၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ကောက်စစ်ဘဇား၌ ဒုက္ခသည်စခန်းရှိ စားသောက်ဆိုင် တစ်ခုတွင် ရိုဟင်ဂျာဒုက္ခသည်များ ICJ တရားစွဲဆိုခြင်းကို ကြည့်နေကြသည်။

© 2019 Allison Joyce/Getty Images
(၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်၊ ဘန်ကောက်မြို့) -  မြန်မာ အစိုးရအနေဖြင့် ရိုဟင်ဂျာများနှင့် အခြားတိုင်းရင်းသား လူနည်းစုများအပေါ် ၎င်း၏လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် အပြည်ပြည်ဆိုင်ရာ တရားစီရင်မှုအတွက် ၂၀၁၉  ခုနှစ်အတွင်း ဖိအားတိုး၍ရင်ဆိုင်ခဲ့ရကြောင်း (လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့) Human Rights Watch က ၎င်း၏  ၂၀၂၀ ခုနှစ် ကမ္ဘာ့အစီရင်ခံစာ တွင် ယနေ့ ပြောဆိုခဲ့ပါသည်။  ထိုနှစ်အတွင်း အာဏာပိုင်များက  ဖိနှိပ်ချုပ် ချယ်သည့် ပြစ်မှုဥပဒေများကို တိုးမြှင့်၍အသုံးပြုခဲ့သည့်အတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် လွတ်လပ်စွာ  စည်းရုံးခွင့်တို့သည်လည်း သိသာစွာ ချဆင်းခဲ့ပါသည်။ 

 
“ရိုဟင်ဂျာများအပေါ် ဆိုရွားသည့် ရက်စက်ယုတ်မာမှုများအတွက် ၎င်း၏တပ်မတော်အား တာဝန်ခံစေရန်  ပျက်ကွက်မှုက အဆုံး၌ အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေး လုပ်ငန်းစဉ်ကို စတင်ဆောင်ရွက်စေသည်၊” “မြန်မာနိုင်ငံသည် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်း ရှိမရှိနှင့် ရိုဟင်ဂျာများ အပေါ် လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇဝတ်မှုများအတွက် မည်သူ့ကို အရေးယူရမည်ဆိုသည်ကို  ယခု အပြည်ပြည်ဆိုင်ရာ တရားရုံးနှစ်ခုက စစ်ဆေးနေသည်” ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အာရှရေးရာ ဒုတိယ ညွှန်ကြားရေးမှူး (ဖီးလ်  ရော်ဘတ်စင်)  Phil Robertson က ပြောခဲ့ပါသည်။ 
 
၎င်း၏အကြိမ် ၃၀ မြောက် ထုတ်ဝေခြင်းဖြစ်သည့် စာ ၃၃၅ မျက်နှာရှိ ၂၀၂၀ ခုနှစ် ကမ္ဘာ့အစီရင်ခံစာ တွင် နိုင်ငံ ၁၀၀ နီးပါးရှိ လူ့အခွင့်အရေး ကျင့်သုံးမှုများကို လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ သုံးသပ်ထားပါသည်။  ၎င်း၏ နိဒါန်း  စာတမ်းတိုတွင် အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး (ကဲနက် ရော့သ်) Kenneth Roth က အာဏာတည်မြဲနေရေး အတွက် ဖိနှိပ်မှုကို အားထားသည့် တရုတ်အစိုးရသည် ကမ္ဘာတစ်ဝှမ်း လူ့အခွင့်အရေး စနစ်အပေါ် ဆယ်စုနှစ်ပေါင်း များစွာအနက် အပြင်းထန်ဆုံးသော တိုက်ခိုက်မှုကို လုပ်ဆောင်နေသည်ဟု ဆိုသည်။ တရုတ်အာဏာပိုင်များသည်  အခြားအစိုးရများထံမှ ဝေဖန်မှုများကို တားဆီးရန် ၎င်းတို့၏ စီးပွားရေးဆိုင်ရာ သြဇာအာဏာကို အသုံးပြုစဉ်၊  ပေကျင်း၏ လုပ်ဆောင်ချက်များသည် ကမ္ဘာတစ်ဝှမ်းရှိ  အာဏာရှင်ဆန်သည့် သာမန်လူထုအကျိုးကို ရည်မျှော်သည်  ဆိုသောဝါဒီများကိုအားပေးသကဲ့သို့ ၎င်းတို့ထံမှထောက်ခံမှုကိုလည်းရရှိကြောင်း ၎င်းကတွေ့ရှိပါသည်။ ဆယ်စုနှစ်  များစွာကြာ တိုးတက်လာသည့်  လူ့အခွင့်အရေးများနှင့် ကျွန်ုပ်တို့၏ အနာဂတ်ကို  ခြိမ်းခြောက်သည့်  ဤတိုက်ခိုက်မှုကိုခုခံရန် အရေးတကြီး လိုအပ်ပါသည်။  
 
မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်မှုများပြုလုပ်သည်ဟု စွပ်စွဲလျက်  ဂမ်ဘီယာနိုင်ငံမှ တရားစွဲဆိုမှု ကို တုံ့ပြန်ရန် ဒီဇင်ဘာလ ၁၀ ရက်မှ ၁၂ ရက်အထိ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရှေ့မှောက် ရောက်ရှိခဲ့ပါသည်။ ရိုဟင်ဂျာများအပေါ် တပ်မတော်မှ ရက်စက်ယုတ်မာမှုများ ကျူးလွန်ခဲ့ကြောင်း  အထောက်အထား များစွာရှိသော်လည်း ဖိစီးနှိပ်စက်မှုအတွက် စီးလားရိုက်ထားသည့် စည်းရုံးလှုံ့ဆော်မှု မရှိခဲ့ကြောင်း  ကို  မြန်မာနိုင်ငံ၏ တရားဝင်  ဟုတ်သည်ဖြစ်စေ၊  မဟုတ်သည်ဖြစ်စေ လက်တွေ့ အုပ်ချုပ်နေသောခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလျက် လူမျိုးတုံးသတ်ဖြတ်မှုဟူသော   စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပါသည်။ 
 
နိုဝင်ဘာလတွင် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) မှ တရားလိုဘက်ရှေ့နေအား ၂၀၁၆ ခုနှစ် အောက်တိုဘာလမှ စ၍ မြန်မာပြည်ရှိရိုဟင်ဂျာများအား ပြည်နှင်ဒဏ်ပေးခြင်း၊ လူမဆန်သောအခြားလုပ်ရပ်များအပြင် ညှဉ်းပန်း နှိပ်စက်ခြင်း စသည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများဟူသော စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးခွင့်  ပြုလိုက်သည်။  ထိုတရားရုံးက ပြည်နှင်ဒဏ်ပေးခြင်းနှင့် သက်ဆိုင်ရာ အခြားရာဇဝတ်မှုများအပေါ် ၎င်း၏တရား စီရင်ပိုင်ခွင့်ကို  အတည်ပြုပြီးဖြစ်၍ ယင်းကို ICC  အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ၌  ဖြည့်ဆည်းခဲ့သည်ဟု     အမိန့်ချမှတ်ခဲ့သည်။
 
၂၀၁၇ ခုနှစ် သြဂုတ်လတွင် မြန်မာ့တပ်မတော်မှစတင်ခဲ့သည့် လူမျိုးရေးသန့်စင်မှုစည်းရုံးလှုပ်ရှားမှုမှ ထွက်ပြေး ခဲ့ပြီးနောက် လူဦးရေတစ်သန်းခန့်ရှိသော ရိုဟင်ဂျာများသည် ဘင်္ဂလာဒေ့ရှ်နိုင်ငံရှိ စခန်းများတွင် နေထိုင်နေကြသည်။  မြန်မာနိုင်ငံတွင် ကျန်ရစ်ခဲ့သော ခန့်မှန်းခြေ ရိုဟင်ဂျာ ၆၀၀၀၀၀ သည် အစိုးရ၏ ညှဉ်းပန်းနှိပ်စက်မှု၊ အကြမ်းဖက်မှု၊ သွားလာမှုအပေါ် အစွန်းရောက် ကန့်သတ်မှုများနှင့် အစားအစာနှင့် ကျန်းမာရေးစောင့်ရှောက်မှု ချို့ငဲ့ခြင်းတို့ကို ခံစားလျက် ဆိုးရွားသည့် အခြေအနေများတွင်နေလျက် ရှိသည်။
 
မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများအကြား လက်နက်ကိုင်ပဋိပက္ခသည် ၂၀၁၉ ခုနှစ်တွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များတွင် ပိုမိုပြင်းထန်လာခဲ့သည်။ ရခိုင်ပြည်နယ်တွင်၊ အစိုးရမှ အင်တာနက် ဖြတ်တောက်ရန် အမိန့်ပေးခဲ့သည်။ ဇွန်လ ၂၁ ရက်တွင် စတင်ဖြတ်တောက်ခဲ့ပြီး၊ တပ်မတော်နှင့်  တိုင်းရင်းသား ရခိုင်လက်နက်ကိုင်အုပ်စု ရခိုင်တပ်မတော်၏ ပိုမိုပြင်းထန်သော တိုက်ပွဲများကြောင့် ထိခိုက်သည့်  မြို့နယ်လေးမြို့နယ် ပါဝင်ပါသည်။  အထောက်အပံ့များကို ပြင်းထန်စွာ ပိတ်ဆို့ခြင်းများ၊ အမြောက်များဖြင့် မဆင်မခြင် တိုက်ခိုက်ခြင်းနှင့်  အတင်းအကျပ် ပြောင်းရွှေ့စေခြင်း တို့ဖြင့် တိုက်ပွဲဒေသများရှိ အရပ်သားများ  အနေဖြင့် အန္တရာယ်တိုးပွားလျက်ရှိခဲ့သည်။
 
ကမ္ဘာ့ကုလသမဂ္ဂကျောထောက်နောက်ခံ အချက်အလက်ရှာဖွေရေးလုပ်ငန်းသည် စက်တင်ဘာလတွင် ၎င်း၏လုပ်ငန်း   အဆုံးသတ်ခဲ့ပြီး၊ မြန်မာ့တပ်မတော်မှ ရိုဟင်ဂျာ၊ ကချင်၊ ရှမ်းနှင့် ကရင် တိုင်းရင်းသားလူနည်းစုများအပေါ်   ကျူးလွန်ခဲ့သော ကြီးလေးသည့် ရာဇဝတ်မှုများ၏ အထောက်အထားများကို မကြာသေးမီကမှ  လုပ်ငန်းစတင်ခဲ့သော  မြန်မာနိုင်ငံအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ထံ အထောက်အထားစုဆောင်းခြင်း  ဆက်လက် လုပ်ဆောင်ရန်အတွက် လွှဲပြောင်းပေးအပ်ခဲ့ပါသည်။  
 
၂၀၁၉ ခုနှစ်တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှှင့်သတင်းမီဒီယာတို့သည် မြန်မာနိုင်ငံ၌ ခြိမ်းခြောက်မှု အန္တရာယ် အလွန်အမင်းရှိနေခဲ့ပါသည်။ မေလတွင် ရွိုက်တာသတင်းထောက်များဖြစ်သည့် ဝလုံးနှင့် ကျော်စိုးဦးတို့သည် ရက် ၇၀၀ ကျော် တရားရုံးတွင် အမှုရင်ဆိုင်ခြင်းမပြုမီ ထိန်းသိမ်းထားခြင်းနှင့် ထောင်သွင်း အကျဉ်းချခြင်းတို့ ခံရပြီးနောက်  နိုင်ငံတော်သမ္မတမှ လွတ်ငြိမ်းခွင့်ပေးခဲ့ပါသည်။ သို့ရာတွင် ၂၀၁၉ ခုနှစ်တွင် လူပေါင်း ၂၅၀ ကျော်သည် လွတ်လပ်စွာ  ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်သည့် ဥပဒေအမျိုးမျိုးအရ ပြစ်မှုဆိုင်ရာ တရားစွဲဆိုမှုများ  ခံခဲ့ရပါသည်။  ဆန့်ကျင်ဆန္ဒပြသူများသည် ဆန္ဒပြပွဲတစ်ပွဲအတွက် ကြိုတင်ခွင့်ပြုချက်ရရှိရမည်ဟု သတ်မှတ်ထားသော  ငြိမ်းချမ်းစွာစုရုံးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ဥပဒေအရ မကြာခဏ ပစ်မှတ်ထားခံခဲ့ရပါသည်။
 
နိုင်ငံတစ်ဝှမ်းရှိလယ်သမားများသည်လည်း ရပိုင်ခွင့်များကို ဖိနှိပ်ချုပ်ချယ်သည့်ဥပဒေများဖြင့် အခက်အခဲများနှင့်  ရင်ဆိုင်ခဲ့ရပါသည်။ မတ်လတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲရေးဥပဒေ စတင်သက်ရောက်မှု ရှိခဲ့ပြီး “မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း” ဟု သတ်မှတ်ထားသော မြေများတွင် နေထိုင်သူ မည်သူမဆိုအား တရားဝင် ခွင့်ပြုချက် စာရွက်စာတမ်း လျှောက်ထားရန် သတ်မှတ်ခဲ့ပြီး  လိုက်နာရန် ပျက်ကွက်မှုအတွက် ထောင်ဒဏ် သတ်မှတ်ခဲ့ပါသည်။
 
“ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် တပ်မတော်အုပ်ချုပ်စဉ်က  ပြဋ္ဌာန်းခဲ့ သော ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေများကိုပယ်ဖျက်ရန် ကတိပေးခဲ့သည်၊” “သို့သော် ယင်းအစား ၎င်းတို့သည် ထိုဥပဒေများကို ၎င်းတို့ကို ဝေဖန်သူများကို တိုက်ခိုက်ရန် အသုံးပြုလျက်ရှိပြီး ဖိနှိပ်ချုပ်ချယ်သည့် ဥပဒေသစ်များကိုပင် စတင်ခဲ့သည်။” ဟု ရောဘတ်စင်က ပြောပါသည်။