(ရန်ကုန်) – ၂၀၁၇ ခုနှစ် ဧပြီလ ၂၈ ရက်တွင် အာဏာပိုင်များကချိပ်ပိတ်ခဲ့သော မဒရပ်စာ သို့မဟုတ် အစ္စလမ်ဘာသာရေး ကျောင်းနှစ်ကျောင်းကို မြန်မာအစိုးရကချက်ချင်းပြန်ဖွင့်ပေးသင့်သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ယနေ့ ပြောကြားလိုက်သည်။ ဝတ်ပြုခြင်း၊ လေ့လာခြင်း၊ ကျင့်သုံးခြင်း၊ သင်ကြားခြင်းအပါဝင် မြန်မာနိုင်ငံရှိ လူမှုအသိုင်းအဝိုင်း အားလုံး၏ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ကို မြန်မာအစိုးရက ထင်သာမြင်သာရှိစွာ ကာကွယ်ပေးရပါမည်။
ဧပြီလနှောင်းပိုင်းတွင် အယောက် ၅၀ မှ အယောက် ၁၀ဝ အထိရှိသည့် ဗုဒ္ဓဘာသာဝင် အစွန်းရောက်အမျိုးသားရေးဝါဒီ လူအုပ် တစ်အုပ်က ရန်ကုန်မြို့၊ သာကေတမြို့နယ်ရှိ မဒရပ်စာနှစ်ကျောင်းပိတ်ရန် ဒေသခံအာဏာပိုင်များနှင့် ရဲများအား ဖိအားပေးခဲ့ပါသည်။ မွတ်စလင်များသည် ကျောင်း၏ခေါင်းဆောင်များ မနှစ်ကလက်မှတ်ထိုးခဲ့သည့် သဘောတူညီချက်ကိုချိုးဖောက်၍ ထိုကျောင်းများကိုဗလီအဖြစ် အသုံးပြုနေသည်ဟု အစွန်းရောက် အမျိုးသားရေးဝါဒီများက စွပ်စွဲပြောဆိုခဲ့ပါသည်။ အာဏာပိုင်များက ထိုလူအုပ်၏တောင်းဆိုချက်အတိုင်း ဆောင်ရွက်ခဲ့ပြီး ကျောင်းများကို ပြန်ဖွင့်မပေးသေးသဖြင့် ရာနှင့်ချီသောကျောင်းသားများ၏ ပညာသင်ခွင့်ဆုံးရှုံးရသည်။
“မွတ်စလင်ကျောင်းနှစ်ကျောင်းကိုပိတ်ရမည် ဆိုသည့် လူအုပ်ဖြင့်တောင်းဆိုချက်ကို မြန်မာဒေသခံအာဏာပိုင်များမှ သတ္တိနည်းစွာ အရှုံးပေးလိုက်လျောလိုက်ခြင်းသည် မြန်မာနိုင်ငံ၏ဘာသာရေးလူနည်းစုများကိုကာကွယ်ရန် အစိုးရ၏ နောက်ဆုံး ပျက်ကွက်မှု ဖြစ်သည်။ အစိုးရသည် ထိုကျောင်းများကို ချက်ချင်းပြန်ဖွင့်ပေးကာ လူနည်းစု၏ဘာသာရေးကျင့်သုံးမှု အပေါ်ကန့်သတ်ချက်ကို အဆုံးသတ်၍ ဘာသာရေးအမည်တပ်ကာ ဥပဒေချိုးဖောက်ခဲ့သော ဗုဒ္ဓဘာသာဝင် အစွန်းရောက် အမျိုးသားရေးဝါဒီများကို အရေးယူရမည်” ဟု အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူး ဖီးလ် ရောဘတ်ဆင် (Phil Robertson) က ပြောသည်။
အစ္စလာမ်ဘာသာရေးကျောင်းများကို ဗလီအဖြစ် အသုံးမပြုရန်သဘောတူညီ၍ ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် မဒရပ်စာခေါင်းဆောင်များ လက်မှတ်ရေးထိုးချက်ကို ချိုးဖောက်သောကြောင့် ကျောင်းများကို ပိတ်ခဲ့ခြင်းသည် ဥပဒေနှင့်အညီဖြစ်ကြောင်း ဗုဒ္ဓဘာသာဝင် အစွန်းရောက်အမျိုးသားဝါဒီအုပ်စု၏ ပြောဆိုချက်များမှာ ထိုသို့ပိတ်ထားခြင်း အတွက် အကြောင်းပြချက်မခိုင်လုံပါ။ အကျပ်ကိုင်သည့်အတွက် သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ခြင်းမျိုး မဟုတ်လျှင်သော်မှ ဖြစ်ပျက်သွားပုံအရ မွတ်စလင်တို့၏ လွတ်လပ်စွာကိုးကွယ်ခွင့်ဆိုသည့် အခြေခံရပိုင်ခွင့်ကို ချိုးဖောက်ခြင်းတစ်ရပ်ဖြစ်ပါသည်။ ယခင်ကလည်း ထိုမဒရပ်စာကျောင်းနှစ်ကျောင်းတွင် စုပေါင်းဝတ်ပြုမှုများ ရှိမရှိကို စုံစမ်းရန် အစွန်းရောက်အမျိုးသားဝါဒီအုပ်စုက အာဏာပိုင်များထံချဉ်းကပ်ကာ ဖိအားပေးခဲ့သည်ဟု မီဒီယာမှဖော်ပြခဲ့ပါသည်။
၎င်းစောင့်ကြပ်နေသည့် ကျောင်းပြင်ပတွင် ညနေ ၄ နာရီခန့်က ဗုဒ္ဓဘာသာဝင် အစွန်းရောက်အမျိုးသားဝါဒီအုပ်စု ရောက်လာခဲ့ကြောင်း ထိုကျောင်းတစ်ကျောင်းမှ အသက် ၄၅ နှစ်ရှိသူ လုံခြုံရေးအရာရှိ ဦးတင်မျိုးအောင်က လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့အား ပြောခဲ့ပါသည်။ ရဲများရောက်မလာမီ ထိုလူအုပ် ပိုမိုသွေးကြွလာသည်နှင့်အမျှ ၎င်းသည်လည်း စိုးရိမ်လာခဲ့ပါသည်။ ညနေ ၆ နာရီခန့်တွင် မည်သူမျှကျောင်းများအတွင်း မဝင်နိုင်ရန် ရဲများက သော့ခလောက်ချိတ်ဆွဲ၍ သော့ခတ်ခဲ့ပါသည်။ ဗုဒ္ဓဘာသာဝင် အစွန်းရောက်အမျိုးသားဝါဒီအချို့နှင့် အေပီသတင်းထောက် တစ်ဦးကြား ခိုက်ရန်ဖြစ်ပွားမှုမှာ ပိုမိုပြင်းထန်သွားခြင်းမရှိပါ။ ကျောင်းပိတ်ခြင်းမှာ ယာယီ ဖြစ်ကြောင်း အာဏာပိုင်များမှပြောခဲ့သော်လည်း မည်သည့်အချိန်အထိပိတ်မည်ကိုမူ မပြောခဲ့ကြောင်း ထိုကျောင်း တစ်ကျောင်း၏ ကော်မတီအဖွဲ့ဝင်တစ်ဦးမှ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့အား ပြောပြခဲ့ပါသည်။
ဧပြီလ ၂၉ ရက်နေ့တွင် လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့မှ သာကေတမြို့နယ်သို့ သွားရောက်ခဲ့ပြီး နှစ်ကျောင်းလုံးပြင်ပရှိ အစောင့်ချထားသည့် ဆယ်ဂဏန်းရှိသောရဲများကို အကဲခတ်ကြည့်ရှုခဲ့ပါသည်။ နံနက် ၁၁ နာရီထိုးပြီးစတွင် အစွန်းရောက်မျိုးချစ်များဟု ဒေသခံများက ဆိုသူများနှင့်အတူ ဒေသခံအာဏာပိုင်များနှင့်ကျောင်းကိုယ်စားလှယ်များ ကျောင်းများ စစ်ဆေးရန် ကျောင်းများအတွင်းသို့ ဝင်ရောက်ခဲ့ပါသည်။ ၎င်းတို့ပြန်ထွက်လာပြီးနောက် အရာရှိများမှ သော့ခလောက်များ လဲလိုက်ပြီး အဝါရောင်တိပ်များပတ်ကာ ဝင်ပေါက်များကို တားဆီးပိတ်ဆို့ခဲ့ပါသည်။ ထိုအချိန်မှစ၍ ကျောင်းများပြင်ပရှိ ရဲများသည် ထိုကျောင်းတွင်တက်နေသည့် ကျောင်းသားကလေးတို့၏မိဘများအပါအဝင် မည်သည့်မွတ်စလင်ကိုမျှ ဝင်ရောက်ခွင့်မပေးတော့ပါ။
ကျောင်းများပြန်ဖွင့်ပေးရန်တောင်းဆိုစာကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရုံးထံ စာတစ်စောင်ချက်ချင်းပို့ခဲ့သော်လည်း ယခုအချိန်ထိ တုံ့ပြန်ဖြေကြားမှုမရရှိကြောင်း ကျောင်းကော်မတီဝင်က လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့အား ပြောခဲ့ပါသည်။ သာမန်အားဖြင့် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကလေးရာဂဏန်း ထိုကျောင်းနှစ်ကျောင်းမှာ တက်ကြောင်း ဦးတင်မျိုးအောင်က ပြောပါသည်။ ကျောင်းများပိတ်ထားခြင်းဖြင့် ကလေးများပညာသင်ကြားခွင့် ဆုံးရှုံးကြပါသည်။။
ဤသို့ကျောင်းများပိတ်ခိုင်းခြင်းမှာ မြန်မာနိုင်ငံတွင်ဖြစ်လေ့ရှိကြောင်း၊ ခရစ်ယာန်များကဲ့သို့ အခြားဘာသာရေးလူနည်းစုများလည်း ထိခိုက်မှုရှိကြောင်း အသက် ၅၄ နှစ်ရှိ အစ္စလာမ်ဘာသာရေးကောင်စီအထွေထွေအတွင်းရေးမှူး ဦးဝဏ္ဏရွှေက ပြောပါသည်။
“ကျွန်တော်တို့အတွေ့အကြုံအရ ချိပ်ပိတ်ထားတဲ့ ဒါမှမဟုတ် ပိတ်ထားသည့် အစ္စလာမ်ကျောင်းတွေကို ပြန်ဖွင့်ခွင့်ပေးတာ မရှိသလောက်ပဲ။”ဟု ဦးဝဏ္ဏရွှေ က ပြောပါသည်။ ၂၀ဝ၁ ခုနှစ် တုန်းက ပဲခူးတိုင်းဒေသကြီး တောင်ငူအကြမ်းဖက်မှု ဖြစ်သည်မှ စ၍ အစိုးရသည် ဗလီဆယ်ခုကို ချိပ်ပိတ်ခဲ့ပြီးနောက် လေးခုကို သာပြန်လည်ဖွင့်ခဲ့ကြောင်းလည်း ပြောပါသည်။
လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့မှ ရန်ကုန်ရဲတပ်ဖွဲ့ ပြန်ကြားရေးကော်မတီထံ ကြိမ်ဖန်များစွာဖုန်းဆက်ခဲ့သော်လည်း မည်သူမျှ ၎င်းအဖြစ်အပျက်အပေါ်သုံးသပ်ချက်ပေးလိုခြင်းမရှိပါ။
“မွတ်စလင်များနှင့်အခြားဘာသာရေးလူနည်းစုများအပေါ် အကြမ်းဖက်မှုလှုံ့ဆော်သည့် အစွန်းရောက် အမျိုးသားများနှင့် ထိပ်တိုက်ရင်ဆိုင်ရန် လိုလားမှုမရှိကြောင်း မြန်မာအာဏာပိုင်များနှင့်ရဲများမှ ကြိမ်ဖန်များစွာ ပြခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် အစိုးရသည်လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်နှင့် ပညာသင်ယူခွင့်တို့ကို ကာကွယ်ပေးခြင်းဆိုသည့် ပြည်သူပြည်သားအားလုံး၏ အခြေခံလုံခြုံရေးကိုပေးရန် ပျက်ကွက်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ခေါင်းဆောင်များသည် လူနည်းစု တစ်စုအပေါ် အကြမ်းဖက်မှုနောက်တစ်ကြိမ်ဖြစ်လာသည်အထိ ထိုင်စောင့်နေ၍မဖြစ်ပါ။ ၎င်းတို့၏ဘာသာတရားကို ဘေးကင်းငြိမ်းချမ်းစွာ ကျင့်သုံးနိုင်ရန် ဘာသာရေးတင်းမာမှုများနှင့် အငြင်းပွားမှုများကို ကိုင်တွယ်ဖြေရှင်းရေးအတွက် ကြိုတင်ခြေလှမ်းများ လှမ်းရန်လိုသည်” ဟု ရောဘတ်ဆင်က ပြောပါသည်။
မြန်မာနိုင်ငံရှိ မွတ်စလင်များ
ကိုလိုနီဗြိတိသျှအစိုးရလက်ထက်နှင့် ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီးအစောပိုင်းနှစ်များတွင် မွတ်စလင်များသည် မြန်မာ အစိုးရအုပ်ချုပ်ရေးနှင့် အရပ်ဘက်ဝန်ထမ်းအဖွဲ့အစည်းတွင် မြင့်မားသည့်ရာထူးများ ရရှိခဲ့ဖူးပါသည်။ ဗြိတိသျှတို့နှင့်လွတ်လပ်ရေးတိုက်ပွဲတွင် ၎င်းတို့ ရှေ့တန်းမှပါဝင်ခဲ့ပါသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် မွတ်စလင်တို့ သည် နိုင်ငံစီးပွားရေး၊ စက်မှုလုပ်ငန်းနှင့် ယဉ်ကျေးမှု ဆိုင်ရာလှုပ်ရှားမှုများတွင် အဓိကအခန်းကဏ္ဍမှ ဆက်လက်ပါဝင်ခဲ့ပါသည်။ အများအပြားမှာ အစိုးရဝန်ထမ်းများ၊ စစ်သားများနှင့် အရာရှိများဖြစ်ပါသည်။ ၁၉၆၂ ခုနှစ် အာဏာသိမ်းယူပြီးနောက် ဗိုလ်ချုပ်ကြီးနေဝင်းက မွတ်စလင်များကို အစိုးရနှင့်စစ်တပ်မှ စနစ်တကျထုတ်ပစ်ရန် စတင်ဆောင်ရွက်ခဲ့ပါသည်။ မွတ်စလင်များ အစိုးရတွင်ပါဝင်ခြင်းမပြုရ သို့မဟုတ် ရာထူးမတိုးပေးရ ဆိုသည့် ပိတ်ပင်တားမြစ်သည့် ရေးသားညွှန်ကြားချက်များမရှိသော်လည်း ထိုသို့ကျင့်သုံးခဲ့သည်မှာ ကြာပြီ ဖြစ်ပါသည်။ ၂၀ဝ၁ ခုနှစ်တွင် နိုင်ငံ၏ဒေသအများအပြား၌ ဆယ်ဂဏန်းရှိ သောဗလီများနှင့် မဒရပ်စာများ ပျက်စီးခဲ့ရသော မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှုများကို လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့မှ မှတ်တမ်းတင်ခဲ့ပါသည်။
၂၀၁၄ ခုနှစ်တွင်ကောက်ယူခဲ့သော အစိုးရ၏လူဦးရေနှင့်သန်းခေါင်စာရင်းရလဒ်များအရ မွတ်စလင်များသည် ဗုဒ္ဓဘာသာဝင် ၉၀ ရာခိုင်နှုန်းရှိသော မြန်မာနိုင်ငံလူဦးရေ၏ နှစ်ရာခိုင်နှုန်းကျော်သာရှိပါသည်။ သို့ရာတွင် ရခိုင်ပြည်နယ်တွင် အဓိကနေထိုင်သည့် များသောအားဖြင့် နိုင်ငံမဲ့တိုင်းရင်းသားအုပ်စု ရိုဟင်ဂျာ မွတ်စလင် တစ်သန်းကျော်မှာ ထိုကိန်းဂဏန်းတွင် မပါပါ။ ခရစ်ယာန်များသည် နိုင်ငံလူဦးရေ၏ ခြောက်ရာခိုင်နှုန်း ကျော်သာရှိပါသည်။
နိုင်ငံတကာလူ့အခွင့်အရေးဥပဒေအရ မြန်မာနိုင်ငံသည် ဝတ်ပြုခြင်း၊ လေ့လာခြင်း၊ ကျင့်သုံးခြင်းနှင့်သင်ကြားခြင်းတို့တွင် မိမိယုံကြည်သလိုဆောင်ရွက်ခွင့်အပါအဝင် လွတ်လပ်စွာတွေးခေါ်ခွင့်၊ လွတ်လပ်စွာယုံကြည်ခွင့်နှင့် လွတ်လပ်စွာကိုးကွယ်ခွင့်တို့ကို ကာကွယ်ပေးရန်တာဝန်ရှိပါသည်။ ဤရပိုင်ခွင့်ကို ကျောသားရင်သားမခွဲခြားဘဲ ကာကွယ်ရပါမည်။ အများပြည်သူဘေးကင်းလုံခြုံမှု၊ ငြိမ်ဝပ်ပိပြားရေး၊ ကျန်းမာရေး၊ စာရိတ္တ သို့မဟုတ် အခြားသူတို့၏ အခြေခံရပိုင်ခွင့်များနှင့် လွတ်လပ်ခွင့်များကို ကာကွယ်ရန်အကြောင်းပြချက်ဖြင့် ၎င်းရပိုင်ခွင့်အပေါ်ကန့်သတ်နိုင်ပါသည်။ သို့ရာတွင် ၎င်းကန့်သတ်ချက်များကို ဥပဒေပြဋ္ဌာန်းပြီး တစ်စုံတစ်ရာသောအန္တရာယ် ကာကွယ်ရေးအတွက် တိတိကျကျအံဝင်ခွင်ကျပြဋ္ဌာန်းထားပြီး ကန့်သတ်ချက်မှာ အန္တရာယ်နှင့် အချိုးညီရပါမည်။ အစ္စလာမ်ဘာသာကျောင်းများမှာ အန္တရာယ်ပြုအံ့ဆဲဖြစ်ကြောင်း အထောက်အထားတစ်ခုမျှ မြန်မာအာဏာပိုင်များမှ ပေးခြင်းမရှိပါ။
အစွန်းရောက်အမျိုးသားရေးဝါဒီအုပ်စုများက ဘာသာရေးလူနည်းစုအသိုင်းအဝိုင်းများ ၎င်းတို့ဝတ်ပြုရာ၊ ကျင့်သုံးရာ သို့မဟုတ် ဘာသာရေးပညာရယူရာနေရာရွေးချယ်ခြင်းကို တားဆီးမှုအပေါ် မြန်မာအစိုးရအဆက်ဆက်က ကြိမ်ဖန်များစွာ ခွင့်ပြုခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာလွတ်လပ်စွာ ကိုးကွယ်ခွင့်ဆိုင်ရာကော်မတီသည် ၎င်း၏ ၂၀၁၇ ခုနှစ်စဉ်အစီရင်ခံစာတွင် မြန်မာနိုင်ငံရှိ မွတ်စလင်များနှင့် ခရစ်ယာန်များအပေါ်ခွဲခြားမှုကို နေရာအနှံ့အပြား ထပ်မံတွေ့ရှိထားပါသည်။
ဝတ်ပြုရာနေရာများနှင့် ဘာသာရေးအဆောက်အဦများဆောက်လုပ်မှုဆိုင်ရာ အစိုးရစည်းမျဉ်း စည်းကမ်းများမှာ နားလည်ရန်ခက်ခဲကာ မကြာခဏပင် ဒေသခံအရာရှိများမှ နှုတ်ဖြင့်သာရှင်းပြပြီး ခက်ခဲသော သတ်မှတ်ချက်များ ရှိပါသည်။ ဘာသာရေးကျောင်းများတွင် ဝတ်ပြုခြင်း သို့မဟုတ် ဘာသာရေး အဆောက်အဦများ ဆောက်လုပ်ခြင်းအပေါ် တရားဝင်ရေးသားတားမြစ်ထားသည့်စည်းမျဉ်းစည်းကမ်းများ မရှိသော်လည်း ကန့်သတ်ထားသည့်အချိန်ကာလများအတွင်း ဝတ်ပြုခွင့်တောင်းရန် အချို့ဘာသာရေးကျောင်းများအပေါ် သတ်မှတ်ထားကြောင်း ဦးဝဏ္ဏရွှေက လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ကို ပြောကြားခဲ့ပါသည်။ မြန်မာအစိုးရသည် ဗလီ အသစ်များ ဆောက်လုပ်ခြင်းအပေါ်လည်း တားမြစ်ထားပြီး လက်ရှိဘာသာရေးအဆောက်အဦများကို ပြုပြင်ရေးအတွက် ခွင့်ပြုချက်ရရန် အလွန်အမင်းခက်ခဲအောင် ပြုလုပ်ထားပါသည်။ ၎င်းကန့်သတ်ချက်များမှာ ၁၉၆၀ ခုနှစ်များ အစောပိုင်း ကတည်းက ရှိခဲ့ပြီး ထိုသို့ရှိခဲ့သောကြောင့် မြန်မာနိုင်ငံရှိဗလီအများအပြားသည် ပြုပြင်ရန် အလွန်အမင်းလိုအပ်နေပြီး ကျန်ဗလီများမှာလည်း တိုးပွားမွတ်စလင်ဦးရေနှင့် မမျှဖြစ်နေပါသည်။
ဥပမာ မကြာသေးမီအချိန်က ဗလီကျောင်းတစ်ကျောင်းမှ ကြွက်များမဝင်နိုင်ရန် ကွန်ကရစ်ကြမ်းခင်းထားသည်ကို ဒေသခံ အာဏာပိုင်များမှ အတင်းအကြပ်ခွာခိုင်းကြောင်း ဗလီခေါင်းဆောင်တစ်ဦးက ပြောသည်။ ခွင့်ပြုချက်မရရှိမီ ကြမ်းခင်း သဖြင့် တရားမဝင်ဟု အာဏာပိုင်များက ပြောပါသည်။ ဤခွင့်ပြုချက်လုပ်ငန်းစဉ်မှာ (ရပ်ကွက်အဆင့်မှ ရန်ကုန်တိုင်း ဒေသကြီး အစိုးရရုံးအထိ) ဒေသန္တရနှင့် တိုင်းဒေသကြီးအုပ်ချုပ်မှုရုံးတိုင်းနီးပါးထံမှ ခွင့်ပြုချက် ခြောက်ခုထက်မနည်း ရယူရကြောင်း ဗလီခေါင်းဆောင်များက ပြောပါသည်။
ရန်ကုန်ရှိ မဒရပ်စာကျောင်းနှစ်ကျောင်းကို အဓမ္မပိတ်ခိုင်းခြင်းမှာ မွတ်စလင်အသိုင်းအဝိုင်းများအပေါ် ဗုဒ္ဓဘာသာဝင် အစွန်းရောက်အမျိုးသားရေးဝါဒီများကျူးလွန်သည့် ပိုမိုကျယ်ပြန့်သော ဖိအားပေးမှု၊ ခြိမ်းခြောက်မှုနှင့် အကြမ်းဖက်မှု လမ်းကြောင်း၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါသည်။ ၎င်းအုပ်စုများအနက် အထင်ရှားဆုံးဖြစ်သည့် မဘသ သို့မဟုတ် အမျိုး ဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့သည် ခွဲခြားဆက်ဆံရေးမူဝါဒများကို တက်ကြွစွာအားပေးနေပြီး မွတ်စလင် ဆန့်ကျင်ရေးစိတ်ဓာတ်များ လှုံ့ဆော်နေပါသည်။ ၎င်းတို့တွင် လူ့အခွင့်အရေးကိုချိုးဖောက်သည် ဟု ဆိုသော “မျိုးစောင့်ဥပဒေ” လေးရပ် ပြဋ္ဌာန်းရေးအတွက် အောင်မြင်စွာ လှုံ့ဆော်နိုင်ခဲ့ခြင်းလည်းပါဝင်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်သြဂုတ်လတွင်ပြဋ္ဌာန်းခဲ့သော ထိုဥပဒေများသည် မွတ်စလင်များနှင့် အခြားဘာသာရေးလူနည်းစုများကို အလွန်အမင်းပစ်မှတ်ထားပြီး အမျိုးသမီးများ၏ရပိုင်ခွင့်များကို ချိုးဖောက်ကာ၊ ဒေသခံအာဏာပိုင်များက ထိုဥပဒေနှင့် အညီ အရေးယူကျင့်သုံးအောင် အစွန်းရောက်အမျိုးသားရေးအုပ်စုများဘက်က ဖိအားပေးလာအောင် အားပေးအားမြှောက် ပြုပါသည်။
နိုင်ငံ၏ဒေသအမျိုးမျိုးတွင် မွတ်စလင်တို့ အပေါ်နှင့် အထူးသဖြင့် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာတို့အပေါ် အကြမ်းဖက်မှုလှိုင်းများ အဆက်ဆက်ပေါ်ပေါက်ခဲ့သောကြောင့် ဗလီများစွာပျက်စီးခဲ့ပြီး လူမှု အသိုင်းအဝိုင်းများစွာ ဝတ်ပြုရာနေရာကင်းမဲ့ခဲ့ပါသည်။ ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်ဇွန်လ ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များအကြား အကြမ်းဖက်မှုအပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ရဲနှင့်တပ်မတော်မှ ကျောထောက်နောက်ခံ ထားထားသည့် ရခိုင်လူအုပ်မှ ရိုဟင်ဂျာများအပေါ် တိုက်ခိုက်မှုများကို ညှိနှိုင်းပြီးပြုလုပ်ခဲ့ပါသည်။ အောက်တိုဘာလ ရိုဟင်ဂျာ ကျေးရွာများအပေါ် တိုက်ခိုက်မှုများသည် “လူမျိုးသုဉ်းသတ်ဖြတ်မှု” နှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ရာ ရောက်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ လေ့လာတွေ့ရှိခဲ့ပါသည်။ ထောင်ပေါင်းများစွာသော အဆောက်အဦများ မီးရှို့ခံ ရပြီး လူတစ်သိန်းလေးသောင်းကျော် အိုးအိမ်ဆုံးရှုံးခဲ့ကာ အများစုမှာ ရိုဟင်ဂျာနှင့် ကမန်မွတ်စလင်များ ဖြစ်ကြပါသည်။
၂၀၁၃ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ မွတ်စလင်များနှင့်ဗုဒ္ဓဘာသာဝင်များ အချင်းများရာမှ လူပေါင်း ဒါဇင်နှင့်ချီ သေဆုံးခဲ့ပြီး အဆောက်အဦ ၈၀ဝ ကျော် ပျက်စီးခဲ့ပါသည်။ ၎င်းနှစ်အတွင်း မွတ်စလင် လူမှုအသိုင်းအဝိုင်း အပေါ် ထပ်မံတိုက်ခိုက်မှုများ ဧပြီလတွင် ပဲခူးတိုင်းဒေသကြီး ဥက္ကံမြို့၊ မေလတွင် ရှမ်းပြည်နယ် လားရှိုးမြို့၊ သြဂုတ်လတွင် စစ်ကိုင်းတိုင်းဒေသကြီး ထန်းကုန်းရွာ၊ အောက်တိုဘာလတွင် ရခိုင်ပြည်နယ် သံတွဲမြို့နယ်တို့၌ ဖြစ်ပွားခဲ့ပါသည်။ ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် မန္တလေးမြို့ရှိ မွတ်စလင်အိမ်တစ်အိမ်ကို ဗုဒ္ဓဘာသာလူအုပ်တစ်အုပ်က တိုက်ခိုက်ခဲ့ပါသည်။
၂၀၁၆ ခုနှစ် ဇွန်လနှောင်းပိုင်းနှင့် ဇူလိုင်လအစောပိုင်းတို့တွင် တစ်ပတ်အတွင်း ပဲခူးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့ရှိ ဗလီနှစ်ခုအား လူအုပ်များက ဖျက်ဆီးခဲ့ပါသည်။
၂၀၁၆ ခုနှစ်အောက်တိုဘာလတွင် အာရ်ကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) ဟုခေါ်သည့် ရိုဟင်ဂျာ ပြည်သူ့စစ်အုပ်စုမှ ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်စပ်စခန်းသုံးခုကို တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာလုံခြုံရေးတပ်များက နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများအတွင်း မီးရှို့ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဥပဒေမဲ့သတ်ဖြတ်ခြင်းနှင့် မုဒိမ်းကျင့်ခြင်း တို့ကို ကျူးလွန်ခဲ့ပါသည်။ ၎င်းတိုက်ခိုက်မှုများနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးမှ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ဟု သံသယရှိသည့်အခြားညှဉ်းပန်းနှိပ်စက်မှုများကို စုံစမ်းစစ်ဆေးရန် အချက်အလက်ရှာဖွေရေး လုပ်ငန်းအဖွဲ့ တစ်ရပ်စေလွှတ်ရန် ၂၀၁၇ ခုနှစ် မတ်လတွင် ကုလသမဂ္ဂက ဆုံးဖြတ်ချက်တစ်ရပ်ချမှတ်ခဲ့ပါသည်။