- မတရားဖိနှိပ်သော မြန်မာစစ်တပ်ဘေးမှ ထွက်ပြေးခဲ့ပြီး ထိုင်းနိုင်ငံတွင် ခိုလှုံနေသော မြန်မာနိုင်ငံသားများကို ထိုင်းအာဏာပိုင်များမှ ခြိမ်းခြောက်ခြင်း၊ ငွေညှစ်ခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းခြင်းများ လုပ်ဆောင်လျက်ရှိ။
- မြန်မာနိုင်ငံသား အများစုအတွက် တရားဝင် အနေအထားရရှိရန် တစ်ခုတည်းသော နည်းမှာ ရွှေ့ပြောင်းအလုပ်သမားအဖြစ် လျှောက်ထားရန် ဖြစ်ပြီး ထိုင်းအစိုးရမှ လတ်တလော ပြဋ္ဌာန်းထားသော ဒုက္ခသည်အချို့အား အကာအကွယ်ပေးရေးမူတွင် ရွှေ့ပြောင်းအလုပ်သမားများ မပါဝင်ပါ။
- ထိုင်းအစိုးရသည် မြန်မာနိုင်ငံသားများအတွက် ယာယီအကာအကွယ်ပေးရေးစနစ်ကို စတင်လုပ်ဆောင်သင့်သည်။
(ဘန်ကောက်၊ ၂၀၂၅ ခုနှစ် ဇူလိုင်လ၁၅ ရက်) - ထိုင်းနိုင်ငံအတွင်း ဘေးကင်းလုံခြုံမှုရရန် မတရားဖိနှိပ်သော မြန်မာစစ်တပ်ဘေးမှ ထွက်ပြေးတိမ်းရှောင်လာသည့် မြန်မာနိုင်ငံသားများကို ထိုင်းအာဏာပိုင်များမှ ခြိမ်းခြောက်ခြင်း၊ ငွေညှစ်ခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းခြင်းများ လုပ်ဆောင်လျက်ရှိသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch, HRW) မှ ယနေ့ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
စာမျက်နှာ ၄၈ မျက်နှာပါ အစီရင်ခံစာ – “(ကျမ လုံခြုံတယ်လို့ ဘယ်တော့မှ ခံစားရမှာ မဟုတ်ဘူး) ‘I’ll Never Feel Secure’-တရားဝင် သက်သေခံအထောက်အထားမရှိခြင်း၊ ခေါင်းပုံဖြတ်ခံရခြင်းနှင့် ရင်ဆိုင်နေရသော ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများ” – တွင် ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများကို ထိုင်းရဲများက မကြာခဏ ရပ်တန့် စစ်ဆေးမေးမြန်းပြီး လာဘ်မထိုးပါက ဖမ်းဆီးချုပ်နှောင်မည်ဟု ခြိမ်းခြောက်နေသည်ကို ဆန်းစစ်ထားသည်။ အဆိုပါ လုပ်ရပ်များမှာ မြန်မာနယ်စပ်အနီး မဲဆောက်မြို့တွင် ပျံ့နှံ့နေသည်ကို HRW မှ တွေ့ရှိခဲ့ပြီး၊ မဲဆောက်မြို့တွင် လူများက မြန်မာနိုင်ငံသားများကို “လမ်းလျှောက် ATM ငွေထုတ်စက်များ” ဟု ရည်ညွှန်းပြောဆိုကြသည်။ ၎င်းတို့အပေါ် ကြီးလေးသောအန္တရာယ် ကျရောက်စေနိုင်သည့် နေရပ်ပြန်ပို့ခြင်း၏ စဥ်ဆက်မပြတ် ခြိမ်းခြောက်မှုအောက်တွင် နေထိုင်နေရသည့် မြန်မာနိုင်ငံသားများမှာ ၎င်းတို့အား အမြတ်ထုတ်ဖို့ ချောင်းနေသည့် ထိုင်းရဲနှင့် တခြားအာဏာပိုင်များနှင့် ထိပ်တိုက်မတွေ့အောင် အသွားအလာ ဆင်ခြင်နေကြရသည်။
“ပဋိပက္ခတွေ၊ နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ ဆင်းရဲချို့တဲ့မှုတွေကနေ ထွက်ပြေးလာပြီးတဲ့နောက် မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံမှာ အကာအကွယ်တွေ လိုအပ်နေပါတယ်” ဟု Human Rights Watch မှ ဒုက္ခသည်နှင့် ရွှေ့ပြောင်းနေထိုင်သူများ အခွင့်အရေးဆိုင်ရာ သုတေသီ Nadia Hardman က ပြောကြားခဲ့သည်။ “ထိုင်းနိုင်ငံက သူတို့ကို လုံခြုံတဲ့ တရားဝင်အနေအထားမပေးဘဲ ငြင်းပယ်ထားတဲ့အပြင် ထိုင်းအာဏာပိုင်တွေက အဲဒီ အားနည်းချက်ကို အသုံးချပြီး ခေါင်းပုံဖြတ် ငွေညှစ်နေကြတယ်။”
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ အာဏာသိမ်းကတည်းက စစ်ကောင်စီသည် စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ အပါအဝင် မတရားဖိနှိပ်မှုများ နိုင်ငံတဝှမ်းတွင် အနှံ့အပြားပြုလုပ်ခဲ့သည်။ လူအများအပြားသည် အကြမ်းဖက်မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ စီးပွားရေးပြိုလဲမှုနှင့် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်ရန် အကူအညီပိတ်ဆို့ထားမှုများမှ ထွက်ပြေးခဲ့ကြသည်။ လက်ရှိ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား လေးသန်းကျော်ရှိပြီး ထက်ဝက်နီးပါးမှာ အထောက်အထားမဲ့များ ဖြစ်သည်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံ၌နေထိုင်သော မြန်မာနိုင်ငံသား အယောက် ၃၀ ကို HRW မှ တွေ့ဆုံမေးမြန်းခဲ့သည်။ ၎င်းတို့အများအပြားသည် အပြည်ပြည်ဆိုင်ရာဥပဒေအရ ဒုက္ခသည်များ ဖြစ်သော်လည်း ယင်းကဲ့သို့အသိအမှတ်ပြုမခံရသေးဘဲ ထိုင်းနိုင်ငံတွင် အသိအမှတ်ပြုထားသည့် အနေအထားရရှိရန် လမ်းကြောင်းများမှာလည်း နည်းပါးပါသည်။ အဆိုပါ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံတွင် လုံခြုံရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း ရှာဖွေရန်၊ မြန်မာနိုင်ငံၡိ ဖိနှိပ်မှု၊ ပဋိပက္ခနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများဆီသို့ ပြန်လည်တွန်းပို့ခံရခြင်းမှ ရှောင်ရှားရန် အတင်းအကျပ် ဖိအားပေးခံနေရသည်။
ထိုင်းအာဏာပိုင်များ၏ လုပ်ရပ်များသည် ၎င်းတို့အား ခြောက်လှန့်နေပြီး ထိတ်လန့်စေကာ ထိုင်းနိုင်ငံတွင် ဘေးဖယ်ခံထားရပြီး ခေါင်းပုံဖြတ်ခံနေရသည်ဟု ခံစားရကြောင်း တွေ့ဆုံမေးမြန်းခံရသူများမှ ပြောသည်။ ထိုင်းလုံခြုံရေးဝန်ထမ်းများသည် စာရွက်စာတမ်းများရရှိရန် သို့မဟုတ် ဖမ်းဆီးမခံရရန်နည်းလမ်း ရှာနေသည့် မြန်မာနိုင်ငံသားများကို တရားဝင်မဟုတ်သော “ရဲကတ်များ” “ရောင်းချခြင်း” ပါ၀င်သည့် တရားဝင်နီးပါးငွေညှစ်သည့်စနစ်ဖြင့် တရားမဝင်လုပ်ငန်းဖြင့် အသက်မွေးမှု ပြုခဲ့ကြဖူးသည်။ ထိုသို့သောကတ်များကို မ၀ယ်လိုသော သို့မဟုတ် မဝယ်နိုင်သူများအတွက် တစ်ခုတည်းသော ရွေးချယ်စရာမှာ မိမိကိုယ်ကိုယ် နေအိမ်အကျယ်ချုပ်ချထားရန်သာ ဖြစ်နေသည်။
မဲဆောက်ကို ထွက်ပြေးသွားသည့် အသက် ၃၀ အရွယ် သတင်းထောက်တဦးမှ “[မဲဆောက်မှာ] အဓိက ခြိမ်းခြောက်တာက ရဲတွေပဲ။ ကျနော် သူတို့ကို ကြောက်တယ် … [ရဲတွေက] ကျနော့်ကို တားပြီး စစ်ဆေးတာ ခြောက်ကြိမ်တောင်၊ သုံးကြိမ်က ရဲကို ပိုက်ဆံပေးလိုက်တော့ ကျနော့်ကို လွှတ်ပေးလိုက်တယ်” ဟု ပြောသည်။
“ရဲကတ်များ” အတွက် အခကြေးငွေပေးဆောင်သူများသည်ပင် နေရပ်ပြန်ပို့ခြင်းမှ အပြည့်အဝ အကာအကွယ် မရကြပေ။ မြန်မာနိုင်ငံသို့ ပြန်ရောက်သည့်အခါ ကြုံတွေ့ရနိုင်သည့် အန္တရာယ်များကို ဂရုမစိုက်ဘဲ ကလေးသူငယ်များ အပါအဝင် မြန်မာနိုင်ငံသားများကို အစုလိုက်အပြုံလိုက် နေရပ်ပြန်ပို့ခြင်းသည် ထိုင်းနိုင်ငံအနှံ့ ဆက်လက်ဖြစ်ပွားနေသည်။ အမျိုးသမီးတစ်ဦးက သူမနှင့် ၁၂ နှစ် အရွယ်တူမအတွက် လာဘ်ထိုးသော်လည်း ထိုင်းလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များမှ သူတို့နှစ်ဦးလုံးကို ဖမ်းဆီးကာ ကိုးရက်ကြာ အကျဥ်းထောင်၌ထိန်းသိမ်းထားပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့သည်ဟု ပြောသည်။
HRW နှင့် စကားပြောဆိုခဲ့သော မြန်မာနိုင်ငံသား အများစုသည် “ပန်းရောင်ကတ်” ဟု အများသိကြသည့် ရွှေ့ပြောင်းအလုပ်သမားကတ်ရရန် လျှောက်ထားသူများ သို့မဟုတ် သက်တမ်းတိုးသည့် လုပ်ငန်းစဥ်တွင် ပါ၀င်နေသူများ ဖြစ်ကြသည်။ ဤကတ်မှာ တရား၀င်အနေအထားပေးရန် ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများ ရၡိနိုင်သော အဓိကစာရွက်စာတမ်းဖြစ်သည်။ အဆိုပါလျှောက်ထားရေးလုပ်ငန်းစဉ်တွင် ရွှေ့ပြောင်းအလုပ်သမားအား အလုပ်ရှင်တစ်ဦးမှ ထောက်ပံ့ပေးရန် လိုအပ်သည်။
ထိုင်းနိုင်ငံသည် ဒုက္ခသည်အနေအထားနှင့် သက်ဆိုင်သော ၁၉၅၁ စာချုပ် သို့မဟုတ် ၎င်း၏ ၁၉၆၇ သဘောတူညီချက်မူကြမ်းတွင် လက်မှတ်ရေးထိုးထားသူမဟုတ်ပါ။ ဤနိုင်ငံတွင် ဒုက္ခသည်ဆိုင်ရာဥပဒေ သို့မဟုတ် လူမျိုးပေါင်းစုံနှင့် သက်ဆိုင်သည့် တရားဝင် ခိုလှုံခွင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ မရှိပါ။ ယင်းအစား ၂၀၂၃ ခုနှစ်တွင် အစိုးရမှ နှိပ်စက်ညှဉ်းပန်းခံရမည်ကို ကြောက်ရွံ့သောကြောင့် မူလနိုင်ငံသို့ မပြန်လိုသော သို့မဟုတ် မပြန်နိုင်သော ပုဂ္ဂိုလ်အချို့ ခိုလှုံခွင့် လျှောက်ထားနိုင်ရန် အမျိုးသား စိစစ်ရေးယန္တရားသစ်ကို စတင်ခဲ့သည်။
ပိုမိုကြီးမားသော နိုင်ငံတကာ ကာကွယ်ရေးအတွက် ခြေလှမ်းတစ်ရပ်အဖြစ် တင်ပြထားသော်လည်း အမျိုးသား စိစစ်ရေး ယန္တရားနှင့် ၎င်းအားအကောင်အထည်ဖော်သော စည်းမျဉ်းများသည် မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုတို့မှ ရွှေ့ပြောင်းအလုပ်သမားများ အပါအဝင် အချို့သော လူမျိုးများ ဝင်ရောက်ခွင့်ကို အများအပြား ဖယ်ထုတ်ထားသည်။
စာရွက်စာတမ်းမရှိသော ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက ကာလအတိအကျအတွင်း “တရားဝင်ဖြစ်စေသည့် ခွင့်ပြုချိန်တစ်ခု” ဖြင့် ရွှေ့ပြောင်းအလုပ်သမားအဖြစ် ၎င်းတို့၏ စာရွက်စာတမ်းများကို သက်တမ်းတိုးခြင်းဖြစ်စေ သို့မဟုတ် ပထမဆုံးအကြိမ်လျှောက်ထားသည်ဖြစ်စေ လုပ်ငန်းစဉ်ကို ကိုင်တွယ်ရန် ပွဲစားကို မှီခိုအားထားရပြီး လိုအပ်သည့်စာရွက်စာတမ်းများကို ဝယ်ရန်နှင့် ရှုပ်ထွေးလှသည့် လုပ်ငန်းစဉ်ကို ကိုင်တွယ်ရန် မတန်တဆ အခကြေးငွေများ မကြာခဏ ပေးဆောင်ရလေ့ရှိသည်ဟု မြန်မာနိုင်ငံသားများက ဆိုပါသည်။ HRW မှ စစ်ဆေးခဲ့သော ကိစ္စရပ်တိုင်းတွင် လျှောက်ထားသူ ရွှေ့ပြောင်းအလုပ်သမား၏ “ပန်းရောင်ကတ်” ၌ ဖော်ပြထားသော အလုပ်ရှင်သည် တကယ့်အလုပ်ရှင်မဟုတ်ဘဲ လုပ်ကြံဖန်တီးထားသည့် အလုပ်ၡင် ဖြစ်သည်။
ပန်းရောင်ကတ်သည် ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်းနှင့် ပြည်နှင်ဒဏ်ပေးခြင်းမှ အကာအကွယ်အချို့ ပေးနိုင်သော်လည်း ၄င်းသည် ဒုက္ခသည် အဖြစ်နိုင်ဆုံးလူများအတွက် –ဒုက္ခသည်အနေအထားကို အသိအမှတ်ပြုသည့် စနစ်မရှိသော်လည်း – တိကျမှန်ကန်သော သို့မဟုတ် သင့်လျော်သော တရားဝင် စာရွက်စာတမ်းမဟုတ်ပေ။
ထိုင်းအစိုးရသည် ဒုက္ခသည်အဆင့်အတန်းကို အသိအမှတ်ပြုရန်နှင့် နိုင်ငံတကာ ဥပဒေစံနှုန်းများနှင့် ကိုက်ညီသော ခိုလှုံခွင့် ပေးအပ်ခြင်းဆိုင်ရာ စံနှုန်းများနှင့် လုပ်ထုံးလုပ်နည်းများကို ပြဋ္ဌာန်းသင့်သည်ဟု HRW မှ ပြောကြားခဲ့သည်။ လူမျိုးပေါင်းစုံအား တူညီသော စံနှုန်းများ၊ နိုင်ငံတကာဒုက္ခသည်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များနှင့်အညီ၊ ပဋိပက္ခမှ ထွက်ပြေးလာသူများအတွက် ဖြည့်စွက်ပေးသည့် အကာအကွယ်ပေးမှု ပုံစံများ အပါအ၀င် ဒုက္ခသည်အနေအထားဖြင့် လက်ခံပြီး ဒုက္ခသည်များကို အလုပ်လုပ်ပိုင်ခွင့် ပေးသင့်သည်။
လက်ရှိအချိန်တွင် ထိုင်းနိုင်ငံသည် ဖိနှိပ်မှု သို့မဟုတ် နိုင်ငံ၏ပဋိပက္ခများမှ ထွက်ပြေးလာသော ထောင်ပေါင်းများစွာသော မြန်မာနိုင်ငံသားများ၏ လတ်တလော လိုအပ်ချက်များကို အသိအမှတ်ပြုကာ ၎င်းတို့အတွက် ယာယီအကာကွယ်ပေးရေးမူဘောင်ကို စတင်သင့်သည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ မြန်မာနိုင်ငံသို့ အတင်းအကျပ် ပြန်ပို့ခြင်း မပြုလုပ်သင့်ဟု ထပ်ခါတလဲလဲ ပြောကြားခဲ့သည်- “မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေကို ခိုလှုံခွင့်လျှောက်ထားနိုင်ဖို့နဲ့ နေရပ်ကို အတင်းအကျပ် ပြန်ပို့တာက ကာကွယ်ဖို့ ထိုင်းနယ်မြေအတွင်းကို ဝင်ရောက်ခွင့်ပြုရမယ်။”
“ထိုင်းအာဏာပိုင်တွေအနေနဲ့ မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေကို ထိရောက်တဲ့ အကာအကွယ်ပေးနိုင်ဖို့အတွက် နိုင်ငံတကာစံနှုန်းတွေနဲ့အညီ လုပ်ဆောင်သင့်တယ်” ဟု Hardman က ပြောကြားခဲ့သည်။ “အထောက်အထားမဲ့ မြန်မာနိုင်ငံသား သန်းပေါင်းများစွာ ခေါင်းပုံဖြတ်ခံရပြီး ဒုက္ခရောက်နေတာကို ထိုင်းအစိုးရက အဆုံးသတ်သင့်တယ်။”