Skip to main content

ထိုင်း- ထိုင်းနိုင်ငံသို့ မကြာသေးမီက ရောက်ရှိလာသည့် ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်ပို့ခံရ

နေရပ်ပြန်ပို့ခံရမှုများကြောင့် ကရင်နီပြည်နယ်တွင်း လေကြောင်းတိုက်ခိုက်မှုများမှ ထွက်ပြေးတိမ်းရှောင်သူများ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရ

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၆ ရက်၊ ကရင်ပြည်နယ်တွင် မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မြန်မာဒုက္ခသည်များ ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်။ © 2023 ပုဂ္ဂလိက

(ဘန်ကောက်၊) - ထိုင်းအစိုးရမှ ထိုင်း-မြန်မာနယ်စပ်တွင်ရောက်ရှိနေသော မြန်မာဒုက္ခသည် ထောင်ပေါင်းများစွာကို မြန်မာနိုင်ငံထဲသို့ ပြန်ခိုင်းခဲ့သောကြောင့် အဆိုပါဒုက္ခသည်များမှာ အသက်အန္တရာယ်နှင့်ရင်ဆိုင်ရနိုင်ကြောင်း လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW, Human Rights Watch) က ယနေ့ ပြောကြားလိုက်သည်။ ၂၀၂၃၊ အောက်တိုဘာလနှောင်းပိုင်းတွင် ထိုင်းစစ်တပ်မှ နယ်စပ်ဒေသများတွင် ခိုလှုံနေကြသော မြန်မာဒုက္ခသည်များကို ကရင်နီပြည်နယ်သို့ အတင်းဖိအားပေး ပြန်ခိုင်းခဲ့သည်။ မြန်မာအရှေ့တောင်ပိုင်းတွင် ပြန်လည်ဖြစ်ပွားနေသော တိုက်ပွဲများတွင် ပစ်မှတ်ထားတိုက်ခိုက်ခံရမည် သို့မဟုတ် ပိတ်မိနေမည်ကို စိုးရိမ်ကြသူ အများအပြားမှာ ထိုင်းနိုင်ငံသို့ မကြာမီ ပြန်လည်ရောက်ရှိလာကြသည်။

“ထိုင်းအာဏာပိုင်တွေအနေနဲ့ မကြာသေးမီက ရောက်ရှိလာတဲ့ မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့နေတာ ရပ်တန်းကရပ်ပြီး ထိုင်းနိုင်ငံမှာ ခိုလှုံခွင့်ပေးသင့်တယ်” ဟု HRW ၏ အာရှဒါရိုက်တာ Elaine Pearson က ပြောသည်။ “ဒီဒုက္ခသည်တွေ အများအပြား ထိုင်းနိုင်ငံကနေ ပြန်ပို့ခံရပြီး ရက်ပိုင်းအတွင်းမှာပဲ ထိုင်းကို ပြန်ရောက်လာကြတာဟာ မြန်မာပြည်တွင်းမှာ အသက်အန္တရာယ်လုံခြုံရေးအတွက် သူတို့ ဘယ်လောက်စိုးရိမ်နေကြတယ်ဆိုတာ ဖော်ပြနေတယ်။”

ထိုင်းနိုင်ငံသည် ၁၉၈၀ ပြည့်နှစ်များ အလယ်ပိုင်းကတည်းက ဒုက္ခသည်စခန်းကိုးခုတွင် မြန်မာဒုက္ခသည် ၉၀၀၀၀ ခန့်ကို ခိုလှုံခွင့်ပေးခဲ့သည်။ ၂၀၂၁၊ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း နောက်ထပ် မြန်မာဒုက္ခသည် ၄၅၀၀၀ ထက်မနည်း ထိုင်းနိုင်ငံဆီ ထွက်ပြေးခဲ့သည်။ ထိုင်းအစိုးရက အဆိုပါ ရောက်ရှိလာသူများကို နယ်စပ်အနီးရှိ တရားဝင်မဟုတ်သည့် ယာယီတဲများတွင် နေထိုင်ခွင့်ပြုခဲ့သော်လည်း မကြာခဏ မြန်မာပြည်သို့ ပြန်ပို့ခဲ့သည်။ အဆိုပါ အသစ်ရောက်ရှိလာသူများကို လက်ရှိဒုက္ခသည်စခန်းများသို့ ဝင်ရောက်ခွင့်မပြုဘဲ ထိုင်းအာဏာပိုင်များမှ ထိုသူများအား ကူးသန်းသွားလာမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် ဝန်ဆောင်မှုများ မပေးဘဲ တင်းကျပ်စွာ ကန့်သတ်ထားသည်။

ကရင်နီပြည်နယ်တွင် မကြာခဏဖြစ်ပွားလျက်ရှိသော လေကြောင်းတိုက်ခိုက်မှုများကြောင့် ဇူလိုင်လတွင် မြန်မာဒုက္ခသည် ၉၀၀၀ ခန့်မှာ ထိုင်းနိုင်ငံ မယ်ဟောင်ဆိုင်ခရိုင်သို့ ထွက်ပြေးခိုလှုံခဲ့ကြသည်။ ထိုင်းအာဏာပိုင်များက ၎င်းတို့အား တရားဝင်မဟုတ်သည့် ယာယီတဲများတွင် နေထိုင်ခွင့်ပြုခဲ့သည်။

အောက်တိုဘာ ၂၁ ရက်နေ့တွင် နှစ်ပတ်အတွင်း မြန်မာနိုင်ငံသို့ ပြန်ရန် ဒုက္ခသည်များကို ထိုင်းစစ်တပ်မှ အမိန့်ပေးခဲ့သည်။ ထိုင်းစစ်တပ်မှ အမိန့်ပေးပြီးနောက် မြန်မာဒုက္ခသည်များ နယ်စပ်ဖြတ်ပြီး ကရင်နီပြည်နယ်သို့ လေးရက်မှ ငါးရက်ကြာ လမ်းလျှောက်ပြန်သွားကြပြီးနောက် ဒုက္ခသည်များနေထိုင်သည့် ထိုတဲများမှာ အလွတ်များဖြစ်နေခဲ့သည်။ အများစုမှာ ပြည်တွင်းအိုးအိမ်စွန့်ခွာရသူများ အခြေချနေထိုင်ကြသည့် ဒိုးနိုးကူ (Doh Noh Ku) သို့ သွားကြသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး မဟာမိတ်အဖွဲ့များမှ စစ်တပ်အား စတင်ထိုးစစ်ဆင်နေချိန် အောက်တိုဘာ ၂၇ ရက်နေ့တွင်လည်း နေရပ်ပြန်ခိုင်းမှုများ ဆက်လက်ရှိနေခဲ့သည်။ ထိုအချိန်တွင် ကရင်နီပြည်နယ်အပါအဝင် မြန်မာပြည်အခြားနေရာများတွင်လည်း အတိုက်အခံအင်အားစုများနှင့် စစ်တပ်ကြား တိုက်ပွဲများ ဖြစ်ပွားနေခဲ့ပြီး စစ်တပ်မှ လေကြောင်းတိုက်ခိုက်မှုဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်။

နိုဝင်ဘာ ၂၇ တွင် မြန်မာ ၂၃၈၇ ဦးကျော်မှာ ထိုင်းနိုင်ငံ မယ်ဟောင်ဆိုင်သို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာခဲ့ကြသည်။ လေကြောင်းတိုက်ခိုက်မှုများ မဖြစ်မီ နိုဝင်ဘာ ၁၄နှင့် ၁၅ရက်နေ့များတွင် ဒိုးနိုးကူ စခန်းပေါ်သို့ စစ်တပ်ဂျက်လေယာဉ်များ ပျံသန်းနေခဲ့ကြောင်း မယ်ဟောင်ဆိုင်ခရိုင်ရှိ ယာယီခိုလှုံရေးစခန်းသို့ ပြန်လည်ရောက်ရှိလာသူများမှ ပြောပြခဲ့သည်။ ဒိုးနိုးကူစခန်းအတွင်း ဗုံးသုံးလုံးထက်မနည်း ပေါက်ကွဲခဲ့သော်လည်း ထိုသို့ဗုံးပေါက်ကွဲချိန်တွင် စခန်းရှိလူအများစုမှာ ထွက်ပြေးတိမ်းရှောင်သွားကြပြီဖြစ်ကြောင်း သူတို့မှ ထပ်မံပြောပြခဲ့သည်။

“ဒီ(ထိုင်းနိုင်ငံ)ကနေ ကျမမိသားစုနဲ့ ငါးရက်ကြာ လမ်းလျှောက်ပြီးတဲ့နောက် ဒိုးနိုးကူအပြင်ဘက်နားမှာ ရောက်နေခဲ့တယ်” ဟု အသက် ၅၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။ “ကျမတို့ စခန်းထဲ မဝင်ခဲ့ဘူး ဒါပေမယ့် လေယာဉ်တွေကို အဝေးကနေ ကြည့်နေခဲ့တယ်။ ဗုံးတွေ ကြဲချလိုက်တော့ ကျမတို့ ချက်ချင်း ပြန်ပြေးခဲ့တယ်... ကျမ အရမ်းကြောက်တယ်၊ အခုဆို မိုးခြိမ်းသံကြားရင်တောင် ကျမ ကြောက်နေပြီ။”

အဆိုပါဒုက္ခသည်အသစ်များမှာ ထိုင်းနိုင်ငံတွင် ယာယီသာ နေထိုင်ခွင့်ရှိသော်လည်း သုံးလကျော်ကြာ နေထိုင်နေသည်ဟု ထိုင်းစစ်တပ်မှ အခိုင်အမာဆိုကြောင်း ဒေသခံသတင်းအရင်းအမြစ်များအရ သိရသည်။

နယ်စပ်တွင် မကြာသေးမီက လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းမရှိသောကြောင့် အဆိုပါမြန်မာဒုက္ခသည်များအနေဖြင့် နေရပ်သို့ ပြန်သင့်ကြောင်း ထိုင်းအရာရှိများမှ ပြောကြားခဲ့သည်။ နောက်ဆုံးတွင် တရားဝင်(established) ဒုက္ခသည်စခန်းများရှိ ဒုက္ခသည်များအတွက် ရည်ရွယ်သော ဝန်ဆောင်မှုများမှာ အဆိုပါဒုက္ခသည်အသစ်များရောက်ရှိလာခြင်းကြောင့် အခက်အခဲများဖြစ်ပေါ်စေသည်ဟု ထိုင်းအာဏာပိုင်များမှ အခိုင်အမာ ပြောသည်။

ဒုက္ခသည် အများအပြား အတင်းအဓမ္မ ရွှေ့ပြောင်းခံရမှုများနှင့် လုံခြုံမှုကင်းမဲ့ခြင်း သို့မဟုတ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ မရရှိခြင်းများကြောင့် ဖယ်ကြဉ်ခံထားရသည့်လူ့အဖွဲ့အစည်းများ လက်ရှိရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ပိုမိုဆိုးရွားသွားစေကြောင်း HRW မှ ပြောကြားခဲ့သည်။

“လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒီနှစ်အစောပိုင်းမှာ အိမ်ကိုပစ်ပြီး ထွက်ပြေးရတာ အနည်းဆုံး ခုနစ်ကြိမ်လောက် ရှိနေပြီ” ဟု အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။ “ကိုယ် လုံခြုံတယ်လို့ထင်တဲ့နေရာဆီ ထွက်ပြေးပေမယ့် တကယ်တော့ ဘယ်နေရာမှာမှ မလုံခြုံဘူး။”

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ မတရားဖမ်းဆီးခြင်းနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများ ကျူးလွန်ရာရောက်စေသည့် အရပ်သား၊ တိုက်ခိုက်ရေးသမားမခွဲခြားဘဲ တိုက်ခိုက်မှုများနှင့် စစ်ရာဇ၀တ်မှုများကို မြန်မာစစ်ကောင်စီမှ နိုင်ငံတဝှမ်း စနစ်တကျ ကျူးလွန်ခဲ့သည်လူပေါင်းနှစ်သန်းကျော်မှာ ပြည်တွင်းအိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီး ဒုက္ခသည် ၉၅၀၀၀ ကျော်မှာ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ထိုင်းနိုင်ငံအနေနှင့် မြန်မာပြည်တွင်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူများထံသို့ နယ်စပ်ဖြတ်ကျော်အကူအညီများ ပံ့ပိုးပေးသင့်ပြီး မယ်ဟောင်ဆိုင်ခရိုင်နှင့် နယ်စပ်တလျှောက်ရှိ အခြားနေရာများတွင် ယာယီခိုလှုံနေကြသည့် ဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ တိုးမြှင့်ပေးသင့်သည်။ ထိုင်းနိုင်ငံအနေဖြင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR, United Nations High Commissioner for Refugees) အား ဒုက္ခသည် အခြေအနေသတ်မှတ်ရေး ဆောင်ရွက်ရန်ခွင့်ပြုပေးခြင်းအပြင် ဒုက္ခသည်အားလုံးကို အကာအကွယ်နှင့် ထောက်ပံ့မှုများ ပေးသင့်သည်။

အတင်းအကျပ် ဖိအားပေးခြင်း သို့မဟုတ် အခြားနည်းဖြင့်ဖြစ်စေ အစုလိုက်အပြုံလိုက် နေရပ်ပြန်လွှတ်ခြင်းမှာ ကုလသမဂ္ဂ ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေး ကွန်ဗင်းရှင်းတွင် အဖွဲ့ဝင်ဖြစ်သည့် ထိုင်းနိုင်ငံ၏ တာဝန်ဝတ္တရားများကို ချိုးဖောက်ရာ ရောက်နိုင်သည်။ ထိုင်းနိုင်ငံအနေနှင့် ဖမ်းဆီးနှိပ်စက်မှု၊ ညှဉ်းပန်းမှု သို့မဟုတ် အခြားလူမဆန်သည့်ဆက်ဆံမှု သို့မဟုတ် အသက်ကို အန္တရာယ်ပြုနိုင်သည့် ခြိမ်းခြောက်မှုများ အမှန်တကယ် ရင်ဆိုင်ရနိုင်သည့်နေရာသို့ မည်သူ့ကိုမဆို အတင်းအဓမ္မ ပြန်ပို့ခြင်းမှာ တားမြစ်ထားသည့် နိုင်ငံတကာ ဥပဒေမူကို ချိုးဖောက်ရာရောက်နိုင်သည်။

“ထိုင်းအစိုးရအနေနဲ့ အသစ်ရောက်လာတဲ့ မြန်မာဒုက္ခသည်တွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ရနိုင်အောင် ခွင့်ပြုပေးသင့်ပြီး အကာအကွယ်ရှာတဲ့သူတွေကို ကူညီပေးသင့်တယ်” ဟု Pearson က ပြောသည်။ “ထိုင်းအာဏာပိုင်တွေက မြန်မာပြည်မှာ အသက်အန္တရာယ်အကြီးအကျယ် ရင်ဆိုင်နေရတဲ့ ဒုက္ခသည်တွေကို ပြန်မပို့သင့်ဘူး။”

Your tax deductible gift can help stop human rights violations and save lives around the world.

Most Viewed