Skip to main content
Donate Now

မြန်မာ။စစ်တပ်နဲ့ အဆက်အသွယ်ဖြတ်သင့်တဲ့ ကီရင်

ဂျပန်က အဖျော်ယမကာ ကုမ္ပဏီကြီး အနေဖြင့် စုံစမ်းစစ်ဆေး အစီရင်ခံစာထုတ်သင့်ကြောင်း။

Storage tanks and fermentation chambers of beer making at Kirin Brewery Nagoya, Kiyosu City, Japan, July 23, 2019. © 2019 The Yomiuri Shimbun via AP Images

(တိုကျို) – ဂျပန်နိုင်ငံ အခြေစိုက် ကီရင်ကုမ္ပဏီအုပ်စုအနေဖြင့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက် (MEHL) နှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာထုတ်ပြန်သင့်ပြီး ၎င်းတို့နှင့် အလျင်အမြန် အဆက်အသွယ်ဖြတ်သင့်ကြောင်း ယနေ့တွင် Human Rights Watch မှ ပြောကြားခဲ့သည်။ Deloitte Tohmatsu ငွေကြေးဆိုင်ရာအကြံပေးအဖွဲ့၏ စုံစမ်းစစ်ဆေးချက် အနှစ်ချုပ်ကို ဇန်နဝါရီ ၇ ရက်၊ ၂ဝ၂၁ ခုနှစ်တွင် ကီရင်ကုမ္ပဏီက ထုတ်ပြန်ကြေငြာခဲ့သော်လည်း အစီရင်ခံစာတစ်စောင်လုံးကိုမူ လျှို့ဝှက်ထားခဲ့ပြီး ထုတ်ပြန်ရန် ငြင်းဆန်ခဲ့သည်။

Human Rights Watch ၏ အာရှဆိုင်ရာ လက်ထောက်ဒါရိုက်တာဖြစ်သူ Phil Robertson က “ကီရင်ကုမ္ပဏီအနေနဲ့ သူရဲ့မြန်မာစစ်တပ်ပိုင် စီးပွားရေးပါတနာရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို အသေးစိတ် စုံစမ်းဖော်ထုတ်ခြင်းအားဖြင့် စားသုံးသူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေဆီက ယုံကြည်မှုကို ပြန်လည်တည်ဆောက်သင့်ပါတယ်။” ဟု ပြောကြားခဲ့သည်။

“ကီရင်နဲ့ ဦးပိုင်လီမိတက်ရဲ့ စီးပွားရေးအရ ပူးပေါင်းလုပ်ဆောင်ခြင်းဟာ လူ့အခွင့်အရေးအတွက် အထူးစိုးရိမ်ဖွယ်ရာကောင်းပြီး၊ အရေးတကြီး အရေးယူဆောင်ရွက်ဖို့လိုအပ်ပါတယ်။ ကီရင်အနေနဲ့လည်း စုံစမ်းတွေ့ရှိချက် တွေကို လျှို့ဝှက်ထားခြင်းအားဖြင့် ပိုမိုရှုပ်ထွေးအောင် မလုပ်ဆောင်သင့်ပါ” ဟုပြောကြားခဲ့သည်။

ဇန်နဝါရီလ ၇ ရက်နေ့၌ ကီရင်ကုမ္ပဏီမှ ထုတ်ပြန်ခဲ့သော ကြေငြာချက်တွင် Deloitte အဖွဲ့အနေဖြင့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရာတွင်  “သတင်းအချက်အလက်များကို လုံလောက်စွာ မရရှိနိုင်ခဲ့ခြင်းကြောင့် တိကျသောရလဒ်တစ်ခုမပေါ်ထွက်ခဲ့ကြောင်း” ထုတ်ပြန်ခဲ့သည်။ အဆိုပါစုံစမ်းစစ်ဆေးမှုသည် မြန်မာအဖျော်ယမကာလီမိတက်နှင့် မန္တလေးအဖျော် ယမကာလီမိတက်တို့ထံမှ ဦးပိုင်ကုမ္မဏီအုပ်စုက ရရှိခဲ့သည့်  “ငွေကြေးနှင့်ပိုင်ဆိုင်မှုများ၏ဦးတည်ရာ” ကို သိရှိစေနိုင်ရန်အတွက် ရည်ရွယ်ခဲ့ပြီး မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့၏ စီးပွားရေးလုပ်ဆောင်ချက်များ၏ “နောက်ဆုံးအခြေအနေ”ကို ဧပြီလအကုန်တွင် အဖြေထုတ်ပေးရန် ရည်ရွယ်ထားသည်။

ကီရင်ကုမ္ပဏီအနေဖြင့် စစ်တပ်ပိုင်ပြီး စစ်ဗိုလ်ချုပ်များဦးဆောင်သည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နှင့်တွဲဖက်ပြီး မြန်မာအဖျော်ယမကာလီမိတက် နှင့် မန္တလေးအဖျော်ယမကာလီမိတက်တို့ ၏ အစုရှယ်ယာအများစုကို ပိုင်ဆိုင်ထားသည်။ ၂ဝ၁၅ ခုနှစ်တွင် ကီရင်ကုမ္ပဏီက မြန်မာအဖျော်ယမကာ လီမိတက်၏ အစုရှယ်ယာ ၅၅ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ပြီး ၎င်းအနက်မှ လေးရာခိုင်နှုန်းကိုမူ အဆိုပါစစ်တပ်ပိုင်အစုအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ၂ဝ၁၇ ခုနှစ်တွင်မူ သီးခြားလုပ်ငန်းတစ်ခု အနေဖြင့် ကီရင်ကုမ္ပဏီ မှ မန္တလေးအဖျော်ယမကာလီမိတက်၏ အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ရယူခဲ့သည်။

တိုင်းရင်းသားလူနည်းစုများအပေါ် စိုးရိမ်ဖွယ်ရာ လူ့အခွင့်အရေးချိုးဖောက်မှုများစွာနှင့် စစ်ရာဇဝတ်မှု များစွာအတွက် မြန်မာ့တပ်မတော်တွင် တာဝန်ရှိနေသည်။ ၂ဝ၁၇ ခုနှစ် သြဂုတ်လတွင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုးစုများအပေါ်တွင် လူသတ်မှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုနှင့် အတင်းအကြပ်မောင်းထုတ်ခြင်းများ ပါဝင်ခဲ့သည့် လူမျိုးစုလိုက်သုတ်သင်မှုများ ကျုးလွန်ခဲ့ချိန်တွင် အဆိုပါချိုးဖောက်မှုများသည် အဆိုးဆုံးအခြေအနေသို့ ရောက်ရှိခဲ့သည်။ ၂ဝ၁၇ ခုနှစ်တွင် မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်များက ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည့် အဆိုပါလုပ်ရပ်များအရ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် လူမျိုးတုန်းသတ်ဖြတ်မှုများအား ကျူးလွန်ခဲ့ခြင်းများရှိကြောင်း Human Rights Watch က တွေ့ရှိခဲ့သည်။

ရခိုင်ပြည်နယ်တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ခန့်မှန်းခြေ ရိုဟင်ဂျာဦးရေ ၆ သိန်းခန့်ကို ဒုက္ခသည်စခန်းများနှင့် ရွာများတွင် လွတ်လပ်စွာ သွားလာခွင့်မပေးခြင်း၊ လုံလောက်သောအစာရေစာ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးနှင့် အသက်မွေးမှုများ ပြုလုပ်ခွင့်မရရှိစေဘဲ ပိတ်လှောင် ထိန်းသိမ်းထားသည်။ ၎င်းတို့ အနက်မှ လူဦးရေ တစ်သိန်းသုံးသောင်းကျော်သည် အကာအကွယ်မဲ့ လေဟာပြင် စခန်းများတွင် ၂ဝ၁၂ခုနှစ်မှ စတင်၍ ထိန်းသိမ်းခြင်းခံထားရသည်။ အဆိုပါ သိမ်ဖျဉ်းပြီး ချုပ်ချယ်ထားသည့် အခြေအနေများအရ ရိုဟင်ဂျာများအနေဖြင့် နှိပ်စက်ခံရခြင်း၊ လူမျိုးရေးခွဲခြားခံရခြင်းနှင့် လွတ်လပ်မှု ပြင်းထန်စွာဆုံးရှုံးရခြင်း တို့ပါဝင်သည့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများ ကျူးလွန်ခံရကြောင်း Human Rights Watch က တွေ့ရှိခဲ့သည်။

ကုလသမဂ္ဂ ကျောထောက်နောက်ခံ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင် က မြန်မာစစ်တပ်မှ ကျူးလွန်ခဲ့သည့် အဆိုပါရက်စက်မှုများကြောင့် “စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်ပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများ၏ အနေအထားတို့ကို မြင့်တက်စေခဲ့ကြောင်း” ၂ဝ၁၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည်။ မြန်မာစစ်တပ်နှင့် ၎င်း၏စီးပွားရေးလုပ်ဖော်ကိုင်ဖက် လုပ်ငန်းစုကြီးများ ဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း တို့ကို ပါဝင်ပတ်သက်စေမည့် “နိုင်ငံခြားစီးပွားရေးလုပ်ဆောင်မှု” မှန်သမျှသည် အဆိုပါ လူ့အခွင့်အရေးနှင့် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေချိုးဖောက်မှုများအား ပိုမိုဆိုးရွားလာအောင် အထောက်အပံ့ပေးနိုင်သည့် အန္တရာယ် အကြီးအမားရှိကြောင်း ၂ဝ၁၉ ခုနှစ် စက်တင်ဘာလတွင် ပညာရှင်များက သုံးသပ်ထုတ်ပြန်ထားသည်။

အနိမ့်ဆုံးအားဖြင့် အဆိုပါနိုင်ငံခြားကုမ္ပဏီများသည် မြန်မာစစ်တပ်၏ ဓနအင်အားကို အထောက်အပံ့ ဖြစ်စေသည်။ အချက်အလက်ရှာဖွေရေးမစ်ရှင်က မြန်မာစစ်တပ်၏ “ဓနအင်အားကို သီးခြားခွဲထုတ်ခြင်း” အားဖြင့် နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများအား ချိုးဖောက်ခြင်းကို တားဆီးကာကွယ်ပေးနိုင်ကြောင်း အကြံပြုပြောကြားထားသည်။

မြန်မာအဖျော်ယမကာလီမိတက်နှင့် မန္တလေးအဖျော်ယမကာလီမိတက်တို့မှ ရရှိသည့် “အစုရှယ်ယာအပေါ်ရရှိသည့်အမြတ်ငွေများပေးခြင်း” ကို ရပ်ဆိုင်းခြင်းအားဖြင့် “စီးပွားရေးဆိုင်ရာ အနာဂတ်အမြင် သိသာစွာပျောက်ဆုံး” စေပြီး “ဆောင်ရွက်ဆဲ အကဲဖြတ်လေ့လာချက်များဖြစ်သော မြန်မာအဖျော်ယမကာလီမိတက်နှင့် မန္တလေးအဖျော်ယမကာလီမိတက်တို့မှ ငွေကြေးနှင့် ပိုင်ဆိုင်မှုများ၏ဦးတည်ရာ နှင့် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ပျံ့နှံ့မှု” တို့အပေါ်လေ့လာချက်များကို နှောင့်နှေးစေကြောင်း ကီရင်ကုမ္ပဏီက ၂ဝ၂ဝခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့သည်။

မေလ ၂၂ ရက်နေ့တွင် Human Rights Watch နှင့် အခြားသော အစိုးရမဟုတ်သည့်အဖွဲ့အစည်း (၃) ခု တို့က ကီရင်ကုမ္ပဏီအား စစ်တပ်နှင့် သက်ဆိုင်သည့် စီးပွားရေးလုပ်ငန်းစုကြီးများနှင့် စီးပွားဖက် လုပ်ကိုင်ခြင်းအား ရပ်တန့်စေရန် စာရေးသားတောင်းဆိုခဲ့ကြသည်။ Deloitte အဖွဲ့မှ ဦးပိုင်လီမိတက်၏ လုပ်ဆောင်ချက် များအပေါ် စုံစမ်းစစ်ဆေးခြင်းကို ဇွန်လ (၆) ရက်နေ့တွင် စတင်လုပ်ဆောင်ခဲ့ပြီးနောက် ကီရင်ကုမ္ပဏီက ဇွန်လ (၁၂) ရက်နေ့၌ တုံ့ပြန်ခဲ့သည့်စာထဲတွင် “မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် တွဲဖက်လုပ်ကိုင်ခြင်းမှရရှိသည့် ငွေကြေးနှင့်ပိုင်ဆိုင်မှုများအား စစ်ဖက်ဆိုင်ရာ လုပ်ဆောင်ချက်များအတွက် အသုံးပြုသည်ဟုဆိုခြင်းမှာ ကီရင်ကုမ္ပဏီအတွက် လုံးဝလက်မခံနိုင်စရာဖြစ်သည်” ဟု တုံ့ပြန်ခဲ့သည်။ စက်တင်ဘာလတွင် Amnesty International က မြန်မာစစ်တပ်နှင့် ဦးပိုင်လီမိတက်၏ အသေးစိတ် ဆက်စပ်ချက်များအကြောင်း ကို အစီရင်ခံစာ ထုတ်ဝေခဲ့သည်။

ကီရင်အုပ်စု၏ လူ့အခွင့်အရေးဆိုင်ရာမူဝါဒတွင် ကုမ္ပဏီအနေဖြင့် ကုလသမဂ္ဂမှထုတ်ပြန်သည့် စီးပွားရေးနှင့် လူ့အခွင့်အရေးလမ်းညွှန်ချက် အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေအား လေးစားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ဆိုလိုသည်မှာ ကီရင်ကုမ္ပဏီအနေဖြင့် “၎င်းတို့၏ လုပ်ဆောင်ချက်များမှ တစ်ဆင့် လူ့အခွင့်အရေး ချိုးဖောက်စေမည့်လုပ်ရပ်များအား အားပေးခြင်းမှ ရှောင်ရှားရန် နှင့် ထိုကဲ့သို့ဖြစ်ပွားပါက အကျိုးဆက်ကို ရင်ဆိုင်ရမည်” ဖြစ်ပြီး “ကုမ္ပဏီမှ အဆိုပါချိုးဖောက်မှုများအား တိုက်ရိုက် ပါဝင်ပတ်သက်ခြင်းမရှိလျှင်တောင်မှ ၎င်းတို့၏ စီးပွားရေးပါတနာများ၏ လုပ်ဆောင်ချက်များ၊ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ နှင့် တိုက်ရိုက် သက်ဆိုင်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၏ ဆိုးရွားသော အကျိူးသက်ရောက်မှုများအား ကာကွယ်ရန် သို့မဟုတ် လျော့ပါးအောင်လုပ်ဆောင်ရန်” ပင်ဖြစ်သည်။

Robertson က “ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်က နိုင်ငံခြားကုမ္ပဏီတွေကို စစ်တပ်နဲ့ အဆက်ဖြတ်ဖို့ အထူးအကြံပြုထားတာ တစ်နှစ်တောင်ကျော်ခဲ့ပြီ။ ဒါပေမဲ့ ကီရင်အနေနဲ့ကတော့ အခုထိ သူတို့နဲ့ပတ်သက်နေတုန်းပဲ။ ဒါက ရှင်းလင်းပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်သင့်ပါတယ်” ဟု ပြောကြားခဲ့သည်။ ဆက်လက်ပြီး “ကီရင်အနေနဲ့ သိသင့်တာကတော့ စစ်တပ်နဲ့ပတ်သက်မှုဟာ ပိုကြာရှည်လာလေလေ၊ စစ်တပ်ရဲ့ ဥပဒေချိုးဖောက်မှုတွေမှာ ကြံရာပါအဖြစ်ရှိနိုင်ချေက ပိုများလေလေဖြစ်ပြီး အကျိုးဆက်အားဖြင့်တော့ ကုမ္ပဏီရဲ့ လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းဂုဏ်သိက္ခာကို ကျဆင်းစေနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။
 

Every piece on our website is resource intensive. If you donate whatever you can today, we will use it to continue investigating abuses and advocate for change in 100+ countries.

Most Viewed