Skip to main content

ဂျပန် - မြန်မာပြည်ရှိ ဆောက်လုပ်ရေးစီမံကိန်းကို ရပ်ပစ်

အလွဲသုံးစားစစ်တပ်နှင့် စီးပွားရေးလုပ်ခြင်းကြောင့် လူ့အခွင့်အရေးထိခိုက်နိုင်

Activists demonstrate in front of the Ministry of Economy, Trade and Industry on June 18, 2021 in Tokyo, Japan.  © 2021 Kazuki Oishi/Sipa USA

(တိုကျို) - လူ့အခွင့်အရေးအလွဲသုံးစားလုပ်နေသော မြန်မာစစ်တပ်ပါဝင်သည့် ဆောက်လုပ်ရေးစီမံကိန်းတွင် ဂျပန်စီးပွားရေးလုပ်ငန်းများ ပါဝင်မှု ရပ်ဆိုင်းသင့်ကြောင်း Human Rights Now၊ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့၊ ဂျပန်အပြည်ပြည်ဆိုင်ရာ လုပ်အားပေးစင်တာ၊ Justice For Myanmar နှင့် Mekong Watch တို့မှ ယနေ့ ပြောကြားလိုက်သည်။ ရန်ကုန်မြို့တွင် ဆောက်လုပ်မည့် Y-Complex စီမံကိန်းမှာ လူ့အခွင့်အရေးအလွဲသုံးစားလုပ်မှုကို ရေရှည်ကျူးလွန်လာခဲ့သော မှတ်တမ်းများရှိပြီး ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း ပို၍အလွဲသုံးစားဆန်လာသော မြန်မာစစ်တပ်၏မြေကို ငှားရမ်းဆောက်လုပ်ခြင်းဖြစ်သည်။

အဆိုပါ စီမံကိန်းတွင် ပါဝင်သော ကုမ္ပဏီတစ်ခုဖြစ်သည့် Tokyo Tatemono ကုမ္ပဏီက Y-Complex စီမံကိန်းတွင် သူတို့၏ပါဝင်မှုကို စစ်တပ်အာဏာသိမ်းပြီးကတည်းက ရပ်ဆိုင်းပြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။ သို့သော် စီမံကိန်းအဖွဲ့ဝင်များဖြစ်သည့် ဂျပန်ပြည်သူ့ဘဏ္ဍာငွေများဖြင့် ရပ်တည်နေကြသော Japan Bank for International Cooperation (JBIC)၊ Japan Overseas Infrastructure Investment Cooperation for Transport and Urban Development (JOIN)၊ Fujita Corporation နှင့် Tokyo Tatemono တို့မှ အဆိုပါစီမံကိန်းတွင် ပါဝင်မှုကို ရပ်ဆိုင်းခြင်းမှာ မည်မျှကြာမည်ဖြစ်ကြောင်း၊ မည်သည့်အခြေအနေတွင် ပြန်လည်လုပ်ဆောင်မည်ဖြစ်ကြောင်း လူသိရှင်ကြားပြောကြားခဲ့ခြင်း မရှိပေ။

“ဂျပန်အစိုးရနဲ့ ဂျပန်စီးပွားရေးလုပ်ငန်းတွေက မြန်မာပြည်မှာ စီးပွားရေးလုပ်ရင် ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်တယ်ဆိုတာ သေသေချာချာ သုံးသပ်တာမျိုး မလုပ်ခဲ့ကြဘူး” ဟု Human Rights Now ၏ ဒုအတွင်းရေးမှူးချုပ် ရုတာရို အိုဂါဝါ က ပြောသည်။ “သူတို့မှာ လိုအပ်ချက်တွေရှိတယ်ဆိုတာ ဝန်ခံပြီး တာဝန်သိသိနဲ့ လုပ်ဖို့လိုတယ်။ အဲလိုမှမဟုတ်ရင် စစ်တပ်ကို ငွေကြေးထောက်ပံ့နေသလို ဖြစ်သွားမယ်။”

Y-Complex စီမံကိန်းတွင် ရှော့ပင်းမော၊ ဟိုတယ်နှင့် အငှားရုံးခန်းနေရာများပါဝင်ပြီး စစ်တပ်ပိုင် တပ်မတော်စစ်သမိုင်းပြတိုက်မြေပေါ်တွင် ဆောက်လုပ်နေသည်။ ၂၀၁၃၊ အောက်တိုဘာ ၁၅ ရက်စွဲတပ် “Build, Operate, Transfer (B.O.T) Land Lease Agreement” စာချုပ်မိတ္တူတစ်ခုအရ ထိုမြေကို စစ်ထောက်ချုပ်ရုံးမှ ငှားရမ်းထားခြင်းဖြစ်သည်ဟု သိရသည်။ B.O.T သဘောတူညီချက်စာချုပ်ကို ဖျက်သိမ်းပါက သို့မဟုတ် စာချုပ်သက်တမ်းကုန်သွားပါက အဆိုပါမြေသာမက မြေပေါ်တွင် ဆောက်လုပ်ထားသော အဆောက်အဉီးများနှင့် အခြားအရာအားလုံးကို “မြေရှင်”ထံ ပြန်အပ်ရမည်ဟု စာချုပ်တွင် ဖော်ပြထားသည်။ ထို့ကြောင့် Y-Complex တွင် ပါဝင်သော ကုမ္ပဏီများမှာ မြေငှားစာချုပ်ကို ဖျက်သိမ်းလိုက်သည့်တိုင် စစ်တပ် ရေရှည်ဝင်ငွေရစေမည့် မရွေ့ပြောင်းနိုင်သော စီးပွားရေးအဆောက်အဉီးများ ထားခဲ့ရမည်ဖြစ်သည်။ ၂၀၂၀၊ ဇွန်လ ၂၂ ရက်နေ့တွင် စစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ထိုမြေမှာ တပ်ပိုင်မြေဖြစ်ပြီး Y-Complex စီမံကိန်းအတွက် ကာကွယ်ရေးဝန်ကြီးဌာနက မြေငှားရမ်းခရနေသည်ဟု အတည်ပြုပြောကြားခဲ့သည်။ 

၂၀၂၁ မတ်လ ၅ ရက်နေ့က Mekong Watch မှ မေးမြန်းရာတွင် မြန်မာကာကွယ်ရေးဝန်ကြီးဌာနမှ မြေငှားခအားလုံးကို ရရှိပြီးဖြစ်ကြောင်း JBIC မှ ပြန်ကြားခဲ့သည်။ နိုင်ငံတော်အသုံးစရိတ်ဉပဒေအရ မြေငှားခများကို မြန်မာအစိုးရ၏နိုင်ငံတော်အသုံးစရိတ်တွင် ထည့်ဝင်မည်ဖြစ်သည်ဟု JBIC က ပြောကြားခဲ့သော်လည်း ထိုပြောကြားမှုကို အတည်ပြုခဲ့ခြင်း မရှိပေ။ ပြင်ပ“အဖွဲ့အစည်းများ”မှ စိုးရိမ်ကြောင်းထုတ်ဖော်ပြောကြားပြီးနောက် မြန်မာအစိုးရက ထိုအချက်ကို အတည်ပြုပေးရန် စီမံကိန်းတွင် ပါဝင်သော အခြားစီးပွားရေးလုပ်ငန်းများနှင့်သာမက မြန်မာပြည်ရှိဂျပန်သံရုံးနှင့်ပါ JBIC မှ ပူးပေါင်းဆောင်ရွက်နေသည်ဟု ဆိုသော်လည်း JBIC မှ အများသိအောင်ထုတ်ပြန်ခြင်း မရှိသေးပေ။

“စစ်တပ်ဆီကို တသွင်သွင် စီးဝင်နေတဲ့ ပိုက်ဆံတွေရဲ့အန္တရာယ်အကြောင်း အာဏာမသိမ်းခင်ကတည်းက ဂျပန်အစိုးရနဲ့ ဂျပန်ကုမ္ပဏီတွေကို ကျနော်တို့က စိုးရိမ်ကြောင်း ပြောခဲ့ပေမယ့် သူတို့က လုပ်သင့်တာတွေမလုပ်ခဲ့ကြဘူး” ဟု Mekong Watch အမှုဆောင်ဒါရိုက်တာ ယုကာကီဂူချိက ပြောသည်။ “ဂျပန်လူထုက ပေးထားတဲ့ငွေတွေ မြန်မာတပ်မတော်ရဲ့လက်ထဲ ရောက်နိုင်တဲ့ အခြေအနေကို ကျနော်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချတယ်။”

စစ်အုပ်ချုပ်ရေးအောက်တွင် ရေးသားခဲ့သော ၂၀၀၈ အခြေခံဉပဒေအရ ကာကွယ်ရေးဝန်ကြီးဌာနမှာ မြန်မာစစ်တပ်၏အောက်တွင် ရှိပြီး ဒီမိုကရေစီအရ ရွေးကောက်တင်မြောက်ခံထားရသောအစိုးရမှာလည်း မြန်မာစစ်တပ်အပေါ် သြဇာသက်ရောက်ခြင်းမရှိပေ။ အခြေခံဉပဒေ အပိုဒ် ၂၀ (ခ)အရ “တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာစီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့် ရှိသည်” ဟု ဖော်ပြထားသည်။ အခြေခံဉပဒေ အပိုဒ် ၂၃၂ (ခ) (၂) အရ ကာကွယ်ရေးဝန်ကြီးနေရာကို လက်ရှိတာဝန်ထမ်းဆောင်နေဆဲအရာရှိများထဲမှ စစ်ဉီးစီးချုပ်မှ ရွေးချယ်ခန့်အပ်သည်။ Y-Complex ငှားရမ်းက ငွေပေးချေမှုနှင့် ပတ်သတ်ပြီး စုံစမ်းရာတွင် အခက်အခဲဖြစ်စေသော အခြားဉပဒေများလည်း ရှိသေးသည်။ ဉပမာအားဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဉပဒေအပိုဒ် ၃၉ အရ ကာကွယ်ရေးဝန်ကြီးဌာနမှာ စာရင်းစစ်မှုမှ ကင်းလွတ်ခွင့်ရပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ ရရှိသော ဝင်ငွေများမှာ အစိုးရ၏ စစ်ဆေးခြင်းမှ ကင်းလွတ်သည်။

ရခိုင်ပြည်နယ်နှင့်အခြားတိုင်းရင်းသားဒေသများတွင် လူသားထုတစ်ရပ်လုံးကို ပစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံထားရသော မြန်မာစစ်တပ်၏အပြုအမူမှာ အာဏာသိမ်းပြီးကတည်းက ပိုမိုဆိုးရွားလာခဲ့သည်။ ၂၀၂၁၊​ ဇူလိုင် ၁၂ ရက်နေ့အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များကြောင့် လူ ၉၀၀ ကျော် သေဆုံးခဲ့ပြီး အာဏာပိုင်များ၏ ဖမ်းဆီးခြင်း၊ အရေးယူခြင်း၊​ ပြစ်ဒဏ်ပေးခြင်းခံရသူများမှာ ၅၂၀၀ ကျော်ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများကာကွယ်စောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းများအရ သိရသည်။ တိုက်လေယာဉ်များနှင့် နေရာအနှံ့ ဗုံးကျဲခြင်းများ၊ မြေပြင်မှ တိုက်ခိုက်ခြင်းများကြောင့် စာသင်ကျောင်းများ၊ ကျေးရွာများ၊ ဘာသာရေးအဆောက်အဉီးများနှင့် အရက်ဖက်လူနေအိမ်များ ပျက်ဆီးမှုများ၊ အထူးသဖြင့် တိုင်းရင်းသားဒေသများတွင် ပိုမိုများပြားလာသည်။

“ဂျပန်ကုမ္ပဏီတွေနဲ့ ဂျပန်အစိုးရက လူမဆန်တဲ့ ပြစ်မှုတွေ မရေမတွက်နိုင်အောင် ကျူးလွန်ထားတဲ့ စစ်တပ်နဲ့ သူတို့ စီးပွားရေးလုပ်နေတယ်ဆိုတာ သိသိကြီးပဲ။ မြန်မာစစ်တပ်က အရပ်ဖက်အစိုးရအောက်မှာ ရှိတာမဟုတ်ဘူး” ဟု လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ အာရှစီမံချက်အရာရှိ တေပေး ကဆိုင်းက ပြောသည်။​ “ဂျပန်အစိုးရနဲ့ ဂျပန်ကုမ္ပဏီတွေက တပ်မတော်နဲ့ စီးပွားရေးစီမံကိန်းတွေ ဆက်မလုပ်တော့ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ထုတ်ပြောသင့်တယ်။”

၂၀၂၁၊ ဖေဖော်ဝါရီလ ၁၇ ရက်တွင် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအပါအဝင် အဖွဲ့ငါးဖွဲ့က Y-Complex စီမံကိန်းမှာ မြန်မာအစိုးရအား ပိုက်ဆံပေးနေခြင်းရှိမရှိ စုံစမ်းပေးရန် United Nations Working Group on Human Rights and Transnational Copperations and Other Business Enterprises ကို ပူးတွဲစာတင်၍ တောင်းဆိုခဲ့သည်။​ ထိုပူးတွဲစာတင်သောအချိန်အထိ Y-Complex စီမံကိန်းတွင် ပါဝင်သော ဂျပန်စီးပွားရေးလုပ်ငန်းများမှာ ကုလသမဂ္ဂမှ ပြဌာန်းထားသော စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာလမ်းညွှန်ချက်များကို တိကျသေချာစွာ လိုက်နာရန် ပျက်ကွက်ခဲ့သည်။​

“စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်စစ်ဆင်ရေးတွေ ပိုမိုဆိုးရွားလာပြီးနောက်ပိုင်း Y-Complex မှာ ပါတဲ့ ဘယ်ကုမ္ပဏီကမှ သူတို့ရဲ့စီမံကိန်းအခြေအနေကို ထင်သာမြင်သာအောင် ရှင်းမပြခဲ့တာဟာ စိတ်ပျက်စရာပဲ” ဟု Justic For Myanmar မှ ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်မှ ပြောသည်။ “စစ်တပ်က လူသားထုတစ်ရပ်လုံးကို ပစ်မှုကျူးလွန်တဲ့နေရာမှာ သုံးတဲ့ လက်နက်တွေကို ရှာဖွေဝယ်ယူပေးရတာက စစ်ထောက်ချုပ်ရုံးဆိုတော့ အဲဒီရုံးက မြေကို ငှားတာ ဘယ်သူကမှ လက်ခံမှာ မဟုတ်ဘူး။ ဂျပန်အစိုးရနဲ့ ဂျပန်စီးပွားရေးလုပ်ငန်းတွေဟာ မြန်မာစစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေမှာ သွယ်ဝိုက်ပါဝင်နေတာကို ရပ်ပစ်ရမယ်။”

“နိုင်ငံပိုင် သို့မဟုတ် နိုင်ငံက ထိန်းချုပ်ထားသော စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံပိုင်အေဂျင်စီများမှ လုံလောက်သောအထောက်အပံ့နှင့် ဝန်ဆောင်မှုများ လက်ခံရရှိထားသော စီးပွားရေးလုပ်ငန်းများက ကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို အကာအကွယ်ပေးရန် အခြားနိုင်ငံများက ပို၍တာဝန်ယူရမည်” ဟု ကုလသမဂ္ဂ၏ လမ်းညွှန်ချက်များက ဆိုသည်။ ၂၀၂၁၊ မေလ ၁၂ ရက်နေ့တွင် ကုလသမဂ္ဂ စီးပွားရေးနှင့်လူ့အခွင့်အရေးဆိုင်ရာ အလုပ်အဖွဲ့နှင့် မြန်မာပြည် လူ့အခွင့်အရေးအခြေအနေ အထူးကိုယ်စားလှယ်တို့က စီးပွားရေးလုပ်ငန်းများကို လူ့အခွင့်အရေးတာဝန်သိမှုများကို ထိန်းသိမ်းရန်နှင့် မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေး အပြင်းအထန်ကျူးလွန်နေမှုများကို ချက်ချင်းရပ်ရန် ဖိအားပေးရန် တောင်းဆိုခဲ့သည်။ တချိန်တည်းတွင် “လူ့အခွင့်အရေးချိုးဖောက်မှုများကို အားပေးခြင်း သို့မဟုတ် မြန်မာပြည်တွင် ဆက်လက်၍ လုပ်ငန်းလည်ပတ်ပါက စစ်အစိုးရ၏ကြံရာပါဖြစ်ခြင်းကို ရှောင်ရှားနိုင်ရန် ကုမ္ပဏီများမှာ ကုလသမဂ္ဂ၏လမ်းညွှန်ချက်များကို လိုက်နာသင့်သည်” ဟု ဖော်ပြထားသည်။ ၂၀၂၀၊ အောက်တိုဘာ ၁၆ ရက်နေ့တွင် ဂျပန်အစိုးရက ထုတ်ပြန်သော “စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးဆိုင်ရာ အမျိုးသားလုပ်ငန်း ၅ နှစ် စီမံကိန်း”တွင် “စီးပွားရေးလုပ်ငန်းများကြောင့် ထိခိုက်နစ်နာရသော ပြည်သူလူထု၏ လူ့အခွင့်အရေးနှင့် အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းအပါအဝင် လူ့အသိုင်းအဝိုင်းတစ်ခုလုံး၏လူ့အခွင့်အရေးကို မြှင့်တင်ပေးရန်နှင့် ကာကွယ်ပေးရန် ဆန္ဒရှိသည်” ဟု ဆိုသည်။

“ဂျပန်အစိုးရနှင့် ဂျပန်စီးပွားရေးလုပ်ငန်းတွေအနေနဲ့ လူ့အခွင့်အရေးကို အလေးထားသင့်ပြီး အမျိုးသားလုပ်ငန်းစီမံကိန်းက ချမှတ်ထားတဲ့ ကတိကဝတ်တွေ သာမက သူတို့ရဲ့ကော်ပိုရိတ်ပေါ်လစီတွေကိုပါ တာဝန်သိသိနဲ့ တက်တက်ကြွကြွလိုက်နာသင့်တယ်” ဟု ဂျပန်အပြည်ပြည်ဆိုင်ရာလုပ်အားပေးစင်တာ ပြည်ပစီမံကိန်းအဖွဲ့မန်နေဂျာ နာအိုကို ဝါတာနာဘေက ပြောကြားသည်။​ “အဲဒီလိုမှမဟုတ်ရင် သူတို့ မြန်မာစစ်တပ်ကို ငွေထောက်ပံ့နေသလို ဖြစ်လာနိုင်ရုံသာမက သူတို့ပါ နာမည်ပျက်လိမ့်မယ်။”

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.

Most Viewed