Skip to main content

မြန်မာ - ရိုဟင်ဂျာ ဂျန်နိုဆိုက်(လူမျိုးတုံးသတ်ဖြတ်မှု)အတွက် တရားမျှတမှုရောင်နီသန်းပြီ

စစ်တပ်၏ရက်စက်ကြမ်းကြုတ်မှုများကို ကမ္ဘာ့ခုံရုံးက စစ်ဆေးမှုကို အမေးအဖြေဖြင့် တင်ပြခြင်း

သြဂုတ်၂၅၊ ၂၀၁၉ ။ မြန်မာစစ်တပ်၏ လူမျိုးတုံးသတ်ဖြတ်မှု (၂) နှစ်မြောက် ဝမ်းနည်းဖွယ်အထိမ်းအမှတ်အခမ်းအနား ကျင်းပရန် စုစည်းနေကြသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်၊ ယူခီယာ၊ ကူတူပါလောင်ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာဒုက္ခသည်များ။ © 2019 K M Asad/LightRocket via Getty Images

(သဟိတ်မြို့) - ဖေဖော်ဝါရီလ ၂၁၊ ၂၀၂၂ တွင် စတင်မည်ဖြစ်သော အပြည်ပြည်ဆိုင်ရာ တရားရုံးကြားနာမှုများမှာ ရိုဟင်ဂျာတိုင်းရင်းသားများအပေါ် မြန်မာစစ်တပ်၏ရက်စက်ကြမ်းကြုတ်မှုများအတွက် တရားမျှတမှုပေါ်ပေါက်စေရန် အလွန်အရေးကြီးကြောင်း မီးမောင်းထိုးပြနေသည်ဟု လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့နှင့် ကမ္ဘာလုံးဆိုင်ရာ တရားမျှတမှုဌာန(Global Justice Center) တို့မှ ယနေ့ပြောကြားလိုက်သည်။ အပြည်ပြည်ဆိုင်ရာ တရားရုံးလုပ်ထုံးလုပ်နည်းများနှင့်ပတ်သတ်ပြီး ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၁ စစ်အာဏာသိမ်းမှု၏သက်ရောက်မှုများအပါအဝင် ရိုဟင်ဂျာဂျန်နိုဆိုက်အမှုအခင်းတွင် နောက်ဆုံးအခြေအနေများကို ရှင်းပြထားသော အမေးအဖြေစာတမ်းတစ်ခုကို ထိုအဖွဲ့အစည်းနှစ်ခုမှ ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ် ရိုဟင်ဂျာမွတ်စလင်များအပေါ် စစ်တပ်၏ရက်စက်ကြမ်းကြုတ်မှုများမှာ ဂျန်နိုဆိုက်ရာဇဝတ်မှု ကာကွယ်တားဆီးရေးနှင့် အပြစ်ပေးရေးကွန်ဗန်းရှင်းကို ချိုးဖောက်သည်ဟု ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံကို စွပ်စွဲထားသည့်အမှုကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကြားနာမည်ဖြစ်သည်။

“အပြည်ပြည်ဆိုင်ရာ တရားရုံးကြားနာမှုတွေဟာ မြန်မာစစ်တပ် အကြမ်းဖက်တိုင်း ကမ္ဘာကရပ်ကြည့်နေရတဲ့ သံသရာကို ရပ်တန့်စေမယ့် ထင်ရှားတဲ့အမှုရဲ့ခြေလှမ်းတစ်ခုပဲ” ဟု လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့၏ နိုင်ငံတကာတရားမျှတရေး တွဲဖက်ဒါရိုက်တာ နုရှင်း ဆာကာရာတီ(Nushin Sarkarati) က ပြောကြားသည်။ “ဒီအမှုဟာ ရိုဟင်ဂျာတွေအတွက်သာမက မြန်မာတစ်နိုင်ငံလုံးက လူတိုင်းအတွက် တရားမျှတမှုလမ်းကြောင်း ဖောက်ပေးနိုင်လိမ့်မယ်။”

ရခိုင်ပြည်နယ် ရိုဟင်ဂျာမွတ်စလင်များအပေါ် စစ်တပ်၏ရက်စက်ကြမ်းကြုတ်မှုများမှာ ဂျန်နိုဆိုက်ကွန်ဗန်းရှင်းပါ ဥပဒေများစွာကို ချိုးဖောက်နေခြင်းဖြစ်သည်ဟု ဂမ်ဘီယာနိုင်ငံမှ နိုဝင်ဘာ ၂၀၁၉ တွင် အပြည်ပြည်ဆိုင်ရာတရားရုံးသို့ တိုင်ကြားခဲ့သည်။ ထိုအမှုမှာ ဂျန်နိုဆိုက် ကျူးလွန်သူတစ်ယောက်ချင်းစီကို ပြစ်ဒဏ်ထင်ရှားအောင် စွပ်စွဲခြင်း မဟုတ်ဘဲ ဂျန်နိုဆိုက်နှင့်ပတ်သတ်၍ နိုင်ငံတစ်နိုင်ငံ၏တာဝန်ရှိမှုကို ဥပဒေကြောင်းအရ အဆုံးအဖြတ်ပေးနိုင်ရန် ဖြစ်သည်။

မြန်မာပြည်တွင်းတွင် ကျန်ရှိနေသော ရိုဟင်ဂျာများကို ဂျန်နိုဆိုက်မှ အကာအကွယ်ပေးနိုင်ရန် ယာယီစီမံချက်များ ချမှတ်ပေးရန် ဂမ်ဘီယာမှ တောင်းဆိုခဲ့ပြီးနောက် အပြည်ပြည်ဆိုင်ရာတရားရုံးကြားနာမှုများကို ဒီဇင်ဘာ ၂၀၁၉ တွင် စတင်ခဲ့သည်။ ဇန်နဝါရီ ၂၀၂၀ တွင် အဆိုပါယာယီစီမံချက်များကို တရားရုံးမှ ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့သည်။ အပြည်ပြည်ဆိုင်ရာတရားရုံး၏အာဏာပိုင်မှုနှင့် ဂမ်ဘီယာနိုင်ငံ၏တရားစွဲနိုင်ခွင့်ကို မြန်မာအစိုးရမှ ကန့်ကွက်ထားခြင်းများကို မကြာမီ ကြားနာမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာတရားရုံးမှ ချမှတ်ထားသော ယာယီစီမံချက်များအရ ဂျန်နိုဆိုက်နှင့်သက်ဆိုင်သောအမှုများ ထပ်မံမဖြစ်ပွားအောင် မြန်မာအစိုးရမှ  ရိုဟင်ဂျာများကို ကာကွယ်ပေးရန်၊ လုံခြုံရေးတပ်များမှ ဂျန်နိုဆိုက်အမှုများ မကျူးလွန်ရန်နှင့်ဂျန်နိုဆိုက်နှင့်ပတ်သတ်သော အထောက်အထားများ မပျောက်ပျက်အောင် လုပ်ဆောင်ပေးရန် သတ်မှတ်ထားသည်။ မြန်မာနိုင်ငံမှ ထိုအမိန့်ကို တရားဥပဒေအရ လိုက်နာရမည်ဖြစ်သည်။ သို့ရာတွင် မြန်မာပြည်တွင်းတွင် ကျန်ရှိနေသေးသော ရိုဟင်ဂျာ ခြောက်သိန်းကျော် ဆက်လက်ခံစားနေရသော ရက်စက်ကြမ်းကြုတ်မှုများကို လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့နှင့် အခြားအဖွဲ့များမှ မှတ်တမ်းတင်နိုင်ခဲ့သည်။ ထိုမှတ်တမ်းများအရ မြန်မာနိုင်ငံမှာ အပြည်ပြည်ဆိုင်ရာတရားရုံးမှ ချမှတ်ထားသော ယာယီစီမံချက်များကို ချိုးဖောက်နေကြောင်း တွေ့ရသည်။

၂၀၂၁၊ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အစိုးရ၏လုံခြုံရေးတပ်ဖွဲ့များ ကျူးလွန်ခဲ့သော အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ တရားမဝင်ဖမ်းဆီးခြင်းနှင့် အခြားရက်စက်ကြမ်းကြုတ်မှုများမှာ လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ် ရာဇဝတ်မှုများကျူးလွန်ရာရောက်သည်ဟု လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ယုံကြည်သည်။ အာဏာသိမ်းပြီးကတည်းက အရွယ်မရောက်သေးသူ အနည်းဆုံး ၁၀၀ အပါအဝင် လူပေါင်း ၁၅၀၀ ကျော် အသတ်ခံခဲ့ရပြီး တက်ကြွလှုပ်ရှားသူ၊ နိုင်ငံရေးသမားများ၊ ဂျာနယ်လစ်များအပါအဝင် လူပေါင်း ၁၁၀၀၀ ကျော်ကို တရားမဝင်ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ရိုဟင်ဂျာများမှာ ရခိုင်ပြည်နယ်မှ ထွက်ခွာရန် ကြိုးစားခြင်းကြောင့် ပိုမိုတင်းကြပ်သော ရွှေ့ပြောင်းသွားလာခွင့်ကန့်သတ်ချက်များနှင့် ပိုမိုပြင်းထန်သော အပြစ်ပေးမှုများကို ရင်ဆိုင်ခဲ့ရသည်။ ဖိနှိပ်ချုပ်ခြယ်ခြင်း၊ လူမျိုးရေးခွဲခြားခြင်းနှင့် လွတ်လပ်ခွင့်ကို အပြင်းအထန်ထိခိုက်စေသော အဆိုပါအမှုများမှာ လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ် ရာဇဝတ်မှုများကျူးလွန်ရာရောက်သည်။

မြန်မာအစိုးရသည် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာတရားရုံးတွင် တက်ရောက်မည့်အဖွဲ့ခေါင်းဆောင်အဖြစ် ၂၀၁၉ တွင် ခန့်အပ်ခဲ့သည်။ ၂၀၂၁ အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်မှဖမ်းဆီးခဲ့ပြီး စစ်ကောင်စီခုံရုံးတစ်ခုက ထောင်ဒဏ် ၆ နှစ် အပြစ်ပေးခဲ့သည်။ စုစုပေါင်းထောင်ဒဏ် နှစ်ပေါင်း ၁၅၀ ကျော် ကျခံနိုင်ရဖွယ်ရှိတဲ့ လုပ်ကြံဖန်တီးထားသော အမှုပေါင်းများစွာကို သူမ ရင်ဆိုင်နေရသည်။ ၂၀၂၁၊ ဇွန်လ ၂၄ ရက်နေ့တွင် စစ်ကောင်စီက စစ်အစိုးရအရာရှိကြီး ၈ ယောက်ပါဝင်သော အဖွဲ့တစ်ဖွဲ့ကို အပြည်ပြည်ဆိုင်ရာတရားရုံးတက်ရောက်ရန် တာဝန်ပေးခဲ့သည်။

ဖေဖော်ဝါရီလ ကြားနာမှုများတွင် မြန်မာပြည်ဂျန်နိုဆိုက်ကို စစ်ဆေးရန် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် အာဏာပိုင်မှုရှိ၊ မရှိကို မြန်မာနှင့်ဂမ်ဘီယာကိုယ်စားလှယ်များမှ အပြန်အလှန်ဆွေးနွေးကြမည်။ ထိုကြားနာမှုများကို လူကိုယ်တိုင်တက်ရောက်ခြင်းနှင့် အွန်လိုင်းမှကြားနာခြင်း နှစ်မျိုးစပ်ပုံစံဖြင့် ပြုလုပ်မည်ဖြစ်ပြီး တရားရုံး၏ဝက်ဆိုက်နှင့် ကုလသမဂ္ဂအင်တာနက်ရုပ်သံတို့မှ အင်္ဂလိပ်ဘာသာ၊ ပြင်သစ်ဘာသာတို့ဖြင့် တိုက်ရိုက်ထုတ်လွှင့်ပေးမည်။

လက်ရှိအမှုမှာ ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသော ပြစ်မှုများကို အဓိကစစ်ဆေးခြင်းဖြစ်သော်လည်း မြန်မာစစ်တပ်မှာ ရက်စက်ကြမ်းကြုတ်မှုများကို မြန်မာပြည်အနှံ့အပြားတွင် ဆက်လက်ကျူးလွန်နေဆဲ ဖြစ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်၏ မြန်မာနိုင်ငံတဝှမ်းရှိ ပြည်သူများကို တိုက်ခိုက်မှုများမှာ ရိုဟင်ဂျာတို့အပေါ်စစ်တပ်၏ရက်စက်ကြမ်းကြုတ်မှုများကိုပါ ထင်ရှားလာစေသည်။ ထို့ကြောင့် မြန်မာတိုင်းရင်းသားအဖွဲ့အစည်းများမှာ တရားမျှတမှုရရှိရေးအတွက် ပိုမိုစည်းလုံးလာခဲ့ကြသည်။ မြန်မာစစ်တပ်၏နှစ်ရှည်လများ ချိုးဖောက်ခဲ့သော အပြည်ပြည်ဆိုင်ရာပြစ်မှုများကို အသေးစိတ်စစ်ဆေးနိုင်ရန် ဤအမှုက စင်တင်ပေးနိုင်လိမ့်မည်ဟု လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့နှင့် ကမ္ဘာလုံးဆိုင်ရာ တရားမျှတမှုဌာနတို့မှ ပြောကြားသည်။

“မြန်မာစစ်တပ်က အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြသူတွေနဲ့ တိုင်းရင်းသားလူနည်းစုတွေအပေါ် ရက်စက်ကြမ်းကြုတ်နေတုန်းပဲ၊ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ် ကာလသုံးပါးလုံးမှာ ကြမ်းကြုတ်မှုတွေအတွက် ပြန်လည်ပေးဆပ်ရမယ်ဆိုတာ သူတို့ လုံးဝသိသင့်တယ်” ဟု ကမ္ဘာလုံးဆိုင်ရာ တရားမျှတမှုဌာနအကြီးအကဲ အခီလာ ရာဒါခရှစ်နန် (Akila Radhakrishnan) မှ ပြောကြားသည်။ “ဒီကြားနာမှုတွေဟာ မြန်မာပြည်မှာ ဖြစ်ခဲ့တဲ့ပြစ်မှုတွေအတွက် တာဝန်ယူမှု အခြေခံအုတ်မြစ်ကို ချပေးလိုက်တာပဲ၊ ရိုဟင်ဂျာတွေအတွက်သာမက စစ်တပ်လက်ချက်ကြောင့် ခံစားခဲ့ရသူအားလုံးအတွက်ပဲ။”

Your tax deductible gift can help stop human rights violations and save lives around the world.

Donate today to protect and defend human rights

Human Rights Watch operates in over 100 countries, where we work to investigate and document human rights abuses, expose the truth and hold perpetrators to account. Your generosity helps us continue to research abuses, report on our findings, and advocate for change, ensuring that human rights are protected for all.

Tags

Most Viewed