၁။ ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဘာကြောင့်တရားစွဲဆိုရသလဲ။
၂။ ဘာကြောင့် ဒီအမှုက အရေးကြီးသလဲ။
၃။ မြန်မာနိုင်ငံက ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုမှုကို တုံ့ပြန်မှာလား။
၄။ အပြည်ပြည်ဆိုင်ရာတရားရုံးက ကြားဖြတ်အရေးယူဆောင်ရွက်ခြင်းအပေါ် ဘယ်လို အာဏာတည်စေ နိုင်သလဲ။
၅။ ဂမ်ဘီယာက မြန်မာကို ဘာတွေနဲ့ စွပ်စွဲထားသလဲ။
၇။ အပြည်ပြည်ဆိုင်ရာတရားရုံးရဲ့ တရားသူကြီးတွေက ဘယ်သူတွေလဲ။
၈။ အပြည်ပြည်ဆိုင်ရာတရားရုံးအနေနဲ့ အခြားလူမျိုးတုန်းသတ်ဖြတ်မှုတွေကို စီရင်ချက်ချခဲ့တာရှိလား။
၁၀။ မြန်မာနိုင်ငံမှာ တရားမျှတမှု အလားအလာရှိလား။
၁။ ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဘာကြောင့် တရားစွဲဆိုရသလဲ။
မြန်မာ့တပ်မတော်က တိုင်းရင်းသားရိုဟင်ဂျာမွတ်စ်လင်မ်တွေအပေါ် လူသတ်မှု၊ မုဒိန်းကျင့်မှု နှင့် မီးရှို့မှု
တွေအပါအဝင် အခြားသော ကြမ်းတမ်းတဲ့ရက်စက်မှုတွေကိုလည်း ကျူးလွန်ခဲ့ပါတယ်။ တပ်မတော်ရဲ့ လူမျိုးတုန်းသတ်ဖြတ်ရေးစီမံကိန်း ကာလအတွင်းမှာ အဲ့ဒီကျူးလွန်မှုတွေက သြဂုတ်လ၊ ၂၀၁၇ ခုနှစ် မှာ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပါတယ်။ အဲဒီ့ကျူးလွန်မှုတွေ က ရိုဟင်ဂျာ ခုနှစ်သိန်းလေးသောင်းကျော် ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးဖို့ တွန်းအားပေးစေခဲ့ပြီး အဲ့ဒီရာဇဝတ်မှုတွေ ကို ကုလသမဂ္ဂ၊ သတင်းဌာနတွေနဲ့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ အပါအဝင် အခြားသောလူ့အခွင့်အရေး အဖွဲ့အစည်းတွ၊ မီဒီယာတွေက စေ့စပ်သေချာစွာ မှတ်တမ်းတင်ခဲ့ပါတယ်။
နိုင်ငံပေါင်း (၅၇) နိုင်ငံ ပါဝင်တဲ့ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ရဲ့ နောက်ခံနဲ့ ဂမ်ဘီယာနိုင်ငံက
မြန်မာနိုင်ငံအား ရိုဟင်ဂျာမွတ်စ်လင်မ်တွေအပေါ်မှာ လူသတ်မှု၊ မုဒိန်းမှုနဲ့ မီးရှို့မှုတွေအပါအဝင် အခြားသော ရက်စက်မှုတွေ ကျူးလွန်ခဲ့ခြင်းက လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ရာဇဝတ်မှုကာကွယ်ခြင်း နှင့် ပြစ်ဒဏ်ခတ်ခြင်း (လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်) ပါ ပြဌာန်းချက်များ ကို ဖောက်ဖျက်တယ်လို့ စွပ်စွဲပြီး အပြည်ပြည်ဆိုင်ရာတရားရုံးမှာ တရားစွဲဆိုခဲ့တာပါ။ ၁၉၇၈ ခုနှစ်တွင် ဒီသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တဲ့ ဂမ်ဘီယာနိုင်ငံ က လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဆိုပါ သဘောတူညီချက်တွင် ပါဝင်သော အပိုဒ်ခွဲ (၉) က ”လူမျိုးတုန်းသတ်ဖြတ်မှုနှင့် ပတ်သက်ပြီး နိုင်ငံ တစ်နိုင်ငံရဲ့ တာဝန်ယူမှုအရ” ခုလိုနိုင်ငံတွေ အကြားအငြင်းပွားမှုတွေနဲ့ သက်ဆိုင်ရာအချက်အလက်တွေ ကို မည်သည့်နိုင်ငံမဆို အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ တင်သွင်းနိုင်တယ်လို့ ခွင့်ပြုပေးထားပါတယ်။ အပြည်ပြည်ဆိုင်ရာ တရားရုံးကသဘောတူညီချက် ကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတိုင်းဟာ လူမျိုးတုန်းသတ်ဖြတ်မှုတွေကို ကာကွယ်ပြီး ကျူးလွန်သူတွေ ကို အပြစ်ပေးဖို့ တာဝန်ရှိတယ်လို့ အတည်ပြုခဲ့ပါတယ်။ မြန်မာနိုင်ငံက ၁၉၅၆ ခုနှစ်ကတည်းက လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို သဘောတူတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံးကို တင်သွင်းတဲ့အမှုက တစ်ဦးတစ်ယောက်ချင်း ကျူးလွန်ခဲ့သူတွေကို စွဲတဲ့ရာဇဝတ်မှုမဟုတ်ပါဘူး။ အဲ့ဒီအမှုမှာ နိုင်ငံတကာ ရာဇဝတ်ခုံရုံးလည်း မပါဝင်ပါဘူး။ ယခုအမှုက ကုလသမဂ္ဂ ပဋိဉာဉ်၊ အပြည်ပြည်ဆိုင်ရာ တရားရုံးကဥပဒေပြဌာန်းချက် နှင့် လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်တွေမှာ ပါဝင်တဲ့ ဥပဒေပိုင်းဆိုင်ရာပြဌာန်းချက်တွေအရ အုပ်ချုပ်နေတဲ့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံနှစ်နိုင်ငံကြားကဖြစ်တဲ့ တရားတပေါင်ကိစ္စပဲ ဖြစ်ပါတယ်။
ဂမ်ဘီယာရဲ့ တင်သွင်းချက်တွေအရ စွပ်စွဲထားတဲ့ ရာဇဝတ်မှုတွေနဲ့ တိုက်ရိုက်သက်ဆိုင်ခြင်းမရှိတဲ့ နိုင်ငံဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက သူ့ရဲ့လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်မှာ ပါဝင်ထားတဲ့အချက်
အသုံးပြုပြီး ဒီလိုတရားစွဲဆိုလိုက်ခြင်းက ပထမဆုံးအကြိမ်ပဲဖြစ်ပါတယ်လို့ မှတ်သားရပါတယ်။ ဂမ်ဘီယာနိုင်ငံက ယာယာဂျမ္မာဆိုတဲ့ ၂၂ ကြာ ကြာရှည်အုပ်စိုးခဲ့တဲ့ အာဏာရှင်လက်အောက် က လွတ်မြောက်ခါစပဲ ရှိသေးပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ခက်ခဲတဲ့သမိုင်းရှိခဲ့တဲ့ နိုင်ငံတစ်နိုင်ငံပါ။ အမှုတင်သွင်းလို့ အပြီးမှာ ဂမ်ဘီယာနိုင်ငံဆိုင်ရာ တရားရေးဝန်ကြီးဖြစ်သူ အဘူဘကာရ်တမ်ဘာဒူ က “ကိုယ့်နိုင်ငံသားတွေဖြစ်တဲ့ ရိုဟင်ဂျာတွေအပေါ်မှာ လုပ်ဆောင်ခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို တာဝန်ယူစေချင်တာ က ယခုလို တရားစွဲဆိုရခြင်းရဲ့ ရည်ရွယ်ချက်ပါ” လို့ ပြောကြားခဲ့ပါတယ်။
၂။ ဘာကြောင့် ဒီအမှုက အရေးကြီးသလဲ။
ရိုဟင်ဂျာတွေနဲ့ အခြားသော လူနည်းစု တိုင်းရင်းသားအုပ်စုတွေအပေါ်မှာ စနစ်တကျ ကျူးလွန်ကြံစည်ခဲ့တဲ့ တပ်မတော်ရဲ့ ရာဇဝတ်မှုတွေက ဆယ်စုနှစ်များ ကြာခဲ့ပါပြီ။ ဒါပေမယ့် ဂမ်ဘီယာနိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ တရားမစွဲဆိုခင်အချိန်အထိတော့ အစိုးရရဲ့ကျူးလွန်မှုတွေက တရားမျှတမှုနဲ့ အဝေးကြီးဝေးနေဆဲပါ။
ဂမ်ဘီယာနိုင်ငံအနေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်အရ ကြားဖြတ်အရေးယူမှုအမိန့် ဖြစ်တဲ့ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့နှင့် တရားရုံးရဲ့ဆုံးဖြတ်ချက်ကို အနှောင့်အယှက်ပေးခြင်းနှင့် ကြားနာမှုကို အချိန်သက်တမ်းတိုးပေးခြင်းတို့ကလည်း ကာကွယ်ပေးဖို့ တောင်းဆိုထားပါတယ်။ ကြားဖြတ်အရေးယူမှုနဲ့ ပတ်သက်လို့ နယ်သာလန်နိုင်ငံ၊ သည်ဂိတ်ဂ်မြို့မှာ ဒီဇင်ဘာလ ၁၀ ရက် မှ ၁၂ ရက်နေ့ အတွင်းကြားနာပါလိမ့်မယ်။
ဂမ်ဘီယာကတရားရုံးမှာ အရေးကြီးကိစ္စအဖြစ် တောင်းဆိုထားတဲ့ ကြားဖြတ်အရေးယူမှုဆိုင်ရာအချက်တွေက မြန်မာနိုင်ငံအနေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ လုပ်ဆောင်ချက်တွေကို မဖြစ်အောင်တားဖို့၊ စစ်တပ်အနေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ လုပ်ဆောင်ချက်တွေ မလုပ်အောင်သေချာစေဖို့နဲ့ ယခု
လျှောက်ထားချက်နှင့် ပတ်သက်တဲ့ ဘယ်ဖြစ်ရပ်ကိုမဆို ဖျက်ဆီးခြင်း၊ အလှမ်းဝေးအောင် ဆောင်ရွက်ခြင်းတို့ မပြုလုပ်ရန် ပါဝင်ပါတယ်။ အဲ့ဒီအချက်တွေကို မြန်မာနိုင်ငံအနေနဲ့လည်း ချက်ချင်း လုပ်ဆောင်သင့် ပါတယ်။
ကြားဖြတ်အရေးယူမှုနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို အချိန်မဆိုင်းပဲ ချမှတ်ပါလိမ့်မယ်။ မတ်လ ၂၀ ရက်၊ ၁၉၉၃ ခုနှစ်မှာ ဘော့စ်နီးယား၊ ဟာဇီဂိုးဗီးနားနိုင်ငံက ယူဂိုစလားဗီးယား ဖက်ဒရယ်သမ္မတနိုင်ငံကို လူမျိုး တုန်းသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ဖောက်ဖျက်မှုနှင့် တရားစွဲပြီး ကြားဖြတ်အရေးယူမှုတောင်းခံရာမှာ တရားရုံးက ဧပရယ်လ ၈ ရက်၊ ၁၉၉၃ ခုနှစ်မှာ အမိန့်ချမှတ်ခဲ့ပါတယ်။
၃။ မြန်မာနိုင်ငံက ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုမှုကို တုန့်ပြန်မှာလား။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ ကို သူမကိုယ်တိုင် အပြည်ပြည်ဆိုင်ရာတရားရုံး ကို ဦးဆောင်ခေါ်သွားပြီး နိုင်ငံတော်ရဲ့အကျိုး ကို ကာကွယ်တဲ့အနေနဲ့ ဒီအမှုကို ရင်ဆိုင်မယ်လို့ မြန်မာနိုင်ငံဘက်ကနေ ကြေငြာခဲ့ပါတယ်။ အဲ့ဒီလိုလုပ်ခြင်းအားဖြင့် သူမအနေနဲ့ သူမရဲ့ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လွှတ်တော်တို့ကရတဲ့ ထောက်ခံမှုတွေကို ကျေနပ်အားရနေတယ် လို့ သတင်းတွေက ဆိုပါတယ်။ စစ်တပ်အနေနဲ့ကတော့ အစိုးရရဲ့ လုပ်ဆောင်ချက်တွေမှာ အစွမ်းကုန် ပူးပေါင်းပါဝင်မှာဖြစ်ပြီး လမ်းညွှန်ချက်တွေကို လိုက်နာမယ်လို့ ဆိုပါတယ်။ အစိုးရအနေနဲ့ တိတိကျကျ သိထားတာကတော့ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးက အပြည်ပြည်ဆိုင်ရာတရားရုံးက ပြဌာန်းတဲ့ဥပဒေအတိုင်း ဦးတည်သွားရမယ် ဆိုတာပါပဲ။
သတင်းတွေအရဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်က အပြည်ပြည်ဆိုင်ရာတရားရုံးမှာ သွားရောက် အမှုရင်ဆိုင်မယ် ဆိုတဲ့ဆုံးဖြတ်ချက်က လူထုထောက်ခံမှု အကြီးအကျယ် ရရှိခဲ့ပါတယ်။ အစိုးရကိုပဲဖြစ်ဖြစ်၊ သူမကိုပဲဖြစ်ဖြစ် ဝေဖန်နေချင်နေကြသူတွေကလည်း အတော်အတန် အရဲစွန့်ပြီး လုပ်ရမယ့်ကိစ္စပါ။ မြန်မာအာဏာပိုင်တွေအနေနဲ့ အစိုးရ၊ စစ်တပ် နဲ့ အကြီးအကဲတွေကို ဝေဖန်ပြောဆိုရေးသားသူတွေ ကို ဖမ်းဆီးအရေးယူတာတွေ မကြာခဏ ပြုလုပ်လေ့ရှိပါတယ်။
သို့သော်လည်း ပြည်တွင်း၊ ပြည်ပ မှာရှိနေတဲ့ အချို့သော တိုင်းရင်းသား ကိုယ်စားလှယ်အဖွဲ့အစည်းတွေက လည်း တပ်မတော်က ရိုဟင်ဂျာတွေနဲ့ အခြားသော တိုင်းရင်းသားလူနည်းစုတွေအပေါ်မှာ ကျူးလွန်ခဲ့တဲ့ ရက်စက်မှုတွေကို သိထားသောအားဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံးက အခြေအနေတွေကို ထောက်ခံ အားပေးတဲ့ ကြေငြာချက်တွေ ထုတ်ခဲ့ပါတယ်။
၄။ အပြည်ပြည်ဆိုင်ရာ တရားရုံးက ကြားဖြတ်အရေးယူဆောင်ရွက်ခြင်းအပေါ် ဘယ်လို အာဏာတည်စေနိုင်သလဲ။
အပြည်ပြည်ဆိုင်ရာတရားရုံးရဲ့ ကြားဖြတ်အရေးယူဆောင်ရွက်ခြင်းအမိန့်က သက်ဆိုင်ရာနိုင်ငံတွေကို
ဥပဒေကြောင်းအရ လိုက်နာဆောင်ရွက်စေမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံးရဲ့ လုပ်ပိုင်ခွင့်တွေကို အတိအလင်း အသိအမှတ်ပြုထားခြင်းက ဒီအမှုရဲ့ ဆုံးဖြတ်ချက်နဲ့ အမိန့်တွေကို အစိုးရအနေနဲ့ လိုက်နာမလားဆိုတဲ့ ဥပဒေဆိုင်ရာ မေးခွန်းတွေကို မေးဖို့တောင်မလိုပါဘူး။ ဂမ်ဘီယာနိုင်ငံအနေနဲ့ ကြားဖြတ်အရေးယူမှုကို အကောင်အထည်ဖော်ဖို့ အဆင့်တွေပါဝင်တဲ့ အစီရင်ခံစာကို လေးလအတွင်း နှစ်နိုင်ငံလုံးအနေနဲ့ တင်သွင်းဖို့လည်း တရားရုံးမှာ တောင်းဆိုထားပါတယ်။
အခြား ကုလသမဂ္ဂအဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံအနေနဲ့ လိုက်နာဖို့ ပျက်ကွက်ရာတွင် ရရှိလာနိုင်သော ဆုံးရှုံးမှုတွေကို တိုးမြှင့်စေခြင်းအားဖြင့်လည်း အပြည်ပြည်ဆိုင်ရာတရားရုံးရဲ့ အာဏာကို ပိုမို ခိုင်မာစေနိုင်ပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံးက ပြဌာန်းထားတဲ့ ဥပဒေအပိုဒ် ၄၁ (၂) အရဆိုလျှင် တရားရုံးက ချမှတ်တဲ့ ကြားဖြတ် အရေးယူမှုဆိုင်ရာ အမိန့်က ကုလသမဂ္ဂလုံခြုံရေးကောင်စီဆီသို့ အလိုအလျောက် ပို့ပြီးသား
ဖြစ်ပါလိမ့်မယ်။ အဲဒီ့အမိန့်က ကုလသမဂ္ဂရဲ့ လွတ်လပ်တဲ့ နိုင်ငံတကာ အချက်အလက် ရှာဖွေရေးမစ်ရှင် ရဲ့ ၂၀၁၈ ခုနှစ် အစီရင်ခံစာအပါ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ရည်ရွယ်ချက်ရှိတဲ့ ညွှန်းဆိုချက်တွေကို ဖြေရှင်းဖို့ အပါအဝင် အခြားတိကျတဲ့ လုပ်ဆောင်ချက်တွေကို မြန်မာနိုင်ငံကို လိုက်နာခိုင်းဖို့ လုံခြုံရေးကောင်စီ ရဲ့ ဖိအားကို တိုးမြင့်စေပါလိမ့်မယ်။
ဥပမာအားဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံကို ရိုဟင်ဂျာတွေရဲ့ ခရီးသွားလာခွင့် ပိတ်ပင်မှုကို ပယ်ဖျက်ဖို့၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေမှာမလိုအပ်ဘဲ တားမြစ်ထားတဲ့အချက်တွေကို ပယ်ဖျက်ဖို့၊ ခွဲခြားတဲ့ဥပဒေတွ ရုတ်သိမ်းဖို့နဲ့ ရိုဟင်ဂျာတွေကို ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင်တို့နဲ့ ပတ်သက်ပြီး ကန့်သတ်ထားတာတွေကို တားမြစ်ဖို့ ညွှန်ကြားနိုင်ပါတယ်။ တရုတ်နိုင်ငံရဲ့ မြန်မာအစိုးရအပေါ် ထောက်ခံမှုနှင့်အတူ သူ့ရဲ့ ဗီတိုအာဏာကြောင့် လုံခြုံရေးကောင်စီက မဆုတ်သာ၊ မတိုးသာ အခြေအနေ ဖြစ်နေပါတယ်။
ကုလသမဂ္ဂ္ဂအထွေထွေညီလာခံ အနေနဲ့လည်း အစိုးရအား ဆုံးဖြတ်ချက်များပေး၍ အမိန့်အတိုင်းလိုက်နာဆောင်ရွက်စေရန် ဖိအားပေးခြင်းအားဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံးမှ မြန်မာနိုင်ငံအပေါ်တွင် ချမှတ်ထားသော စီရင်ချက်ကို ပိုမိုသိသာထင်ရှားစေရန် ပြုလုပ်နိုင်ပါတယ်။
၅။ ဂမ်ဘီယာက မြန်မာကို ဘာတွေ စွပ်စွဲထားသလဲ။
လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်အရ လူမျိုးတုန်းသတ်ဖြတ်မှု ဆောင်ရွက်ခဲ့တယ် ဆိုတာကို ပေါ်လွင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်တွေ သိသာထင်ရှားဖို့လိုပါတယ်။ ဆိုလိုတာကတော့ မြန်မာနိုင်ငံအနေနဲ့ တိုင်းရင်းသား၊ လူမျိုးစုတစ်စုလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကို ဖြစ်စေ၊ ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ခဲ့တယ် ဆိုတာမျိုးပါ။
၂၀၁၈ ခုနှစ်မှာ အချက်အလက်ရှာဖွေရေး မစ်ရှင် က လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ လုပ်ဆောင်ချက်နဲ့ ညွှန်းဆိုချက်တွေ ပါဝင်တဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေအပေါ် ကျယ်ပြန့်တဲ့ လေ့လာတွေ့ရှိချက်တစ်ခု ကို တင်ပြခဲ့ပါတယ်။ အဲ့ဒီအထဲမှာ ရိုဟင်ဂျာတွေအပေါ် တိုက်ခိုက်မှုတွေ ကျူးလွန်ဖို့ ဇာတ်တိုက်ထားခဲ့သူတွေ က ရိုဟင်ဂျာလူမျိုးစု တစ်ခုလုံးကို ဖြစ်စေ၊ တစ်စိတ်တပိုင်းကို ဖြစ်စေ၊ ဖျက်ဆီးပစ်ဖို့ ပါဝင်တယ်လို့ သုံးသပ်ထားပါတယ်။ ၂၀၁၉ ခုနှစ်မှာ အချက်အလက်ရှာဖွေရေး မစ်ရှင်အနေနဲ့ ထပ်မံပြီးတော့ သုံးသပ်ထားတာကတော့ “လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်အရ မြန်မာနိုင်ငံအနေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကို မကျူးလွန်စေရန် ထိန်းသိမ်းရမယ့် တာဝန်ပျက်ကွက်ခဲ့တယ်” လို့ သုံးသပ်ထားပါတယ်။
မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် နှိပ်စက်မှုနဲ့ ပတ်သက်တဲ့အချက် ၂ ချက်က လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ရည်ရွယ်ချက် ရှိတယ်ဆိုတာကို ဂမ်ဘီယာရဲ့ တင်သွင်းချက်က ဖော်ထုတ်ပေးလိုက်ပါတယ်။ အဲ့ဒီအချက်တွေကတော့ ရိုဟင်ဂျာတွေရဲ့ ဥပဒေပိုင်းဆိုင်ရာ ရပိုင်ခွင့်တွေကို စနစ်တကျငြင်းဆိုခြင်း၊ အိမ်ထောင်ပြုခွင့်နှင့် ကလေးမွေးမှုများကို တင်းကျပ်ခြင်းအပြင် ထိန်းသိမ်းရေးစခန်းတွေဖွင့်ပြီး ၎င်းတို့ရဲ့ လွတ်လပ်စွာ သွားလာခွင့်တွေကို ထိန်းချုပ်ထားခြင်း၊ ရိုဟင်ဂျာတွေ ကို လူ့ဂုဏ်သိက္ခာကင်းမဲ့စေတဲ့ အမုန်းတရားလှုံ့ဆော်ခြင်း အစီအစဉ်တွေမှာ ထည့်သွင်းခြင်းတို့ပဲ ဖြစ်ပါတယ်။
လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ဆောင်ရွက်ချက်တွေ နဲ့ ပတ်သက်ပြီး ဒီအမှုက ညွှန်ပြထည့်သွင်းထားတဲ့
ဖြစ်ရပ်တွေကတော့ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ နဲ့ ၂၀၁၇ ခုနှစ်၊ သြဂုတ်လတို့မှာ ဖြစ်ပွားခဲ့တဲ့ ”နယ်မြေ
ရှင်းလင်းရေး စီမံကိန်း” တွေမှာ ရိုဟင်ဂျာအမျိုးသား၊ အမျိုးသမီးနဲ့ ကလေးသူငယ်ပေါင်းများစွာကို သတ်ဖြတ်ခြင်း၊ ရိုဟင်ဂျာရွာများကို စနစ်တကျ မီးရှို့ခြင်းတို့ ပါဝင်ပါတယ်။ အဲ့ဒီလုပ်ဆောင်ချက်တွေက ရိုဟင်ဂျာ အုပ်စုတစ်စုလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကို ဖြစ်စေ၊ ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ချက်တွေ ရှိနေပါတယ်။ ကလေးသူငယ်များကို ပစ်မှတ်ထားခြင်း၊ မုဒိန်းမှုများ ကျူးလွန်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများစွာ ကျူးလွန်ခြင်းတို့လည်း ပါဝင်ပါတယ်။
လတ်တလော ဖြစ်ပွားနေဆဲ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ လုပ်ဆောင်ချက်တွေ နဲ့ ပတ်သက်လို့ ထောက်ပြထားတာတွေကတော့ ရိုဟင်ဂျာတွေအပေါ် တိုက်ခိုက်မှုတွေ စဉ်ဆက်မပြတ် ပြုလုပ်နေခြင်း၊ နိုဝင်ဘာလ ၂၀၁၈ ခုနှစ် နဲ့ မေလ ၂၀၁၉ ခုနှစ်အကြား ရိုဟင်ဂျာရွာပေါင်း ၃၀ ကျော်ကို ဖျက်ဆီးပစ်ခဲ့ခြင်း၊ ရိုဟင်ဂျာတွေအပေါ် အစာရိက္ခာဖြတ်တောက်ခြင်းတို့ ပါဝင်ပါတယ်။ အချက်အလက် ရှာဖွေရေးမစ်ရှင်ရဲ့ မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ သတိပေးမှုတစ်ခုဖြစ်တဲ့ ရိုဟင်ဂျာပေါင်း ၆ သိန်းကျော်ဟာ မြန်မာနိုင်ငံထဲမှာ ဆက်လက်နေထိုင်လျှက်ရှိပြီး သူတို့တွေကလည်း လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ အန္တရာယ်အောက်မှာ နေနေရတယ်ဆိုတဲ့ သတိပေးမှုကိုလည်း ထည့်သွင်းထားပါတယ်။
၆။ ဂမ်ဘီယာက အသာရခဲ့ရင် အပြည်ပြည်ဆိုင်ရာတရားရုံးက ပြစ်ဒဏ်ကျူးလွန်ခံရသူတွေကို ဘာ သက်သာခွင့်တွေ ပေးနိုင်မလဲ။
ဂမ်ဘီယာနိုင်ငံအနေနဲ့ နိုင်ငံတကာတရားရုံးကနေ မြန်မာနိုင်ငံဟာ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက် က တာဝန်တွေကို ဖောက်ဖျက်ခဲ့ပြီး ဖောက်ဖျက်နေဆဲဖြစ်တယ်လို့ ကြေငြာပေးဖို့ တောင်းဆိုထားပါတယ်။ အခြား တောင်းဆိုထားတာတွေကတော့ လတ်တလော ဖြစ်ပွားနေဆဲ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ လုပ်ဆောင်ချက်တွေကို ရပ်တန်းက ရပ်ပစ်ဖို့၊ တာဝန်တွေကို လေးစားပြီး ရှေ့ဆက်သွားဖို့၊ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သူတွေကို တရားစီရင်စေဖို့၊ လူမျိုးတုန်း သတ်ဖြတ်မှုခံခဲ့ရသူ ရိုဟင်ဂျာတွေကို လုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်လာစေနိုင်ဖို့ အပါအဝင် လျော်ကြေးပေးဖို့နှင့် သူတို့ရဲ့နိုင်ငံသားအခွင့်အရေးနှင့် လူ့အခွင့်အရေးကို လေးစားပြီး ခွဲခြားဆက်ဆံခံရခြင်း၊ နှိပ်စက်ခြင်းနှင့် အခြားလုပ်ဆောင်ချက်တွေကနေ ကာကွယ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို နောက်ထပ် မဖျောက်ဖျက်အောင် သေချာစေဖို့လည်း ဂမ်ဘီယာနိုင်ငံ က တောင်းဆိုခဲ့ပါတယ်။
ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်း အပိုဒ် ၉၄ အရ အဖွဲ့ဝင် နိုင်ငံအားလုံးအနေနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံးရဲ့ ဆုံးဖြတ်ချက် ကို လိုက်နာဖို့ တာဝန်ရှိပြီး လေးစားလိုက်နာခြင်းမရှိလျှင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ မှ စီရင်ချက်သက်ရောက်အောင် အရေးယူဖို့ ဆုံးဖြတ်ပေးနိုင်ပါတယ်။
၇။ အပြည်ပြည်ဆိုင်ရာတရားရုံး ရဲ့ တရားသူကြီးတွေ က ဘယ်သူတွေလဲ။
အပြည်ပြည်ဆိုင်ရာတရားရုံးမှ တရားသူကြီး ၁၅ ဦးပါ အဖွဲ့သည် နိုင်ငံတကာမှ ကမ္ဘာ့အဓိကအကျဆုံးသော ဥပဒေစနစ်များကို ကိုယ်စားပြုထားပါတယ်။ အပြည်ပြည်ဆိုင်ရာတရားရုံးက တရားသူကြီးတွေအနေနဲ့ မည်သည့်အစိုးရရဲ့ လွှမ်းမိုးမှုမှမခံဘဲ အလုပ်လုပ်ရပြီး တာဝန်မထမ်းဆောင်မီကတည်းက “၎င်းတို့၏ အာဏာကို သမာသမတ်ကျကျ တည်ကြည်စွဲကျင့်သုံးပါမည်” ဆိုတဲ့အကြောင်းကို တရားရုံးမှာ အတိအလင်း ကြေငြာရပါတယ်။ တရားသူကြီးတိုင်း ကို ၉ နှစ်တစ်ခါ ရွေးကောက်တင်မြှောက်ပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံးဥပဒေ အပိုဒ်ခွဲ ၃၁ အရ အမှုကိစ္စမှာပါဝင်တဲ့ နိုင်ငံက တရားသူကြီး မရှိဖူးသေးဘူးဆိုရင် ၁၅ ဦးပါ ခုံရုံးမှာ ကိုယ်စားပြု သီးခြားတရားသူကြီးတစ်ဦးကို ထည့်သွင်းခန့်အပ်နိုင်ပါတယ်။
ဂမ်ဘီယာနိုင်ငံအနေနဲ့ တောင်အာဖရိကနိုင်ငံ မှ ဥပဒေပညာရှင် ဒေါက်တာနာဗင်သမ် (နာဗီ) ပီလေး ကို သီးခြားတရားသူကြီးအဖြစ် ခန့်အပ်ပေးရန် တောင်းဆိုခဲ့ပါတယ်။ ပီလေးအနေနဲ့ ရဝမ်ဒါနိုင်ငံဆိုင်ရာ နိုင်ငံတကာ ရာဇဝတ်တရားရုံးနှင့် နိုင်ငံတကာရာဇဝတ်ခုံရုံးတို့မှာ တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အဲ့ဒီနောက်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအဖြစ် ၂၀၀၈ ခုနှစ် မှ ၂၀၁၄ ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဂျာမန်ပညာရှင် ပရော်ဖက်ဆာ ကလော့စ်ခရက်စ် ကို မြန်မာနိုင်ငံ၏ သီးခြား တရားသူကြီးအဖြစ် ခန့်အပ်ပေးရန် တောင်းဆိုခဲ့ပါတယ်။ ခရက်စ်သည် ဂျာမဏီနိုင်ငံ၊ ကိုလုန်းတက္ကသိုလ် မှ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ဥပဒေသိပ္ပံ၏ ဒါရိုက်တာ ပဲဖြစ်ပါတယ်။
၈။ အပြည်ပြည်ဆိုင်ရာတရားရုံးအနေနဲ့ အခြား လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကို
စီရင်ချက်ချခဲ့တာရှိလား။
၂၀၀၇ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာတရားရုံး မှ ဘော့စ်နီးယားနှင့် ဟာဇီဂိုးဗီးနားနိုင်ငံမှ ဆရီဘရင်နီကာ နယ်မြေတွင် ဖြစ်ပွားခဲ့သည့် လူမျိုးတုန်းသတ်ဖြတ်မှု တွင် ဆာဗီးယားနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှု ကာကွယ်ခြင်းတာဝန် ကို ချိုးဖောက်ခဲ့တယ်လို့ အမိန့်ချမှတ်ခဲ့ပါတယ်။ တရားရုံးအနေနဲ့ ဆာဗီးယားနိုင်ငံ ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ကို စီစဉ်ခဲ့သူတစ်ဦးဖြစ်တဲ့ ဆာ့ဗ်-ဘော့စ်နီးယန်းလူမျိုး ဗိုလ်ချုပ် ရာတ်ကိုမလာဒစ် ကို အရေးယူဖို့အတွက် ယူဂိုဆလားဗီးယားနိုင်ငံဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ကို မအပ်နှံနိုင်ခဲ့တဲ့ အတွက် လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ပြစ်ဒဏ်ခတ်မှု ကို ပျက်ကွက်ခဲ့တယ်လို့လည်း အမိန့်ချမှတ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဆာဗီးယားနိုင်ငံ က ၂၀၁၁ ခုနှစ် မှာ ဗိုလ်ချုပ် မလာဒစ် ကို ယူဂိုဆလားဗီးယားခုံရုံး မှာ အပ်နှံခဲ့ရပါတယ်။
၉။ မြန်မာနိုင်ငံက တစ်ဦးတစ်ယောက်ချင်း ပြစ်ဒဏ်ကျူးလွန်ခဲ့သူတွေကို တရားစီရင်စေဖို့ ကြိုးစားအားထုတ်မှုတွေရှိလား။
နိုဝင်ဘာလမှာ နိုင်ငံတကာရာဇဝတ်ခုံရုံး တရားသူကြီးတွေအနေနဲ့ လူသားမျိုးနွယ်အပေါ်မှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအကြောင်း ကို စုံစမ်းဖို့ အခွင့်အာဏာကို တရားလိုတရားသူကြီးဖြစ်တဲ့ ဖာတူဘင်န်ဆူဒါ ကို
ပေးအပ်ခဲ့ပါတယ်။ အထူးသဖြင့် ၂၀၁၇ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ရိုဟင်ဂျာပေါင်း ခုနှစ်သိန်း လေးသောင်းကျော် အဓမ္မမောင်းထုတ်ခံရခြင်းနဲ့ ပတ်သက်လို့ပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ က နိုင်ငံတကာ ရာဇဝတ်ခုံရုံး အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ယခုလို မောင်းထုတ်မှုက နိုင်ငံတကာရာဇဝတ်ခုံရုံး အဖွဲ့ဝင်နိုင်ငံမှာ ပြီးမြောက်ခဲ့တဲ့အတွက် နိုင်ငံတကာရာဇဝတ်ခုံရုံးအနေနဲ့ ဒီကိစ္စကို စီရင်ပိုင်ခွင့်ရှိတယ်လို့ အတည်ပြုထားပါတယ်။ တရားသူကြီးတွေ နိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ တရားစီရင်ဆဲ ကာလအတွင်းမှာ သော်လည်းကောင်း၊ ရခိုင်ပြည်နယ်မှာ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ရှေ့နေဘက်က တင်ပြခဲ့တဲ့အတိုင်း လုံလောက်စွာ ဆက်စပ်မှုရှိနေခဲ့လျှင် သော်လည်းကောင်း၊ အခြားသော ရာဇဝတ်မှုတွေနဲ့ နောင်တချိန်မှာ ကျူးလွန်လာနိုင်မယ့် ရာဇဝတ်မှုတွေကိုပါ စုံစမ်းစစ်ဆေးဖို့ ခွင့်ပြုထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ က ၂၀၁၀ ခုနှစ်မှာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ နိုင်ငံတကာရာဇဝတ်တရားရုံးက ပြဌာန်းထားတဲ့ ရောမဥပဒေရဲ့ အဖွဲ့ဝင်နိုင်ငံ မဟုတ်တဲ့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့သာ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ စိုးရိမ်ဖွယ် ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာရာဇဝတ်ခုံရုံးကိုသာ စုံစမ်းစစ်ဆေးဖို့ လွှဲပြောင်းပေးနိုင်မှာပါ။ နိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ လွှဲပြောင်းချက်က မြန်မာ့တပ်မတော်ရဲ့ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မှာရှိတဲ့ တိုင်းရင်းသားတွေအပေါ်မှာ ကျူးလွန်အသုံးပြုခဲ့တဲ့ ရက်စက်မှုတွေကို လုံးစေ့ပတ်စေ့ ကိုင်တွယ်ဖို့အတွက် အရေးကြီးနေပါတယ်။ နိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ လွှဲပြောင်းချက်က စွပ်စွဲထားတဲ့ မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ကျူးလွန်ခဲ့တဲ့ ဥပဒေနဲ့ငြိစွန်းတဲ့ လုပ်ရပ်တွေကိုလည်း စီရင်ချက်ချဖို့ ခွင့်ပြုမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလမှာတုန်းက ရိုဟင်ဂျာအုပ်စုတစ်စုနဲ့ လက်တင်အမေရိက လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေက မြန်မာ့တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေကို ရခိုင်ပြည်နယ်မှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ် မှုတွေအတွက် အာဂျင်တီးနားနိုင်ငံမှာ အမှုဖွင့်ခဲ့ပါတယ်။ အဲ့ဒီလို အမှုဖွင့်ရာမှာ Universal Jurisdiction ဆိုတဲ့ ဆိုးရွားတဲ့ ရာဇဝတ်မှုတွေအပေါ်မှာ နိုင်ငံတကာက ဝင်ရောက်ကိုင်တွယ်နိုင်မယ့် လမ်းကြောင်း ကို အသုံးပြုထားပါတယ်။
နောက်ဆုံးအနေနဲ့ စက်တင်ဘာလ ၂၀၁၈ ခုနှစ်မှာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက အဆိုးရွားဆုံး နိုင်ငံတကာရာဇဝတ်မှုတွေအတွက် သက်သေတွေကောက်ယူပြီး နိုင်ငံအဆင့်၊ ဒေသအဆင့်နှင့် နိုင်ငံတကာအဆင့် တရားရုံးတွေမှာ လွယ်ကူလျင်မြန် ချောမွေ့စေတဲ့ ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုခြင်းတွေအတွက် အမှုဖွင့်ဖို့ မြန်မာနိုင်ငံအတွက် လွတ်လပ်တဲ့ စုံစမ်းထောက်လှမ်းရေးနည်းလမ်း တစ်ခုကို ဖန်တီးခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ “စုံစမ်းထောက်လှမ်းရေး နည်းလမ်းသစ်ဖော်ဆောင်ပြီး မြန်မာနိုင်ငံကို ခုံရုံးတင်စေခြင်းကို ပြင်းထန်စွာကန့်ကွက်ပြီး အဲ့ဒီနည်းလမ်းကို အသိအမှတ်လည်းမပြုဘဲ ပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘူး” လို့ ကြေငြာခဲ့ပါတယ်။
၁၀။ မြန်မာနိုင်ငံမှာ တရားမျှတမှု အလားအလာရှိလား။
မြန်မာအစိုးရအနေနဲ့ စစ်တပ်က ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို တရားမျှတမှုဖော်ဆောင်ဖို့ ထပ်ခါထပ်ခါ ငြင်းဆိုခဲ့ပါတယ်။
၂၀၁၈ ခုနှစ်၊ ဂျူလိုင်လမှာ အစိုးရက နိုင်ငံတကာက ပညာရှင်နှစ်ဦးပါဝင်တဲ့ “နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး
ကော်မရှင်”ကို ဖွဲ့စည်းခဲ့ပါတယ်။ အဲ့ဒီကော်မရှင်ဥက္ကဌ က”ဘယ်သူ့ကိုမှ အပြစ်တင်မှာမဟုတ်ဘူး… ဘယ်သူ့ကိုမှလည်း လက်ညှိုးထိုးမှာမဟုတ်ဘူး” လို့ ပြောခဲ့ပါတယ်။ ဒီကော်မရှင်အနေနဲ့ ရှာဖွေတွေ့ရှိချက်တွေကို တင်သွင်းရဦးမှာဖြစ်ပြီး တင်သွင်းဖို့လည်း မသေချာပါဘူး။ အဲ့ဒါကြောင့် အဲ့ဒီကော်မရှင်ဟာ ယုံကြည် လက်ခံနိုင်စရာမရှိဘဲ ပြီးခဲ့တဲ့ အခြားသော အစိုးရကော်မရှင်တွေနည်းတူ အောင်မြင်ဖို့ရာ မရှိပါဘူး။ မြန်မာအစိုးရအာဏာပိုင်တွေက သက်သေတွေ ဖျောက်ဖျက်ပစ်ဖို့လည်း လုပ်ဆောင်ခဲ့ပါတယ်။ အထူးသဖြင့် ရိုဟင်ဂျာ ရွာပေါင်းများစွာကို ဘူဒိုဇာထိုးပြီး စစ်တပ်ရဲ့ လမ်းကြောင်းတွေ ဖော်ဆောင်ခဲ့တာပါ။
အင်းဒင်ရွာမှာ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် ထောင်ဒဏ် (၁၀) နှစ်ကျခံ ခဲ့ရတဲ့ တပ်မတော်သား (၇) ယောက်ကို ထောင်ဒဏ် (၇) လပဲ ကျခံစေခဲ့ပြီး ၎င်းတပ်မတော်သားတွေကို၂၀၁၈ ခုနှစ် နိုဝင်ဘာလမှာ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မင်းအောင်လှိုင်က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။ အဲ့ဒီ တပ်မတော်သားတွေက လူသတ်မှုတွေအကြောင်း သတင်းတွေ စုံစမ်းဖော်ထုတ်ရေးသားလို့ နိုင်ငံတော်လျှို့ဝှက်ချက်နဲ့ ထောင်ဒဏ်ကျခံလိုက်ရတဲ့ ရိုက်တာသတင်းထောက် ဝလုံးနဲ့ ကျော်စိုးဦးလောက်တောင် ထောင်ထဲမှာမနေခဲ့ရပါဘူး။ ၂၀၁၉ ခုနှစ်၊ မေလ မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မလွတ်မြောက်မီ ဝလုံးနဲ့ ကျော်စိုးဦးက ထောင်ထဲမှာ ၁၇ လ နေခဲ့ရပါတယ်။ အင်းဒင်ရွာ လူသတ်မှုဖြစ်စဉ်ကို အစိုးရကဆီက မတ်လ ၂၀၁၉ ခုနှစ် မှာ လွှဲပြောင်းစစ်ဆေးခဲ့တဲ့ စစ်ခုံရုံး ရဲ့ အရည်အချင်းကို သံသယ ဖြစ်စေပါတယ်။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလမှာ အစိုးရက နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ ကိစ္စများကို ဖြေရှင်းဆောင်ရွက်နိုင်ရန်၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများကို ဥပဒေအကြောင်းအရ အကြံပြုနိုင်ရန်အတွက် “နိုင်ငံတကာရာဇဝတ်မှု တရားစီရင်ဆိုင်ရာ အထူးအဖွဲ့” ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး မှ ဖွဲ့စည်းကြောင်းကြေငြာခဲ့ပြီး အဲဒီအထဲမှာ တပ်မတော်အရာရှိ (၂) ဦး လည်းပါဝင် ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက ရာဇဝတ်ဆိုင်ရာ တာဝန်ယူမှုတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ က ပြုစုထားတဲ့ အဟန့်အတားတွေအရဆိုရင် မြန်မာနိုင်ငံမှ တရားသူကြီးတွေက အမှီအခိုမကင်းခြင်း နှင့်အတူ လက်ရှိဖွဲ့စည်းပုံနှင့် ဥပဒေလမ်းကြောင်းတွေအရ အရပ်ဖက်အရာရှိတွေက စစ်တပ်နှင့် တပ်မတော်သားတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်ခြင်းများကို မစစ်ဆေးနိုင်တာကြောင့် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးရဲ့ ရှေ့ရေးက သိသိသာသာ မှုန်ဝါးနေပါတယ်။