Skip to main content
Donate Now

သွေးချောင်းစီးနှိမ်နှင်းမှုများအပြီး မြန်မာစစ်အစိုးရက ဆက်လက်နှိပ်ကွပ်နေ

အင်တာနက်နှင့် မိုဘိုင်းများ ဖြတ်တောက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်ခြင်းဖြစ်ပြီး သတင်းအမှောင်ကျစေသည်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် ဒဏ်ရာရသူတစ်ဉီးကို ဆန္ဒပြသူများက ဝိုင်းဝန်းကူညီနေကြစဉ်၊ မတ် ၁၄၊ ၂၀၂၁ (အေပီဓာတ်ပုံ ၂၀၂၁) © 2021 AP Photo

လွန်ခဲ့သော တနင်္ဂနွေနေ့ (မတ်လ ၁၅ ရက်) နေ့ကလည်း လုံခြုံရေးတပ်ဖွဲ့များ၏ပစ်ခတ်နှိမ်နှင်းမှုကြောင့် မြန်မာနိုင်ငံအနှံ့အပြားရှိလမ်းများမှာ ဆန္ဒပြသူများ၏သွေးစွန်းခဲ့ရပြန်သည်။ ထိုနေ့သည် ဖေဖဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းသည့်နေ့မှစ၍ အသေအပျောက်အများဆုံးဖြစ်သည်ဟု ဒေသခံသတင်းဌာနများက ဆိုသည်။ အသတ်ခံရသူအများစုမှာ လူဉီးရေအသိပ်သည်းဆုံးမြို့ဖြစ်သော ရန်ကုန်မြို့ပြင်မှ အထည်ချုပ်စက်ရုံအများအပြားတည်ရှိရာ လှိုင်သာယာမြို့နယ်ဆန္ဒပြပွဲများတွင် ဖြစ်သည်။

သို့သော် အကြမ်းဖက်မှုများနှင့် အခြားအလွဲသုံးစားလုပ်မှုများကို မှတ်တမ်းတင်ရန် ယခင်ကထက်ပင် ပိုမိုခက်ခဲလာသည်။

မတ်လ ၁၄ ရက်နေ့ညတွင် စစ်အစိုးရက ရန်ကုန်ရှိ မြို့နယ်တချို့တွင် စစ်အုပ်ချုပ်ရေးအမိန့်နှင့် အခြားကန့်သတ်ချက်များကို ထုတ်ပြန်ခဲ့သည်။ ည ၁ နာရီတွင် လွန်ခဲ့သည့် တလအတွင်း လုပ်ဆောင်ခဲ့သည့်အတိုင်း စစ်အစိုးရမှ အင်တာနက် ဖြတ်တောက်ခဲ့သည်။ ယခုတကြိမ်တွင်မူ မနက်ပိုင်းတွင် အင်တာနက်ကို ထုံးစံအတိုင်း ပြန်မဖွင့်ပေးဘဲ မြန်မာပြည်သူအများစု အင်တာနက်သုံးရာတွင် အားထားကြသော မိုဘိုင်းဖုန်းအင်တာနက်ကွန်ယက်များကိုပါ တနေကုန် ဆက်လက်ဖြတ်တောက်ထားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ထိန့်လန်စရာအကြမ်းဖက်နေပုံများကို မိုဘိုင်းဖုန်းများမှ ဓာတ်ပုံ၊ ဗွီဒီရိုများရိုက်ယူပြီး ပျံ့နှံ့စေသဖြင့် အင်တာနက်ကန့်သတ်ခြင်းမှာ အံ့သြစရာမဟုတ်ပေ။ စစ်အစိုးရသည် သတင်းအမှောင်ချပြီး ၄င်းတို့၏လူ့အခွင့်အရေးချိုးဖောက်နေခြင်းများကို အသေးစိတ်လေ့လာမှုများမပြုလုပ်နိုင်အောင် ရှောင်ကျဉ်ဖို့ ကြိုးစားနေသည်။ အဆိုပါဉပဒေမဲ့လုပ်ရပ်ကို ရှုံ့ချပြီး ကန့်သတ်ချက်များကို ဖယ်ရှားသင့်သည်။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးစံနှုန်းများအရ အင်တာနက်ကန့်သတ်မှုများကို ဉပဒေဘောင်အတွင်းမှ လုပ်ဆောင်ရမည်၊ လိုအပ်မှသာ လုပ်ဆောင်ရမည်၊ လိုအပ်သလောက်သာ လုပ်ဆောင်ရမည် ဖြစ်သည်။ တနိုင်ငံလုံး တချိန်လုံး အင်တာနက်ဖြတ်တောက်ခံရခြင်းမှာ အားလုံးကို တပြိုင်နက် အပြစ်ပေးသလို ဖြစ်နေသည်။ အင်တာနက်ဖြတ်တောက်ခြင်းကြောင့် သတင်းစီးဆင်းမှုနှေးကွေးသွားပြီး အရေးအခင်းနှင့် ကိုဗစ် ၁၉ ကာလတွင် အထူးလိုအပ်နေသော နေ့စဉ်ဆက်သွယ်ရေး ပြတ်တောက်သွားသည်။ အင်တာနက်ဖြတ်တောက်ခြင်းကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများလိုအပ်နေသည့် ဘေးဒုက္ခအခြေအနေများတွင် လူအများအပြားသေဆုံးနိုင်သည်။ လူ ၁ သန်းကျော် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများလိုအပ်နေသည့် မြန်မာနိုင်ငံတွင် ဤအချက်မှာ အထူးစိုးရိမ်ဖွယ် ဖြစ်သည်။

လမ်းထွက်ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့များက ရက်စက်စွာ နှိပ်ကွပ်လာသည်နှင့်အမျှ စစ်အစိုးရကို နိုင်ငံတကာမှ ပူးပေါင်းအပြစ်ပေးမှုလည်း အလျင်အမြန် လိုအပ်နေပြီ ဖြစ်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ သံတမန်ရေးရာ ထုတ်ပြန်ချက်များမှာ စစ်အစိုးရအပေါ်ကို သက်ရောက်မှုရှိစေမည့် အပြစ်ပေးမှုများ မပါဝင်သောကြောင့် ထိရောက်မှု မရှိပါ။ စစ်အစိုးရခေါင်းဆောင်များကို အမည်တပ်ဒဏ်ခတ်ခြင်းနှင့် မြန်မာစစ်တပ်နှင့် စစ်ခေါင်းဆောင်များကို တိုက်ရိုက်ဝင်ငွေရရှိအောင် ကူညီနေသော စစ်တပ်ပိုင်ကုမ္ပဏီများကို လုံခြုံရေးကောင်စီက အပြစ်ပေးသင့်သည်။ နိုင်ငံတကာမှ မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့အား (လုံခြုံရေးဆိုင်ရာအကူအညီပေးမှုများအပါအဝင်) လက်နက်ရောင်းချနေခြင်းများကို ချက်ချင်း ကန့်သတ်သင့်သည်။ ထိုသို့ မကန့်သတ်နိုင်ပါက သေနတ်ပြအုပ်ချုပ်နေသော မြန်မာစစ်တပ် ပို၍ရဲတင်းလာမည် ဖြစ်သည်။ 

 

Every piece on our website is resource intensive. If you donate whatever you can today, we will use it to continue investigating abuses and advocate for change in 100+ countries.

Most Viewed