Skip to main content

မြန်မာ-ကချင်ရွာကို လေကြောင်းတိုက်ခိုက်မှုမှာ ထင်ရှားသော စစ်ရာဇဝတ်မှုမြောက်

မြန်မာစစ်တပ်အား လက်နက်ပိတ်ဆို့မှု၊ လေကြောင်းလောင်စာဆီပိတ်ပင်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ကချင်ပြည်နယ် လေကြောင်းတိုက်ခိုက်ခံရမှုက ပြသနေ

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်၊ ကချင်ပြည်နယ်၊ Mung Lai Hkyet ရွာတွင် လေကြောင်းနှင့် အမြောက်များဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံး © 2023 AP Photo

(ဘန်ကောက်) - ကချင်ပြည်နယ်အတွင်း ရာနှင့်ချီသော စစ်ဘေးရှောင် ပြည်သူများကို လက်ခံထားသည့် ရွာတစ်ရွာကို မြန်မာစစ်တပ်က ၂၀၂၃၊ အောက်တိုဘာလ ၉ ရက်နေ့တွင် တိုက်ခိုက်ခဲ့သောကြောင့် ကလေး ၁၁ ဦး အပါအဝင် အရပ်သား ၂၈ ဦး သေဆုံးခဲ့ရာ စစ်တပ်မှ စစ်ရာဇဝတ်မှုကို ထင်ထင်ရှားရှား ကျူးလွန်ရာရောက်သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch, HRW) မှ ယနေ့ ပြောကြားသည်။ ညအချိန် တိုက်ခိုက်မှုကြောင့် မုန်လိုင်ခက်တွင် လူ ၆၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး အရပ်သားအဆောက်အဦများ အများအပြား ပျက်စီးခဲ့သည်၊ အဆိုပါတိုက်ခိုက်မှုမှာ စစ်ရေးအရ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်သည့်ပုံမပေါ်ပေ။

HRW မှ မျက်မြင်သက်သေ ၅ ဦးကို တွေ့ဆုံမေးမြန်းခဲ့ပြီး အဆိုပါတိုက်ခိုက်မှုအပြီး ရိုက်ယူထားသော ဓာတ်ပုံ ၂၀ နှင့် ဗီဒီယို ၃ ခုကို သုံးသပ်ခဲ့ရာ မြန်မာစစ်တပ်က မုန်လိုင်ခက်ရွာကို လေကြောင်းတိုက်ခိုက်မှု ကနဦးပြုလုပ်ခဲ့ပြီး နောက်မှ မြေပြင်ပစ်မော်တာ သို့မဟုတ် အမြောက်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ကနဦးတိုက်ခိုက်မှု ဖြစ်ပွားသည့် နေရာများ၏ပုံများတွင် လေကြောင်းမှကြဲချသော ပေါက်ကွဲအားပြင်းဗုံးကြီးများမှ ဂယက်လှိုင်းလုံးများ၏ သက်ရောက်မှုနှင့် ကိုက်ညီသော အပျက်အစီးများနှင့် အကြွင်းအကျန်များကို တွေ့ရသည်။ တိုက်ခိုက်မှုဖြစ်ပွားချိန် ရွာအနီးတဝိုက်တွင် အတိုက်အခံ လက်နက်ကိုင်အဖွဲ့များ ရှိနေသည့် အထောက်အထားကို HRW မှ မတွေ့ခဲ့ပေ။

“စစ်ဘေးရှောင်ပြည်သူတွေနဲ့ ပြည့်နေတဲ့ ဒီရွာကို မြန်မာစစ်တပ်က အကြိမ်ကြိမ် တိုက်ခိုက်တာတွေ၊ ပစ်ခတ်တာတွေက ဥပဒေမဲ့ တမင်ရည်ရွယ်ချက်ရှိရှိလုပ်တာ ဒါမှမဟုတ် လက်နက်ကိုင်တပ်သားနှင့်အရပ်သား မခွဲခြားပဲ ထင်တိုင်းကျဲတာပဲ” ဟု HRW မှ မြန်မာသုတေသီ မန်နီမောင်က ပြောသည်။ “သက်ဆိုင်ရာအစိုးရတွေအနေနဲ့ အရပ်သားတွေရဲ့အသက်ကို စစ်တပ်က ဒီလိုမဆင်မခြင် လျစ်လျူရှုနေတာကို ရှုတ်ချသင့်တယ်၊ နောက်ပြီး စစ်တပ်က နောက်ထပ် ချိုးဖောက်မှုတွေ မကျူးလွန်နိုင်အောင် အဓိပ္ပါယ်ရှိပြီး ထိရောက်တဲ့ အရေးယူမှုတွေကို လုပ်သင့်တယ်။”

မုန်လိုင်ခက်သည် တရုတ်နယ်စပ်အနီးရှိ ကချင်လွတ်လပ်ရေးတပ်မတော် (Kachin Independence Army, KIA) ဌာနချုပ်ရှိသည့် လိုင်ဇာမြို့မှ ၅ကီလိုမီတာခန့်အကွာတွင် တည်ရှိသည်။ KIA သည် မြန်မာစစ်တပ်နှင့် ဆယ်စုနှစ်များစွာကြာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး စစ်တပ်သည် ကချင်ပြည်နယ်နှင့် အခြားဒေသများတွင် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည့် မှတ်တမ်းများစွာ ရှိသည်။ ၂၀၁၁တွင် KIA နှင့် စစ်တပ် အပစ်အခတ်ရပ်စဲရေး ပျက်သွားပြီးနောက် ပြန်လည်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူများကို လီဆူးတိုင်းရင်းသားများ အများဆုံးနေထိုင်သည့် မုန်လိုင်ခက်ရွာမှ လက်ခံထားခဲ့သည်။

၂၀၂၁၊ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှုကို KIA မှ ဆန့်ကျင်ပြီးနောက် ကချင်ပြည်နယ်တွင် တိုက်ပွဲများ တိုးလာပြီး မုန်လိုင်ခက်ကဲ့သို့ ဒေသအများအပြား အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ KIAသည် မြန်မာစစ်ကောင်စီကို ဆန့်ကျင်သည့် လက်နက်ကိုင်အဖွဲ့သစ်များ၏ တပ်သားသစ်များကိုလည်း လေ့ကျင့်ပေးလျက်ရှိသည်။

လိုင်ဇာတွင် KIA တပ်ဖွဲ့ ရှိနေသော်လည်း ညမထွက်ရအမိန့်ကြောင့် စစ်တပ်မှ လေကြောင်းဖြင့်လာရောက်တိုက်ခိုက်စဥ်တွင် မုန်လိုင်ခက်ရွာထဲတွင် KIA တပ်ဖွဲ့ဝင်များ မရှိကြောင်း၊ စစ်တပ်က ထိုကဲ့သို့လာရောက်တိုက်ခိုက်ရအောင်လည်း ကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ရွာခံတစ်ဦးမှ HRW ကို ပြောသည်။

ပထမပေါက်ကွဲသံမှာ အကျယ်ဆုံးဖြစ်ပြီး လိုင်ဇာကနေပင် တုန်ခါမှုကို ခံစားရကြောင်း “ပတ်ဝန်းကျင်မှာရှိတဲ့ အရာတွေအားလုံး တုန်ခါကုန်တာ၊ နောက်ပြီး သိပ်မပြင်းတဲ့ ပေါက်ကွဲသံတွေ ကျနော်တို့ ထပ်ကြားရသေးတယ်” ဟု လိုင်ဇာဒေသခံတစ်ဦးမှ HRW ကို ပြောသည်။

ည ၁၁နာရီခွဲခန့်တွင် ပထမပေါက်ကွဲသံကြောင့် လန့်နိုးခဲ့ကြောင်း၊ ထို့နောက် အနည်းဆုံး ပေါက်ကွဲမှု လေးကြိမ် ဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေများက ဒေသခံမီဒီယာကို ပြောသည်။ တိုက်ခိုက်မှုအပြီး ရိုက်ယူထားသော ဓါတ်ပုံများအရ မီတာ ၅ဝဝခန့် ကျယ်ဝန်းပြီး အနည်းဆုံး ၆မီတာ အနက်ရှိသော ချက်ခွက်ကြီးတစ်ခု၊ အဆောက်အဦများမှ သစ်သားများ အစိတ်စိတ်အမွှာမွှာ ကွဲအက်နေပြီး မော်တော်ယာဉ်များ၏ တွန့်လိမ်နေသော သတ္တုအပိုင်းအစများကို တွေ့ရသည်။

အကာအကွယ်ယူဖို့ ပြေးလွှားနေချိန် လေထဲတွင် ကျည်ဆံမြည်သံများ ကြားခဲ့ရကြောင်း ရွာသားများ၏ပြောကြားချက်ကို  နောက်နေ့နံနက် မိုင်လိုင်ခက်ကို သွားရောက်ကူညီခဲ့သည့် လိုင်ဇာဒေသခံတစ်ဦးမှ ပြန်ပြောပြခဲ့သည်။ “ဒီရွာမှာ နေကတည်းက ကျွန်တော်တို့ ရင်းနှီးနေတဲ့ အသံပါပဲ၊ စစ်တပ် တိုက်ခိုက်တာတွေကို ကျွန်တော်တို့ အားလုံး ကြုံဖူးပါတယ်” ဟု အဆိုပါဒေသခံက ဆိုသည်။ “ဒါပေမယ့် အပျက်အစီးတွေကို မြင်လိုက်တာနဲ့ ဒီလောက် သေကြေပျက်စီးအောင်လုပ်နိုင်တာ ကျည်ဆန်တွေချည်းပဲ မဟုတ်ဘူးဆိုတာ သိလိုက်တယ်။”

တိုက်ခိုက်မှုအတွင်း မိသားစုတစ်စုတွင် မိသားစုဝင်ခြောက်ဦးစလုံး အသက်ဆုံးရှုံးခဲ့ပြီး အခြားမိသားစုတစ်စုမှာလည်း ၁ လသားနှင့် ၃ နှစ်အရွယ်တို့သာ ကျန်ရစ်ခဲ့ကြောင်း အဆိုပါဒေသခံက ပြောသည်။ သေဆုံးသူများထဲတွင် အမျိုးသမီး ၁၀ ဦး၊ အသက် ၁၈ နှစ်အောက် မိန်းကလေးငယ် ၁၀ ဦး၊ အမျိုးသား ၇ ဦးနှင့် ၃ နှစ်အရွယ် ယောက်ျားလေး ၁ ဦးတို့ ပါဝင်သည်။

ဒေသခံဆေးရုံ၏ အောက်တိုဘာ ၁၁ ရက်နေ့ လူနာစာရင်းကို HRW မှ စစ်ဆေးခဲ့ရာ ထိုစာရင်းတွင် ကလေး ၅ ဦး အပါအဝင် ဒဏ်ရာရရှိသူ ၁၅ ဦးမှာ ဆေးကုသမှု ခံယူလျက်ရှိသည်။

နိုင်ငံပိုင်မီဒီယာတွင် တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းမှ အဆိုပါလေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်တပ်၏တာဝန်ရှိမှုကို ငြင်းဆိုခဲ့ပြီး မိုင်လိုင်ခက်ရွာတွင် KIA မှ သိမ်းဆည်းထားသော ဖောက်ခွဲရေးပစ္စည်းများကြောင့် ပေါက်ကွဲမှုဖြစ်ပွားရခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

မြန်မာစစ်တပ်သည် စစ်ဥပဒေများကို ချိုးဖောက်ပြီး လူနေထူထပ်သော နေရာများကို လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ် ကျူးလွန်ခဲ့သည်။ ဧပြီလတွင် မြန်မာလုံခြုံရေးတပ်ဖွဲ့များမှ သာမိုဘားရစ်ဗုံး (သို့) လောင်စာ-လေဖောက်ခွဲရေးပစ္စည်းကို အသုံးပြု၍ လေကြောင်းမှတိုက်ခိုက်ခဲ့သောကြောင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် အနည်းဆုံး လူ ၁၆၀ ထက်မနည်း သေဆုံးခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီလမှစပြီး မြန်မာနိုင်ငံတွင် လေကြောင်းတိုက်ခိုက်မှုများ လစဉ်တိုးလာနေကြောင်း လက်နက်ကိုင်ပဋိပက္ခတည်နေရာနှင့် ဆန္ဒပြပွဲဒေတာစုဆောင်းခြင်းပရောဂျက် (Armed Conflict Location and Event Data project, ACLED) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

စစ်ဥပဒေများတွင် အရပ်သားများနှင့် အရပ်ဘက်ဆိုင်ရာပစ္စည်းများကို ပစ်မှတ်ထားခြင်း၊ အရပ်သားနှင့်တိုက်ပွဲဝင်သူများကို မခွဲခြားနိုင်သည့် တိုက်ခိုက်ခြင်းများကို တားမြစ်ထားသည်။ ထို့အပြင် မပြောပလောက်သော ခန့်မှန်းထားသည့် စစ်ရေးအသာစီးရမှု ရှိနိုင်သော်လည်း အရပ်သားများ၏အသက် (သို့) စည်းစိမ်ဥစ္စာကို အဆမတန် ထိခိုက်နိုင်ပါက ထိုတိုက်ခိုက်ခြင်းများကို စစ်ပွဲဥပဒေများမှ တားမြစ်ထားသည်။

စစ်ဖြစ်နေချိန် လက်နက်ကိုင်ပဋိပက္ခတွင်ပါဝင်သော ပါတီများအနေနှင့် အရပ်ဘက်ဆိုင်ရာပစ္စည်းများနှင့် စစ်ဘက်ဆိုင်ရာ ပစ်မှတ်များ ကွဲပြားအောင်လုပ်ရန်၊ တိုက်ခိုက်မှုများစတင်ဖြစ်ပွားသည်နှင့် အဆိုပါတပ်ဖွဲ့များအနေဖြင့် မိမိတို့ ပစ်မှတ်ထားသည်မှာ အမှန်တကယ်ပင် စစ်ဘက်ဆိုင်ရာရည်မှန်းချက်သာဖြစ်ကြောင်း သေချာစေရန် လက်တွေ့ကျသည့်နည်းလမ်းများ လိုအပ်ကြောင်း စစ်ဥပဒေများတွင် ပြဌာန်းထားသည်။ စာသင်ကျောင်းကဲ့သို့ ပုံမှန်အားဖြင့် အရပ်ဘက်ရည်ရွယ်ချက်အတွက် အသုံးပြုသည့် အရာတစ်ခုကို စစ်ရေးရည်ရွယ်ချက်အတွက် အသုံးချခြင်း ရှိ၊ မရှိ မသေချာပါက ၎င်းကို စစ်ရေးအတွက် အသုံးပြုသည့်အရာဟု မယူဆသင့်ပေ။

စစ်ဥပဒေချိုးဖောက်မှုများကို ပြင်းပြင်းထန်ထန် ကျူးလွန်သူများ သို့မဟုတ် အမိန့်ပေးသူများသည် စစ်ရာဇ၀တ်မှုများအတွက် ပြစ်ဒဏ်ကျခံရန် တာဝန်ရှိသည်။ စစ်တပ်အနေနှင့် စစ်ရေးပစ်မှတ်များမရှိဘဲ မိုင်လိုင်ခက်ရွာအား ကြိမ်ဖန်များစွာ ဥပဒေမဲ့တိုက်ခိုက်မှုများသည် တမင်သက်သက် သို့မဟုတ် မဆင်မခြင်တိုက်ခိုက်ခြင်းများသာ ဖြစ်သည်ဟု အခိုင်အမာ ဖော်ပြနေသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာစစ်တပ်အား လက်နက်ရောင်းချမှု ပိတ်ဆို့ရန်နှင့် ၎င်း၏ လေကြောင်းလောင်စာဆီဖြတ်တောက်ရန် လုပ်ဆောင်မှုများအပြင် စစ်တပ်၏၀င်ငွေအပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ ပြုလုပ်သင့်သည်ဟု ကုလသမဂ္ဂ တာဝန်ရှိသူများHRWAmnesty International နှင့် အခြားအဖွဲ့အစည်းများမှ ထပ်ခါတလဲလဲ ပြောဆိုခဲ့ပြီး ဖြစ်သည်။

အမေရိကန်၊ အီးယူ၊ ယူကေနှင့် အခြားနိုင်ငံများသည် မြန်မာ့စစ်တပ်၏ စီးပွားရေးနှင့် ဘဏ်လုပ်ငန်း အကျိုးစီးပွားများအပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ ချမှတ်အကောင်အထည်ဖော်ခဲ့သည်၊ အဆိုပါပိတ်ဆို့အရေးယူမှုများမှာ စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် မြန်မာနိုင်ငံ၏လက်ရှိ အကျပ်အတည်းကို သံတမန်ရေးရာ ကြိုးပမ်းမှုများဖြင့် ပြေလည်အောင်ဆောင်ရွက်ရန် စစ်တပ်အား ဖိအားပေးရန် ရည်ရွယ်ခြင်း ဖြစ်သည်။ သက်ဆိုင်ရာအစိုးရအများအပြားမှ လေကြောင်းလောင်စာဆီရောင်းချမှု သို့မဟုတ် လွှဲပြောင်းမှုများကို ပိတ်ဆို့ရန် သီးခြားအစီအမံများကို လွတ်လပ်စွာ ဆောင်ရွက်ခဲ့ကြသည်။ အလားတူဒဏ်ခတ်ပိတ်ဆို့မှုများကို ကမ္ဘာတစ်ဝှမ်း ချမှတ်လုပ်ဆောင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီအား တိုက်တွန်းသင့်ပြီး သက်ဆိုင်ရာအစိုးရများအနေဖြင့်လည်း အဆိုပါဒဏ်ခတ်ပိတ်ဆို့မှုများ ပိုမိုထိရောက်စေရန် နိုင်ငံအချင်းချင်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်သင့်ကြောင်း HRW မှ အလေးပေးပြောကြားခဲ့သည်။​

“စစ်မှန်တဲ့ စီးပွားရေး ပိတ်ဆို့ကန့်သတ်ချက်တွေနဲ့ လက်နက်၊ လောင်စာဆီနဲ့ ပစ္စည်းတွေကို အဓိပ္ပာယ်ရှိရှိ ပိတ်ဆို့ထားဖို့ တခြားနိုင်ငံတကာအစိုးရတွေ ပူးပေါင်းပြီးမဆောင်ရွက်မချင်း မြန်မာစစ်တပ်က ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတာကို ရပ်တန့်မှာ မဟုတ်ပါဘူး” ဟု မန်နီမောင်က ပြောသည်။ “လက်ရှိအနေအထားအတိုင်းဆက်သွားနေမယ်ဆိုရင်တော့ စစ်ရာဇ၀တ်မှုတွေနဲ့ အရပ်သားသေဆုံးမှုတွေသာ ပိုပြီးများလာပါလိမ့်မယ်။”

Your tax deductible gift can help stop human rights violations and save lives around the world.

Most Viewed