Skip to main content

ထိန်းသိမ်းခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်) ရပ်/ကျေးဉက္ကဌ သေဆုံးမှုကို အမြန်စစ်ဆေးပေးရန်

အဖမ်းခံရပြီး ပျောက်ဆုံးနေသော နောက်ထပ်ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်၏ ဖခင်ကို ချက်ချင်း ပြန်ပို့ပေးရန်

ဉီးခင်မောင်လတ် အဖမ်းခံရသည့်ညက သူ၏နေအိမ်အနီးတွင် လမ်းပိတ်ထားသော မြန်မာစစ်သားတစ်စု မတ်လ ၆၊ ၂၀၂၁  © 2021 Private

(ဘန်ကောက်) ထိန်းသိမ်းခံထားရသည့် ဒီချုပ်ရပ်/ကျေးဉက္ကဌသေဆုံးမှုကို အမြန်ဆုံး ဘက်မလိုက်ဘဲ စစ်ဆေးပေးရန်၊ တာဝန်ရှိသူများကို အရေးယူပေးရန် မြန်မာစစ်အစိုးရကို လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ယနေ့တောင်းဆိုလိုက်သည်။ အဖမ်းခံရပြီး ပျောက်ဆုံးနေသည့် ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်၏ ဖခင်ဖြစ်သော ဉီးပီတာနှင့် ဖေဖဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးကတည်းက အခြားပျောက်ဆုံးနေသူများကို အမြန်ပြန်လွတ်ပေးရန်လည်း တောင်းဆိုလိုက်သည်။

မတ်လ ၆ ရက်၊ ၂၀၂၁ ညနေခင်းတွင် ပန်းပဲတန်းမြို့နယ် ဒီချုပ်ရပ်/ကျေးဉက္ကဌ ဉီးခင်မောင်လတ်၏နေအိမ်သို့ စစ်သားများဝင်ရောက်သွားသည်ကို သက်သေတချို့ မြင်ခဲ့ကြသည်။ အိမ်တံခါးကို ဖျက်ဆီးဝင်ရောက်သွားကြပြီး ဉီးခင်မောင်လတ်ကို သူ့မိသားစုရှေ့တွင် ကန်ကြောက်ပြီး သေနတ်နှင့်ချိန်၍ ခေါ်သွားခဲ့သည်။ နောက်နေ့နံနက်တွင် အာဏာပိုင်များက ဉီးခင်မောင်လတ်၏ရုပ်အလောင်းကို ဆေးရုံတွင် လာထုတ်ရန် သူ့မိသားစုကို အကြောင်းကြားခဲ့သည်။ ဉီးခင်မောင်လတ်၏ လက်နှစ်ဖက်နှင့်ကျောဘက်တွင် ပြင်းထန်သော ဒဏ်ရာများကို တွေ့ရပြီး တကိုယ်လုံး အညိုအမဲစွဲနေသည်ဟု မျက်မြင်သက်သေတစ်ဉီးက ဆိုသည်။

“မြန်မာစစ်အစိုးရက လုံခြုံရေးတပ်ဖွဲ့တွေကို ဉီးစီးနေတော့ သူတို့သိချင်တယ်ဆိုရင် ဉီးခင်မောင်လတ်ကို ဘယ်သူသတ်လဲဆိုတာ ချက်ချင်း သိနိုင်တယ်” ဟု လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ အာရှဒါရိုက်တာ ဘရတ်အဒမ်စ်က ဆိုသည်။ “တရားဉပဒေစိုးမိုးရေးကို သူတို့ ယုံကြည်တယ်ဆိုတာ ပြချင်ရင် တာဝန်ရှိသူအားလုံးကို အရေးယူသင့်တယ်။ ဝမ်းနည်းဖို့ကောင်းတာက အကြောက်တရားကို ဖန်တီးဖို့၊ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်နေတဲ့ လူထုတော်လှန်ရေးလှုပ်ရှားမှုတွေကို ပျက်ဆီးစေဖို့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက ညဖက်အိမ်တွေကို ဝင်စီးတာတွေ၊ အကြမ်းဖက်တာတွေကို ကျေကျေနပ်နပ်ကြီး လုပ်နေကြပုံပဲ။

ထိုညက ၉:၁၅ အချိန်လောက်တွင် အနော်ရထာလမ်းနှင့် ၂၉လမ်း၊ ၃၀ လမ်းကြားတွင် စစ်ကား ၄ စီး ရောက်လာခဲ့သည်ဟု သက်သေတစ်ဉီးက ဆိုသည်။ အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ်မှ စစ်သားများသည် ဉီးခင်မောင်လတ်နေထိုင်သော လမ်း ၃၀ နှင့် ၂၉ လမ်းတို့တွင် နေရာယူလိုက်ကြသည်။ ည ၉:၁၅ နှင့် ည ၁၀:၃၀ ကြားတွင် သေနတ်ပစ်သံ ၁၅ ချက်ခန့် ကြားရသည်ဟု အဆိုပါ သက်သေက ဆိုသည်။ ည ၁၁:၀၀ လောက်တွင် စစ်ကားအားလုံးပြန်သွားကြသည်။

မတ်လ ၇ ရက် မနက် ၇:၃၀ ခန့်တွင် မင်္ဂလာဒုံစစ်ဆေးရုံ၌ ဉီးခင်မောင်လတ်၏အလောင်းကို လာထုတ်ရန် အာဏာပိုင်များက သူ့မိသားစုကို အကြောင်းကြားခဲ့သည်။ ရုပ်အလောင်းကို ပြင်ဆင်ပေးခဲ့သော ရပ်ကွက်သား မွတ်ဆလင်ဘာသာဝင်တစ်ဉီးက နှိပ်စက်ခံခဲ့ရသည်ဟု ပြောနိုင်သည့် ဒဏ်ရာဒဏ်ချက်များ ဉီးခင်မောင်လတ်၏ကိုယ်ပေါ်တွင် တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ထိုညနေခင်းတွင်ပင် ပန်းပဲတန်းမြို့နယ်မှ ဒီချုပ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဉီးစည်သူမောင်၏ဖခင် ဉီးပီတာအား လှိုင်မြို့နယ်ရှိနေအိမ်တွင် အာဏာပိုင်များက လာရောက်ဖမ်းဆီးသွားသည်။ “ည ၉:၃၀ လောက်မှာ ဉီးပီတာကို ရိုက်နှက်ပြီး အတင်းဆွဲသွားကြတယ်” ဟု ဉီးစည်သူမောင်၏ညီမက သူမ၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားခဲ့သည်။ ဉီးပီတာကို လာဖမ်းရာတွင် စစ်ကား ၈ စင်းနှင့် ရဲကား ၁ စင်းပါသည်ဟု သူမက ထွက်ဆိုသည်။ မည်သူမှ မထွက်ပြေးနိုင်အောင် ရဲများက  အိမ်၏အနောက်ဖက်ကို ဝိုင်းထားပြီး စစ်သား ၃၀ လောက်က သေနတ်များနှင့် အိမ်ရှေ့တွင် နေရာယူထားသည်။ စစ်သားများ အိမ်ထဲဝင်လာပြီး သူမ၏လေးလသားအရွယ်ကလေးငယ်ကိုပင် သေနတ်နှင့် ချိန်ထားကြသည်ဟု သူမက ရေးသားခဲ့သည်။

ဖေဖဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းသည့်နေ့မှစတင်၍ အစိုးဝန်ထမ်းများ၊ တက်ကြွလှုပ်ရှားသူများ၊ စာနယ်ဇင်းသမားများ၊ အရပ်ဖက်ဝန်ထမ်းများအပါအဝင် လူ ၁၇၀၀ ကျော်ကို အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ထုတ်ပြန်ခဲ့သည်။ ထိန်းသိမ်းခံရသူများထဲမှ လူ ၂၀၀ လောက်မှာ မည်သည့်နေရာရောက်ရှိနေသည်ကို ၄င်းတို့၏မိသားစုများကိုယ်တိုင်က မသိရသဖြင့် ပျောက်ဆုံးနေသူများစာရင်းသွင်းနိုင်သည်။ ဖေဖဝါရီလ ၁ ရက်နေ့တွင် အဖမ်းခံခဲ့ရသော ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေးကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးကြောင်း သမီးဖြစ်သူ ဝေနှင်းပွင့်သုန်က ပြောကြားသည်။

အတင်းအဓမ္မခေါ်ဆောင်သွားခံရပြီး ပျောက်ဆုံးနေသူများမှာ သာမန်အဖမ်းခံရသူများထက် နှိပ်စက်ညှင်းပန်းမှုများ ပို၍ခံရနိုင်သည်။ လူတစ်ဉီးကို ထိန်းသိမ်းပြီး ၄၈ နာရီအတွင်း မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်၊ ရှေ့နေရှေ့ရပ်များ ငှားရမ်းနိုင်သည်၊ မိသားစုဝင်များက လာရောက်တွေ့ဆုံနိုင်သည်ဆိုသည့် ရပိုင်ခွင့်များကို အာဏာပိုင်များက မိသားစုဝင်များကို အကြောင်းကြားရမည်။ ခိုင်မာသောစွဲချက်မရှိဘဲ အဖမ်းခံရသူများကို ပြန်လွတ်ပေးရမည်။

ထိန်းသိမ်းခံရစဉ် သေဆုံးမှုများအားလုံးကို “သေဆုံးရသည့်အခြေအနေနှင့် သေဆုံးရသည့်အကြောင်းအရင်းကို ချက်ချင်း ဘက်မလိုက်ဘဲ ထိရောက်စွာ စုံစမ်းစစ်ဆေးမှုပြုရမည်” ဟူသော စံနှုန်းကို ကုလသမဂ္ဂအထွေထွေညီလာခံမှ လက်ခံထားသည်။ အထိန်းသိမ်းခံထားရသည့်အခြေအနေတိုင်း နိုင်ငံတော်တွင် တာဝန်ရှိသည်ဟူသော ယူဆချက်ရှိသည်၊ လူ့အသက်ကို တန်ဖိုးထားဖို့နှင့်လေးစားဖို့ အစိုးရတိုင်းတွင် တာဝန်ရှိသည်၊ ထို့ကြောင့် အစိုးရတိုင်းက အထိန်းသိမ်းခံရစဉ်သေဆုံးမှုများကို နိုင်ငံတော်တွင် တာဝန်ကင်းသည်ဟူသော အထောက်အထားပြနိုင်ရမည်ဟု တရားမဝင်သတ်ဖြတ်ခြင်း၊ လက်နက်မဲ့များကိုသတ်ဖြတ်ခြင်း၊ အကြောင်းမဲ့သတ်ဖြတ်ခြင်းဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ပြောသည်။ အဆိုပါအထောက်အထားမပြနိုင်ပါက သေဆုံးသူ၏မိသားစုများကို နစ်နာကြေးပေးရန် အစိုးရတွင် တာဝန်ရှိသည်။

“ဉီးခင်မောင်လတ်သေဆုံးမှုနှင့် အခြားရက်စက်မှုများကို ကမ္ဘာက လုံးဝလက်မခံဘူးဆိုတာ ပြသဖို့လိုပါတယ်။ စစ်ခေါင်းဆောင်များနှင့် သူတို့ပိုင်ကုမ္ပဏီတွေကို အမည်တပ်ဒဏ်ခတ်တာမျိုး အပြစ်ပေးမှုတွေကို နိုင်ငံတကာက လေးလေးနက်နက်နဲ့ ညီညီညွတ်ညွတ် လုပ်ဖို့လိုပါတယ်။ လူသတ်မှုတွေ၊ ပျောက်ဆုံးမှုတွေ လုံးဝရပ်သင့်ပြီ” ဟု အဒမ်စ်က ပြောကြားသည်

Your tax deductible gift can help stop human rights violations and save lives around the world.

Most Viewed