Skip to main content

မြန်မာ - ‘မြေလှန်’ နည်းဗျူဟာများ ပြင်းထန်လာခြင်း

စစ်ကောင်စီ၏ စစ်တပ်မှ အရပ်သားများနှင့် ကျေးရွာများကို ပစ်မှတ်ထားခြင်း၊ အကူအညီများ ပိတ်ဆို့ခြင်း

၂၀၂၄၊ စက်တင်ဘာ ၆ ရက်နေ့က ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာရှိ ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးရသူများ စခန်းကို စစ်တပ်မှ ဗုံးကြဲပြီးနောက် သေဆုံး၊ ဒဏ်ရာရ၊ ပျောက်ဆုံးသူများကို ရှာဖွေနေစဥ်။  © 2024 Stringer/EPA-EFE/Shutterstock

(ဘန်ကောက်၊) - ၂၀၂၄ ခုနှစ်အတွင်း လက်နက်ကိုင်တော်လှန်ရေးနှင့် နယ်မြေဆုံးရှုံးမှုများ ကြီးထွားလာနေချိန်တွင် အတိုက်အခံနယ်မြေများကို ဆန့်ကျင်သည့် “မြေလှန်” နည်းဗျူဟာကို မြန်မာစစ်တပ်မှ အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch, HRW) မှ ယနေ့ ထုတ်ပြန်သည့် ကမ္ဘာ့အစီရင်ခံစာ ၂၀၂၅ တွင် ဖော်ပြထားသည်။ စစ်ဘက်အရပ်ဘက် မခွဲခြားသော လေကြောင်းတိုက်ခိုက်မှုများ၊ သတ်ဖြတ်မှုများ၊ မုဒိမ်းမှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် မီးရှို့မှုများအပါအဝင် အရပ်သားများနှင့် အရပ်ဘက်အခြေခံအဆောက်အအုံများအပေါ် ဥပဒေမဲ့တိုက်ခိုက်မှုများကို စစ်တပ်မှ ကျူးလွန်ခဲ့သည်။ ဤကျူးလွန်မှုများသည် စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ မြောက်သည်။

၃၅ ကြိမ်မြောက်ထုတ်ဝေမှု ဖြစ်သော စာမျက်နှာ ၅၄၆ ပါ ကမ္ဘာ့အစီရင်ခံစာတွင် HRWမှ နိုင်ငံပေါင်း ၁၀၀ ကျော်ရှိ လူ့အခွင့်အရေးဆိုင်ရာ ကျင့်ထုံးများကို သုံးသပ်တင်ပြထားသည်။။ ကမ္ဘာအနှံ့အပြားတွင် နိုင်ငံရေးအတိုက်အခံများ၊ တက်ကြွလှုပ်ရှားသူများနှင့် ဂျာနယ်လစ်များကို အစိုးရများမှ နှိမ်နင်းဖြိုခွဲကာ မတရားဖမ်းဆီး ထောင်ချခဲ့သည့် အကြောင်းကို အမှုဆောင်ဒါရိုက်တာ တီရာနာ ဟာဆန် (Tirana Hassan) မှ အဖွင့်အမှာစကားတွင် ရေးသားထားသည်။ လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတပ်ဖွဲ့များမှ အရပ်သားများကို ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ အများအပြားကို ၎င်းတို့၏ နေအိမ်များမှ နှင်ထုတ်ခြင်းနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ရယူခွင့်ကို ပိတ်ပင်ထားသည်။ ၂၀၂၄ နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲပေါင်း ၇၀ ကျော်ထဲမှ အများအပြားတွင် အာဏာရှင်ခေါင်းဆောင်များမှာ ခွဲခြားဆက်ဆံသောမဲဆွယ်စကားများနှင့် မူဝါဒများဖြင့် လူအများ၏လက်ခံမှုကို ရရှိခဲ့ကြသည်။

“စစ်ကောင်စီဆန့်ကျင်ရေးအဖွဲ့တွေနဲ့ တိုင်းရင်းသားလူနည်းစုတပ်တွေရဲ့ အပြင်းအထန်ခုခံမှုကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာစစ်တပ်က အရပ်သားတွေနဲ့ အရပ်ဘက်အခြေခံအဆောက်အအုံတွေအပေါ် ကြီးလေးတဲ့ရာဇ၀တ်မှုတွေ ကျူးလွန်နေတယ်” ဟု HRW မှ အာရှရေးရာ လက်ထောက် ဒါရိုက်တာ ဘရိုင်ယနီ လောင် (Bryony Lau) က ပြောသည်။ “လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လိုအပ်နေတဲ့သူတွေကို လက်လှမ်းမမီအောင် စစ်ကောင်စီက တားမြစ်ပိတ်ပင်ထားတာကြောင့် ရွာသားတွေရဲ့ ဆင်းရဲဒုက္ခကို ပိုဆိုးသွားစေခဲ့တယ်။”

  • လူနေထူထပ်သောနေရာများတွင် ဖောက်ခွဲရေးလက်နက်များအသုံးပြုပြီး လေကြောင်းနှင့် လက်နက်ကြီးများဖြင့် မြန်မာစစ်တပ်မှ တိုးမြှင့် တိုက်ခိုက်မှုများကြောင့် စစ်ဘက်အရပ်ဘက်မခွဲခြားသော တိုက်ခိုက်မှုများ ဖြစ်ပေါ်နိုင်ခြေကို ပိုတိုးလာစေသည်။ မြန်မာနိုင်ငံသည် တားမြစ်ထားသော ဆင့်ကွဲဗုံးများနှင့် မြေမြှုပ်မိုင်းများကို အသုံးပြုနေသည့် ကမ္ဘာ့နိုင်ငံလေးနိုင်ငံမှ တစ်နိုင်ငံဖြစ်သည်။
  • စစ်ကောင်စီမှ စုပေါင်းပြစ်ဒဏ်ပေးသည့်အနေဖြင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများနှင့် တယ်လီဖုန်းဆက်သွယ်ရေးဝန်ဆောင်မှုများအပေါ် ကန့်သတ်ချက်များကို ပိုမိုတင်းကျပ်လိုက်သည်။ အကူအညီများ ပိတ်ဆို့ခြင်းနှင့် စီးပွားရေး ချွတ်ခြုံကျခြင်းများကြောင့် သန်းနှင့်ချီသော လူများမှာငတ်မွတ်ခေါင်းပါးမှု အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး လူဦးရေ၏တစ်ဝက်ခန့်မှာ ဆင်းရဲတွင်းနက်သထက်နက်ခဲ့သည်။ လူပေါင်း သုံးသန်းကျော်မှာ ပြည်တွင်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်။
  • ဖေဖော်ဝါရီလတွင် စစ်မှုထမ်းခြင်းဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီးနောက် စစ်တပ်အာဏာပိုင်များမှ ငယ်ရွယ်သူများနှင့် ကလေးငယ်များကို ပြန်ပေးဆွဲခြင်းနှင့် မိသားစုဝင်များကို ဖမ်းဆီးခြင်းများဖြင့် အတင်းအကျပ် စစ်သားစုဆောင်းခဲ့သည်။ စစ်သားအဖြစ် အတင်းသွတ်သွင်းခံရသူများကို ရှေ့တန်းစစ်မျက်နှာတွင် လူသားဒိုင်းများနှင့် ပေါ်တာများအဖြစ် အသုံးပြုခဲ့သည်။
  • ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာအရပ်သားများအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ မီးရှို့မှု၊ ဥပဒေမဲ့ လူသစ်စုဆောင်းမှုများကို စစ်ကောင်စီတပ်များနှင့် ရက္ခိုင့်တပ်တော်များမှ ကျူးလွန်ခဲ့သည်။ 

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (United Nations Security Council) အနေနှင့် မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု တားမြစ်ရေး ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုသင့်ကြောင်း၊ စစ်ကောင်စီခေါင်းဆောင်များနှင့် စစ်တပ်ပိုင်ကုမ္ပဏီများကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ ချမှတ်ပြီး နိုင်ငံ၏အခြေအနေအား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) သို့ လွှဲပြောင်းပေးသင့်ကြောင်း HRWမှ ပြောကြားခဲ့သည်။ အကူအညီလိုအပ်နေသော ပြည်သူများအား ပိုမိုထိရောက်စွာ ပံ့ပိုးကူညီနိုင်ရန် အလှူရှင်များအနေဖြင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် နယ်စပ်ဖြတ်ကျော် ကြိုးပမ်းမှုများမှတစ်ဆင့် ပံ့ပိုးကူညီမှုများ၊ အမှီအခိုကင်းသော အဖွဲ့အစည်းများကို ပံ့ပိုးပေးပြီး မြန်မာ့တရားဝင်ဘဏ်စနစ်ပြင်ပရှိ အဆိုပါအဖွဲ့များသို့ ရန်ပုံငွေများ လွှဲပြောင်းခွင့်ပြုသင့်သည်။ 

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.

Most Viewed