Skip to main content

ဂမ်ဘီယာမှ မြန်မာပြည်ကို အပြည်ပြည်ဆိုင်ရာတရားရုံးတွင် စွပ်စွဲထားသော အမှုနှင့်ပတ်သတ်သည့် နောက်ဆုံးအခြေအနေများ

အမေးအဖြေများ

သြဂုတ်၂၅၊ ၂၀၁၉ ။ မြန်မာစစ်တပ်၏ လူမျိုးတုံးသတ်ဖြတ်မှု (၂) နှစ်မြောက် ဝမ်းနည်းဖွယ်အထိမ်းအမှတ်အခမ်းအနား ကျင်းပရန် စုစည်းနေကြသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်၊ ယူခီယာ၊ ကူတူပါလောင်ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာဒုက္ခသည်များ။ © 2019 K M Asad/LightRocket via Getty Images

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာတိုင်းရင်းသားများအပေါ် စစ်တပ်၏ရက်စက်ကြမ်းကြုတ်မှုများမှာ ဂျန်နိုဆိုက်ရာဇဝတ်မှု ကာကွယ်တားဆီးရေးနှင့် အပြစ်ပေးရေးကွန်ဗန်းရှင်းကို ချိုးဖောက်သည်ဟု ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံကို စွပ်စွဲထားသည့်အမှုကို ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၈ ရက်အတွင်း နယ်သာလန်နိုင်ငံ၊ သဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် လူသိရှင်ကြား ကြားနာမည်ဖြစ်သည်။ ထိုကြားနာမှုနှင့်ပတ်သတ်သော အဓိကအချက်အလက်များကို အောက်ပါအမေးအဖြေများတွင် ဖော်ပြထားသည်။

၁။ ICJ မှာ မြန်မာနိုင်ငံကို စွပ်စွဲထားတဲ့ အမှုနဲ့ပတ်သတ်တဲ့ အခြေအနေက ဘယ်လိုလဲ။

၂။ မြန်မာပြည်ကို ဂျန်နိုဆိုက်ကျူးလွန်တယ်လို့ စွပ်စွဲချက်ဟာ ဘာကြောင့်အရေးကြီးတာလဲ။

၃။ ဖေဖော်ဝါရီလ ရက်နေ့ အာဏာသိမ်းမှုဟာ ICJ အမှုကို ဘယ်လိုသက်ရောက်စေသလဲ။

၄။ ICJ ကြားနာမှုမှာ မြန်မာစစ်အစိုးရတက်ရောက်ခြင်းက ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ တရားဝင်ကိုယ်စားပြုမှုအပေါ် သက်ရောက်မှုရှိသလား။

၅။ မြန်မာနိုင်ငံက တင်ပြတဲ့ ပဏာမထုချေလွှာတွေကို ICJ ကြားနာမှုမှာ ဘာတွေလုပ်မှာလဲ။​ ICJ က ဆုံးဖြတ်ချက်ချဖို့ ဘယ်လောက်ကြာလဲ။

၆။ မြန်မာနိုင်ငံက တင်ပြတဲ့ ပဏာမထုချေလွှာတွေက ဘာတွေလဲ။

၇။ ဂမ်ဘီယာက မြန်မာနိုင်ငံကို ICJ မှာ ဘာလို့တရားစွဲတာလဲ။

၈။ ရိုဟင်ဂျာများကို အကာကွယ်ပေးနိုင်ဖို့ ဘယ်လိုယာယီစီမံချက်တွေ (provisional measures) ကို မြန်မာနိုင်ငံက လုပ်ဆောင်ရမယ်လို့ ICJ က အမိန့်ထုတ်ပြန်ခဲ့သလဲ။ အဲဒီစီမံချက်တွေကို အကောင်အထည်ဖော်ဖို့ ICJ က ဘာလုပ်နိုင်သလဲ။

၉။ ဂမ်ဘီယာ-မြန်မာအမှုမှာ ဘာတွေစွပ်စွဲထားသလဲ။

၁၀။ ဒီအမှုမှာ ဂမ်ဘီယာ နိုင်ခဲ့ရင် ICJ က တရားမမျှတမှုခံခဲ့ရသူတွေအတွက် ဘာတွေလုပ်ပေးနိုင်သလဲ။

၁၁။ တာဝန်ယူမှုနဲ့ပတ်သတ်ပြီး အခြားဘာတွေဆက်လုပ်နေသလဲ။

၁။ ICJ မှာ မြန်မာနိုင်ငံကို စွပ်စွဲထားတဲ့ အမှုနဲ့ပတ်သတ်တဲ့ အခြေအနေက ဘယ်လိုလဲ။

၂၀၁၉၊ နိုဝင်ဘာတွင် အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organisation of Islamic Cooperation, OIC)  အကူအညီနဲ့ ဂမ်ဘီယာနိုင်ငံက သဟိတ်မြို့ရှိ ICJ မှာ ‘ဂမ်ဘီယာနှင့် မြန်မာ’ အမှုဖွင့်ခဲ့တယ်။ ရခိုင်ပြည်နယ် ရိုဟင်ဂျာတိုင်းရင်းသားများအပေါ် မြန်မာစစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေဟာ ဂျန်နိုဆိုက်ရာဇဝတ်မှု ကာကွယ်တားဆီးရေးနဲ့ အပြစ်ပေးရေးကွန်ဗန်းရှင်း​ (ဂျန်နိုဆိုက်ကွန်ဗန်းရှင်း) ပါ ဥပဒေများစွာကို ချိုးဖောက်နေတာလို့ ဂမ်ဘီယာနိုင်ငံက နိုဝင်ဘာ ၂၀၁၉ တွင် ICJ ကို တိုင်ကြားခဲ့တယ်။ ၁၉၇၈ ဂျန်နိုဆိုက်ကွန်ဗန်းရှင်းကို လက်မှတ်ထိုးထားတဲ့ ဂမ်ဘီယာက “ဂျန်နိုဆိုက်အတွက် နိုင်ငံတွင် တာဝန်ရှိကြောင်း ဆက်နွယ်သည့်” ကွန်ဗန်းရှင်းပုဒ်မ ၉ နဲ့ အခြားဆက်စပ်တဲ့ပုဒ်မတွေကို ICJ ကို တင်သွင်းခဲ့တယ်။

မြန်မာပြည်တွင်း ကျန်ရှိနေတဲ့ ရိုဟင်ဂျာတွေကို ဂျန်နိုဆိုက်မှ အကာအကွယ်ပေးမဲ့ ယာယီစီမံချက်တွေချမှတ်ဖို့ ဂမ်ဘီယာက တောင်းဆိုခဲ့ပြီးနောက် ICJ ကြားနာမှုတွေကို ဒီဇင်ဘာ ၂၀၁၉ မှာ စတင်ခဲ့တယ်။ ဇန်နဝါရီလ ၂၀၂၁ မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဉီးဆောင်တဲ့ မြန်မာအစိုးရဟာ အပြည်ပြည်ဆိုင်ရာတရားရုံးရဲ့အာဏာပိုင်မှုနဲ့ ဂမ်ဘီယာနိုင်ငံရဲ့တရားစွဲနိုင်ခွင့်တွေနဲ့ပတ်သတ်ပြီး ပဏာမကန့်ကွက်ချက်တွေကို ICJ သို့ တင်သွင်းခဲ့တယ်။

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ မှာ မြန်မာစစ်တပ် အာဏာသိမ်းပြီး ဒီမိုကရေစီနည်းအရ တင်မြှောက်ထားတဲ့အစိုးရကို စစ်အစိုးရဖြစ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(စကစ)နဲ့ အစားထိုးလိုက်တယ်ဆိုပေမဲ့ အဲဒီအမှုကို ဆက်လက်စစ်ဆေးမှာဖြစ်ပြီး မြန်မာပြည်က တင်ပြထားတဲ့ ပဏာမကန့်ကွက်ချက်တွေကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကြားနာမှာ ဖြစ်တယ်။

၂။ မြန်မာပြည်ကို ဂျန်နိုဆိုက်ကျူးလွန်တယ်လို့ စွပ်စွဲချက်ဟာ ဘာကြောင့်အရေးကြီးတာလဲ။ 

ဂမ်ဘီယာနဲ့မြန်မာအမှုဟာ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ICJ က အသေးစိတ် စစ်ဆေးနိုင်ဖို့ တခါမှမရဖူးသေးတဲ့အခွင့်ထူး ဖြစ်တယ်။ ICJ အမှုဟာ ရိုဟင်ဂျာတွေအပေါ်ကျူးလွန်တဲ့အမှုတွေကို အဓိကစစ်မှာဆိုပေမဲ့ စစ်တပ်ဟာ မြန်မာနိုင်ငံတဝှမ်းမှာ စိုးရိမ်ဖွယ်ရာပြစ်မှုတွေကို ဆက်လက်ကျူးလွန်နေဆဲ ဖြစ်တယ်။ ဒီအမှုကို စစစ်တုန်းက မြန်မာပြည်တွင်းရော ပြည်ပက တိုင်းရင်းသားအုပ်စုတွေက ICJ လုပ်ထုံးလုပ်နည်းတွေကို ထောက်ခံကြောင်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့တယ်။ ရိုဟင်ဂျာတွေ ကြုံတွေ့ခဲ့ရတဲ့ ရက်စက်တဲ့ စစ်တပ်ရဲ့နည်းဗျူဟာတွေမျိုးတွေကို အခြားတိုင်းရင်းသားတွေလည်း ကြုံတွေ့ခဲ့ရတယ်လို့ အဲဒီကြေညာချက်တွေမှာ ဖော်ပြခဲ့တယ်။

ရိုဟင်ဂျာနဲ့ တခြားတိုင်းရင်းသားအုပ်စုတွေအပေါ် မြန်မာစစ်တပ် ရက်စက်ကြမ်းကြုတ်နေခြင်းဟာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပြီး အထောက်အထားခိုင်ခိုင်မာမာလည်း ရှိနေတယ်။ ဒါပေမဲ့ ဂမ်ဘီယာက မြန်မာကို ICJ ကို မတိုင်ခင်တုန်းက မြန်မာနိုင်ငံအတွင်းဖြစ်ပွားခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ တရားမျှတမှုနဲ့အလှမ်းဝေးနေခဲ့တယ်။ ၁၉၆၂ စစ်အာဏာသိမ်းကတည်းက ကျူးလွန်လာခဲ့တဲ့အမှုတွေကို ဘယ်သူကမှအရေးမယူနိုင်ခဲ့တော့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းစစ်အစိုးရသစ်အတွက် လမ်းဖောက်ပေးလိုက်သလို ဖြစ်သွားတယ်။

ကုလသမဂ္ဂက အသိအမှတ်ပြုထားတဲ့ သီးသန့်လွတ်လပ်သောနိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင် (Independent International Fact-Finding Mission on Myanmar, “Fact-Finding Mission”) က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် မြန်မာစစ်ခေါင်းဆောင်တွေ ၂၀၁၁ နောက်ပိုင်း ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ ဂျန်နိုဆိုက်၊ လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ် ရာဇဝတ်မှုများကျူးလွန်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာတွေကို စုံစမ်းစစ်ဆေးအရေးယူဖို့ တောင်းဆိုခဲ့တယ်။ စစ်အစိုးရခေါင်းဆောင်မင်းအောင်လှိုင်ဟာ သန်းပေါင်းများစွာသော စစ်အစိုးရဆန့်ကျင်ဆန္ဒပြသူတွေ နှိမ်နင်းရာမှာ ကြီးကြပ်ကွပ်ကဲခဲ့တယ်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အစိုးရလုံခြုံရေးတပ်ဖွဲ့တွေ ကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ တရားမဝင်ဖမ်းဆီးမှုနဲ့ အခြားရက်စက်ကြမ်းကြုတ်မှုတွေဟာ လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ် ရာဇဝတ်မှုများကျူးလွန်ရာရောက်တယ်လို့ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ယုံကြည်တယ်။ အာဏာသိမ်းပြီးကတည်းက အရွယ်မရောက်သေးသူ အနည်းဆုံး ၁၀၀ အပါအဝင် လူပေါင်း ၁၅၀၀ ကျော် အသတ်ခံခဲ့ရပြီး တက်ကြွလှုပ်ရှားသူ၊ နိုင်ငံရေးသမားများ၊ ဂျာနယ်လစ်များအပါအဝင် လူပေါင်း ၁၁၀၀၀ ကျော်ကို တရားမဝင်ဖမ်းဆီးထိန်းသိမ်းခဲ့တယ်။

၃။ ဖေဖော်ဝါရီလ ရက်နေ့ အာဏာသိမ်းမှုဟာ ICJ အမှုကို ဘယ်လိုသက်ရောက်စေသလဲ။

မြန်မာအစိုးရဟာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာတရားရုံးတက်ရောက်မဲ့အဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် ၂၀၁၉ တွင် ခန့်အပ်ခဲ့တယ်။ အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်မှဖမ်းဆီးထိန်းသိမ်းခဲ့တယ်။ ထို့နောက် စစ်ကောင်စီခုံရုံးတစ်ခုက သူမကို လုပ်ကြံအမှုတွေဆင်ပြီး ထောင်ဒဏ် ၆ နှစ် အပြစ်ပေးခဲ့တယ်။ စုစုပေါင်းထောင်ဒဏ် နှစ်ပေါင်း ၁၅၀ ကျော် ကျခံနိုင်ရဖွယ်ရှိတဲ့ လုပ်ကြံထားတဲ့အမှုများစွာကို သူမ ရင်ဆိုင်နေရတယ်။

၂၀၂၁၊ ဇွန်လ ၂၄ ရက်နေ့တွင် စစ်ကောင်စီက စစ်အစိုးရအရာရှိကြီး ၈ ယောက်ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ကို အပြည်ပြည်ဆိုင်ရာတရားရုံးတက်ရောက်ဖို့ တာဝန်ပေးခဲ့တယ်။ အဲဒီအဖွဲ့ဝင်တွေကတော့ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင် (ဥက္ကဌ)၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ကိုကိုလှိုင် (ဒု-ဥက္ကဌ)၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး ဝင်းရှိန်၊ ဒု-ဗိုလ်ချုပ်ကြီး ရာပြည့်၊ တပ်ရေးချုပ် မျိုးဇော်သိန်း၊ ပြည်ထောင်စုရှေ့နေချုပ် သီတာဦး၊ ဒု-နိုင်ငံခြားရေးဝန်ကြီး ကျော်မျိုးထွဋ်နှင့် ခင်ဦးလှိုင် တို့ဖြစ်တယ်။

ဖြုတ်ချခံလိုက်ရတဲ့ အရပ်သားအစိုးရအဖွဲ့ဝင်တွေ၊ တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတက်ကြွလှုပ်ရှားသူတွေ ပါဝင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government, NUG) ကို ၂၀၂၁ ဧပြီလတွင် ဖွဲ့စည်းခဲ့တယ်။ NUG ကလည်း ICJ ကြားနာစစ်ဆေးမှုတွေမှာ မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်မယ်လို့ ထုတ်ပြန်ခဲ့တယ်။ ဖေဖော်ဝါရီလ ၁ ရက် ၂၀၂၂ မှာ NUG က ICJ က မြန်မာနိုင်ငံအပေါ် တရားစွဲဆိုနိုင်ခွင့်ကို လက်ခံကြောင်းနဲ့ မြန်မာနိုင်ငံအနေနဲ့ အခြားပဏာမကန့်ကွက်မှုအားလုံးကို ရုတ်သိမ်းကြောင်း တင်ပြခဲ့တယ်။

ICJ က မြန်မာနိုင်ငံအတွက် ဘယ်အစိုးရအဖွဲ့ကို ကိုယ်စားပြုခိုင်းမယ်ဆိုတာ မကြေညာရသေးပေမဲ့ ပဏာမကန့်ကွက်မှုတွေကို ကြားနာမှုတွေမှာတော့ စစ်အစိုးရကိုပဲ တက်ရောက်ခိုင်းမယ်လို့ မျှော်လင့်ရတယ်။ ICJ ရဲ့ စည်းမျဉ်းတွေမှာ “နိုင်ငံများသည် ICJ ကို အမြဲတမ်းကိုယ်စားလှယ်ခန့်အပ်နိုင်ခွင့်မရှိ။ နိုင်ငံများအနေဖြင့် ရုံးတော်ရဲ့မော်ကွန်းထိန်းကို နိုင်ငံခြားရေးဝန်ကြီးဌာမှတဆင့် သို့မဟုတ် နယ်သာလန်နိုင်ငံရှိ ၄င်းတို့၏သံအမတ်ကြီးများမှတဆင့် ဆက်သွယ်ရမည်” လို့ ပါဝင်တယ်။ နယ်သာလန်နိုင်ငံနဲ့ ဘယ်လ်ဂျီယံနိုင်ငံအတွက် မြန်မာသံရုံးဟာ ဘရက်ဆဲမှာ ရုံးဆိုက်ထားပြီး ဒီဥပဒေအရဆိုရင်တော့ အဲဒီရုံးကပဲ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ICJ ကို ဆက်သွယ်နိုင်တယ်။ လက်ရှိသံအမတ်ကြီး စိုးလင်းဟန်ကတော့ မြန်မာစစ်အစိုးရသစ္စာခံ ဖြစ်တယ်။

၄။ ICJ ကြားနာမှုမှာ မြန်မာစစ်အစိုးရတက်ရောက်ခြင်းက ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ တရားဝင်ကိုယ်စားပြုမှုအပေါ် သက်ရောက်မှုရှိသလား။

ဖေဖော်ဝါရီလမှာ ပြုလုပ်မယ့် ICJ ကြားနာမှုတွေကို စစ်အစိုးရ တက်ရောက်ခြင်းဟာ စစ်အစိုးရလက်အောက်မြန်မာနိုင်ငံကို တရားဝင်ကိုယ်စားပြုနိုင်ငံအဖြစ် ကုလသမဂ္ဂက အသိအမှတ်ပြုခြင်း၊ မပြုခြင်းနဲ့ မဆိုင်ပါ။ အဲဒီလိုအသိအမှတ်ပြုခြင်းအတွက် ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ ကုလအရည်အချင်းစစ်ကော်မတီမှာသာ တာဝန်ရှိပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ အရည်အသွေးကို သူတို့ကသာ စစ်ဆေးပါတယ် (အထွေထွေညီလာခံရဲ့လုပ်ထုံးလုပ်နည်းများစည်းကမ်းချက် ၂၈ ကိုကြည့်နိုင်သည်)။

၂၀၂၁၊ ဒီဇင်ဘာမှာ ကုလအရည်အချင်းစစ်ကော်မတီဟာ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုမှုနဲ့ပတ်သတ်တဲ့ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက ခန့်အပ်ခဲ့တဲ့ ကုလသမဂ္ဂကိုယ်စားလှယ်ဟောင်း ကျော်မိုးထွန်းကို ထပ်မံခန့်အပ်ခဲ့တယ်။ ကျော်မိုးထွန်းက အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံခဲ့တာကြောင့် စစ်အစိုးရကိုယ်စားလှယ် နေရာတောင်းဆိုမှု မအောင်မြင်ခဲ့ပါ။

၅။ မြန်မာနိုင်ငံက တင်ပြတဲ့ ပဏာမထုချေလွှာတွေကို ICJ ကြားနာမှုမှာ ဘာတွေလုပ်မှာလဲ။​ ICJ က ဆုံးဖြတ်ချက်ချဖို့ ဘယ်လောက်ကြာလဲ။

၂၀၂၂၊ ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၈ ရက်ထိ ကျင်းပမဲ့ ကြားနာမှုတွေမှာ မြန်မာပြည်ဂျန်နိုဆိုက်ကို စစ်ဆေးဖို့ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ အာဏာပိုင်မှုရှိ၊ မရှိကို မြန်မာနဲ့ဂမ်ဘီယာကိုယ်စားလှယ်တွေ အပြန်အလှန်ဆွေးနွေးကြမယ်။ အဲဒီကြားနာမှုတွေကို လူကိုယ်တိုင်တက်ရောက်ခြင်းနဲ့ အွန်လိုင်းမှကြားနာခြင်း နှစ်မျိုးစပ်ပုံစံနဲ့ ပြုလုပ်မှာဖြစ်ပြီး တရားရုံးရဲ့ဝက်ဆိုက်နဲ့ ကုလသမဂ္ဂအင်တာနက်ရုပ်သံတို့မှ အင်္ဂလိပ်ဘာသာ၊ ပြင်သစ်ဘာသာတို့ဖြင့် တိုက်ရိုက်ထုတ်လွှင့်ပါမယ်။

တရားရုံးအနေနဲ့ မြန်မာနိုင်ငံရဲ့ ပဏာမကန့်ကွက်ချက်တွေနဲ့ပတ်သတ်လို့ ဘယ်တော့ဆုံးဖြတ်ချက်ချပေးမယ်ဆိုတဲ့အချိန်ကန့်သတ်ချက် မရှိပါ။ သို့သော် တရားရုံးမှာ ထိုအမှုကို လျင်မြန်စွာပြီးပြတ်စေလိုကြောင်း သဘောထားထုတ်ဖော်ပြသခဲ့ပြီး “အမှု၏အင်မတန်ထူးခြားသော အခြေအနေများနှင့် လေးနက်မှုကြောင့်” ထုချေလွှာတင်ရမည့်အချိန်အကန့်အသတ်ကို ယခင်ကလည်း လျှော့ချခဲ့တယ်။

၆။ မြန်မာနိုင်ငံက တင်ပြတဲ့ ပဏာမထုချေလွှာတွေက ဘာတွေလဲ။

မြန်မာနိုင်ငံရဲ့ ပဏာမထုချေလွှာများကို အများသိအောင် တရားဝင်ထုတ်ပြန်ခဲ့ခြင်း မရှိပါ။ သို့ရာတွင် ယာယီစီမံချက်များသတ်မှတ်ပေးဖို့ ဂမ်ဘီယာရဲ့တောင်းဆိုမှုကို ဒီဇင်ဘာ ၂၀၁၉ ကြားနာမှုမှာ မြန်မာရဲ့ခေျပမှုတွေကို ကြည့်ပြီး မြန်မာရဲ့လက်ရှိချည်းကပ်ပုံကို သိနိုင်တယ်။ ICJ ရဲ့ ယာယီစီမံချက်များသတ်မှတ်ပေးဖို့အမိန့်စာထဲမှာ မြန်မာရဲ့ခေျပချက်တစ်ခုချင်းစီကို ပယ်ချခဲ့တယ်။ လာမဲ့ကြားနာမှုမှာ မြန်မာအနေနဲ့ အခြားစိုးရိမ်ဖွယ်ရာအချက်အလက်တွေကို တင်ပြခွင့်ရှိပြီး တရားရုံးရဲ့ဆုံးဖြတ်ချက်တွေကို ပြန်လည်သုံးသပ်ပေးဖို့ တောင်းဆိုခွင့် ရှိတယ်။

ပထမဆုံးအချက်က နိုင်ငံတွေအကြား အငြင်းပွားမှုကို ဖြေရှင်းပေးဖို့ ICJ ကို တည်ထောင်ခဲ့တာဖြစ်ပြီး ဒေသခံအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ကိုယ်စား ဂမ်ဘီယာက မြန်မာကို တရားစွဲခဲ့တဲ့အတွက် တရားရေးမမြောက်ဘူးလို့ မြန်မာက တင်ပြတယ်။ သို့ရာတွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲခဲ့တာဖြစ်ပြီး ဒီအမှုမှာ ဂမ်ဘီယာအနေနဲ့ အခြားနိုင်ငံများမှဖြစ်စေ၊ ဒေသခံအဖွဲ့အစည်းများမှဖြစ်စေ အကူအညီယူခဲ့လျှင်လည်း ယူနိုင်တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တယ်။

ဒုတိယအချက်က ဂျန်နိုဆိုက်ကွန်ဗန်းရှင်းပုဒ်မ ၉ မှာ ပြဌာန်းထားတဲ့အတိုင်း အဲဒီကွန်ဗန်းရှင်းကို အဓိပ္ပာယ်ဖွင့်ခြင်း၊ အသုံးချခြင်းနဲ့ လိုက်နာခြင်းတွေနဲ့ပတ်သတ်လို့ ဂမ်ဘီယာနဲ့မြန်မာအကြား အငြင်းပွားမှုတစုံတရာမရှိလို့ မြန်မာပြည်က တင်ပြခဲ့တယ်။ နိုင်ငံအချင်းချင်းအငြင်းပွားမှုမျိုး သိသိသာသာဖြစ်စရာမလိုဘဲ လူသိရှင်ကြားဖြစ်စေ၊ ပုဂ္ဂိုလ်ရေးဖြစ်စေ အငြင်းပွားမှုတွေဖြစ်နေရင် အမှုမြောက်တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တယ်။ ဥပမာအနေနဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့ တွေ့ရှိချက်ဖြစ်တဲ့ “ဂျန်နိုဆိုက်ကွန်ဗန်းရှင်းအရ ဂျန်နိုဆိုက်မကျူးလွန်ရန်ဝတ္တရားကို စောင့်ထိန်းရန် မြန်မာနိုင်ငံက ပျက်ကွက်ခဲ့သည်” ဆိုတဲ့အချက်ကို မြန်မာနဲ့ဂမ်ဘီယာ သဘောမတူနိုင်မှုကို ICJ က ထောက်ပြခဲ့တယ်။ ဂမ်ဘီယာက အချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့ တိုက်တွန်းချက်တွေကို အကောင်အထည်ဖော်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ မြန်မာကတော့ မစ်ရှင်ရဲ့တွေ့ရှိချက်တွေဟာ ဘက်လိုက်မှုရှိတယ်ဆိုပြီး ပယ်ချခဲ့တယ်။ တရားရုံးက အဲဒီထုတ်ပြန်ချက်တွေကို ထောက်ပြခဲ့ပြီး မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တာတွေနဲ့ပတ်သတ်လို့ ဂမ်ဘီယာနဲ့မြန်မာအကြား အငြင်းပွားမှု ဖြစ်ရာရောက်တယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဒါ့အပြင် ဂျန်နိုဆိုက်ကွန်ဗန်းရှင်းအရ မြန်မာနိုင်ငံရဲ့တာဝန်ရှိမှုကို ဂမ်ဘီယာနဲ့မြန်မာအကြား ငြင်းနေတာလည်း အငြင်းပွားရာရောက်တယ်လို့ ဆုံးဖြတ်ခဲ့တယ်။

တတိယအချက်အနေနဲ့ မြန်မာဟာ ဂျန်နိုဆိုက်ကွန်ဗန်းရှင်းပုဒ်မ ၈ ကို မလိုက်နာလိုကြောင်း တဖတ်သတ်ကြေညာချက် (reservation) ထုတ်ပြန်ခဲ့တယ်။ အဲဒီလိုထုတ်ပြန်လိုက်တဲ့အတွက်ကြောင့် ဂျန်နိုဆိုက်မဖြစ်အောင် တားဆီးဖို့နဲ့ ဂျန်နိုဆိုက်ဖြစ်နေရင်လည်း ဖိနှိပ်ဖို့ ကွန်းဗန်းရှင်းအဖွဲ့ဝင်နိုင်ငံတွေဟာ ICJ အပါအဝင် စွမ်းဆောင်နိုင်တဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေကို တောင်းဆိုပိုင်ခွင့် ရှိတယ်ဆိုတာ ပလပ်ပြီးသားဖြစ်သွားမယ်လို့ မြန်မာက ယုံကြည်တယ်။ ဒါပေမဲ့ ပုဒ်မ ၉ အရ ဂျန်နိုဆိုက်ကွန်ဗန်းရှင်းကို အသုံးချခြင်းနဲ့ပတ်သတ်တဲ့ အငြင်းပွားမှုတွေကို ICJ က ဖြေရှင်းပေးနိုင်တယ်ဆိုတဲ့အချက်ကို ICJ က ထောက်ပြခဲ့တယ်။ ပုဒ်မ ၈ နဲ့ ၉ ရဲ့ရည်ရွယ်ချက်တွေဟာ သီးခြားဖြစ်ပြီး ပုဒ်မ ၈ ကို မလိုက်နာနိုင်ဘူးဆိုတဲ့ ထွက်ဆိုချက်ဟာ ပုဒ်မ ၉ နဲ့မသက်ဆိုင်တဲ့အပြင် မြန်မာဟာ ပုဒ်မ ၉ ကို မလိုက်နာလိုကြောင်း တဖတ်သတ်ကြေညာခဲ့ခြင်း မရှိခဲ့ဘူးလို့လည်း တရားရုံးက မှတ်တမ်းပြုခဲ့သည်။​

နောက်ဆုံးအနေနဲ့ မြန်မာနိုင်ငံက ဂျန်နိုဆိုက်ကွန်ဗန်းရှင်းကို ဖောက်ဖျက်ခဲ့သည်ဆိုသော်လည်း ဂမ်ဘီယာကို ထိခိုက်မှုမရှိသောကြောင့် ဂမ်ဘီယာအနေနဲ့ မြန်မာကို တရားစွဲဆိုနိုင်ခြင်းမရှိလို့ မြန်မာက ခေျပခဲ့တယ်။ ဂျန်နိုဆိုက်မဖြစ်အောင် တားဆီးဖို့နဲ့ ဂျန်နိုဆိုက်ရာဇဝတ်မှုတွေကို အပြစ်ပေးဖို့ ကွန်ဗန်းရှင်းကို လက်မှတ်ထိုးထားတဲ့နိုင်ငံတွေအနေနဲ့ တာဝန်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တယ်။ အဲဒါကြောင့် မိမိနိုင်ငံကို တိုက်ရိုက်ထိခိုက်သည်ဖြစ်စေ၊ မထိခိုက်သည်ဖြစ်စေ ဂျန်နိုဆိုက်ကွန်ဗန်းရှင်းကို လိုက်နာလာအောင် ဘယ်နိုင်ငံကိုမဆို တရားစွဲဆိုပိုင်ခွင့်ရှိတယ်။

၇။ ဂမ်ဘီယာက မြန်မာနိုင်ငံကို ICJ မှာ ဘာလို့တရားစွဲတာလဲ။

ICJ ကို တင်တဲ့ လျှောက်လွှာမှာ မြန်မာက ဂျန်နိုဆိုက်ကွန်ဗန်းရှင်းပြဌာန်းအများအပြားကို ချိုးဖောက်နေတယ်လို့ ဂမ်ဘီယာက စွပ်စွဲခဲ့တယ်။ ဂျန်နိုဆိုက်ကွန်ဗန်းရှင်းလက်မှတ်ထိုးထားတဲ့ နိုင်ငံတိုင်းမှာ  ဂျန်နိုဆိုက်မဖြစ်အောင် တားဆီးဖို့နဲ့ ဂျန်နိုဆိုက်ဖြစ်ခဲ့ရင်လည်း အပြစ်ပေးနိုင်ဖို့ ICJ က အတည်ပြုဖော်ပြခဲ့တယ်။​

၂၀၁၇ သြဂုတ်လတွင် မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ အဓမ္မကျင့်ခြင်းနဲ့ အိမ်ယာတွေကို မီးရှို့ခြင်းတွေ ကျူးလွန်ခဲ့တဲ့အတွက် ရိုဟင်ဂျာပေါင်း ထောင်ချီသေဆုံးခဲ့ရပြီး ၇၄၀၀၀၀ ကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြရတယ်။ အဲဒီရက်စက်ကြမ်းကြုတ်မှုတွေကို ကုလသမဂ္ဂ၊ မီဒီယာနဲ့ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေက မှတ်တမ်းတင်ထားပြီး ဖြစ်တယ်။

ICJ ကိုရောက်နေတဲ့ ဂမ်ဘီယာနဲ့မြန်မာအမှုဟာ ဂျန်နိုဆိုက်ကျူးလွန်တယ်လို့စွပ်စွဲခံရသူ တစ်ယောက်ချင်းစီကို တရားစွဲဆိုခြင်းမဟုတ်ပါ၊ အဲဒီအမှုဟာ သီးခြားအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးနဲ့ မသက်ဆိုင်ပါ (အောက်တွင်ကြည့်ပါ)။ ICJ အမှုဟာ ဂျန်နိုဆိုက်ကွန်ဗန်းရှင်းလက်မှတ်ထိုးထားတဲ့နိုင်ငံနှစ်နိုင်ငံကြားက ပြဿနာကို ဖြေရှင်းမဲ့အမှုသာ ဖြစ်ပါတယ်။

ဂမ်ဘီယာက မြန်မာကို တရားစွဲဆိုခြင်းဟာ အမှုကြောင့် တိုက်ရိုက်နစ်နာလို့မဟုတ်ဘဲ ကွန်ဗန်းရှင်းဝင်နိုင်ငံတစ်နိုင်ငံက အခြားနိုင်ငံတစ်နိုင်ငံကို ပထမဆုံးတရားစွဲဆိုခြင်း ဖြစ်တယ်။ မြန်မာဟာ ကွန်ဗန်းရှင်းကို ၁၉၅၆ မှာ လက်မှတ်ထိုးခဲ့ပြီး ဂမ်ဘီယာက ၁၉၇၈ မှာ လက်မှတ်ထိုးခဲ့တယ်။

၈။ ရိုဟင်ဂျာများကို အကာကွယ်ပေးနိုင်ဖို့ ဘယ်လိုယာယီစီမံချက်တွေ (provisional measures) ကို မြန်မာနိုင်ငံက လုပ်ဆောင်ရမယ်လို့ ICJ က အမိန့်ထုတ်ပြန်ခဲ့သလဲ။ အဲဒီစီမံချက်တွေကို အကောင်အထည်ဖော်ဖို့ ICJ က ဘာလုပ်နိုင်သလဲ။

၂၀၂၀၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ICJ မှ မြန်မာနိုင်ငံအတွက် ယာယီစီမံချက်များ ချမှတ်ပေးခဲ့တယ်။ ရိုဟင်ဂျာဂျန်နိုဆိုက်ရာဇဝတ်မှုတွေကို တားဆီးရန်၊ စစ်တပ်နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေမှ ရိုဟင်ဂျာဂျန်နိုဆိုက်ရာဇဝတ်မှုတွေ မကျူးလွန်စေရန် စီမံပေးရန်နဲ့ ဂျန်နိုဆိုက်နှင့်ပတ်သတ်သော အထောက်အထားများ မပျောက်ပျက်အောင် လုပ်ဆောင်ပေးရန် အဆိုပါစီမံချက်များတွင် ပြဌာန်းထားပါတယ်။ အဆိုပါစီမံချက်တွေကို လိုက်နာကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြန်မာက လေးလအတွင်း အစီရင်ခံစာတင်ရမှာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ ခြောက်လတစ်ခါ အစီရင်ခံရမှာဖြစ်တယ်။ ICJ ရဲ့ ယာယီစီမံချက်တွေကို အမှုသည်နိုင်ငံတွေက ဥပဒေအရလိုက်နာရမှာ ဖြစ်တယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာမသိမ်းခင် မြန်မာအစိုးရဟာ အစီရင်ခံစာနှစ်စောင် တင်ခဲ့ပြီး စစ်အစိုးရကလည်း ICJ ကို အစီရင်ခံစာတင်ရမဲ့တာဝန်ကို ဆက်လက်လိုက်နာနေတယ်ဆိုတာ ဖော်ပြခဲ့တယ်။​ ဂမ်ဘီယာက အဲဒီအစီရင်ခံစာတွေကို စစ်ဆေးမေးမြန်းနိုင်တဲ့အပြင် စီမံချက်များကို မလိုက်နာဘဲ ဆက်လက်ဖြစ်ပွားနေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကိုလည်း ဖော်ထုတ်နိုင်တယ်။ ရိုဟင်ဂျာအဖွဲ့အစည်းတွေက အဲဒီအစီရင်ခံစာတွေကို လူသိရှင်ကြားထုတ်ပြန်ပေးဖို့ တောင်းဆိုခဲ့သော်လည်း အမှုသည်နှစ်နိုင်ငံနဲ့တရားရုံးကသာ အဲဒီအစီရင်ခံစာတွေကို ဖတ်ရှုခွင့်ရှိတယ်။

ယာယီစီမံချက်များ ချမှတ်ထားပေမဲ့ မြန်မာနိုင်ငံအတွင်း ကျန်ရှိနေတဲ့ ရိုဟင်ဂျာတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေကို လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က မှတ်တမ်းတင်နိုင်ခဲ့တယ်။ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ ခြောက်သိန်းကျော်ဟာ လုံလောက်တဲ့စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းမရှိတဲ့ ဒုက္ခသည်စခန်းတွေနဲ့ ရွာတွေမှာ ဘယ်မှသွားခွင့်မရှိဘဲ ပိတ်မိနေကြတယ်။ ၂၀၁၂ ကတည်းက ရိုဟင်ဂျာ ၁၃၀၀၀၀ ကျော်ဟာ ရခိုင်ပြည်နယ်အလယ်ပိုင်း၊ လေဟာပြင်ထိန်းသိမ်းရေးစခန်းတွေမှာ နေထိုင်နေကြရတယ်။ စစ်အစိုးရရဲ့အဲဒီလုပ်ရပ်တွေဟာ ဖိနှိပ်ချုပ်ခြယ်ခြင်း၊ လူမျိုးရေးခွဲခြားခြင်းနဲ့ လွတ်လပ်ခွင့်ကို အပြင်းအထန်ထိခိုက်စေတာကြောင့် လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ် ရာဇဝတ်မှုများကျူးလွန်ရာရောက်တယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရခိုင်ပြည်နယ်က ထွက်ခွာလိုတဲ့ ရိုဟင်ဂျာတွေကို စစ်အစိုးရက ပိုမိုချုပ်ချယ်လာပြီး အပြစ်ပေးရာတွင်လည်း ပိုမိုပြင်းထန်လာတယ်။

ရိုဟင်ဂျာတွေကို ရွှေ့ပြောင်းသွားလာခွင့်ပိတ်ပင်ခြင်း၊ ဒုက္ခသည်စခန်းတွေကို အကူအညီ မပို့နိုင်အောင် စစ်တပ်က ကန့်သတ်ခြင်းတွေဟာ ယာယီစီမံချက်တွေကို ချိုးဖောက်ရာကျတဲ့အတွက် မြန်မာဟာ ရိုဟင်ဂျာဂျန်နိုဆိုက်ကို တားဆီးရမယ်ဆိုတဲ့တာဝန်မကျေဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲခဲ့တယ်။

အခြားကုလသမဂ္ဂအဖွဲ့အစည်းတွေက ICJ ရဲ့အမိန့်ကို မြန်မာနိုင်ငံလိုက်နာလာဖို့ ဆောင်ရွက်နိုင်တယ်၊ မလိုက်နာရင် မြန်မာကို နိုင်ငံရေးအရ ပိုမိုနစ်နာအောင် သူတို့က ဆောင်ရွက်နိုင်တယ်။ ICJ ဥပဒေပုဒ်မ ၄၁ (၂) အရ ICJ ရဲ့ ယာယီစီမံချက်တွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီကို မဖြစ်မနေ ပို့ပေးရမယ်လို့ ပါရှိတယ်။ ၂၀၁၈ အချက်အလက်ရှာဖွေရေးမစ်ရှင်မှာ ဖော်ပြထားတဲ့ ဂျန်နိုဆိုက်နဲ့ပတ်သတ်တဲ့ ညွှန်ပြချက်တွေကို လိုက်နာခြင်းမရှိပါက လုံခြုံရေးကောင်စီက ထိရောက်တဲ့ဆုံးဖြတ်ချက်ချပြီး ခိုင်လုံတဲ့အရေးယူမှုတွေ လုပ်နိုင်တယ်။ ဥပမာ - ရိုဟင်ဂျာတွေကို ရွှေ့ပြောင်းသွားလာခွင့်ပေးဖို့၊ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတွေဆီ အကူအညီပို့ပေးတာတွေကို မပိတ်ပင်ဖို့၊ ခွဲခြားဆက်ဆံတဲ့ဥပဒေတွေကို ဖျက်သိမ်းဖို့၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ကန့်သတ်ထားတာတွေကို ဖျက်သိမ်းပေးဖို့ လုံခြုံရေးကောင်စီက အမိန့်ချနိုင်တယ်။ ဒါပေမဲ့ မြန်မာအရေးနဲ့ပတ်သတ်တဲ့ဆုံးဖြတ်ချက်တွေကို တရုတ်နဲ့ရုရှားက ဗီတိုအာဏာသုံးပယ်ချမယ်လို့ ခြိမ်းခြောက်နေတဲ့အတွက်ကြောင့် လုံခြုံရေးကောင်စီဟာ မြန်မာကိစ္စမှာ ရှေ့မတိုးသာဖြစ်နေတယ်။

၉။ ဂမ်ဘီယာ-မြန်မာအမှုမှာ ဘာတွေစွပ်စွဲထားသလဲ။

ဂျန်နိုဆိုက်ကွန်ဗန်းရှင်းအရ ဂျန်နိုဆိုက်ဖြစ်၊ မဖြစ် ဆုံးဖြတ်တဲ့အခါ ဂျန်နိုဆိုက် ရည်ရွယ်ချက်ရှိကြောင်း(ဂျန်နိုဆိုက် ရည်ရွယ်ချက်ဆိုတာ နိုင်ငံသား၊ တိုင်းရင်းသား၊ လူမျိုးစု သို့မဟုတ် ဘာသာရေးအဖွဲ့ဝင်တစ်စုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ပျက်စီးစေလိုတဲ့ ရည်ရွယ်ချက်)နဲ့ ဂျန်နိုဆိုက်အမှုတွေကို ကျူးလွန်ကြောင်း သက်သေထူရပါတယ်။

၂၀၁၈ မှာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်က ကာကွယ်စောင့်ရှောက်ဖို့လိုတဲ့လူမျိုးစုအဖြစ် သတ်မှတ်ခံရတဲ့ ရိုဟင်ဂျာတွေရဲ့အခြေအနေ၊ ဂျန်နိုဆိုက်အမှုတွေနဲ့ ဂျန်နိုဆိုက်ရည်ရွယ်ချက်တွေကို အသေးစိတ်သုံးသပ်တင်ပြခဲ့တယ်။ အဲဒီတင်ပြချက်မှာ ရိုဟင်ဂျာတွေကို တိုက်ခိုက်ရာမှာ ဦးဆောင်ညွှန်ကြားသူတွေရဲ့လုပ်ရပ်ဟာ သူတို့ရဲ့ပစ်မှတ်ဖြစ်တဲ့အုပ်စုတစ်စုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို ဘယ်လိုဖျက်ဆီးရမယ်ဆိုတဲ့ ဂျန်နိုဆိုက်လုပ်ထုံးလုပ်နည်းစာရင်းနဲ့ ကိုက်ညီနေတယ်။ ၂၀၁၉ မှာလည်း“ဂျန်နိုဆိုက်ကွန်ဗန်းရှင်းအရ ဂျန်နိုဆိုက်မကျူးလွန်ပါဆိုတဲ့ ဝတ္တရားကို မြန်မာနိုင်ငံက ဖောက်ဖျက်ခဲ့တယ်” လို့ အချက်အလက်ရှာဖွေရေးမစ်ရှင်က ကောက်ချက်ချခဲ့တယ်။

နိုဝင်ဘာ ၂၀၁၉ ဂမ်ဘီယာက တင်တဲ့စွဲချက်မှာ မြန်မာက ရိုဟင်ဂျာတွေကို ဖိနှိပ်ရာမှာ “ဂျန်နိုဆိုက်ရည်ရွယ်ချက်ရှိကြောင်း” ထင်ရှားတဲ့အချက်နှစ်ချက်ကို ထောက်ပြခဲ့တယ် - ရိုဟင်ဂျာတွေရဲ့တရားဝင်အခွင့်အရေးကို ငြင်းဆိုခြင်း (အိမ်ထောင်ပြုခြင်းနဲ့ ကလေးယူခြင်းကို ကန့်သတ်တာ၊ ထိန်းသိမ်းရေးစခန်းတွေမှာ ပိတ်လှောင်ထားပြီး လွတ်လပ်စွာရွှေ့ပြောင်းသွားလာခြင်းကို ကန့်သတ်တာတွေ)နဲ့ ရိုဟင်ဂျာတွေကို မကောင်းဆိုးဝါးလို့ မြင်လာအောင်၊ လူသားလို့ မမြင်တော့အောင် အမုန်းတရားပြန့်ပွားရေးကမ်ပိန်းတွေမှာ ပါဝင်ကူညီခြင်းတို့ ဖြစ်တယ်။

ဂျန်နိုဆိုက်အမှုတွေနဲ့ပတ်သတ်လို့ အောက်တိုဘာ ၂၀၁၆ နဲ့ သြဂုတ်လ ၂၀၁၇ မှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်ပေါင်း မြောက်များစွာကို သတ်ပစ်ခဲ့တဲ့ “နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးတွေ” ကို ထောက်ပြခဲ့တယ်။ အဲဒါအပြင်“အဖွဲ့ဝင်တစ်စုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ပျက်စီးစေလိုတဲ့ ရည်ရွယ်ချက်ဖြင့်”

ရိုဟင်ဂျာရွာတွေကို မီးရှို့မှုနဲ့ အဓမ္မကျင့်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ အများအပြားကို ထောက်ပြခဲ့တယ်။

ဆက်လက်ဖြစ်ပွားနေဆဲ ဂျန်နိုဆိုက်နဲ့ပတ်သတ်လို့ နိုဝင်ဘာ ၂၀၁၈ နဲ့ မေ ၂၀၁၉ ကြားမှာ ဖြစ်ခဲ့တဲ့ ရိုဟင်ဂျာကျေးရွာ ၃၀ ကျော် ဖျက်ဆီးခံရခြင်းနဲ့ စားနပ်ရိက္ခာပေးပို့မှုကို ပိတ်ပင်ခြင်းတွေကို ထောက်ပြခဲ့တယ်။ မြန်မာနိုင်ငံထဲမှာ ကျန်ရှိနေတဲ့ ရိုဟင်ဂျာ ၆၀၀၀၀၀ ကျော်ဟာ ဂျန်နိုဆိုက်အမှုတွေရဲ့ ခြိမ်းခြောက်မှုအောက်မှာနေနေရဆဲ ဆိုတဲ့  အချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့ သတိပေးမှုကိုလည်း ထောက်ပြခဲ့တယ်။

၁၀။ ဒီအမှုမှာ ဂမ်ဘီယာ နိုင်ခဲ့ရင် ICJ က တရားမမျှတမှုခံခဲ့ရသူတွေအတွက် ဘာတွေလုပ်ပေးနိုင်သလဲ။

ကုလသမဂ္ဂပဋိညာဉ် ပုဒ်မ ၉၄ မှာ ICJ ရဲ့ ဆုံးဖြတ်ချက်တွေကို အဖွဲ့ဝင်နိုင်ငံတွေအားလုံးက လိုက်နာရမယ်၊​ မလိုက်နာရင် လုံခြုံရေးကောင်စီက “တရားရုံးရဲ့စီရင်ချက်ကို အကောင်အထည်ဖော်နိုင်ရန် လုပ်ဆောင်ရမည့် အချက်များကို ဆုံးဖြတ်နိုင်သည်” လို့ ပါရှိတယ်။

မြန်မာက ဂျန်နိုဆိုက်ကွန်ဗန်းရှင်းကို ချိုးဖောက်ခဲ့ကြောင်းနဲ့ ဆက်လက်ချိုးဖောက်နေကြောင်းကို ကြေညာပေးဖို့ ICJ ကို ဂမ်ဘီယာက တောင်းဆိုခဲ့တယ် - မြန်မာအနေနဲ့ ဆက်လက်ဖြစ်ပွားနေတဲ့ ဂျန်နိုဆိုက်အမှုတွေကို ချက်ချင်းရပ်ပြီး ဂျန်နိုဆိုက်ကွန်ဗန်းရှင်းကို အပြည့်အဝ ဆက်လက်လိုက်နာရန်၊ ဂျန်နိုဆိုက်နဲ့ပတ်သတ်လို့ တာဝန်ရှိသူတိုင်းကို စွမ်းဆောင်ရည်ရှိတဲ့ တရားရုံးတွေက ပြစ်ဒဏ်ပေးရန်၊ ဂျန်နိုဆိုက်အမှုတွေကြောင့် ဒုက္ခရောက်ရသူတွေကို လျော်ကြေးပေးရန်၊ အိမ်ယာစွန့်ခွာထွက်ပြေးရသူတွေကို ဘေးကင်းလုံခြုံစွာ၊ သိက္ခာရှိစွာ နေရပ်ပြန်ခွင့်ပေးရန်နဲ့ “သူတို့ရဲ့နိုင်ငံသားဖြစ်မှုနဲ့ လူ့အခွင့်အရေးကို လေးစားရန်နဲ့ ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှုနဲ့ အလားတူအမှုမျိုးတွေကနေ ကာကွယ်ပေးရန်” တောင်းဆိုခဲ့တယ်။ မြန်မာဟာ ဂျန်နိုဆိုက်ကွန်ဗန်းရှင်းကို နောက်ထပ်မကျူးလွန်တော့ပါဘူးဆိုတဲ့ ကတိခံဝန်ချက်နဲ့ အာမခံချက်ကိုလည်း ဂမ်ဘီယာက တောင်းဆိုထားတယ်။

၁၁။ တာဝန်ယူမှုနဲ့ပတ်သတ်ပြီး အခြားဘာတွေဆက်လုပ်နေသလဲ။

နိုဝင်ဘာ ၂၀၁၉ မှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) က ၂၀၁၇ တုန်းက မြန်မာနိုင်ငံက ရိုဟင်ဂျာ ၇၄၀၀၀၀ ကျော် ICC အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးရတာနဲ့ပတ်သတ်လို့ တရားစွဲသူ Fatou Bensouda ကို လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ် ရာဇဝတ်မှုများကျူးလွန်ခြင်းနဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးဖို့ အာဏာလွှဲပေးခဲ့တယ်။ ICC တရားသူကြီးတွေက အဲဒီအမှုဟာ ICC အဖွဲ့ဝင်နိုင်ငံမှာ ဖြစ်ခဲ့တာဖြစ်လို့ ICC မှာ လုပ်ပိုင်ခွင့်ရှိတယ်လို့ အတည်ပြုခဲ့တယ်။ ICC လုပ်ပိုင်ခွင့်ရှိတဲ့နိုင်ငံထဲမှာ ဖြစ်လာနိုင်မဲ့အမှုတွေအပါအဝင် အခြားပြစ်မှုတွေ (၂၀၁၀ မှာ ဘင်္ဂလားဒေ့ရှ် ICC အဖွဲ့ဝင် ဖြစ်လာပြီးနောက် ၂၀၁၆ နဲ့ ၂၀၁၇ ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ အမှုတွေနဲ့ စပ်ဆက်နေတဲ့အမှုတွေ) ကိုလည်း တရားစွဲသူက စုံစမ်းစစ်ဆေးနိုင်တယ်လို့ ဆုံးဖြတ်ခဲ့တယ်။

မြန်မာဟာ ICC အဖွဲ့ဝင်မဟုတ်တဲ့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီကသာ မြန်မာကို ICC မှာ စစ်ဆေးဖို့ အမိန့်ပေးနိုင်တယ်။ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေက လူမျိုးစုတွေအပေါ် စစ်တပ်က အလားတူကျူးလွန်ထားတဲ့အမှုတွေကို ကိုင်တွယ်ဖို့ မြန်မာကို ICC မှာ တရားရင်ဆိုင်ခိုင်းဖို့ အမိန့်ပေးဖို့ အရေးကြီးနေတယ်။ အဲဒီလိုအမိန့်ပေးနိုင်မှသာ မြန်မာတိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေ ကျူးလွန်ထားတယ်ဆိုတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ် ရာဇဝတ်မှုများကျူးလွန်ခြင်းတွေကိုလည်း စစ်ဆေးနိုင်မယ်။

နိုဝင်ဘာ ၂၀၁၉ တွင်လည်း ရိုဟင်ဂျာအဖွဲ့တစ်ဖွဲ့နဲ့ တောင်အမေရိကလူ့အခွင့်အရေးအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အမှုတွေအတွက် မြန်မာစစ်ဖက်နဲ့ အရပ်ဖက်ခေါင်းဆောင်တွေကို တရားစွဲခဲ့တယ်။ ကျူးလွန်တဲ့အမှုက အင်မတန်ကြီးလေးတော့ ဘယ်နိုင်ငံကမဆို ကျူးလွန်သူကို တရားစွဲလို့ရတဲ့ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်နဲ့ အဲဒီအမှုကိုဖွင့်ခဲ့တာ ဖြစ်တယ်။ ICC အမှုကလည်း မပြီးပြတ်သေးတာကြောင့် အောက်ခြေတရားရုံးတစ်ခုက အဲဒီအမှုကို ပယ်ချလိုက်တယ်။ အဲဒီဆုံးဖြတ်ချက်ကို အယူခံဝင်တဲ့အခါ “ဒီလိုအမှုမျိုးကို စုံစမ်းစစ်ဆေးဖို့နဲ့ အဆုံးမှာပြစ်ဒဏ်ပေးနိုင်ဖို့က နိုင်ငံတိုင်းရဲ့တာဝန်ဖြစ်တယ်” လို့ တရားသူကြီးက ပြန်ပြင်ဆုံးဖြတ်ခဲ့တယ်။  အခုတော့ အဲဒီအမှုကို စုံစမ်းစစ်ဆေးဆဲဖြစ်တယ်။ 

စက်တင်ဘာ ၂၀၁၈ မှာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက အင်မတန်လေးနက်တဲ့ နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ပတ်သတ်တဲ့အထောက်ထားတွေကို စုဆောင်းဖို့နဲ့ အရေးယူဖို့ အမှုတွဲတွေကို ပြင်ဆင်နိုင်ဖို့ (ပြည်တွင်း၊ ဒေသတွင်းနဲ့ နိုင်ငံတကာတရားရုံးတွေမှာ ရာဇဝတ်မှုတွေကို လွတ်လပ်၍ တရားမျှတစွာ စစ်ဆေးရာမှာ မြန်ဆန်ချောမွေ့စေရန်) မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားကို ဖွဲ့စည်းခဲ့တယ်။ စုံစမ်းစစ်ဆေးမှုယန္တရားဟာ နိုင်ငံတကာရာဇဝတ်မှုတွေကို ကျူးလွန်တဲ့လူပုဂ္ဂိုလ်တဦးချင်းစီကို စစ်ဆေးဖို့ ဖွဲ့စည်းခဲ့တာ ဖြစ်ပေမဲ့ ICJ ရဲ့အမှုတွေ နဲ့ သတင်းအချက်အလက် ဖလှယ်ပိုင်ခွင့်ရှိပြီး ဂမ်ဘီယာနဲ့မြန်မာအမှုမှာ ဂမ်ဘီယာနဲ့ မြန်မာတို့ရဲ့တောင်းဆိုချက်တွေကို ဖြေကြားနေတယ်လို့ သိရတယ်။​

ကုလသမဂ္ဂအထွေထွေညီလာခံက စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့လုပ်ရပ်တွေကို ရှုံ့ချခဲ့ပြီး “အရေးပေါ်အခြေအနေကို အဆုံးသတ်ပေးရန်၊ မြန်မာပြည်တွင်းရှိ လူတိုင်း၏လူ့အခွင့်အရေးကို လေးစားရန်နှင့် မြန်မာပြည်၏ဒီမိုကရေစီအကူးအပြောင်းကလာကို ရေရှည်တည်တံ့အောင် ခွင့်ပြုရန်” အမိန့်ကို ဇွန်လ ၂၀၂၁ မှာ ချမှတ်ခဲ့တယ်။ အဲဒီအမိန့်မှာ ကုလအဖွဲ့ဝင်နိုင်ငံတိုင်းဟာ စစ်တပ်ကို လက်နက်ရောင်းချမှုကို ဝိုင်းဝန်းပိတ်ပင်ကြရမယ်လို့ ပါရှိတယ်။

Your tax deductible gift can help stop human rights violations and save lives around the world.

Tags

Most Viewed