုနဲ့ ကျန်းမာရေးကို လေးစားရမယ်၊ ရေရှည်ဘဝအတွက်အဖြေ မတွေ့မချင်း သူတို့ကို ဘာလုပ်ခိုင်းခိုင်း ထောင့်ပေါင်းစုံမှရှင်းပြရမှာဖြစ်ပြီး သူတို့ဆန္ဒမပါဘဲ ဘာမှမလုပ်ခိုင်းသင့်ဘူး။”
ဒုက္ခသည်များ၏ ထွက်ဆိုချက်များ
ဘာဆန်ချားကျွန်းရှိ အခြေအနေကို ထုတ်ပြောခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များမှအန္တရာယ်ပြုနိုင်သဖြင့် အောက်တွင် ကိုးကားထားသူများကို အမည်ရင်းမသုံးပါ။
ထောင့်ပေါင်းစုံမှ ရှင်းပြ၍ ခွင့်ပြုချက်ရယူခြင်း၊ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာခွင့်နှင့် အလုပ်အကိုင်
တတ်စ်လီမာ၊ ကော့က်စ်ဘဇားတွင် နေထိုင်သူ (အသက် ၁၃ နှစ်အရွယ် သူမ၏သားကို ပင်လယ်ထဲမှ ကယ်တင်ပြီး ၂၀၂၀၊ မေလတွင် ဘာဆန်ချားကျွန်းသို့ ပို့လိုက်သည်။)
ကျမသား ဘာဆန်ချားမှာ အကျဉ်းကျနေတာ တစ်နှစ် ရှိပြီ။ သူက ကလေးရှိသေးတာ။ ရေတပ်အရာရှိတွေကို သားက ဒီစခန်းကို ပြန်ပို့ပေးဖို့ အမြဲပူဆာပေမယ့် သူတို့က ပို့ပေးမယ်ဆိုပြီး တခါမှ ကတိမတည်ဘူး။ ဒီက စခန်းအုပ်ချုပ်ရေးမှူးကို ပြောတော့လည်း သူတို့က ကျမကိုယ်တိုင်ဘာဆန်ချားကို ပြောင်းမှ သားနဲ့တွေ့ခွင့်ရမယ်လို့ ပြောတယ်။ သားကတော့ ဘာဆန်းချားကျွန်းက ထောင်နဲ့တူတာမို့ ကျမကို မလာပါနဲ့တဲ့။
ယူဆွဖ် အလီ၊ အသက် ၄၃၊ ကော့က်စ်ဘဇားတွင် နေထိုင်သူ (သူ၏ သမီးနှစ်ယောက်ကို ဘာဆန်ချားကျွန်းတွင် ထိန်းသိမ်းထားသည်။) စခန်းအုပ်ချုပ်ရေးမှူးက ကျနော့သမီးတွေကို ဒီကို ဘယ်တော့မှ ပြန်ပို့မှာ မဟုတ်ဘူးလို့ ပြောတယ်။ ခင်ဗျား အဲဒီ (ဘာဆန်ချား) ကို သွားဖို့ အချိန်ရှိသေးတယ်။ မသွားချင်ရင်တော့ ခင်ဗျားသမီးတွေကို မေ့လိုက်တော့။
အန်ဂျူး၊ အသက် ၄၀၊ ဘာဆန်ချားရှိ ဒုက္ခသည်
ဘာဆန်ချားကျွန်းမှာ အစားကောင်းအသောက်ကောင်းတယ်၊ မွေးမြူရေး၊ ငါးဖမ်းလုပ်ငန်းစတဲ့ အလုပ်အကိုင်ကောင်းတွေ ရှိတယ်ဆိုပြီး ကျနော်တို့ကို ဆွယ်ခဲ့တာ။ ပိုဆိုးတာက ဘတ်စ်ကားပေါ်လဲတက်ရော တယောက်ကို တာကာ ၅၀၀၀ (ဒေါ်လာ ၆၀ခန့်)စီ ပေးပြီး တလကို တာကာ ၅၀၀၀ ရမယ်လို့ မက်လုံးပေးတာပဲ။ ကျွန်းပေါ်လည်း ရောက်ရော ဘာမှမရတဲ့အပြင် ရိက္ခာပြတ်တာတောင် ကြုံနေရတယ်။
ဘာဆန်ချားသို့ အသွားခရီးတွင် အရာရှိအချို့က ဒုက္ခသည်များကို ဘာဆန်ချားနဲ့ ပြည်မ လွတ်လပ်စွာ သွားလာခွင့် ပြုမည်ဟု ကတိပေးခဲ့သော်လည်း ထိုကတိအတိုင်း ဖြစ်မလာပေ။ “ကျနော်မိဘတွေက အသက်ကြီးနေပြီ၊ စခန်းမှာ ကျန်ခဲ့တာ။ အနည်းဆုံးတော့ သူတို့ အသုဘတက်ခွင့် ရချင်တယ်။ ကျနော် ဒီမှာ အထိန်းအသိမ်းခံနေရသရွေ့တော့ ကျနော့်မိဘတွေ သေတာတောင် သွားတွေ့နိုင်မယ် မထင်ဘူး” ဟု သူက ပြောသည်။
ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်ခြင်း
အသက် တစ်နှစ်ခွဲအရွယ် အမ်ဒက်၏ သမီးမှာ ဘာဆန်ချားသို့ရောက်ပြီး တစ်လမကြာခင် အဆုတ်အအေးမိရောဂါဖြင့် သေဆုံးခဲ့ရသည်။ ကော့က်စ်ဘဇာစခန်းမှာကတည်းက သူ့သမီး အဆုတ်အအေးမိရောဂါ ဖြစ်နေသော်လည်း နယ်ခြားမဲ့ဆရာဝန်များဆေးရုံတွင် အောက်ဆီဂျင်ပေးပြီး ကုသနိုင်ခဲ့သည်။ ဘာဆန်ချားရောက်ပြီး မကြာခင် ကလေးငယ်မှာ အသက်ရှူရခက်ခဲလာကြောင်း ပြောပြခဲ့သော်လည်း ဆရာဝန်များမှ လျစ်လျူရှုခဲ့သည်။
မတ်လ ၁၁ ရက်မှာ ကလေး အသက်ရှူကြပ်လာတာနဲ့ အစိုးရဆေးခန်းကို ကျနော် အမြန်ပြေးတယ်။ ဆရာဝန်က ချောင်းဆိုးပျောက်ဆေးဘဲ ပေးပြီး အိမ်ပြန်လွှတ်တယ်။ သမီးအခြေအနေက ထူးခြားမလာဘူး။ နောက်နေ့မနက်မှာ သမီးကို ဆေးခန်းထပ်ခေါ်သွားပြီး အောက်ဆီဂျင်ပေးဖို့ ဆရာဝန်ကို တောင်းပန်တယ်။ ဆေးခန်းထဲမှာ အောက်ဆီဂျင်ဘူးကို ကျနော်တွေ့တယ်လေ။ သမီးက ပြည်မစခန်းမှာကတည်းက အောက်စီဂျင်နဲ့ ကုခဲ့ရတာ။ နယ်ခြားမဲ့ဆရာဝန်များက ပေးလိုက်တဲ့ ဆေးစာရွက်ကို ကျနော် ထုတ်ပြပေမယ့် ဆရာဝန်က မကြည့်ဘူး။ “ဒီမှာ ခင်ဗျားသမီးကို ပေးဖို့ အောက်စီဂျင် လုံလောက်တယ်များ ထင်နေလား။ ဆေးပဲ ထပ်ပေးလိုက်မယ်။ ကလေး နေကောင်းလာမှာပါ” လို့ ပြောပြီး ကျနော်တို့ကို အိမ်ပြန်ခိုင်းလိုက်တယ်။ အိမ်ပြန်ရောက်ပြီး မကြာဘူး၊ ကလေးက အခြေအနေအရမ်းဆိုးလာတယ်။ နှစ်နာရီလောက်ပဲ ခံတယ်၊ သမီး ဆုံးသွားတယ်။
ကလေး သေပြီးနောက် အမ်ဒက်၏အခန်းသို့ စခန်းအာဏာပိုင်များ ရောက်ရှိလာပြီး နယ်ခြားမဲ့ဆရာဝန်များ ပေးလိုက်သော ဆေးမှတ်တမ်းအပါအဝင် ကလေး၏ဆေးမှတ်တမ်းအားလုံးကို သိမ်းဆည်းသွားသည်။ ကလေးကို သေဆုံးစာရင်းသွင်းပေးဖို့လည်း ငြင်းဆန်ခဲ့ကြသည်။
အသက် ၅၈ နှစ်အရွယ် ဘီဘီ၏အမျိုးသားမှာ ပန်းနာရင်ကြပ်ရောဂါသည်ဖြစ်ပြီး အောက်စီဂျင်ကုသမှု မရရှိသောကြောင့် သေဆုံးခဲ့ရသည်။
ကျမ ယောက်ျားကို ဆေးခန်း သုံးလေးခေါက် လိုက်ပို့ပေးခဲ့တယ်။ သူတို့က ကောင်းကောင်းမကုပေးခဲ့ဘူး။ နောက်ဆုံးတခေါက်က သူ့အခြေအနေတော်တော်ဆိုးနေတော့ ကော့က်စ်ဘဇားက နယ်ခြားမဲ့ဆရာဝန်များဆေးရုံ ဒါမှမဟုတ် တူရကီဆေးရုံကို ပို့ပေးဖို့ ပြောပေမယ့် သူတို့ လက်မခံခဲ့ဘူး။ ကျမ ယောက်ျားကို ဆေးခန်းက ပြန်ခိုင်းလိုက်ပြီး အိမ်ရောက်ရင် နေကောင်းသွားမှာလို့ ပြောတယ်။ နောက်နေ့မနက် ကျမ ယောက်ျား ဆုံးသွားတယ်။
ဘာဆန်ချားသို့ ဖေဖော်ဝါရီလတွင် ရောက်ရှိခဲ့သော အသက် ၆၂ အရွယ် ဇူဘေးမှာ အစာအိမ်အနာပေါက်ခြင်း၊ အစာမကြေခြင်းနှင့် အစာအိမ်လေထခြင်း ဝေဒနာများ ခံစားနေရသူ ဖြစ်သည်။ “ကော့က်စ်ဘဇားမှာတုန်းက သူနာပြုတွေက အိမ်တိုင်ယာရောက် လာကုပေးတယ်။ ကျနော်က အသက်ကြီးပြီဆိုတော့ ဆေးခန်းကို ကိုယ့်ဖာသာ မသွားနိုင်တော့ဘူးလေ။ လိုအပ်ရင် သူတို့က ကျနော့်ကို နယ်ခြားမဲ့ဆရာဝန်များဆေးရုံ သို့မဟုတ် အိုင်အိုအမ်ဆေးရုံတွေကို ပို့ပေးတယ်။ အဲဒီမှာ ကုလိုက်ရင် အများအားဖြင့်တော့ သက်သာသွားတာပဲ။” ဘာဆန်ချားရှိ ဆေးခန်းမှ ပေးသော ဆေးများမှာ ဇူးဘေးအတွက် အဆင်မပြေပေ။ ဘာဆန်ချားမှ ဆရာဝန်များက ပြည်မရှိဆေးရုံကို ပို့ပေးရန် အကြံပြုသော်လည်း ထိုဆေးရုံသို့ သွားရန် ငွေလိုသည်။
“ဒီကို ရောက်ပြီး ၁၀ ရက်၊ ၁၅ ရက်လောက်နေတော့ ဗိုက်အရမ်းနာလာတာနဲ့ ဆေးခန်းကို ကျနော်သွားတယ်။ ဆရာဝန်က ဆေးပေးပါတယ်။ ဒါပေမယ့် မသက်သာဘူး။ ကျနော် အိပ်ယာပေါ်လဲသွားတော့ မိသားစုဝင်တွေနဲ့ အိမ်နီးချင်းတွေက ဆေးခန်းကို နှစ်ခေါက် ထပ်လိုက်ပို့ကြတယ်။ အဲဒီဆရာဝန်က အရင်ဆေးတွေပဲ ထပ်ပေးလိုက်တယ်။ နောက်ဆုံးတခေါက် ဆေးခန်းရောက်တော့ ကျနော့် အခြေအနေပိုဆိုးလာတော့ ပြည်မက နိုအာခါလီဆေးရုံကို သွားဖို့ ပိုက်ဆံရှိလားလို့ မေးတယ်။ ကျနော့်မှာ ပိုက်ဆံမရှိဘူး၊ အိမ်နီးချင်းတွေဆီကလည်း မချေးချင်ဘူး။ မိသားစုရှိတဲ့ ဒီမှာပဲ သေတာက ပိုကောင်းလိမ့်မယ်။”