Skip to main content
Donate Now

မြန်မာ: စစ်အစိုးရက ဂြိုလ်တုရုပ်သံစလောင်းများကို ပိတ်ပင်

အင်တာနက်နဲ့ မီဒီယာကို ထပ်မံကန့်သတ်ခြင်း

ဧပြီလ ၂၃ ရက်၊ ၂၀၂၁ ရန်ကုန်မြို့တွင် အာဏာဖီဆန်မှုအမှတ်အသား လက်သုံးချောင်းထောင် ဆန္ဒပြနေသော စစ်အာဏာသိမ်းဆန့်ကျင်သူများ © 2021 AP Photo

(ဘန်ကောက်) - မြန်မာစစ်အစိုးရက အင်တာနက်နှင့်မီဒီယာကို ကန့်သတ်ထားသည့်အပြင် ဂြိုလ်တုရုပ်သံစလောင်းများကို ပိတ်ပင်လိုက်ခြင်းမှာ သတင်းစီးဆင်းမှုကို ထပ်မံထိန်းချုပ်လိုက်ခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ယနေ့ ပြောကြားသည်။ စလောင်းအသုံးပြုပြီး တီဗွီကြည့်သူများကို ထောင်ဒဏ် ၁နှစ်အထိ သို့မဟုတ် ဒဏ်ငွေ ကျပ်ငါးသိန်းအထိ ဒဏ်ခတ်မည်ဖြစ်ကြောင်း မေလ ၄ ရက်၊ ၂၀၂၁ တွင် စစ်ကောင်စီက ကြေညာခဲ့သည်။

“တရားမဝင်အဖွဲ့အစည်းများနှင့် သတင်းဌာနများ”၏ ဂြိုလ်တုမှတဆင့် ထုတ်လွှင့်နေသော သတင်းများကြောင့် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေသည်ဟု စစ်အစိုးရမှ ထုတ်ပြန်သည်။ မြန်မာဘာသာဖြင့်ထုတ်လွှင့်သော ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗွီဘီ)နှင့် မဇ္ဇိမသတင်းဌာနများကဲ့သို့ လွတ်လပ်သော မီဒီယာအဖွဲ့အစည်းများကို စစ်အစိုးရမှ မတ်လတွင် လိုင်စင်သိမ်းခဲ့သော်လည်း ထိုသတင်းဌာနများ ဂြိုလ်တုမှတဆင့် ဆက်လက်အသံလွှင့်နေသည်ကို ပိတ်ပင်ခြင်းဖြစ်သည်။ ဂြိုလ်တုမှတဆင့်ထုတ်လွှင့်သော နိုင်ငံခြားသတင်းဌာနများကိုလည်း ပိတ်ပင်ရာရောက်သည်။

“ဂြိုလ်တုရုပ်သံကို ပိတ်ပင်တာဟာ လွတ်လပ်တဲ့သတင်းတွေ ပြည်သူဆီ မရောက်အောင် အဓမ္မလုပ်တာဖြစ်ပြီး မြန်မာပြည်သူတွေကို ကမ္ဘာနဲ့အဆက်အသွယ်ပြတ်စေတယ်” ဟု အာရှဒေသဆိုင်ရာဉပဒေရေးရာအကြံပေး လင်ဒါလက်ခ်ဒီးရ်က ပြောသည်။ “ဒီလိုရက်ရက်စက်စက် ဘက်ပေါင်းစုံဆင်ဆာဖြတ်တာတွေကို စစ်အစိုးရက ချက်ချင်းရုတ်သိမ်းပြီး သတင်းဌာနတွေကို အညှိုးနဲ့တိုက်ခိုက်နေတာတွေကို ရပ်တန်းကရပ်သင့်ပြီ။”

ဂြိုလ်တုရုပ်သံစလောင်းများကို ပိတ်ပင်ခြင်းမှာ စစ်အစိုးရမှ သတင်းမီဒီယာကို ခြေမှုန်းခြင်းလုပ်ရပ်တစ်ခု ဖြစ်သည်ဟု လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောကြားသည်။ မေလ ၄ ရက်နေ့တွင် ကချင်ပြည်နယ်မှ ၇၄ မီဒီယာနှင့် ရှမ်းပြည်နယ်မှ တာချီလိတ်သတင်းဌာနတို့ကို စစ်အစိုးရက ထပ်မံပိတ်ပင်လိုက်သောကြောင့် ပိတ်ပင်ခံရသော သတင်းဌာနပေါင်း ၈ ခု ရှိပြီဖြစ်သည်။ ပိတ်ပင်ခံရသော သတင်းဌာနအများစုမှာ ပိတ်ပင်မှုကို လက်မခံဘဲ ဆက်လက်ရပ်တည်သွားမည်ဟု ကြေညာခဲ့ကြသည်။

စစ်အစိုးရမှ သတင်းဌာနများကို ပိတ်ပင်သည့်အပြင် သတင်းသမားများကိုလည်း ပစ်မှတ်ထားဖမ်းဆီးနေသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ အနည်းဆုံး သတင်းသမား ၇၁ ဉီး ဖမ်းဆီးခံခဲ့ရပြီး ၄၈ ဉီးမှာ ယနေ့အချိန်ထိ ပြန်မလွတ်သေး။ ဂျပန်လူမျိုး အလွတ်တမ်းသတင်းထောက် ယုကီခီတဇုမိ အပါအဝင် သတင်းသမားအများစုကို စစ်ကောင်စီမှ ပြဌာန်းထားသော “ကြောက်လန့်စေမှု” သို့မဟုတ် “သတင်းအမှား” ဖြန့်ဝေမှု ဉပဒေများ ချိုးဖောက်ခြင်းကြောင့် ထိန်းသိမ်းထားသည်ဟု အာဏာပိုင်များမှ ဆိုသည်။ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်သည်။

အင်တာနက်ကိုလည်း ကန့်သတ်ထားခြင်းကြောင့် ပြည်သူများအတွက် သတင်းရယူရန်နှင့် ပြန်လည်ဖြန့်ဝေနိုင်ရန် အလွန်ခက်ခဲလာသည်။ စစ်အာဏာသိမ်းပြီးနောက် မိုဘိုင်းအင်တာနက်ဒေတာနှင့် ကြိုးမဲ့ဝိုင်ဖိုင်များကို ဖြတ်တောက်ထားသည်မှာ တလခွဲကျော်ရှိပြီဖြစ်ပြီး လူကြိုက်များသော ဖေ့စ်ဘွတ်နှင့် အခြားလူမှုကွန်ယက်များကိုလည်း ပိတ်ဆို့ထားသည်။

“မြန်မာစစ်အစိုးရက သတင်းစီးဆင်းမှုကို သွေးရူးသွေးတန်းနဲ့ ဘယ်လိုပဲပိတ်ပိတ်၊ စစ်တပ်က ဆက်လက်ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုတော့ ဖုံးကွယ်နိုင်မှာ မဟုတ်ဘူး” ဟု လင်ဒါလက်ခ်ဒီးရ်က ပြောသည်။ “ပူပန်နေတဲ့နိုင်ငံတွေက စစ်အစိုးရကိုလက်နက်ရောင်းချမှု ပိတ်ပင်ခြင်း၊ အမည်တပ်ဒဏ်ခတ်ခြင်းစတဲ့ သူတို့လုပ်နိုင်တဲ့နည်းပေါင်းစုံသုံးပြီး မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်တန်းကရပ်အောင် ဖိအားပေးရမယ်၊ တာဝန်ရှိသူတွေကို အရေးယူရမယ်။”

Every piece on our website is resource intensive. If you donate whatever you can today, we will use it to continue investigating abuses and advocate for change in 100+ countries.

Most Viewed