Skip to main content

ဂျပန် သင်တန်းထွက် မြန်မာဗိုလ်ချုပ် ရက်စက်ကြမ်းကြုတ်သော စစ်တပ်နှင့် ပတ်သက်နေ

တိုကျိုသည် သင်တန်းများကို ဆိုင်းငံ့ထားသင့်ပြီး စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးအားလုံးကို ဖြတ်တောက်သင့်သည်

Myanmar military personnel march during a parade to commemorate Armed Forces Day in Naypyidaw, Myanmar, March 27, 2022. © 2022 AP Photo/Aung Shine Oo

(တိုကျို၊ ဩဂုတ် ၁၀ ရက်၊ ၂၀၂၂) - ဂျပန်နိုင်ငံတွင် စစ်သင်တန်းတက်ခဲ့သည့် မြန်မာစစ်တပ်မှ ဗိုလ်ချုပ်တစ်ဦးသည် တိုင်းရင်းသားလူနည်းစုဒေသများတွင် ရက်စက်ကြမ်းကြုတ်မှုများ ဆိုးရွားစွာ ကျူးလွန်နေသည့် စစ်တိုင်းဒေသကြီးတစ်ခု၏ အရာရှိကြီးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ယနေ့ ပြောကြားသည်။ ဗိုလ်မှူးချုပ်တင်စိုးသည် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် ကရင်နီ (ကယား) ပြည်နယ်တို့တွင် စစ်ဆင်ရေးများကို ကြီးကြပ်ရသည့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ၂၀၂၁၊ သြဂုတ်လမှ ၂၀၂၂၊ ဇူလိုင်လအထိ တာဝန်ထမ်းဆောင်ခဲ့သည်။ သူ၏တပ်များမှာ ထိုဒေသများတွင် အရပ်သားများအား သတ်ဖြတ်ခြင်းနှင့် အခြားရက်စက်ကြမ်းကြုတ်မှုများကျူးလွန်မှုများအတွက် တာဝန်ယူရမည် ဖြစ်သည်။

ဂျပန်အစိုးရသည် မြန်မာနိုင်ငံနှင့် လေ့ကျင့်ရေးအစီအစဉ်ကို ချက်ခြင်းရပ်တန့်သင့်ပြီး ထိုအစီအစဉ်တွင် ပါဝင်သူများသည် စစ်ဥပဒေချိုးဖောက်ခြင်း ရှိ၊ မရှိ စုံစမ်းစစ်ဆေးသင့်သည်။

“ဂျပန် စစ်သင်တန်းဆင်း မြန်မာတွေဟာ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ များပြားနေတဲ့ ပဋိပက္ခဒေသတွေမှာ အမှုထမ်းနေတယ်” ဟု HRW အာရှရေးရာအရာရှိ Teppei Kasai က ပြောသည်။ “ဂျပန်အစိုးရအနေနဲ့ မီးနဲ့ကစားနေတာ ရပ်ပြီး မြန်မာစစ်တပ်ကို ပံ့ပိုးကူညီနေတာတွေကို ချက်ချင်း အဆုံးသတ်သင့်တယ်။”

၂၀၁၆ ခုနှစ် သြဂုတ်လမှ ၂၀၁၇ ခုနှစ် မတ်လအထိ ထိုအချိန်က ဗိုလ်မှူးကြီးတင်စိုးသည် ဂျပန်နိုင်ငံ မြေပြင်ကာကွယ်ရေးဝန်ထမ်းကောလိပ်တွင် သင်တန်းတက်ရောက်ခဲ့သည်ဟု ဂျပန်နိုင်ငံလုံးဆိုင်ရာ ကာကွယ်ရေးအဖွဲ့နှင့် ကာကွယ်ရေးဝန်ကြီးဌာန စာရွက်စာတမ်းများအရ သိရသည်။ တင်စိုးသည် တိုကျိုမြို့ရှိ မြန်မာသံရုံးတွင် ၂ဝ၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ စစ်သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း အဆိုပါကိစ္စကို တိုက်ရိုက်သိသည့် သတင်းရင်းမြစ်တစ်ခုနှင့် မြန်မာသတင်းများအရ သိရသည်။ မြန်မာနိုင်ငံတွင် ၂၀၂၁၊ ဖေဖော်ဝါရီ စစ်တပ် အာဏာသိမ်းပြီးနောက် တင်စိုးသည် ဂျပန်မှ မြန်မာသို့ ပြန်ခဲ့ရပြီး ဗိုလ်မှူးချုပ် ရာထူးတိုးခဲ့သည်ဟု သတင်းရင်းမြစ်နှစ်ခုက ဆိုသည်။ ၂၀၂၁၊ ဩဂုတ်တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တွင် တာဝန်ကျခဲ့သည်။ ၂၀၂၂၊ ဇူလိုင်တွင် တင်စိုးအား မြို့တော် နေပြည်တော်သို့ ပြောင်းရွှေ့စေခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုအရ သိရသည်။

မြန်မာနိုင်ငံ စစ်တိုင်းဒေသကြီး ၁၄ ခုအနက်မှ တစ်ခုဖြစ်သည့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်သည် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် ကရင်နီပြည်နယ်ရှိ ခြေလျင်တပ်ရင်း ၄၀ ကျော်ကို ကွပ်ကဲရပြီး အာဏာသိမ်းပြီးနောက်ပိုင်း ထိုဒေသများတွင် တိုက်ပွဲများ ပိုမိုများပြားလာနေသည်။ ၂၀၂၁၊ မေလတွင် ဒေသတွင်း စစ်ရေးစစ်ဆင်ရေးများ ပြန်လည်စတင်ခဲ့ပြီးနောက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ မြန်မာစစ်တပ်သည် ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ မတရားဖမ်းဆီးခြင်း၊ လုယက်ခြင်းနှင့် မီးရှို့ခြင်းများအပြင် အရပ်သားများကို ပစ်မှတ်ထားထိုးစစ်ဆင်ခြင်း၊ စစ်ဖက်အရပ်ဖက် မခွဲခြားဘဲ တိုက်ခိုက်ခြင်းနှင့် မြေမြှုပ်မိုင်းများ အသုံးပြုခြင်းများ ကျူးလွန်ခဲ့ကြောင်းကို ကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲ့များနှင့် လွတ်လပ်သော မီဒီယာများမှ မှတ်တမ်းတင်ထားသည်။ 

၂၀၂၁၊ ဒီဇင်ဘာလ ၂၄ ရက်တွင် ကရင်နီပြည်နယ်၊ ဖရူးဆိုးမြို့နယ်တွင် နိုင်ငံတကာအဖွဲ့ Save the Children မှ ကလေး ၄ ဦးနှင့် ဝန်ထမ်း ၂ ဦး အပါအ၀င် အနည်းဆုံး ၃၉ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီး ရုံးတင်ခြင်းမရှိဘဲ ချက်ချင်း ကွပ်မျက်ခဲ့သည်။ သေဆုံးသူ အများစုတွင် ချည်နှောင်ခံရခြင်း၊ ပါးစပ်ကို အဝတ်ဖြင့် ဆို့ခံရခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခံရသည့် လက္ခဏာများ တွေ့ရပြီး အချို့မှာ အရှင်လတ်လတ် မီးရှို့ခံခဲ့ရဖွယ်ရှိကြောင်း မျက်မြင်သက်သေများက HRW ကို ပြောကြားခဲ့သည်။ “ဒါဟာ ကျွန်တော်ကြုံဖူးသမျှ ထိတ်လန့်တုန်လှုပ်စရာ အကောင်းဆုံးအရာတွေထဲက တစ်ခုပဲ” ဟု သေဆုံးသူများကို ခွဲစိတ်စစ်ဆေးခဲ့သည့် ဆရာဝန်တစ်ဦးက ပြောကြားခဲ့သည်။

“လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့သော ကယားပြည်နယ်ရှိ တပ်ဖွဲ့များအပါအဝင် တပ်များကို တိုက်ရိုက် ကွပ်ကဲခဲ့သော” အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် (ထိုစဉ်က တင်စိုး၏အထက်အရာရှိ) ကို ဖေဖော်ဝါရီလတွင် အီးယူက အရေးယူဒဏ်ခတ်ခဲ့သည်။ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ကို ကြီးကြပ်သည့် အထူးစစ်ဆင်ရေးဗျူရို အမှတ် (၂) ကွပ်ကဲရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေးကိုလည်း အီးယူက အရေးယူဒဏ်ခတ်ခဲ့သည်

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း ၅၃၁ နှင့် ခြေမြန်တပ်မ ၆၆ တို့မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်ခဲ့သည်။ ကရင်နီပြည်ရှိ မြေပြင်စစ်ဆင်ရေးအားလုံးကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ ကြီးကြပ်ကြောင်း တပ်မ ၆၆ မှ တပ်မှူးတစ်ဦးမှ Amnesty International သို့ ပြောကြားခဲ့သည်

ကရင်နီပြည်နယ်ရှိ စစ်အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့များနှင့် တိုင်းရင်းသားတပ်ဖွဲ့များကို ခြေမှုန်းသော စစ်ဆင်ရေးများတွင် အရပ်သားများအပေါ်ပါ ရက်စက်ကြမ်းကြုတ်မှုများ ရှိခဲ့ကြောင်း သိရသည်။ “စစ်တပ်က လက်နက်ကိုင်အဖွဲ့တွေထဲက တိုက်ခိုက်ရေးသမားတွေကို ကန့်သတ်တိုက်ခိုက်ရမယ့်အစား ဒေသတွင်း မြို့ကြီးတွေမှာပါ မရှောင်ဘဲ အရပ်သားတွေကို ပစ်မှတ်ထားခဲ့တယ်။ ထွက်ပြေးကြတဲ့ အရပ်သားတွေကိုပါ စစ်တပ်က လိုက်လံခြေမှုန်းပြီး ပြည်တွင်းရွှေ့ပြောင်းနေထိုင်ရသူတွေ ခိုလှုံရာနေရာတွေကိုပါ တိုက်ခိုက်တယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က မတ်လတွင် တင်ပြခဲ့သည်

Amnesty International မှ မေလတွင် သတင်းထုတ်ပြန်ခဲ့ရာတွင် “တရားမ၀င် တိုက်ခိုက်မှု၊ ရွာမီးရှို့မှု၊ လုယက်မှု၊ အတင်းအဓမ္မ ပျောက်ဆုံးစေမှု၊ ညှင်းပန်းနှိပ်စက်မှုနှင့် အခြားမဖွယ်မရာပြုမှုများနှင့် ကယားလူမျိုးစုများကို ဖိနှိပ်မှု” စသော လူ့အခွင့်အရေးချိုးဖောက်မှုများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဆင်ရေးများအတွင်း လုပ်ဆောင်ခဲ့သည်ဟု ဖော်ပြထားသည်။ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း ၁၀၂ သည်လည်း အရပ်ဖက်စစ်ဖက် မခွဲခြားဘဲ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ကရင်နီပြည်နယ်တွင် လူသတ်မိုင်းများ “မတန်တဆ” အသုံးပြုခြင်းကြောင့် ၂၀၂၁၊ ဇွန်လနောက်ပိုင်းတွင် အရပ်သား ၂၀ ဦးထက်မနည်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ပြောကြားချက်ကို Amnesty International မှ ထောက်ပြထားသည်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဧပြီလအလယ်ပိုင်း ရွာသူရွာသားကိုးဦး အသတ်ခံရမှု အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများမှာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ ခြေလျင်တပ်ရင်း လေးခုနှင့် ပတ်သက်နေကြောင်း ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်းက ထုတ်ပြန်ခဲ့သည်။

၂၀၁၅ မှစ၍ ဂျပန်အစိုးရသည် နိုင်ငံခြားသားများအား သင်တန်းပေးခြင်းနှင့် ပညာသင်ပေးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၀၀ အရ မြန်မာနိုင်ငံမှ ဗိုလ်လောင်းများနှင့် အရာရှိများကို ကာကွယ်ရေးဝန်ကြီး၏ခွင့်ပြုချက်ဖြင့် ကာကွယ်ရေးဝန်ကြီးဌာနတွင် လက်ခံခဲ့သည်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာမှ ဗိုလ်လောင်းနှစ်ဦးနှင့် အရာရှိနှစ်ဦးကို ဂျပန်မှ လက်ခံခဲ့သည်။ ၂၀၂၂ တွင်လည်း မြန်မာမှ ဗိုလ်လောင်းနှစ်ဦးနှင့် အရာရှိနှစ်ဦးကို သင်တန်းတက်ရန် ဂျပန်မှ ထပ်မံလက်ခံခဲ့သည်။

မကွေးတိုင်းဒေသကြီး မကွေးလေတပ်စခန်းတွင် တာဝန်ထမ်းဆောင်ခဲ့သည့် မြန်မာလေတပ်မှ ဒုတိယဗိုလ်မှူးကြီး လွှမ်းမိုးမှာလည်း ဂျပန်အစိုးရသင်တန်းထွက်ဖြစ်ကြောင်း HRW နှင့် Justice For Myanmar တို့မှ ဖော်ထုတ်ခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်းတွင် အဆိုပါလေတပ်အခြေစိုက်စခန်းမှ လေယာဉ်များသည် စစ်ဖက်အရပ်ဖက်မခွဲခြားဘဲ လေကြောင်းတိုက်ခိုက်မှုများတွင် ပါဝင်ခဲ့သည်။ မကွေးတိုင်းအတွင်းတွင် ရုံးတင်ခြင်းမရှိဘဲ ချက်ချင်း ကွပ်မျက်မှုများ၊ မီးရှို့မှုနှင့် အခြားချိုးဖောက်မှုများကိုလည်း မြန်မာစစ်တပ်မှ ကျူးလွန်ခဲ့သည်။

ဂျပန်နိုင်ငံသည် မြန်မာစစ်တပ်၏ရက်စက်ကြမ်းကြုတ်မှုများတွင် ကြံရာပါဖြစ်လာနိုင်သောကြောင့် လေ့ကျင့်ရေးအစီအစဉ်များကို ချက်ခြင်းရပ်သင့်ကြောင်း HRW က ၂၀၂၁၊ ဒီဇင်ဘာလတွင် ပြောကြားခဲ့သည်။ ဂျပန်တွင် သင်တန်းတက်သွားသော ဗိုလ်လောင်းများနှင့် အရာရှိများ မြန်မာနိုင်ငံသို့ ပြန်ရောက်ပြီး မည်သည့်အလုပ်များလုပ်ကိုင်ကြသည်ကို မသိရှိရကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

သို့သော် ဧပြီ ၂၆ ရက်တွင် ပြုလုပ်သည့် လုံခြုံရေးဆိုင်ရာ လွှတ်တော်ကကော်မတီစည်းအဝေးတစ်ခုတွင် အဆိုပါအစီအစဉ်တွင် ပါဝင်သူများ၏ လက်ရှိ “ရာထူးများ” ကို ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနမှ “အတိုင်းအတာတစ်ခုအထိ သိရှိထားသော်လည်း” ဂျပန်နှင့် “အခြားနိုင်ငံ” ၏ ဆက်ဆံရေးကို ငဲ့ပြီး အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုခဲ့သည်ဟု ကာကွယ်ရေးဌာနမှ အရာရှိတစ်ဦးက ဆိုသည်။ မြန်မာနိုင်ငံသို့ ပြန်ရောက်ပြီး အရာရှိများ “အရပ်သားများအပေါ် ဖိနှိပ်မှုများတွင် ပါဝင်ပတ်သက်နေပါက” မြန်မာအရာရှိများကို ထပ်မံခေါ်ယူလေ့ကျင့်ပေးရန် “ခက်ခဲမည်” ဖြစ်ကြောင်း ဇွန် ၂၂ ရက်က ပြုလုပ်သည့် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် ဂျပန်ကာကွယ်ရေးဝန်ကြီး Nobuo Kishi က ပြောကြားခဲ့သည်

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ကာလရှည်ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများအတွင်း ဆယ်စုနှစ်များစွာကြာ ကျူးလွန်ခဲ့သော စစ်ရာဇ၀တ်မှုများ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုများအတွက် မြန်မာစစ်တပ်တွင် တာဝန်ရှိကြောင်း HRW က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီအုပ်ချုပ်ရေး ပြန်လည်ထူထောင်ရန်နှင့် စစ်အာဏာသိမ်းမတိုင်မီ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ရွေးကောက်ခံအစိုးရအရာရှိများကို ပြန်လွှတ်ပေးရန် ဂျပန်အစိုးရမှ တောင်းဆိုထားသည်။ “လက်နက်မဲ့အရပ်သားများ” အပေါ် စစ်တပ်၏တိုက်ခိုက်မှုများကို ပြစ်တင်ဝေဖန်သော ပူးတွဲကြေညာချက်ကို ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနနှင့် အခြားနိုင်ငံ ၁၁ နိုင်ငံတို့မှ မတ် ၂၈၊ ၂၀၂၁ တွင် ထုတ်ပြန်ခဲ့သည်။ ဂျပန်အစိုးရသည် လူသားချင်းစာနာမှု အကူအညီပေးခြင်းမဟုတ်သော တရားဝင်ဖွံ့ဖြိုးရေးအကူအညီစီမံကိန်းအသစ်များကို ၂၀၂၁ အစောပိုင်းတွင် ရပ်ဆိုင်းခဲ့သော်လည်း အကူအညီပေးဆဲဖြစ်သည့် စီမံကိန်းများကိုမူ ဆက်လက်လုပ်ဆောင်ခွင့်ပြုခဲ့သည်။ ၂၀၂၁၊ ဇွန်လတွင် စစ်အာဏာသိမ်းမှုကို ရှုတ်ချသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ဂျပန်ပါလီမန်က အတည်ပြုခဲ့ပြီး “ဒီမိုကရေစီနိုင်ငံရေးစနစ်ကို အမြန်ပြန်လည်ဖော်ဆောင်ရန်” တောင်းဆိုခဲ့သည်။

“ဂျပန်အစိုးရက မြန်မာစစ်သားတွေနဲ့ အရာရှိတွေကို လေ့ကျင့်ပေးနေတာ အချိန်ကြာလာလေလေ၊ ဂျပန်ရဲ့နိုင်ငံတကာ ဂုဏ်သိက္ခာနဲ့ မြန်မာလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ပိုပြီးထိခိုက်လာလေလေ” ဟု Kasai က ဆိုသည်။

“လူ့အခွင့်အရေးမြှင့်တင်ရေးမှာ အသိအမှတ်ပြုခံလိုတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂျပန်ဟာ မြန်မာလူထုရဲ့ အခွင့်အရေးအတွက် ရပ်တည်ပြီး စစ်အစိုးရနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းမှုတွေကို ရပ်တန်းက ရပ်သင့်ပြီ။”

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.

Most Viewed