“ခြေထောက်တစ်ဖက်နဲ့ နွားတစ်ကောင်ဆုံးရှုံးခဲ့တယ်”
စက်တင်ဘာလ ၁၆ ရက်နေ့တွင် အသက် ၂၂ နှစ်အရွယ် အောင်ဂျာ သောဝေ တန်ချန်ဂျာသည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နယ်စပ်တစ်လျှောက်၌ နွားကျောင်းနေခဲ့သည်။
“တစ်ခါတစ်ရံ နွားတွေက မြန်မာဘက်ခြမ်းကို ဖြတ်သွားတတ်တော့ ပြန်လိုက်ခေါ်ရတယ်။ မြေမြှုပ်မိုင်းထောင်ထားမယ်လို့ မထင်ခဲ့မိဘူး။ မိုင်းပေါ်နင်းမိပြီး မိုင်းထပေါက်တော့ ကျွန်တော် သတိမေ့သွားတယ်။ သတိလည်လာတော့ ဘယ်ဘက်ခြေထောက် မရှိတော့ဘူး။ အခုထိ နာနေသေးတယ်” ဟု သူက ပြောသည်။
မြေမြှုပ်မိုင်းအသုံးပြုမှုတားဆီးရေး အပြည်ပြည်ဆိုင်ရာစာချုပ်ကို ပြဋ္ဌာန်းခဲ့သည့်မှာ ၂၀၂၂ တွင် ၂၅ နှစ်ပြည့်ပြီဖြစ်သော်လည်း ရုရှားနှင့်မြန်မာ နှစ်နိုင်ငံသာ မြေမြှုပ်မိုင်းများကို ဆက်လက်အသုံးပြုနေဆဲ ဖြစ်သည်။ မြန်မာစစ်တပ်သည် မြေမြှုပ်မိုင်းများကို ၁၉၉၉ မှ စတင်အသုံးပြုခဲ့သော်လည်း ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ခဲ့သည့် ၂၀၂၂ မြေမြှုပ်မိုင်းအသုံးပြုမှု စောင့်ကြည့်ရေး အစီရင်ခံစာအရ ၂၀၂၁၊ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အစိုးရ၏ ထပ်မံအသုံးပြုမှုမှာ သိသိသာသာ မြင့်တက်လာခဲ့သည်။
အဆိုပါ အစီရင်ခံစာတွင် စစ်အစိုးရက ထုတ်လုပ်ပြီး နိုင်ငံအနှံ့မြှုပ်ထားသည့် ရာနှင့်ချီသော မြေမြှုပ်မိုင်းများ၏ ဓာတ်ပုံများကို လေ့လာဆန်းစစ်ထားသည်။
၂၀၂၁၊ ဖေဖော်ဝါရီလမှ ၂၀၂၂၊ စက်တင်ဘာလအတွင်း မြေမြှုပ်မိုင်းများနှင့် စစ်ပွဲအတွင်း မပေါက်ကွဲဘဲကျန်ခဲ့သည့် လက်နက်အပိုင်းအစများကြောင့် သေဆုံးသည့် အရပ်သား ၁၅၇ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၃၉၅ ဦးရှိသည်။ ထိခိုက်ဒဏ်ရာရသူ သုံးပုံတစ်ပုံခန့်မှာ ကလေးသူငယ်များ ဖြစ်ကြသည်။ မြန်မာစစ်တပ်မှ လူနေအိမ်များ၊ ကျေးရွာလမ်းများ၊ ဘုရားရှိခိုးကျောင်းဝင်းများနှင့် လယ်ကွင်းများတွင် မြေမြှုပ်မိုင်းများ ထောင်ထားသည်။ စစ်ကြောင်းများမှ မြေမြှုပ်မိုင်း ရှိသည့်နေရာများသိရန် အရပ်သားများအား “လူသားဒိုင်းများ” သဖွယ် တပ်ရှေ့မှ အတင်းအဓမ္မသွားခိုင်းသည်။
ဩဂုတ်လတွင် ရခိုင်ပြည်နယ်တစ်ဝန်း တိုက်ပွဲများ ပျံ့နှံ့လာခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော်သည် ဒါဇင်နှင့်ချီသော စစ်တပ်ထုတ်မိုင်းများ ရှာနိုင်ခဲ့သည်။ တန်ချန်ဂျာများကဲ့သို့ အရပ်သားများ ထင်းကောက်၊ လယ်လုပ်၊ နွားကျောင်းလေ့ရှိသည့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နယ်စပ်တစ်လျှောက် မြေမြှုပ်မိုင်းများကြောင့် ထိခိုက်သေဆုံးသူများလည်း မြင့်တက်လျက်ရှိသည်။ ပြီးခဲ့သည့် မိုင်းပေါက်ကွဲမှုများမတိုင်မီ မြန်မာစစ်သားများ နယ်စပ်စခန်းများအနီး လှုပ်ရှားနေခဲ့ကြောင်း မျက်မြင်သက်သေများက ဆိုသည်။
မြန်မာစစ်တပ်သည် စစ်ပွဲဆိုင်ရာဥပဒေများကို ဆိုးဆိုးရွားရွား ချိုးဖောက်မှုများတွင် ရှေရှည်ပါဝင်ပတ်သက်နေပြီး ထိုချိုးဖောက်မှုအများစုမှာ စစ်ရာဇဝတ်မှုမြောက်သည်။ အဆိုပါချိုးဖောက်မှုများကို လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားဆဲ တိုင်းရင်းသား လူနည်းစုဒေသများတွင် ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။ အာဏာသိမ်းမှုနောက်ပိုင်း စစ်အစိုးရအာဏာပိုင်များမှ မြေမြှုပ်မိုင်းများကြောင့် ထိခိုက်ဒဏ်ရာရသူများထံ ကယ်ဆယ်ရေးအကူအညီများ မရောက်အောင် တားဆီးထား ပြီး ဆေးကုသမပေးရန် ဆေးဝန်ထမ်းများကို အမိန့်ထုတ်ထားသည်။ မြန်မာနိုင်ငံတစ်ဝှမ်း နေရပ်စွန့်ခွာရသူပေါင်း ၁ ဒသမ ၄ သန်း အိမ်ပြန်နိုင်ရေးတွင် မြေမြှုပ်မိုင်းအန္တရာယ်သည် အတားအဆီးတစ်ရပ် ဖြစ်လာသည်။
မြန်မာစစ်တပ်အပြင် တခြားလက်နက်ကိုင်အဖွဲ့များ၏ မြေမြှုပ်မိုင်းအသုံးပြုမှုကို စောင့်ကြည့်ရေးအစီရင်ခံစာတွင် ဖော်ပြထားသည်။
၁၉၉၇ မြေမြှုပ်မိုင်းတားမြစ်ရေးစာချုပ် တွင် တိုက်ခိုက်ရေးသုံးမြေမြှုပ်မိုင်းများ အသုံးပြုခြင်းကို တားမြစ်ထားပြီး မြေအောက်မှ မိုင်းများကို ရှင်းလင်းခြင်း၊ ထုတ်လုပ်ပြီး မိုင်းများကို ဖျက်ဆီးခြင်း၊ ဒဏ်ရာရသူများကို ကူညီခြင်းများ လုပ်ဆောင်ရန် ပြဋ္ဌာန်းထားသည်။ မြန်မာသည် စာချုပ်တွင် လက်မှတ်မထိုးထားသော်လည်း စစ်အစိုးရ၏ မြေမြှုပ်မိုင်းအသုံးပြုမှုသည် တရားဥပဒေနှင့်ဆန့်ကျင်နေဆဲ ဖြစ်သည်။ မြေမြှုပ်မိုင်းများသည် လက်နက်ကိုင်၊ အရပ်သား မခွဲခြား၊ မြေအောက်တွင် ကာလကြာရှည်စွာ မြှုပ်ထားသည်ဖြစ်စေ နင်းမိပါက အသက်ဆုံးရှုံးနိုင်သလို ကိုယ်ခန္ဓာအစိတ်အပိုင်းများကိုလည်း ဆုံးရှုံးနိုင်သည်။
ယခုတစ်ပတ်၊ ဂျီနီဗာမြို့တွင် ကျင်းပမည့် မြေမြှုပ်မိုင်းတားမြစ်ရေးစာချုပ် အဖွဲ့ဝင်များ၏ အကြိမ် ၂၀ မြောက်အစည်းအဝေး သို့ တက်ရောက်လာကြမည့် အစိုးရများအနေဖြင့် မြန်မာနိုင်ငံတွင် တိုက်ခိုက်ရေးသုံးမြေမြှုပ်မိုင်းအသုံးပြုမှုကို ရှုတ်ချသင့်သည်။ ထို့အပြင် အကြီးအကျယ်ဒုက္ခရောက်စေသည့်လက်နက်များ အသုံးပြုနိုင်ရန် မြန်မာစစ်တပ်အား အထောက်အကူပြုနေသော ဝင်ငွေရပေါက်ရလမ်းများကို ဖြတ်တောက်ရန်ကြိုးပမ်းမှုများ ပိုမိုအားကောင်းအောင် လုပ်ဆောင်သင့်သည်။