Skip to main content
Donate Now

မြန်မာပြည်တွင် နှိပ်စက်ညှင်းပန်းမှုများ ဆက်လက်ဖြစ်ပွားနေ

နှိပ်စက်ညှင်းပန်းမှုများ အဆုံးသတ်ရန် ပိုမိုပြင်းထန်သော နိုင်ငံတကာဖိအားပေးမှု လိုအပ်နေ

ရန်ကုန်မြို့ ဆန္ဒပြပွဲတစ်ခုတွင် ဆန္ဒပြသူတစ်ဉီးကို ရဲများက ဖမ်းဆီးနေစဉ် (ဖေဖော်ဝါရီလ ၂၈၊ ၂၀၂၁ ရက်နေ့)၊ ဓာတ်ပုံ-အောင်ကျော်ထက် © SOPA Images/Sipa via AP Images

“ အသက်ရှူကျပ်တဲ့အထိ ခေါင်းကို ပလပ်စတစ်အိတ်နဲ့ စွပ်တယ်။ အဲလို သုံးခါလုပ်တယ် … ပစ်သတ်မလိုလည်း လုပ်သေးတယ်၊ ရိုင်ဖယ်နဲ့ ချိန်ပြီး သေနတ်မောင်းကို အကြိမ်များစွာ ဆွဲခဲ့တယ်။”

စစ်တပ်စစ်ကြောရေးစခန်းတစ်ခုတွင် စစ်သားတွေက သူမကို နှိပ်စက်ခဲ့ပုံများကို မကြာသေးမီက လွတ်မြောက်လာသော ထိန်းသိမ်းခံရသူတစ်ဉီးက လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့သို့ ပြောကြားခဲ့သည်။ စစ်ကြောရေး မစခင်ကပင် သူမမှာ အချိန်အတော်ကြာ အရိုက်ခံခဲ့ရပြီး ဖြစ်သည်။ “ကျမ ခါးကျိုးသွားပြီလို့တောင် ခံစားရတယ်” ဟု သူမက ပြောသည်။ “ကျမ ဒူးထောက်လဲနေတုန်း သူတို့က ခေါင်းကို အဆက်မပြတ် ကန်တယ်။ သွေးတွေ အများကြီးပဲ။ ကျမ အသက်ရှင်လျက်နဲ့ ပြန်ထွက်လာနိုင်မယ်လို့တောင် မထင်ခဲ့ဘူး။”

နှိပ်စက်ညှင်းပန်းနေကျဖြစ်သော မြန်မာလုံခြုံရေးတပ်ဖွဲ့များ၏ လုပ်ရပ်မှတ်တမ်းများ များသထက်များလာပြီ ဖြစ်သည်။​ လွန်ခဲ့သောလများအတွင်းက ပြန်လည်လွတ်မြောက်လာသူ ၂၈ ယောက်၏နှိပ်စက်ခံခဲ့ရပုံများကို ကာယကံရှင်တို့၏ သတင်းအချက်အလက်များ၊ ဆေးမှတ်တမ်းများ သာမက မျက်မြင်သက်သေ တပ်ပြေးများ၏ ပြောဆိုချက်များကို ကိုးကား၍ အေပီ (Associated Press) သတင်းဌာနက အောက်တိုဘာ ၂၈ ရက်နေ့တွင် တသတ်မတ်တည်း ခိုင်ခိုင်မာမာ ဖွင့်ချခဲ့သည်။

အောက်တိုဘာလ ၁၈ ရက်နေ့တွင် မြန်မာစစ်အစိုးရက အကျဉ်းသားအချို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါ ကြေညာချက်အရ အကျဉ်းသားပေါင်း ၁၃၁၆ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး “ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ခြင်းကြောင့်” ထိန်းသိမ်းခံထားရသော အကျဉ်းသားပေါင်း ၄၃၂၀ ၏ အမှုများကို ပလပ်ပေးမည်ဖြစ်ကြောင်း သိရသည်။ သို့သော် ထိုစာရင်းဝင်အကျဉ်းသား မြောက်များစွာမှာ ထိန်းသိမ်းခံထားရဆဲ ဖြစ်ပြီး လွတ်လာသူများမှာလည်း ထောင်ထဲတွင် တွေ့ကြုံခဲ့ရသော ကြောက်မက်ဖွယ် အဖြစ်အပျက်များကို ပြောပြခဲ့ကြသည်။​

သေနတ်နှင့်ချိန်ပြီး သေဒဏ်ပေးသလိုလုပ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားခြင်းများ အပါအဝင် မတရားပြုခြင်းများ ခံခဲ့ရကြောင်း ပြန်လည်လွတ်မြောက်လာသည့် အမျိုးသမီးများက မြန်မာမီဒီယာများကို ပြောပြခဲ့ကြသည်။ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း အဆိုပါအကျဉ်းထောင်နှင့် အခြားနေရာများတွင် ဖြစ်ပွားခဲ့သော အလားတူဖြစ်ရပ်များကို လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ကလည်း မှတ်တမ်းတင်ထားသည်။​

စစ်အစိုးရကို ဝေဖန်ဆန့်ကျင်သူများကို နှိပ်စက်ညှင်းပန်းခြင်း၊ သတ်ဖြတ်ခြင်းများနှင့် အခြားလူမဆန်သော လုပ်ရပ်များကို နိုင်ငံတဝှမ်း စနစ်တကျ ကျူးလွန်နေသော ဖြစ်ရပ်များမှာ တသမတ်တည်းဖြစ်နေသောကြောင့် စစ်ကောင်စီမှာ လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ် ရာဇဝတ်မှုများကျူးလွန်နေသည်ဟု လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ကောက်ချက်ချခဲ့သည်။

စိုးရိမ်ပူပန်သောအစိုးရများအနေဖြင့် ရက်စက်ကြမ်းကြုတ်သော နှိပ်ကွပ်မှုများ ချုပ်ငြိမ်းအောင်စစ်အစိုးရကို ပိုမိုဖိအားပေးသင့်သည်။ စစ်တပ်ခေါင်းဆောင်များနှင့် ၄င်းတို့၏စီးပွားရေးလုပ်ငန်းများကို အမည်တပ်ဒဏ်ခတ်ခြင်းမှာ လုံလောက်မှု မရှိ။ စစ်တပ်၏နိုင်ငံခြားဘဏ်အကောင့်များတွင် ထည့်ထားသော ရေနံနှင့် သဘာဝဓာတ်ငွေ့၊ သတ္ထုတူးဖော်ရေး၊ သစ်လုပ်ငန်းတို့မှရသော နိုင်ငံခြားဝင်ငွေအရင်းအမြစ်များကို အပြည်ပြည်ဆိုင်ရာအစိုးရများက ဖြတ်တောက်ရမည်။ မြန်မာနိုင်ငံသို့ မည်သည့်နိုင်ငံကမှ လက်နက်တင်ပို့ခြင်းမပြုနိုင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးယူရမည့်အပြင် မြန်မာနိုင်ငံအခြေအနေကို အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးသို့ လွှဲပေးရမည် ဖြစ်သည်။ ထိုကဲ့သို့မလုပ်ပါက စစ်အစိုးရကို ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ပေးနေသလို ဖြစ်ပြီး နှိပ်စက်ညှင်းပန်းမှုများ ထပ်မံ ရှိနေဉီးမည် ဖြစ်သည်။

Every piece on our website is resource intensive. If you donate whatever you can today, we will use it to continue investigating abuses and advocate for change in 100+ countries.

Most Viewed