Skip to main content

အမေရိကန်နိုင်ငံ။ ။Bush နှင့် အခြား ထိပ်တန်း အရာရှိများအား ညှဉ်းပန်းနှိပ်စက်မှုအတွက် စုံစမ်းစစ်ဆေးပါ။

 

(ဝါရှင်တန်ဒီစီ) – အစိုးရအုပ်ချုပ်မှု၏ ညှဉ်းပန်းနှိပ်စက်မှုနှင့်ပတ်သက်ပြီး သက်သေပေါင်းများစွာ ရှိနေခြင်းကြောင့် သမ္မတဟောင်း George W. Bush နှင့် အခြား ရာထူးမြှင့်သည့် အရာရှိများ၏ ခွင့်ပြုချက်ဖြင့် ဖြစ်ပျက်ခဲ့သည့် အကျဉ်းသားများအား ညှဉ်းပန်းမှု စွပ်စွဲချက်များအပေါ် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရန် သမ္မတ Barack Obama မှ အမိန့်ပေးဖို့ တာဝန်ရှိသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ယနေ့ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် ဆိုသည်။ အမေရိကန်နှင့် အခြား ၁၄၆ နိုင်ငံက ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ သဘောတူစာချုပ်ကို လိုက်နာရန်  လက်မှတ်ရေးထိုးခဲ့သည်။ သို့သော် အကျဉ်းသားများအား  ညှဉ်းပန်းနှိပ်စက်မှုများနှင့် ရက်စက်ခြင်းများကို စုံစမ်းရန် Obama အစိုးရအုပ်ချုပ်မှုမှ ပျက်ကွက်နေသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဆိုသည်။

George W. Bush © 2004 AP Images

ဒုသမ္မတ Dick Cheney ကာကွယ်ရေးဝန်ကြီး Donald Rumsfeld CIA ညွန်ကြားရေးမှူး George Tenet အပါအဝင် Bush နှင့် အခြား ရာထူးမြှင့်သည့် အရာရှိများက “waterboarding” ဟုခေါ်သည့် ခေါင်းပေါ် အိတ်စွပ်၍ ရေဖြင့် နှိပ်စက်မှု၊ CIA လျှို့ဝှက် အကျဉ်းထောင်များကို သုံးမှု၊ အကျဉ်းသားများအား အခြားနိုင်ငံသို့ပို့ပြီးနှိပ်စက်စေမှု အစရှိသည့် လုပ်ရပ်များကို အမိန့်ပေးမှုအတွက် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးဖို့ စာမျက်နှာ ၁၀၇ မျက်နှာရှိသည့် “ညှဉ်းပန်းနှိပ်စက်မှုကျူးလွန်သော်လည်း  ပြစ်ဒဏ်မခံရခြင်း။ ။ Bush အစိုးရအုပ်ချုပ်မှုနှင့် အကျဉ်းသားများအား နှိပ်စက်မှု” ဟု အမည်ရသည့် အစီရင်ခံစာတွင် သတင်းအချက်အလက်များစွာကို တင်ပြထားသည်။

“သမ္မတ Obama က ညှဉ်းပန်းနှိပ်စက်မှုတွေကို ရာဇဝတ်မှုတရပ်အနေနဲ့ သဘောမထားဘဲ၊ ပေါ်လစီမူတရပ်အနေနဲ့သဘောထားတယ်။” ဟု လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့၏ အလုပ်အမှုဆောင် ဒါရိုက်တာ Kenneth Roth ကဆိုသည်။ “ညှဉ်းပန်းနှိပ်စက်မှုတွေဟာ ရာဇဝတ်မှုဖြစ်တယ်လို့ သူ့ဘက်က အတိအလင်း မသတ်မှတ်သရွေ့တော့ ညှဉ်းပန်းနှိပ်စက်ပြီး စစ်ဆေးမေးမြန်းတာတွေကို ရပ်ဆိုင်းဖို့ သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ လွယ်လွယ်နဲ့ ပြောင်းပြန်ဆန့်ကျင်ဘက်ဖြစ်သွားနိုင်တယ်”။

အမေရိကန်အစိုးက ယုံကြည်စိတ်ချရလောက်သည့် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို မလုပ်ဘူးဆိုလျှင်၊ အကျဉ်းသားများအား ရာဇဝတ်မှုကျူးလွန်ထားသည့် အမေရိကန် အရာရှိများကို အခြားနိုင်ငံများက အပြည်ပြည်ဆိုင်ရာ ဥပဒေအရ တရားစွဲဆိုသင့်သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဆိုသည်။

“ဒီရာဇဝတ်မှုတွေကို  စုံစမ်းစစ်ဆေးဖို့ အမေရိကန်မှာ တရားဥပဒေအရတာဝန် ရှိတယ်။” ဟု Roth ကဆိုသည်။ “အမေရိကန်အစိုးကမလုပ်ဘူး ဆိုရင်၊ တခြားနိုင်ငံတွေက လုပ်သင့်တယ်။”

၂၀ဝ၉ သြဂုတ်လတွင်၊ နိုင်ငံတော်ရှေ့နေချုပ် Eric Holder က အကျဉ်းသားညှဉ်းပန်းမှုများကို စုံစမ်းစစ်ဆေးဖို့ လက်ထောက်နိုင်ငံတော်ရှေ့နေချုပ်အဖြစ် John Durham ကို ခန့်အပ်ခဲ့သည်။  သို့သော်၊ ထိုစုံစမ်းစစ်ဆေးရာတွင် “တရားဝင်ခွင့်ပြုချက်မရ”ဘဲ ကျူးလွန်သည့် လုပ်ရပ်များကိုသာ စုံစမ်းစစ်ဆေးရန်ဖြစ်သည်။ ထို့ကြောင့် ထိုစုံစမ်းစစ်ဆေးမှုများတွင် Bush အစိုးရအုပ်ချုပ်မှု ရှေ့နေများက တရားဝင်ခွင့်ပြုချက်ပေးထားသည့် ညှဉ်းပန်းနှိပ်စက်မှုများ၊ waterboarding နှိပ်စက်မှုနှင့် အကျဉ်းသားများအား  ရက်စက်မှုများမပါဝင်ပေ။ ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေများအား ကျူးလွန်ခဲ့လျှင်ပင်၊ ထိုစုံစမ်းစစ်ဆေးမှုမှ ကင်းလွှတ်သည်။

Bush အစိုးရအုပ်ချုပ်မှုမှ ထိပ်တန်း အရာရှိ  ၄ ဦးနှင့် ပတ်သက်ပြီး လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က အောက်ပါအတိုင်း ဆိုထားသည်။ ။

  • ရေနှစ်မွန်းသည့် ခံစားချက်ကိုဖြစ်စေပြီး၊ သေဒဏ်စီရင်ခြင်းလိုမျိုးဖြစ်သည့် နှိပ်စက်မှု တရပ်ဖြစ်သော ရေဖြင့်နှိပ်စက်ခြင်းကို အမေရိကန်နိုင်ငံမှ အချိန်အတော်ကြာသုံးခဲ့ပြီးဖြစ်ရာ သမ္မတ Bush က ထိုအသုံးပြုမှုကို နှစ်ကြိမ် ခွင့်ပြုခဲ့မိကြောင်း လူသိရှင်ကြား ထုတ်ဖော်ဝန်ခံခဲ့သည်။ Bush က တရားမဝင် CIA လျို့ဝှက် အကျဉ်းထောင်များသုံးခြင်းနှင့် အကျဉ်းသားများအား အခြားနိုင်ငံများသို့ လွှဲပြောင်းပေးခြင်းများ၊ အကျဉ်းသားများအား မည်သည့် ဆက်သွယ်မှုမျှ မပေးခြင်း၊ ညှဉ်းပန်းနှိပ်စက်ဖွယ်ရှိသော အီဂျစ်နှင့် ဆီးရီးရားလို နိုင်ငံများသို့  အကျဉ်းသားများအား လွှဲပြောင်းပေးခြင်းများကို ခွင့်ပြုခဲ့သူလည်းဖြစ်သည်။
  • ဒုသမ္မတ Cheney က တရားမဝင် အကျဉ်းထောင်များသုံးခြင်းနှင့် စုံစမ်းစစ်ဆေးမှုဆိုင်ရာပေါ်လစီများဖြစ်မြောက်အောင် အဓိတွန်းအားပေးခဲ့သူဖြစ်သည်။ ၂၀ဝ၂ တွင် အကျဉ်းသားတဦးဖြစ်သည့်  Abu Zubaydah အား ရေဖြင့် နှိပ်စက်မှုနှင့်ပတ်သည့် အစည်းအဝေးများ လုပ်ခဲ့သည့်အပြင်၊ အခြား CIA လုပ်ငန်းများကို ဆွေးနွေးဖလှယ်သည့် အဓိက အစည်းအဝေးများကို ဦးဆောင် လုပ်ခဲ့သူလည်းဖြစ်သည်။
  • ကာကွယ်ရေးဝန်ကြီး Rumsfeld က တရားမဝင် စုံစမ်းစစ်ဆေးမှုနည်းလမ်းများကို သဘောတူခဲ့သည်။ Guantanamo ၌ Mohamed al-Qahtani အား ညှဉ်းပန်းနှိပ်စက်မှု အဆင့်ရောက်သည့် ၆ ပတ်ကြာ နိုင်ထက်စီးနင်းပြု စစ်ဆေးမှုကို အနီးကပ် လိုက်ခဲ့သူလည်းဖြစ်သည်။
  • CIA ညွန်ကြားရေးမှူး Tenet က ရေဖြင့်နှိပ်စက်ခြင်း၊ “stress positions” အနေအထားများ၊ အလင်းနှင့် ဆူညံသံများဖြင့်နှိပ်စက်ခြင်းများ၊ အိပ်ရေးမဝအောင်လုပ်ခြင်းနှင့် အခြား ညှဉ်းပန်းသည့် စုံစမ်းစစ်ဆေးမှု နည်းလမ်းများအပါအဝင် အကျဉ်းသားများအား အခြားနိုင်ငံများသို့ လွှဲပြောင်းပေးမှုများကို ခွင့်ပြုခဲ့ပြီး၊ ကြီးကြပ်ခဲ့သူဖြစ်သည်။

Bush က သတင်းမီဒီယာအင်တာဗျူးများတွင်၊ ထိုသို့ ရေဖြင့်နှိပ်စက်ခြင်းများကို Justice Depatment မှ ရှေ့နေများက တရားဝင်သည် ဟုဆိုသောကြောင့် ခွင့်ပြုခဲ့ရခြင်း ဖြစ်သည်ဟု ဖြောင့်ချက်များပေးခဲ့သည်။  ရေဖြင့်နှိပ်စက်ခြင်းသည် ညှဉ်းပန်းနှိပ်စက်ရာကြကြောင်း ရှေ့နေများဖြင့် မတိုင်ပင်ဘဲနဲ့ Bush က သိသင့်သည်။ ဃ့နညနပ အပါအဝင် ရာထူးမြင့်သည့်အရာရှိများက ရှေ့နေများ၏ စီရင်ဆုံးဖြတ်ချက်များကို လွှမ်းမိုးရန် ကြိုးစားခဲ့သည်ဟူသော သတင်းအချက်အလက်များစွာ ရှိသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဆိုသည်။

“Bush ရဲ့ ရာထူးမြင့်တဲ့ အရာရှိများက အခုလို တရားဥပဒေဆိုင်ရာ အကြံပြုချက်များကို ပုံသွင်းပြီး၊ လက်ရွေးစင်ရွေးယူပြီး၊ သူ့ဟာသူ တန်းဖြစ်သွားသလိုပုံစံနဲ့ ဖာသိဖာသာနေနေတယ်။” ဟု Roth က ဆိုသည်။

အကျဉ်းသားများအား ဥပဒေအရမဟုတ်ဘဲ ပြုမူဆက်ဆံခြင်းကို တရားဝင်သည်ဟု အကျိုးအကြောင်းပြသည့်  Justice Depatment မှ မှတ်စု၊ မှတ်တမ်းများကိုပါ ရာဇဝတ်မှုစုံစမ်းရာတွင် စစ်ဆေးသင့်သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဆိုသည်။

ညှဉ်းပန်းနှိပ်စက်မှုကိုကျူးလွန်သည့် စစ်သားများနှင့် CIA အဖွဲ့ဝင်များကို တရားစီရင်ရန် အမေရိကန်အစိုးရ၏ ကြိုးပမ်းမှုအလုံးစုံမှာ  စိတ်ပျက်စရာကောင်းသည်၊ ရာထူးနိမ့်သော စစ်သားအချို့သာ တရားစီရင်ခံရပြီး၊ အကျဉ်းချခံရသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဆိုသည်။ အထူးသဖြင့် Abu Ghraib တွင် အကျဉ်းသားများအား ကိုယ်တုံးလုံး နေခိုင်းခြင်းနှင့် Stress positions အနေအထားလုပ်ခိုင်းသူ ရာထူးနိမ့်သော စစ်သားများကိုသာ တရားစီရင်ခဲ့သည်။ သို့သော် ရက်စက်သော ပြုမူဆက်ဆံမှု များလုပ်ရန် အမိန့်ပေးစီစဉ်ခဲ့သော ရာထူးမြင့်သည့် အရာရှိများကိုတော့ ပြစ်ဒဏ်ပေးခြင်းမှ ချွင်းချက်မရှိ ကင်းလွှတ်ပေးခဲ့သည်။

“တကယ်လို့ ခင်ဗျားက သာမန်စစ်သားတယောက်ဖြစ်ပြီး အကျဉ်းသားများအား ညှဉ်းပန်းနေတာကို ဗွီဒီယိုမှတ်တမ်းထဲ တွေ့မိရင် ခင်ဗျား ထောင်ထဲသွားရမယ်” ဟု Roth ကဆိုသည်။ “ဒါပေမယ့် တကယ်လို့ အရာရှိတယောက်ဖြစ်ပြီး၊ ညှဉ်းပန်းမှုတွေ လုပ်ဖို့ အမိန့်ပေးရာမှာ လက်မှတ်ရေးထိုးခဲ့ရင်တော့ ခင်ဗျား ဘာပြစ်ဒဏ်ပေးခြင်းမှ ခံရမှာမဟုတ်ဘူး။အခုလိုဖြစ်နေတာဟာ ဟုတ်ကိုမဟုတ်ဘူး၊ တရားဥပဒေစိုးမိုးရေးနဲ့လည်း မကိုက်ညီဘူး”။

ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ သဘောတူစာချုပ်အရ လုံလောက်ပြီး တရားမျှတသည့် လျော်ကြေးတွေကို ညှဉ်းပန်းနှိပ်စက်မှုခံရသူများ ရရှိခံစားသင့်သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဆိုသည်။ တရားခုံရုံးများက အရပ်သား တရားစွဲဆိုမှုဖြင့် ညှဉ်းပန်းနှိပ်စက်မှု စွပ်စွဲချက်များနှင့်ပတ်သက်ပြီး မလုပ်ဆောင်ရလေအောင် နိုင်ငံတော်ဆိုင်ရာ လျှို့ဝှက်ချက်များနှင့် အရာရှိများအား ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွှတ်ပေးမှု အစရှိသည့် ဥပဒေသဘောတရားများကို ကျယ်ကျယ်ပြန့်ပြန့်သုံးခြင်းဖြင့် Bush နှင့် Obama အုပ်ချုပ်မှုနှစ်ခုစလုံးဟာ အောင်မြန်စွာထိန်းနိုင်ခဲ့သည်။

အကျဉ်းသားများအားညှဉ်းပန်းမှု  ဖြစ်စေခဲ့သည့် Bush အုပ်ချုပ်မှုပေါ်လစီများ၊ လုပ်ရပ်များနှင့်ပတ်သက်ပြီး အုပ်ချုပ်မှုဆိုင်ရာ ဌာနခွဲ၊ CIA စစ်တပ်နှင့် လွှတ်တော်များ၏ လုပ်ရပ်များကို စစ်ဆေးဖို့ရန် 9-11 Commission ကဲ့သို့သော လွတ်လပ်ပြီး ပါတီဘက်လိုက်မှုကင်းသည့် ကော်မရှင်တခုကို ဖွဲ့သင့်သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဆိုသည်။ Bush အုပ်ချုပ်မှုတုန်းကလို၊ စနစ်ကျကျ ညှဉ်းပန်းမှုများနောက်ထပ်မဖြစ်ရလေအောင် အကြံပြုချက်များကို ထိုကော်မရှင်အနေက ပေးသင့်သည်။

၂၀၁၁ ဖေဖော်ဝါရီလတွင် Bush က ဆွီဇာလန်နိုင်ငံသို့သွားရန်စီစဉ်ခဲ့သော်လည်း၊ ညှဉ်းပန်းနှိပ်စက်မှု ခံခဲ့ရသူများက သူ့အား ရာဇဝတ်ဆိုင်ရာ တိုင်ကြားချက်များပြုလုပ်မည်ဟု ရည်ရွယ်ချက်ရှိကြောင်းသိသဖြင့် သူ့ခရီးစဉ်အား ဖျက်သိမ်းခဲ့သည်။ ညှဉ်းပန်းနှိပ်စက်မှုတွင် ပါဝင်သည့် အမေရိကန် အရာရှိများအား စုံစမ်းစစ်ဆေးရန် စပိန်နိုင်ငံက စလုပ်နေပြီဖြစ်သည်။ Wikileaks တွင်ပါသော သတင်းများအရ ထိုစုံစမ်းစစ်ဆေးမှုများကို ရပ်ဆိုင်းရန် အမေရိကန်နိုင်ငံက စပိန်အား ဖိအားပေးနေခဲ့သည်။ Obama အုပ်ချုပ်မှုကလည်း ဆက်လက် ဖိအားပေးနေမြဲဖြစ်သည်။

အကျဉ်းသားများအား ရက်စက်စွာဆက်ဆံမှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများနှင့် ပတ်သက်ပြီး အရာရှိများအား အမေရိကန်အစိုးရက စစ်ဆေးမေးမြန်းဖို့ ပျက်ကွက်နေမှုများက အခြားနိုင်ငံများတွင် လူ့အခွင့်အရေး ချိုးဖောက်နေမှုများအား တာဝန်ယူဖြေခြင်းလုပ်ဆောင်ဖို့ အမေရိကန်အစိုးရ၏ ကြိုးပမ်းမှုများကို အရာမရောက်ဖြစ်စေသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဆိုသည်။

“အမေရိကန်နိုင်ငံက Darfur, Libya နှင့် Sri Lanka လိုနေရာမျိုးတွေမှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်များကျူးလွန်တဲ့အခါ တရားမျှတမှုရှိရန်တောင်းဆိုတာဟာ မှန်တဲ့အလုပ်ပါပဲ။ ဒါပေမယ့် အဲဒီလိုလုပ်ရာမှာ မတူညီတဲ့ စံနှစ်မျိုးကိုတော့ မသုံးသင့်ဘူး” ဟု Roth ကဆိုသည်။ “အမေရိကန်အစိုးရက သူတို့ရဲ့ အရာရှိတွေကို စုံစမ်းစစ်ဆေးဖို့နဲ့ တရားစီရင်ဖို့တွေကို မလုပ်နိုင်တော့ ဆိုးရွားတဲ့ရာဇဝတ်မှုကျူးလွန်သူများကို တရားစီရင်ဖို့ ကမ္ဘာက ကြိုးပမ်းနေမှုများကို နိုင်ငံများက အရေးမထားဖို့ လွယ်ကူသွားစေတယ်။”

Your tax deductible gift can help stop human rights violations and save lives around the world.

Topic

Most Viewed