Skip to main content
Donate Now

ဂျပန်မှ ထောက်ပံ့ထားသော သင်္ဘောများကို မြန်မာစစ်တပ်မှ အလွဲသုံးစားလုပ်နေကြောင်း တိုကျို အတည်ပြု

ဂျပန်အနေနှင့် စစ်အစိုးရအား လူသားချင်းစာနာမှု မဟုတ်သည့် အကူအညီများ ရပ်ဆိုင်းသင့်

A Myanmar protester raises three-finger salutes during a rally to mark the second anniversary of Myanmar's 2021 military coup, outside Myanmar’s embassy in Tokyo, February 1, 2023. © 2023 Issei Kato/Reuters

ဂျပန်နိုင်ငံမှ ထောက်ပံ့ထားသော ခရီးသည်တင်သင်္ဘောနှစ်စင်းအား ၂၀၂၂၊ စက်တင်ဘာလအတွင်း ရခိုင်ပြည်နယ်သို့ စစ်သားများနှင့် လက်နက်များ ပို့ဆောင်ရန် သုံးစွဲခဲ့ခြင်းနှင့်ပတ်သတ်၍ မြန်မာစစ်အစိုးရ၏ တုန့်ပြန်ဖြေရှင်းချက်အား လပေါင်းများစွာစောင့်ဆိုင်းခဲ့ရပြီးနောက် ဧပြီလ ၂၆ ရက်နေ့တွင် ထိုကဲ့သို့အလွဲသုံးစားပြုလုပ်ခဲ့သည်မှာ မှန်ကန်ကြောင်း စစ်အစိုးရထံမှ အတည်ပြုဖြေကြားချက်ကို လက်ခံရရှိခဲ့သည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြေညာခဲ့သည်။

ထိုကဲ့သို့ စစ်အစိုးရ၏ အလွဲသုံးစားလုပ်မှုအား ဂျပန်အစိုးရမှ ကန့်ကွက်ကြောင်း၊ မြန်မာစစ်အစိုးရမှလည်း “အဆိုပါလုပ်ရပ်နှင့်ပတ်သက်၍ နောင်တရကြောင်း”၊ “နောက်ထပ် မဖြစ်စေရန် အစွမ်းကုန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း” ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ ၂၀၁၇ နှင့် ၂၀၁၉ အတွင်း ဂျပန်နိုင်ငံမှ ပေးပို့ခဲ့သော ရေယာဉ်သုံးစင်းအနက် နှစ်စင်းကို ၂၀၂၂ စက်တင်ဘာလတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သော ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့သို့ စစ်သားအယောက် ၁၀၀ ခန့်နှင့် စစ်ပစ္စည်းကိရိယာများ ပို့ဆောင်ရန် စစ်အစိုးရမှ အသုံးပြုခဲ့ကြောင်း မြန်မာတာဝန်ရှိသူများမှ အသိပေးအကြောင်းကြားလာခဲ့သည်။ ထိုအကြောင်းကြားစာများကို လေ့လာသုံးသပ်ပြီးနောက် ၂၀၂၂၊ အောက်တိုဘာလတွင် အဆိုပါ အလွဲသုံးစားလုပ်မှုနှင့် ပတ်သက်ပြီး လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) မှ အစီရင်ခံစာတစ်ခု ထုတ်ပြန်ခဲ့သည်။ ပြည်တွင်းမီဒီယာများ၏ အစောပိုင်းသတင်းထုတ်ပြန်မှုများ ထွက်ပေါ်လာသည့်နောက်ပိုင်းတွင် ဂျပန်အစိုးရသည် မြန်မာစစ်အစိုးရထံမှ သက်ဆိုင်ရာ သတင်းအချက်အလက်များ တောင်းဆိုခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လူ ၃၄၀၀ ကျော် သတ်ဖြတ်ခဲ့ကာ၊ ၂၁၀၀၀ ကျော်ကို ဖမ်းဆီးထောင်ချခဲ့ပြီး လက်ရှိ အထိန်းသိမ်းခံရသူ ၁၇၀၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းများအရ သိရသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း စစ်တပ်မှ စစ်ကိုင်းတိုင်းဒေသကြီးတွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အရပ်သားဒါဇင်နှင့်ချီ သေဆုံးခဲ့ပြီး မကွေးတိုင်းတွင် ဂျပန်နိုင်ငံမှ လှူဒါန်းထားသော ဆေးရုံတစ်ရုံကို မီးရှို့ဖျက်ဆီးခဲ့သည်။ မတ်လတွင် ရှမ်းပြည်နယ်ရှိ မြို့တစ်မြို့ကို စစ်တပ်မှ တပ်စွဲခဲ့ပြီး လူ ၂၂ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ရာ အသတ်ခံရသူ အများစုတွင် ညှဉ်းပန်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများတွေ့ရကြောင်း ဆေးမှတ်တမ်းများအရ သိရသည်။

အာဏာသိမ်းမှု မတိုင်ခင်ကလည်း မြန်မာစစ်တပ်သည် လူသားမျိုးနွယ်အပေါ် ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သည်။ ရခိုင်ပြည်နယ်တွင် မူဆလင် လူနည်းစုများအပေါ် ဂျီနိုဆိုက် ရာဇ၀တ်မှုများ ကျူးလွန်ခဲ့ရာ ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ကြရသည်။ ယခုအခါ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများမှာ ရိုဟင်ဂျာ တစ်သန်းနီးပါးရှိပြီး အဆမတန် ပြည့်ကျပ်နေသည်။ ရခိုင်ပြည်နယ်တွင် ကျန်ရှိနေသော ရိုဟင်ဂျာ ၆ သိန်းခန့်မှာလည်း ညှဉ်းပန်းနှိပ်စက်မှုများနှင့် အကြမ်းဖက်မှုများ ခံနေရပြီး ရသင့်ရထိုက်သည့် လွတ်လပ်စွာ သွားလာခွင့်များ မရရှိဘဲ လုံလောက်သော စားနပ်ရိက္ခာ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းမှုအခွင့်အလမ်းများကိုလည်း ပိတ်ပင်ခံထားရသည်။

မြန်မာစစ်တပ်သည် အင်မတန် ဆိုးရွားလှသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်နေသောကြောင့် ဂျပန်အစိုးရအနေဖြင့် စစ်အစိုးရ၏ မရိုးသားသော ကတိက၀တ်များကို လက်ခံခြင်းမပြုဘဲ နိုင်ငံတကာဥပဒေများအား လိုက်နာစေရန် တိုက်တွန်းသင့်သည်။

ဂျပန်အစိုးရ၏လျော့တိလျော့ရဲ တုံ့ပြန်မှုများကြောင့် စစ်အစိုးရသည် ပိုမိုရဲတင်းလာမည်ဖြစ်ပြီး ဂျပန်နိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေကာ ဂျပန်အစိုးရမှ အကူအညီပေးလိုသည့် မြန်မာပြည်သူများနှင့်လည်း မျက်နှာပျက်ရမည် ဖြစ်သည်။ ထို့ကြောင့် ဂျပန်နိုင်ငံအနေဖြင့် မြန်မာအတွက် လူသားချင်းစာနာမှုနှင့် မသက်ဆိုင်သည့် အကူအညီများအားလုံး ရပ်ဆိုင်းသင့်ပြီး စစ်ခေါင်းဆောင်များနှင့် စစ်တပ်ပိုင် လုပ်ငန်းစုများအပေါ် ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုများ ချမှတ်သင့်သည်။

Correction

This article was updated to reflect that Human Rights Watch did not first reveal the September 2022 incident but contributed to reporting following earlier local media reports.

Every piece on our website is resource intensive. If you donate whatever you can today, we will use it to continue investigating abuses and advocate for change in 100+ countries.

Most Viewed