Skip to main content

မြန်မာအကျဉ်းထောင်များထဲတွင် အမျိုးသမီးအခွင့်အရေးများ ချိုးဖောက်ခံနေရ

အိမ်သာမလုံလောက်၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများ ထောက်ပံ့ခြင်းမရှိ

၂၀၂၀၊ ဧပြီလ ၁၇ ရက်နေ့က နိုင်ငံတော်သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားများကို လွှတ်ပေးစဉ် တွေ့ရသော အင်းစိန်ထောင်အရာရှိများ  © 2020 Thein Zaw/AP Photo

ဖေဖော်ဝါရီလတွင် ရန်ကုန်မြို့ရှိ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတခုသို့ မသွားခင် မီးမီး (အမည်ရင်းမဟုတ်) သည် အကြမ်းဖက်သော လုံခြုံရေးတပ်များရန်မှ အလွယ်တကူ ထွက်ပြေးနိုင်ရန် ဂျင်းဘောင်းဘီနှင့် အားကစားဖိနပ်ကို ကျကျနန ရွေးချယ်ဝတ်ဆင်ခဲ့သည်။ အဖမ်းခံရနိုင်သဖြင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများ လိုရမယ်ရ ဆောင်ထားသင့်သည်ဟု သူမ လုံးဝမတွေးမိခဲ့ပေ။

ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုကို ဆန့်ကျင်သော ဆန္ဒပြပွဲများကို မြန်မာရဲနှင့်စစ်တပ်တို့မှ အင်အားအပြင်းအထန်သုံးပြီး နှိမ်နင်းခဲ့သည်။ မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်ဆန်များကို ရှောင်တိမ်းရင်း မီးမီးမှာမျက်စိလည်လမ်းမှားပြီး ပိတ်မိသွားခဲ့သည်။

သူမ လဲကျချိန်တွင် ရဲတပ်ဖွဲ့ဝင် ၇ ယောက်က ဝိုင်းဝန်းထိုးကြိတ်ကန်ကြောက်ခဲ့သည်။ “ကျမ လဲသွားတော့ တယောက်က ကျမကို ဖိထားပြီး ကျန်တဲ့သူတွေက စစ်ဖိနပ်ကြီးတွေနဲ့ ဝိုင်းကန်ကြတယ်” ဟု မီးမီးက ပြောသည်။ “ပြီးတော့ ကျမကို ရဲကားတစီးပေါ် ဆွဲတင်ကြတယ်၊ ရဲတယောက်က ခေါင်းကို နောက်ကဆွဲထားပြီး နောက်တယောက်က မျက်နှာကို လက်သီးနဲ့ အတင်းပိတ်ထိုးတယ်။”

ကိုယ်ထိလက်ရောက်ကျူးလွန်မှုနှင့် ဖမ်းဆီးထိန်းသိမ်းခံရခြင်းဒဏ်ကြောင့် ဓမ္မတာသွေးဆင်းမှု စောခဲ့သည်ဟု အသက် ၂၃ နှစ်အရွယ် မီးမီးက ပြောသည်။ အာဏာပိုင်များက သူမကို အင်းစိန်ထောင်သို့ ပို့လိုက်ပြီး သာမန်အားဖြင့် အမျိုးသားများကိုထားသော အဆောင်တွင် အခြားအမျိုးသမီး ၅၀၀ ကျော်နှင့်အတူ သူမကို ထိန်းသိမ်းထားခဲ့သည်။ အမျိုးသမီးများအတွက် တံခါးမပါ၊ ရေမရှိသော အိမ်သာ နှစ်ခုသာ ရှိသည်။ လစဉ်သုံးဂွမ်းထုပ်များကို မီးမီးက အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း အမျိုးသမီးထောင်ဝန်ထမ်းများက မလိုက်လျောခဲ့ပေ။ သွေးဆင်းပြီး ၄၈ နာရီအကြာ သူမ ဂျင်းဘောင်းဘီမှာ မြင်မကောင်းအောင် သွေးစွန်းနေမှ ဂွမ်းထုပ်တစ်ခုသာ ပေးခဲ့သည်။

ထိုအတွေ့အကြုံကြောင့် သူမမှာ အကြီးအကျယ်အရှက်ရပြီး စိတ်ဒဏ်ရာရကာ ထောင်ကလွတ်ပြီးချိန်အထိ အိပ်မက်ဆိုးများ မက်နေခဲ့သည်။ မြန်မာ့ရိုးရာတွင် ဓမ္မတာသွေးကို မင်္ဂလာမရှိဟု ယူဆခြင်းနှင့် အမျိုးသမီးများကို ခွဲခြားဆက်ဆံခြင်းကြောင့် ထိုကိစ္စကို ပွင့်ပွင့်လင်းလင်းထုတ်ပြောရန်ပင် ခက်ခဲခဲ့သည်ဟု မီးမီးက ပြောသည်။

မြန်မာအကျဉ်းထောင်များအတွင်း အတွေ့အကြုံမှာ လူ့ဂုဏ်သိက္ခာနဲ့မညီညွတ်ကြောင်း ထိန်းသိမ်းခံရဖူးသော အမျိုးသမီးများက ပြောပြခဲ့သည်။ အမျိုးသမီးလစဉ်သုံးပစ္စည်းများ ပေးဝေခြင်းမရှိသဖြင့် ဓမ္မတာသွေးဆင်းချိန်တွင် ပို၍ဒုက္ခရောက်ကြသည်။ စစ်တပ်အာဏာသိမ်းပြီးကတည်းက လိင်အကြမ်းဖက်မှုသာမက ကျား၊ မ ခွဲခြားပြီး အနှောင့်အယှက်ပေးမှုနှင့် အရှက်ခွဲမှုများကိုပါ ရဲနှင့်စစ်သားများက ကျူးလွန်နေကြောင်း အမျိုးသမီးများက ပြောခဲ့ကြသည်။

ရေလုံလောက်သောအိမ်သာများ မရှိခြင်း၊ ပုဂ္ဂိုလ်ရေးလုံခြုံမှုမရှိခြင်းနှင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများ မလုံလောက်ခြင်းတို့ကြောင့် အမျိုးသမီးများ ဂုဏ်သိက္ခာထိခိုက်စေပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဉပဒေကို ချိုးဖောက်ရာရောက်သည်။ အမျိုးသမီးများနှင့် မိန်းကလေးများ၏လူ့အခွင့်အရေးဖြစ်သော ဓမ္မတာသွေးဆင်းမှုကို သိက္ခာရှိရှိ ဖြေရှင်းနိုင်ခွင့်ကို မြန်မာအာဏာပိုင်များက လေးစားရမည်။

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.

Most Viewed