Skip to main content
Donate Now

မြန်မာ- ဥပဒေမဲ့ လေကြောင်းတိုက်ခိုက်မှုများ ပိုမိုများပြားလာနေ

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ စစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်သင့်

၂၀၂၃၊ အောက်တိုဘာ ၁၀ ရက်၊ မြန်မာနိုင်ငံ၊ လိုင်ဇာမြို့ရှိ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် ဗုံးကြဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် ပျက်စီးခဲ့သော နေအိမ်များ။ © 2023 AP ဓာတ်ပုံ

(ဘန်ကောက်) - ၂၀၂၃တွင် မြန်မာစစ်ကောင်စီမှ တိုင်းရင်းသားလူနည်းစုများနှင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများ နေထိုင်သည့် ကျေးရွာများကို ဥပဒေမဲ့ လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW, Human Rights Watch) မှ ယနေ့ထုတ်ပြန်သည့် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာ ၂၀၂၄ (World Report 2024) တွင် ပြောကြားခဲ့သည်။ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ အဓမ္မဖမ်းဆီးဖျောက်ဖျက်မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ အဓမ္မပြုကျင့်မှုနှင့် လိင်အကြမ်းဖက်မှု၊ မတရားဖမ်းဆီးချုပ်နှောင်မှုများကို လုံခြုံရေးတပ်ဖွဲ့များမှ ကျူးလွန်ခဲ့သည်။

“၂၀၂၁ အာဏာသိမ်းပြီးကတည်းက များပြားလာတဲ့ စစ်ကောင်စီရဲ့ ဥပဒေမဲ့ လေကြောင်းတိုက်ခိုက်မှုတွေက ယိုယွင်းနေတဲ့ မြန်မာ့လူ့အခွင့်အရေး အခြေအနေတွေကို မီးမောင်းထိုးပြနေတဲ့ ဥပမာတွေပါပဲ” ဟု HRW မှ အာရှဒါရိုက်တာ Elaine Pearson က ပြောသည်။ “နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာစစ်တပ်အပေါ် ပိတ်ဆို့အရေးယူမှုတွေ တင်းကျပ်သင့်ပြီး လက်နက်ရောင်းချမှုကို ပိတ်ပင်တားမြစ်ဖို့နဲ့ မြန်မာရဲ့အခြေအနေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC, International Criminal Court) ထံ လွှဲပြောင်းပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UN Security Council) ကို ပြင်းပြင်းထန်ထန် တိုက်တွန်းသင့်တယ်။”

စာမျက်နှာ ၇၄၀ မျက်နှာပါ ကမ္ဘာ့အစီရင်ခံစာ ၂၀၂၄၊ ၃၄ ကြိမ်မြောက်ထုတ်ဝေမှုတွင် HRW မှ နိုင်ငံပေါင်း ၁၀၀ ကျော်၏ လူ့အခွင့်အရေးဆိုင်ရာ ကျင့်ထုံးများကို ပြန်လည်သုံးသပ်ထားသည်။ လူ့အခွင့်အရေး ဖိနှိပ်မှုများနှင့် စစ်အတွင်း လူမဆန်သည့်ရက်စက်ကြမ်းကြုတ်မှုများ သာမက အစိုးရ၏ မျက်နှာလိုက်သော အမျက်ထွက်မှုများ (selective government outrage) နှင့် အပေးအယူ သံခင်းတမန်ခင်း (transactional diplomacy) ကြောင့် အဆိုပါ အပေးအယူတွင် မပါဝင်သော သို့မဟုတ် ထည့်သွင်းစဉ်းစားခြင်းမရှိသော လူတစ်ဦးချင်းစီ၏ အခွင့်အရေးများအပေါ် အကြီးအကျယ် နစ်နာစေသည့်အတွက် ၂၀၂၃ သည် အရေးကြီးသည့်နှစ်ဖြစ်ကြောင်း အမှုဆောင်ဒါရိုက်တာ Tirana Hassan မှ သူမ၏ အဖွင့်အက်ဆေးတွင် ပြောကြားခဲ့သည်။ သို့သော် ပိုမိုအပြုသဘောဆောင်သော လမ်းကြောင်းတစ်ခု၏ အလားအလာကို ပြနေသည့် အားတက်စရာလက္ခဏာများလည်း ရှိသည့်အပြင် အစိုးရများအား ၄င်းတို့၏ လူ့အခွင့်အရေး တာဝန်ဝတ္တရားများကို တစိုက်မတ်မတ် လိုက်နာကြဖို့ တောင်းဆိုချက်များလည်း ရှိကြောင်း သူမက ပြောကြားခဲ့သည်။

ဧပြီလတွင် မြန်မာစစ်တပ်မှ စစ်ကိုင်းတိုင်းတွင် လောင်စာ-လေ ဖောက်ခွဲရေးပစ္စည်းဖြစ်သည့် သာမိုဘားရစ် (Thermobaric) ဗုံးကို အသုံးပြုခဲ့ရာ အရပ်သား ၁၆၀ ကျော် သေဆုံးခဲ့သည်။ အောက်တိုဘာလ ကချင်ပြည်နယ်တွင် ရာနှင့်ချီသော စစ်ဘေးရှောင်အရပ်သားများ နေထိုင်သည့် ကျေးရွာတစ်ရွာကို စစ်တပ်မှ တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁၁ ဦးအပါအဝင် အရပ်သား ၂၈ ဦး သေဆုံးခဲ့သည်။ ၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးကတည်းက စစ်တပ်သည် အရပ်သားတိုက်ခိုက်ရေးသမားခွဲခြားမှုမရှိသော စစ်တပ်သုံးဖောက်ခွဲရေးပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်ကာ လူနေထူထပ်သော ဒေသများတွင် အသုံးပြုခဲ့သည်။

စစ်ဖြစ်ပွားရာဒေသများတွင် အကူအညီများ သေရေးရှင်ရေးတမျှလိုအပ်နေသည့် သန်းနှင့်ချီသော လူများထံ အကူအညီများ မရောက်အောင် စစ်ကောင်စီမှ ပိတ်ဆို့ထားရာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်ရာရောက်သည်။ များပြားလှသည့် လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများကြောင့် လူပေါင်း နှစ်သန်းကျော်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသည်။ အောက်တိုဘာလ ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီဆန့်ကျင့်သည့် ပြည့်သူကာကွယ်ရေးတပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၏ မဟာမိတ်အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများဖြစ်ပွားခဲ့သောကြောင့် လူပေါင်း သောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

မေလတွင် အိန္ဒိယမြောက်ပိုင်းသမုဒ္ဒရာ၏ မှတ်တမ်းတင်ခဲ့ဖူးသမျှ အပြင်းထန်ဆုံး အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းနှစ်ခုထဲမှ တစ်ခုဖြစ်သည့် ဆိုင်ကလုန်းမိုခါကြောင့် ချင်း၊ ကချင်၊ ရခိုင်ပြည်နယ်များနှင့် စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးများတွင် လူပေါင်း ရှစ်သန်းခန့် အိုးအိမ်ပျက်စီးဆုံးရှုံးခဲ့ရသည်။ အကူအညီပေးရေး လုပ်သားများအတွက် ခရီးသွားခွင့်နှင့် ဗီဇာများကို ခွင့်ပြုပေးရန်၊ အကောက်ခွန်နှင့် ဂိုဒေါင်များမှ အရေးပေါ် အထောက်အပံ့များ ထုတ်ပေးရန် သို့မဟုတ် အသက်ကယ်အထောက်အပံ့များ ထုတ်ပေးရာတွင် မလိုအပ်သော ကန့်သတ်ချက်များကို ဖြေလျှော့ပေးရန် စစ်ကောင်စီ အာဏာပိုင်များမှ ငြင်းဆိုခဲ့သည်။

မြန်မာအာဏာပိုင်များကို အရေးယူရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ကြိုးပမ်းအားထုတ်မှုများကို ဗီတိုအာဏာရှိသည့် ရုရှားနှင့် တရုတ်နိုင်ငံများမှ ကာလကြာမြင့်စွာ ပိတ်ဆို့ထားသည်။ စစ်ကောင်စီ၏ လုပ်ရပ်များ ပြောင်းလဲအောင် စစ်ကောင်စီကို ဖိအားပေးရန် အခြားအစိုးရများအနေနှင့် မိမိတို့၏နိုင်ငံတစ်နိုင်ငံချင်းစီမှ ပိတ်ဆို့အရေးယူမှုများကို ချမှတ်ရန် နည်းလမ်းရှာဖွေသင့်သည်ဟု HRW မှ ပြောကြားခဲ့သည်။“မြန်မာနိုင်ငံအတွင်းသို့ လက်နက်များ စီးဝင်ရောက်ရှိမှုကို တားမြစ်ရန်” နိုင်ငံတကာအစိုးရများကို တိုက်တွန်းထားသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ၂၀၂၁ ဆုံးဖြတ်ချက်နှင့်အညီ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေနှင့် လိုက်နာဆောင်ရွက်သင့်သည်။

လက်နက်များနှင့် စစ်တပ်သုံးပစ္စည်းကိရိယာများ ဝယ်ယူရာတွင် စစ်ကောင်စီ အသုံးပြုသော မြန်မာဘဏ်နှစ်ခုကို ပစ်မှတ်ထားပိတ်ဆို့ခြင်း အပါအဝင် အခြားပိတ်ဆို့အရေးယူမှုများကို အမေရိကန်ကဲ့သို့ အခြားအရေးပါသည့်အစိုးရများမှ ပိုမိုတိုးမြှင့်လုပ်ဆောင်ခဲ့သည်။ သြဂုတ်လတွင် စစ်တပ်ပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE, Myanmar Oil and Gas Enterprise) နှင့် ပတ်သက်သည့် ငွေကြေးလွှဲပြောင်းမှုများကို တားမြစ်ရန် အမေရိကန်မှ ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် အီးယူ၊ အမေရိကန်၊ ကနေဒါနှင့် ဗြိတိန်နိုင်ငံများအနေနှင့် ပိုမိုထိရောက်စွာ အတူတကွ ပူးပေါင်းဆောင်ရွက်သင့်ပြီး မိမိတို့၏ လုပ်ဆောင်ချက်များကို တိုးမြှင့်သင့်သည်။ ထို့အပြင် စင်္ကာပူ၊ ထိုင်းအပြင် အခြားမြန်မာ့အိမ်နီးချင်းနိုင်ငံများကိုလည်း စည်းမျဉ်းများနှင့်အညီ လိုက်နာဆောက်ရွက်ကြရန် တိုက်တွန်းသင့်သည်။

ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ၂၀၁၇ လှုပ်ရှားမှုနှင့် ဆက်စပ်သည့် ရာဇ၀တ်မှုများကို ICC မှ လက်ရှိ စုံစမ်းစစ်ဆေးနေသော်လည်း ထိုစစ်ဆေးမှုမှာ နယ်ပယ်အရ ကန့်သတ်ချက်များ ရှိနေသည်။ မြန်မာနိုင်ငံရှိ ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများအားလုံးကို ဖြေရှင်းရန် ICC လွှဲပြောင်းရယူမှုမှာ အရေးကြီးသည်။ သီးခြားအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (UN Independent Investigative Mechanism) သည် အနာဂတ်တွင် လုပ်ဆောင်မည့် တရားစွဲဆိုမှုများအတွက် အထောက်အထားများ ဆက်လက်စုဆောင်းနေပြီ ဖြစ်သည်။

လူမျိုးတုံးသတ်ဖြတ်မှု သဘောတူစာချုပ် (Genocide Convention) အရ မြန်မာနိုင်ငံတွင် တာဝန်ရှိသည်ဟု စွပ်စွဲထားသော အဆိုပါအမှုကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICJ, International Court of Justice) မှ ကြားနာစစ်ဆေးလျက်ရှိသည်။ ဂမ်ဘီယာမှ ၂၀၁၉ တွင် စတင်စစ်ဆေးခဲ့သောအမှုကို နိုဝင်ဘာ ၁၅ တွင် နိုင်ငံ ၆ နိုင်ငံမှ ပူးပေါင်းပါဝင်ပြီး ကိုင်တွယ်စစ်ဆေးလျက်ရှိသည်။

Every piece on our website is resource intensive. If you donate whatever you can today, we will use it to continue investigating abuses and advocate for change in 100+ countries.

Most Viewed