Skip to main content

မြန်မာ့အရေး ပြောဆိုမှုအပေါ် ဂျပန်က စပြောရုံသာ ရှိသေးသည်

တိုကျို၏ မတုန်မလှုပ် ဒစ်ပလိုမေစီသည် အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်နှင့်အတူ ကြီးမားကျယ်ပြန့်သော ချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်နေသည့် တပ်မတော်ကို ပိုမို လုပ်ရဲကိုင်ရဲ ရှိစေလိမ့်မည်။

Published in: Asia Times

ဖေဖော်ဝါရီလ ၁ ရက် မြန်မာစစ်တပ်က အာဏာသိမ်းလိုက်သည့်အချိန်မှစ၍ ဂျပန်အစိုးရသည် အာဏာသိမ်းမှုအပေါ် ၎င်း၏ “အလေးအနက် စိုးရိမ်မှု” ကို ဖော်ပြခဲ့သည်။ တပ်မတော်ဟု ခေါ်သော မြန်မာစစ်တပ်ကို ၎င်းက “မြန်မာနိုင်ငံ၏ ဒီမိုကရေစီနည်းကျသော နိုင်ငံရေး စနစ်ကို အမြန်ဆုံး ပြန်လည်ထိန်းသိမ်းရန်” နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား မတရားဖမ်းဆီးခံထားရသူများကို လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

ဂျပန်က လုံခြုံရေး တပ်ဖွဲ့များ၏ သတ်ဖြတ်ခြင်းခံရသော ဆန္ဒပြသူများအတွက် ဝမ်းနည်းကြောင်းကိုလည်း ပြသခဲ့သည်။ တချိန်တည်းမှာပင် “အရပ်သားများအပေါ် အကြမ်းဖက်မှုများ” ကို “ပြင်းထန်စွာ” ရှုတ်ချသည်။

ထိုကြေညာချက်များသည် အရေးကြီးသော်လည်း အခြား ဒီမိုကရေစီ ထိပ်သီး ၇ နိုင်ငံ၏ အခိုင်အမာ အရေးယူဆောင်ရွက်မှုများနှင့် နှိုင်းယှဉ်ပါက ဂျပန်နိုင်ငံသည် မြန်မာစစ်တပ်ကို ဖိအားပေးရန် ၎င်း၏ စွမ်းအားကို အပြည့်အဝ မသုံးသေးသည်မှာ ရှင်းလင်းထင်ရှားသည်။ ၎င်းက အခြေအနေ “စောင့်ကြည့်”သည့် ချည်းကပ်မှုကိုသာ သုံးစွဲထားသေးသည်။

မြန်မာနိုင်ငံ၏ ဖြစ်ထွန်းစ ဒီမိုကရေစီကို အရေးပေါ် ခြိမ်းခြောက်နေစဉ်အတွင်းတွင် ဂျပန်နိုင်ငံသည် တပ်မတော်ကို ဖိအားပေးရန်နှင့် ဒီမိုကရေစီနည်းကျ အရပ်သား အုပ်ချုပ်ရေးကို ပြန်လည်ရောက်ရှိရန် ၎င်းတွင်ရှိထားသော နည်လမ်းများကို အသုံးပြုသင့်သည်။ မတုန်မလှုပ် ဒစ်ပလိုမေစီသည် အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်နှင့်အတူ ကြီးမားကျယ်ပြန့်သော ချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်နေသည့် တပ်မတော်ကို ပိုမို လုပ်ရဲကိုင်ရဲ ရှိလာစေလိမ့်မည်။ 

ထိုကဲ့သို့ ချည်းကပ်မှုသည် ဂျပန်၏ နိုင်ငံခြားရေး မူဝါဒ အစိတ်အပိုင်း၏ တန်ဖိုးများကို စည်းရုံးလှုံ့ဆော်စဉ်က ၎င်းတို့ကိုယ်တိုင်ပြုလုပ်ထားသည့် ကတိကဝတ်များကိုလည်း သစ္စာဖောက်ရာကျသည်။

အာဏာသိမ်းပြီး တစ်ပတ်ခန့်အကြာတွင် တပ်မတော်သည် နိုဝင်ဘာလ နိုင်ငံတစ်ဝှမ်းရွေးကောက်ပွဲ ရလာဒ်များကို ပယ်ဖျက်လိုက်ပြီး “အရေးပေါ်ကာလ အခြေအနေ” တစ်နှစ်ဟု ကြေညာခဲ့သည်။ နယူးဇီလန်နိုင်ငံက မြန်မာနိုင်ငံနှင့် အဆင့်မြင့် ဆက်သွယ်မှုကို ရပ်ဆိုင်းလိုက်ပြီး စစ်ခေါင်းဆောင်များ လာရောက်ခွင့်ကို ပိတ်ပင်လိုက်သည်။  ဝန်ကြီးချုပ် ဂျာဆင်ဒါ အဒန်းက သူ့အစိုးရအနေဖြင့် “မြန်မာနိုင်ငံသို့ ထည့်ဝင်သော … မည်သည့် ရံပုံငွေကိုမဆို မည်သည့် နည်းနှင့်မျှ စစ်အုပ်စုကို အထောက်အကူမဖြစ်စေရန် အာမခံသွားမည်ဟုလည်း ပြောခဲ့သည်။” 

ရက်များမကြာမီတွင် အမေရိကန် အစိုးရက စစ်တပ်ခေါင်းဆောင်များနှင့် မြန်မာနိုင်ငံရှိ စစ်တပ်ပိုင် ကုမ္ပဏီများအပေါ် ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီး ယခုလတွင် နောက်ဆက်တွဲ အရေးယူမှုများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။

ဩစတေးလျားနိုင်ငံက ကာကွယ်ရေးဆိုင်ရာ ဆက်စပ်မှုများ ကို ရပ်ဆိုင်းပြီး ထောက်ပံ့ကူညီ ထိစပ်မှုများကို အစိုးရမဟုတ်သော အဖွဲ့အစည်းများသို့ ရိုဟင်ဂျာ ဒုက္ခသည်များ အပါအဝင် “အလိုအပ်ဆုံး လူသားချင်းစာနာမှုနှင့် ပေါ်ပေါက်လာနေသော လိုအပ်ချက်များ” အတွက် လွှဲပြောင်း ပေးအပ်နေစဉ်တွင် ယူကေနှင့် ကနေဒါနိုင်ငံတို့ကလည်း အဆင့်မြင့် တပ်မတော် အရာရှိများအပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ ကြေညာခဲ့သည်။ 

ဖေဖော်ဝါရီလအတွင်းက ဥရောပ သမဂ္ဂ၏ နိုင်ငံခြားရေး ဝန်ကြီး ၂၇ ဦးတို့သည်လည်း စစ်တပ်ကုမ္ပဏီများ ပါဝင်ကောင်းပါဝင်လျက် မြန်မာ အာဏာသိမ်းခေါင်းဆောင်များအား ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုများ ချမှတ်သွားရန် သဘောတူခဲ့ကြသည်။ 

မတ်လတွင် တောင်ကိုရီးယား အစိုးရက ကာကွယ်ရေးနှင့် လုံခြုံရေး ဆက်စပ်မှုများကို ရပ်ဆိုင်းလိုက်ပြီး ကမ္ဘာတစ်ဝှမ်း လက်နက်ပိတ်ဆို့မှုတွင် ပူးပေါင်းပါဝင်လိုက်ပြီးနောက် မြန်မာနိုင်ငံသို့ ပေးနေသော ဖွံ့ဖြိုးရေး အကအညီများကို စတင်ကာ သုံးသပ်မှု ပြန်လုပ်ခဲ့သည်။

ထိုအချိန်တွင် ဂျပန်သည် ၎င်း၏ မြန်မာနိုင်ငံသို့ ပေးနေသော တရားဝင် ဖွံ့ဖြိုးရေး ထောက်ပံ့မှုများကို မည်သို့လုပ်ဆောင်မည် အပါအဝင် မည်သည့် အဓိပ္ပာယ်ရှိသော အရေးယူဆောင်ရွက်မှုကိုမျှ လူသိထင်ရှား လုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ပေ။ 

ဆယ်စုနှစ်ပေါင်းများစွာ ဂျပန်သည် မြန်မာနိုင်ငံ၏ အဓိက အလှူရှင်ဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ်အထိတွင် ချေးငွေ ထောက်ပံ့မှုအဖြစ် ယန်း ၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၉.၅ ဘီလီယံ)၊ ထောက်ပံ့မှု အကူအညီအဖြစ် ယန်း ဘီလီယံ ၃၀၀ နှင့် နည်းပညာ ပံ့ပိုးမှု အဖြစ် ယန်း ၈၈ ဘီလီယံ ကို ပေးခဲ့သည်။

နိုင်ငံခြားရေး ဝန်ကြီး တိုရှီမစ်ဆု မိုတာဂျီ (Toshimitsu Motegi) က ဂျပန်ရဲ့ ချည်းကပ်ပုံကို “ဒါဟာ အကူအညီတွေ ဆက်ပေးမယ် ဒါမှမဟုတ် ပိတ်ဆို့အရေးယူမှုတွေ လုပ်မယ်ဆိုတဲ့ ရှင်းလင်းတဲ့ အနေအထားမဟုတ်ပါဘူး” ဟု ဆိုကာ ဂျပန်အနေဖြင့် “မတူကွဲပြားသော ကိစ္စရပ်များ” ကို ထည့်သွင်းစဉ်းစားပြီး “ဆုံးဖြတ်ချက်များ ချမှတ်မည်” ဟု ခုခံကာကွယ်ပြောဆိုခဲ့သည်။

ယခုအချိန်အထိ ဂျပန်က ချမှတ်ခဲ့သော “ဆုံးဖြတ်ချက်” အနည်းငယ်မှာ လုံလောက်မှု မရှိခဲ့ပဲ အချို့မှာ ပြောင်းပြန် သက်ရောက်မှုများပင် ရှိခဲ့သည်။

ယခုလအတွင်း အတည်ပြုရန် ရှိသည့် နိုင်ငံရပ်ခြား ဖွံ့ဖြိုးရေး အကူအညီ (ODA) အစီအစဉ် အသစ်ကို ဂျပန်က သီးခြား ရပ်ဆိုင်းထားခဲ့သော်လည်း လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်းမရှိခဲ့ကြောင်း ဒေသခံ မီဒီယာ တစ်ခုက သတင်းဖော်ပြခဲ့သည်။ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) ၏ မေးမြန်းစုံစမ်းမှုအပေါ် တုန့်ပြန်ချက်အဖြစ် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတစ်ဦးက အစီအစဉ် ရပ်ဆိုင်းထားသည်ဆိုသည့် သတင်းကို ငြင်းပယ်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး အီချီရို မာရူယာမာက ဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံပြီး အခြားသော ကိစ္စရပ်များ အကြားတွင် ဆန္ဒပြသူများအား အကြမ်းဖက်မှု အသုံးပြုခြင်းကို ရှုတ်ချခဲ့သော်လည်း သူ့ကို မြန်မာနိုင်ငံ၏ တရားဝင် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် အသိအမှတ်ပြုခြင်းအတွက် ပြစ်တင်ရှုတ်ချခြင်းခံရသည်။  မိုတာဂျီက ဝဏ္ဏမောင်လွင်ကို “မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးအသစ်” ဟု လည်း ဖော်ပြခဲ့ပြီး နောက်ပိုင်းတွင်မှ “နိုင်ငံခြားရေး ဝန်ကြီးဟု ခေါ်သော စစ်တပ်က ခန့်အပ်ထားသည့် လူပုဂ္ဂိုလ်” ဟု ပြင်ဆင်ခေါ်ဆိုခဲ့သည်။   

တပ်မတော်၏ ချိုးဖောက်မှုများကို ဂျပန်နိုင်ငံက ရေငုံနေခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် တပ်မတော်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ မုဒိန်းကျင့်ခြင်းနှင့် နေရာအနှံ့မီးရှို့ခြင်းများ ကျူးလွန်ခဲ့ခြင်းကြောင့် တိုင်းရင်းသား ရိုဟင်ဂျာ ၇ သိန်းကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မောင်းထုတ်နေသည့်အချိန်တွင် ဂျပန်နိုင်ငံမှာ မြန်မာအစိုးရကို ပစ်တင်ရှုတ်ချခြင်း မပြုပဲ နေခဲ့သည်။ 

၂၀၁၇ ခုနှစ်မှ စ၍ ဂျပန်နိုင်ငံသည် ကုလသမဂ္ဂတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ချမှတ်သော ဆုံးဖြတ်ချက်များတွင် မဲမပေးပဲ နေခဲ့သည်၊ “ရိုဟင်ဂျာ” ဟူသော စကားလုံးကို သုံးရန် ငြင်းဆိုခဲ့သည်၊ ထို့နောက် အသားအရောင်ခွဲခြားပြီး လူသားမျိုးနွယ်ကို ဆန့်ကျင်သော ရာဇဝတ်မှုများကို ကြုံတွေ့ပြီး ကျန်နေသော ရိုဟင်ဂျာများကို ထားရှိထားပြီး စစ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရခိုင်ပြည်နယ်တွင် ပုဂ္ဂလိက ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများကို အားပေးခဲ့သည်။

သံအမတ် မာရူယာမာကလည်း နိုင်ငံတကာ တရားရုံးတွင် မြန်မာဘက်က ရပ်တည်ပြီး ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ပွားခြင်းမရှိကြောင်း ဆုံးဖြတ်စေရန် “ဆုတောင်း” ခဲ့သည်။

မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ တစ်ခုလုံးအတွက် ဂျပန်၏ မတုန်မလှုပ် ဒစ်ပလိုမေစီကိုဖြစ်စေသော အဓိက တွန်းအားမှာ ဒေသအတွင်း တရုတ်နိုင်ငံ၏ ဩဇာ ကြီးထွားလာနေမှု ဖြစ်သည်။ မြန်မာနိုင်ငံကို ဝေဖန်ပြစ်တင်ခြင်းသည် အလိုအလျောက် တရုတ်နိုင်ငံဖက်သို့ တွန်းပို့ရာရောက်သည်ဟု ဂျပန်က ယုံကြည်သည်။ ဂျပန်တို့က ရိုဟင်ဂျာ ပြဿနာတွင် လက်ရှောင်နေခြင်းနှင့် မြန်မာနိုင်ငံတွင် ပြဿနာများ တည်ငြိမ်မှု ရသွားသည်အထိ ယခုအခါ စောင့်ကြည့်နေခြင်းသည် ဂျပန်၏ ရပ်တည်ချက်ကို ရှင်းပြလျက်ရှိသည်။ 

နိုင်ငံရေးသမားဟောင်းနှင့် လက်ရှိ ဂျပန်-မြန်မာ အသင်း ဥက္ကဌ ဟိုင်ဒီယို ဝါတာနာဘေးက အာဏာသိမ်းမှု မဖြစ်မီရက်ပိုင်းတွင် အခြားသော အဆင့်မြင့် တပ်မတော် အရာရှိများနှင့်အတူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံပြီး ဂျပန်နိုင်ငံ၏ ကိုယ်ကိုယ်ကို ကာကွယ်ရေး တပ်ဖွဲ့များနှင့် မြန်မာစစ်တပ်တို့အကြား “ရင်းနှီးမှုကို မြှင့်တင်ရန်” အဘယ်ကြောင့် ဆွေးနွေးခဲ့ကြောင်းကိုလည်း ယင်းကိစ္စက ရှင်းပြနေသည်။ 

နိပွန်ဖောင်ဒေးရှင်း ဥက္ကဌ ယိုဟီ ဆာဆာကာဝါက “တရုတ်နိုင်ငံ၏ ဩဇာပိုမိုများပြားလာမည်” ဖြစ်သော်ကြောင့် မြန်မာနိုင်ငံအပေါ်  နိုင်ငံများက “အရေးပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ” မပြုလုပ်ရန် “ဆုတောင်း” ခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် တပ်မတော်ကို ဂျပန်နိုင်ငံ၏ ပြစ်တင်ဝေဖန်မှုသည် အစဖြစ်သော်လည်း ၎င်းမှာ အခြား ဒီမိုကရေစီ နိုင်ငံများက အရေးယူဆောင်ရွက်ချက်များထက် လွန်စွာ နည်းနေသေးသည်။ 

ဂျပန်အစိုးရသည် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ မဟုတ်သော အကူအညီများကို ချက်ချင်း ရပ်ဆိုင်းရမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ လုံခြုံရေး တပ်ဖွဲ့များအပေါ် ချမှတ်သည် ကမ္ဘာတစ်ဝှမ်း လက်နက်ပိတ်ဆို့မှုကို သာမက မြန်မာစစ်ခေါင်းဆောင်များနှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများအပေါ် ပစ်မှတ်ထား စီးပွား ပိတ်ဆို့အရေးယူမှုကို သက်ဆိုင်ရာ နိုင်ငံများနှင့် ပူးပေါင်းဆောက်ရွက်ရမည်။

Your tax deductible gift can help stop human rights violations and save lives around the world.

Most Viewed