Skip to main content

အာဏာသိမ်းစစ်ခေါင်းဆောင်များကို အမည်တပ်ဒဏ်ခတ်ရန်လိုအပ်နေ

Published in: The Age
မန္တလေးမြို့မှ စစ်အာဏာသိမ်းဆန့်ကျင်ရေး အထိုင်ဆန္ဒပြပွဲ၊ ဖေဖော်ဝါရီ ၂၄၊ ၂၀၂၁ (အေပီဓာတ်ပုံ ၂၀၂၁) © 2021 AP Photo

အခုတလော မနက်ခင်းတိုင်း မြန်မာပြည်မှာ မနေ့ညက ဘာထူးခြားသေးလဲလို့ နားစွင့်တိုင်း စိတ်သောကရောက်ရပါတယ်။ ဘယ်သူများအဖမ်းခံရသေးလဲ။ ဘယ်သူများအသတ်ခံရသေးလဲ။ ကျမသိတဲ့သူ ဖြစ်နေမလား။

ဖေဖော်ဝါရီလ ၁ ရက် မြန်မာစစ်တပ် အာဏာသိမ်းပြီးကတည်းက သူတို့ ရွေးချယ်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေကို အာဏာပြန်ပေးဖို့တောင်းဆိုပြီး သန်းချီတဲ့မြန်မာပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတယ်။ မတ်လ ၃ ရက်နေ့ကတော့ အဲဒီနေ့အထိ အသေအပျောက်များဆုံးနေ့ ဖြစ်တယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျည်ဆံအစစ်တွေ၊ မျက်ရည်ယိုဗုံးတွေ၊ အသံဗုံးတွေနဲ့ မေ့ဆေးဗုံးတွေသုံးပြီး ဆန္ဒပြပွဲတွေကို ဖြိုခွဲခဲ့တာကြောင့် ၃၈ ယောက် အသက်ဆုံးရှုံးခဲ့ပြီး၊ ဒဏ်ရာရသူ ရာနှင့်ချီရှိခဲ့တယ်။ ဖေဖော်ဝါရီလ ၁ ရက် မှ မတ်လ ၃ ရက် အထိ သေဆုံးသူအရေအတွက် ၇၉ ယောက်ရှိပြီး အဲဒီထဲက အနည်းဆုံး ၄ ယောက်က ကလေးငယ်တွေ ဖြစ်တယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ တက်ကြွလှုပ်ရှားသူတွေ၊ စာနယ်ဇင်းသမားတွေ၊ ဝန်ထမ်းတွေနဲ့ နိုင်ငံရေးသမားတွေကို ဉပဒေမဲ့ဖမ်းဆီးနေကြပြီး အိမ်တွေကိုလည်း အတင်းအဓမ္မဝင်ရောက်ရှာဖွေနေကြတယ်။ အနည်းဆုံး လူ ၂၁၃၉ ယောက် အဖမ်းခံခဲ့ရပြီး အများစုမှာ ဘာစွဲချက်မှမရှိဘဲ အဖမ်းခံခဲ့ရတယ်။ အဖမ်းခံရသူတွေထဲကတချို့ ဘယ်ရောက်နေလဲဆိုတာ မိသားစုတွေကတောင် မသိရတဲ့အတွက် သူတို့ကို ပျောက်ဆုံးစာရင်းသွင်းရပါမယ်။

လုံခြုံရေးတပ်ဖွဲ့တွေ အဲဒီလိုခြိမ်းခြောက်နှိပ်ကွပ်နေတဲ့ကြားက အာဏာသိမ်းဆန့်ကျင်ရေးသပိတ်မှောက်မှုတွေ၊ ဆန္ဒပြမှုတွေ တနိုင်ငံလုံးမှာ ဆက်လက်ဖြစ်ပေါ်နေတယ်။

၁၉၆၂ မှ ၂၀၁၁ အထိ နှစ်ပေါင်း ၅၀ ကျော်ကြာ ရက်စက်ကြမ်းကြုတ်ခဲ့တဲ့ စစ်အစိုးရအောက်မှာ နေခဲ့ရတဲ့ မြန်မာပြည်သူတွေဟာ စစ်တပ်စီးပွားရေးကို ဉီးချိုးနိုင်ရင် စစ်တပ်ကိုလည်း ဉီးချိုးနိုင်မယ်လို့ နားလည်လာကြတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်တင်မြှောက်ခံရတဲ့ အမတ်အချို့မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး စင်ပြိုင်အစိုးရတစ်ခုဖွဲ့ခဲ့ကြတယ်။ အဲဒီအစိုးရက မတ်လ ၄ ရက်နေ့မှာ ဆန္ဒပြသူတွေအပေါ်အကြမ်းဖက်မှုတွေကို တုန့်ပြန်တဲ့အနေနဲ့ “စစ်တပ်ခေါင်းဆောင်တွေနဲ့ စစ်တပ်လုပ်ငန်းတွေ၊ စစ်အုပ်စုပိုင်ဆိုင်မှုတွေကို ပြင်းထန်တဲ့ အမည်တပ်ဒဏ်ခတ်ခြင်းပြုလုပ်”ဖို့ တောင်းဆိုခဲ့ကြတယ်။ စစ်အစိုးရကို အမည်တပ်ဒဏ်ခတ်ဖို့ အာဏာသိမ်းပြီးစကတည်းက မြန်မာအရပ်ဖက်အဖွဲ့အစည်းများကလည်း တောင်းဆိုခဲ့ကြတယ်။ “ပျော့ပျောင်းတဲ့ သံတမန်နည်းလမ်းက လုံးဝအရာမရောက်တော့တာ ကြာပြီ၊ စစ်တပ်ရဲ့လုပ်ရပ်တွေကို တကမ္ဘာလုံးက ရှုံ့ချတဲ့စကားလုံးတွေကို အလုပ်အဖြစ်ပြောင်းပေးရမယ်”လို့ ဒေသခံအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မြန်မာ့ရှေ့ပြေးအသံအဖွဲ့က ပြောတယ်။

ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကို ဖြုတ်ချခဲ့တဲ့ မြန်မာစစ်တပ်ခေါင်းဆောင်များကို အမည်တပ်ဒဏ်ခြင်းနဲ့ စစ်ဖက်ဆက်ဆံရေးများ ဆိုင်းငံ့ခြင်းတို့ဖြင့် အနောက်တိုင်းတွေဖြစ်တဲ့ ဗြိတိန်နိုင်ငံ၊ အမေရိကန်နိုင်ငံ၊ ကနေဒါနိုင်ငံ၊ နယူးဇီလန်နိုင်ငံနှင့် ဉရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက တုန့်ပြန်ပြီးဖြစ်တယ်။

မတ်လ ၇ ရက်မှာ သြစတြေးလျနိုင်ငံကလည်း မြန်မာနိုင်ငံနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းတွေကို ဆိုင်းငံ့မယ်လို့ ကြေညာခဲ့ပေမယ့် စစ်ခေါင်းဆောင်တွေကို အမည်တပ်ဒဏ်ခတ်မယ်လို့တော့ ကြေညာခြင်းမရှိသေးပါ။

အနောက်တိုင်းအစိုးရတွေက မြန်မာပြည်ကို အလွန်အကျွံဒဏ်ခတ်ပါက မြန်မာအစိုးရ တရုတ်သြဇာခံဖြစ်သွားမှာ သြစတြေးလျအစိုးရက စိုးရိမ်တယ်။ ဒီလိုတွေးခေါ်တာက ရိုးရှင်းလွန်းတယ်။ တရုတ်ပြည်ကလာတဲ့ ရင်းနှီးမြှပ်နှံမှုနဲ့ နိုင်ငံခြားဝင်ငွေကို အလွန်အမင်း အားကိုးရမှာ မြန်မာက ကြောက်တယ်။ အဲဒါကြောင့် ဗိုလ်ချုပ်တွေက မြန်မာပြည်ကို ပြန်ဖွင့်ပေးဖို့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ဆုံးဖြတ်ခဲ့ကြတယ်။ မြန်မာစစ်တပ်နဲ့ စစ်ဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို အဓိက လက်နက်အကူအညီပေးတာ တရုတ်နိုင်ငံဖြစ်ပြီး အဲဒီအဖွဲ့တွေ လှုပ်ရှားနိုင်အောင် တရုတ်-မြန်မာနယ်စပ်ကိုလည်း ဖွင့်ပေးထားတယ်။ ဒေါ်အောင်ဆန်းစုကြည်အစိုးရနဲ့လည်း တရုတ်က ဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားခဲ့ပြီး တရားဝင်ပေမယ့် အငြင်းပွားဖွယ်ရာဖြစ်တဲ့ ရင်းနှီးမြှပ်နှံမှုတွေ အများကြီး လုပ်ခဲ့တယ်။ တကမ္ဘာလုံးကို ဖြန့်ကျက်ထားတဲ့ ပိုးလမ်းမသစ်စီမံကိန်းနဲ့ ပတ်သတ်တဲ့ ရင်းနှီးမြှပ်နှံမှုတွေ ထိခိုက်မှာကို တရုတ်က လုံးဝမလိုလားဘူး။

မြန်မာပြည်ကို လက်နက်ရောင်းချမှု ကန့်သတ်ထားတဲ့ သြစတြေးလျက ကုလသမဂ္ဂဝင်နိုင်ငံတိုင်း မြန်မာနိုင်ငံကို လက်နက်မရောင်းဖို့ အားပေးသင့်တယ်။ အရေးကြီးဆုံးကတော့ မြန်မာပြည်ရဲ့လမ်းတွေပေါ်မှာ ဆန္ဒပြသူတွေကို သတ်ဖြတ်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်တွေ ကျူးလွန်နေတဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို သြစတြေးလျက ချက်ချင်း အမည်တပ်ဒဏ်ခတ်သင့်တယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်ခေါင်းဆောင်တွေကို အမည်တပ်ဒဏ်ခတ်ရာမှာ ခရီးသွားခွင့်ပိတ်ပင်တာတွေ၊ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းပစ်တာတွေ လုပ်ရပါမယ်။ မြန်မာစစ်အစိုးရကို အမည်တပ်ဒဏ်ခတ်ခြင်းအားဖြင့် သြစတြေးလျနိုင်ငံဟာ ကနေဒါ၊ ဗြိတိန်နဲ့ အမေရိကတို့နဲ့ တစိတ်တည်းတဝမ်းတည်းဆိုတာ ပြရာရောက်တယ်။

အနောက်တိုင်းအစိုးရတွေအားလုံး ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်မှ စစ်အစိုးရကို ဒဏ်ခတ်ရာမှာ ထိရောက်မှာ ဖြစ်တယ်။ မြန်မြန်ဆန်ဆန် မလုပ်ဆောင်ဘူးဆိုရင် လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာကို မလေးစားတဲ့ မြန်မာစစ်အစိုးရကို တရားဝင်အသိအမှတ်ပြုသလိုဖြစ်သွားပြီး စစ်အစိုးရပဲ သက်တမ်းရှည်လာမယ်။

မြန်မာလူထုကတော့ နေ့စဉ်လိုလို စစ်အုပ်ချုပ်ရေးကို အသက်နဲ့ရင်းပြီး ဆန့်ကျင်နေကြဆဲ။ မြန်မာလူထုရဲ့ တောင်းဆိုချက်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ သြစတြေးလျဟာ စစ်အစိုးရရဲ့ ဝင်ငွေအရင်းအမြစ်တွေကို ရိုက်ချိုးနိုင်တဲ့ ဒဏ်ခတ်မှုတွေ ပြုလုပ်ပေးပြီး အရပ်သားအစိုးရခေါင်းဆောင်တဲ့ဒီမိုကရေစီအုပ်ချုပ်ရေးကို ကူညီဖော်ဆောင်ပေးဖို့ လိုပါတယ်။

Make Your Gift Go Even Further

Make your year-end gift today and it will be multiplied to power Human Rights Watch’s investigations and advocacy as we head into 2026. Our exclusive match is only available until December 31.

Most Viewed