(ပါရီ၊ ဇူလိုင် ၁၉၊ ၂၀၂၂) - ပြင်သစ်ကုမ္ပဏီဖြစ်သည့် တိုတယ်အင်နာဂျီ (TotalEnergies) သည် မြန်မာနိုင်ငံမှ ၂၀၂၂ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့တွင် ပြန်လည်ရုပ်သိမ်းသွားသည့်အခါ ကိုယ့်ပြည်သူကိုယ် သတ်ဖြတ်နေသော အာဏာသိမ်း စစ်အုပ်စုအနေဖြင့် နိုင်ငံ၏အကြီးဆုံး ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ကွက်မှ အကျိုးအမြတ်များ ပိုမိုရရှိလာလိမ့်မည်ဟု လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က ယနေ့ ထုတ်ပြန်သည်။ တိုတယ်အင်နာဂျီ ပိုင်ဆိုင်သည့် အစုရှယ်ယာများကို မိတ်ဖက်ရင်းနှီးမြှုပ်နှံသူ တခြားသုံးခုဖြစ်သည့် အမေရိကန်အခြေစိုက် ရှယ်ဗရွန် (Chevron)၊ ထိုင်းအခြေစိုက် PTTEP နှင့် စစ်အုပ်စုထိန်းချုပ်ခံ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့အကြား အချိုးကျ ပိုင်ဆိုင်ခွင့် ရမည်ဖြစ်သည်။
တိုတယ်သည် မြန်မာနိုင်ငံရှိ ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများကို ခြောက်လအတွင်း ပိတ်သိမ်းထွက်ခွာတော့မည်ဟု ဇန်နဝါရီလအတွင်း ကြေညာခဲ့သည်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆိုးရွားလာနေသော လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေများကြောင့် တိုတယ်အနေဖြင့် “မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်သော ပါဝင်မှုများကို လုံလောက်အောင်ပေးရန် မဖြစ်နိုင်တော့သဖြင့်” ဟု ဆုတ်ခွာရပါသည်ဟု အကြောင်းပြ ထားသည်။ တိုတယ်သည် ရှယ်ဗရွန်၊ PTTEP တို့နှင့် ရတနာ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး စီမံကိန်းတွင် ၁၉၉၀ ပြည့်လွန်နှစ်များကတည်းက ဖက်စပ်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခဲ့သည်။
“တိုတယ်က ပိုင်ဆိုင်ထားတဲ့ အစုရှယ်ရာတွေကို စစ်တပ်ကထိန်းချုပ်ထားတဲ့ ဌာန (MOGE) လက်ထဲ လွှဲပေးလိုက်လို့ရှိရင် စစ်တပ်ဟာ ပိုက်ဆံတွေပိုရလာမယ်။ နိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်တဲ့ကိစ္စတွေကို အခုထက် လက်ရဲဇက်ရဲ ကျူးလွန်လာပါလိမ့်မယ်။ တိုတယ်နည်းတူ ပြန်ဆုတ်သွားဖို့ စဉ်းစားနေတဲ့ တခြားစွမ်းအင်ကုမ္ပဏီတွေ အနေနဲ့လည်း တာဝန်ယူမှုရှိရှိ ဆောင်ရွက်ဖို့၊ စစ်အာဏာသိမ်းအုပ်စုရဲ့ အိတ်ထဲကို ငွေတွေ ထည့်မပေးလိုက်မိစေဖို့ သတိထားသင့် ပါတယ်” ဟု HRW ၏ ပြင်သစ်နိုင်ငံဆိုင်ရာ ဒါရိုက်တာ ဘေနေဒစ် ဂျီနီဟော့ (Bénédicte Jeannerod) က ပြောသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစပြီး မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြသူအားလုံးတို့အပေါ် စစ်တပ်က တစ်ပြည်လုံးအနှံ့ ရက်ရက်စက်စက် ဖြိုခွဲလျက် ရှိသည်။ လူအစုအပြုံလိုက်သတ်သည်။ ညှဉ်းပန်းနှိပ်စက်သည်။ ဥပဒေမဲ့ဖမ်းဆီးသည်။ အရပ်သားမှန်းသိပါလျက်နှင့် တိုက်ခိုက်သည်။ စစ်တပ်က ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျကျူးလွန်နေသည့် ထိုပြစ်မှုများသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှုများနှင့် စစ်ရာဇဝတ်မှုများဖြစ်သည်။ အာဏာသိမ်းစစ်အုပ်စု၏ သစ္စာခံ လက်နက်ကိုင်တပ်များသည် ယနေ့အထိ ပြည်သူ ၂၀၀၀ ကျော်ကို သတ်ဖြတ်ပြီးဖြစ်ကာ လူပေါင်း ၁၄,၀၀၀ ကျော်ကိုလည်း ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ခဲ့၊ ထားဆဲဖြစ်သည်။
တိုတယ်ထွက်ခွာသွားပြီးနောက်တွင် ရတနာစီမံကိန်း၏ ကြီးကြပ်ဆောင်ရွက်သူနေရာကို PTTEP အား လွှဲပြောင်းယူစေရန် ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းပါ ကုမ္ပဏီနှင့်လုပ်ငန်းအားလုံးက သဘောတူ ထောက်ခံခဲ့ကြသည်။ သဘာဝဓာတ်ငွေ့ လုပ်ကွက်မှာရော ပိုက်လိုင်းမှာပါ တိုတယ်၏ ရင်းနှီးမြှုပ်နှံမှုသည် စုစုပေါင်း၏ ၃၁ ဒသမ ၂ ရာခိုင်နှုန်းရှိသည်။ ထိုပမာဏကို ကျန် ရင်းနှီးမြှုပ်နှံသူများထံ ရောင်းချပြီးပါက ရှယ်ဗရွန်သည် အမြတ် ၄၁ ဒသမ ၁ ရာခိုင်နှုန်း၊ PTTEP သည် ၃၇ ဒသမ ၁ ရာခိုင်နှုန်းနှင့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းသည် အမြတ် ၂၁ ဒသမ ၈ ရာခိုင်နှုန်း အသီးသီး ရရှိလိမ့်မည် ဖြစ်သည်။ ရှယ်ဗရွန်သည်လည်း တိုတယ်လိုပင် လုပ်ငန်း ဆက်လုပ်ကိုင်တော့မည် မဟုတ်ကြောင်း ကြေညာထားပြီး ၎င်း၏ အစုရှယ်ရာများကို PTTEP ထံ ရောင်းချမည်ဟု ဆိုထားသည်။ သို့သော် ထွက်ခွာမည့် အစီအစဉ်အသေးစိတ်ကို မထုတ်ပြန်သေးပေ။
စစ်အုပ်စုသည် နိုင်ငံ၏ သဘာဝဓာတ်ငွေ့စီမံကိန်းအရပ်ရပ်မှ နှစ်စဉ် နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော် ရရှိနေသည်။ သဘာဝဓာတ်ငွေ့မှရငွေသည် မြန်မာ့နိုင်ငံခြားဝင်ငွေရရှိမှုများအနက် ထီးထီးကြီးချွန်ထွက်နေသော ငွေရပေါက်ရလမ်းကြီး ဖြစ်သည်။ ဝန်ဆောင်ခ၊ စည်းကြပ်ခွန်၊ မြေငှားခ၊ ဓာတ်ငွေ့ရောင်းချရငွေ စသည့် ခေါင်းစဉ်များဖြင့် ရရှိလာသည့် ထိုငွေကြေးများသည် MOGE ထံသို့လည်းကောင်း၊ ပြည်ပမှာဖွင့်လှစ်ထားသည့် စစ်တပ်ထိန်းချုပ်ခံ အခြား ဘဏ်စာရင်းများထံသို့ လည်းကောင်း အမေရိကန်ဒေါ်လာဖြင့် စီးဝင်လျက်ရှိသည်။ ထိုငွေများကို သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ရခြင်းဖြစ်ပြီး အဓိကအားဖြင့် ထိုင်း၊ တရုတ်နိုင်ငံများသို့ ပိုက်လိုင်းသွယ်တန်းကာ ပေးပို့ရောင်းချခြင်းဖြစ်သည်။
ဥရောပသမဂ္ဂ (အီးယူ) သည် MOGE အပါအဝင် စစ်အုပ်စုထိန်းချုပ်ခံ စီးပွားရေးလုပ်ငန်းများအပေါ် အရေးယူ ဒဏ်ခတ်မှုအသစ်များကို ဖေဖော်ဝါရီ ၂၁ ရက်နေ့စွဲဖြင့် ချမှတ်ခဲ့ရာ MOGE သည် ထိုသို့ အရေးယူခံရသည့် ပထမဆုံးသော အစိုးရလက်အောက်ခံဌာနတစ်ခု ဖြစ်လာသည်။ သို့သော်လည်း လက်ရှိ လုပ်ကိုင်နေဆဲ ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ အစုရှယ်ရာများကို MOGE ထံ စွန့်လွှတ်လိုက်ခြင်း သို့မဟုတ် လွှဲပြောင်းပေးခြင်းကို ခွင့်ပြုချက်ပေးသည့် သဘောဆောင်သော ခွင့်ပြုမိန့်တစ်ခုကိုလည်း ဥရောပသမဂ္ဂက ထုတ်ပြန်ခဲ့ပြန်သည်။
တစ်ချိန်တည်းမှာပင် ဝုဒ်ဆိုက် (Woodside)၊ မစ်ဆူဘီရှီ (Mitsubishi)၊ ပက်ထရိုနက်စ် (Petronas) နှင့် ENEOS တို့အပါအဝင် အခြားကုမ္ပဏီများကလည်း မြန်မာနိုင်ငံရှိ ၎င်းတို့လုပ်ငန်းများမှ အားလုံးမဟုတ်တောင် တစ်စိတ်တစ်ပိုင်းဖြစ်စေ ပြန်ရုပ်သိမ်းတော့မည်ဟူ၍ မကြာမီက ကြေညာခဲ့သည်။ လက်ရှိတွင် ရဲတံခွန် လုပ်ကွက်၏ ကြီးကြပ်ဆောင်ရွက်သူအဖြစ် ပက်ထရိုနက်စ်နေရာတွင် Gulf Petroleum Myanmar က အစားထိုး ဝင်ရောက်လျက်ရှိသည်ဟု Myanmar Now နှင့် Justice for Myanmar တို့၏ အစီရင်ခံမှုများအရ သိရသည်။
နိုင်ငံခြားကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံမှ ပြန်ထွက်ခွာရာတွင် ၎င်းတို့၏လက်ရှိ အစုရှယ်ရာများ သို့မဟုတ် ရင်းမြစ်မူပိုင်ခွင့်များကို ဂေါပကအဖွဲ့တဖွဲ့လက်ထဲ သို့မဟုတ် ကြားခံဘဏ်စာရင်းဖွင့်၍ ထားခဲ့သင့်သည်။ ထိုသို့ဆိုရာတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေရေး သို့မဟုတ် တည်ဆောက်ရေး စီမံကိန်းများ၊ ထုတ်လုပ်ရေး သို့မဟုတ် ပိုက်လိုင်းသွယ်တန်းဖောက်လုပ်ရေး လုပ်ငန်းများတွင် ၎င်းတို့မြှုပ်နှံထားသည့် အစုရှယ်ရာများပါ အကျုံးဝင်သည်။ အဆိုပါ အစုရှယ်ရာများ လွှဲပြောင်းရောင်းချခဲ့ခြင်းမှ ရရှိလာမည့် အမြတ်ငွေများကြောင့် မြန်မာစစ်တပ် အကျိုးစီးပွား ပိုတက်ခြင်းမျိုး မဖြစ်အောင် စီမံဆောင်ရွက်သင့်သည်ဟု HRW က ဆိုသည်။ အကယ်၍ လက်ရှိလုပ်ငန်းလုပ်နေဆဲ ကုမ္ပဏီများအနေဖြင့် ၎င်းတို့ပိုင် အစုရှယ်ရာများကို တခြားကုမ္ပဏီတစ်ခုခုထံ မဖြစ်မနေရောင်းချမည် သို့မဟုတ် လက်လွှဲပေးတော့မည်ဟု ဟု ဆုံးဖြတ်ပါက လွှဲပြောင်းလက်ခံယူမည့် ကုမ္ပဏီများသည် နိုင်ငံတကာ၏ ဒဏ်ခတ်ပိတ်ဆို့မှု ဆုံးဖြတ်ချက်များကို လေးစားပြီးလျှင် စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာစံနှုန်းများကို လိုက်နာသော လုပ်ငန်းများ ဖြစ်မဖြစ်ကို ဂရုတစိုက်ရွေးချယ်ဖို့လိုသည်။
ထိုသို့ ဆောင်ရွက်ခြင်းအားဖြင့် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂလမ်းညွှန်မူဝါဒများက ပြဋ္ဌာန်းထားသော ကုမ္ပဏီတို့လိုက်နာရမည့် တာဝန်ဝတ္တရာများကို လိုက်နာဆောင်ရွက်ပြီး ဖြစ်ပေလိမ့်မည်။ အဆိုပါပြဋ္ဌာန်းချက်အရ အကယ်၍ ကုမ္ပဏီတစ်ခု၏အမြင်တွင် မိမိ၏စီးပွားရေးလုပ်ငန်း ဆောင်ရွက်ချက်များသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အားပေးအားမြှောက်ပြုသလို ဖြစ်နေသည်ဆိုပါက ကုမ္ပဏီဘက်က စဉ်းစားရမည့် “သင့်လျော်သောအရေးယူဆောင်ရွက်ချက်” တစ်ခုရှိသည်။ ၎င်းမှာ “အဆိုပါလုပ်ငန်းကို ဆက်မလုပ်တော့ဘဲ မိတ်ဖက်ဖြစ်သူနှင့် လမ်းခွဲလိုက်ခြင်းအားဖြင့် ပိုကောင်းသွားရမည့်အစား မလိုလားအပ်သည့် လူ့အခွင့်အရေးအကျိုးဆက်များ (မရည်ရွယ်ဘဲ) ပေါ်ထွက်လာမည်လား” ဟု စဉ်းစားသုံးသပ်ရန် ဖြစ်သည်။
ထိုကိစ္စအပေါ် အရေးတယူရှိသည့် အစိုးရအဖွဲ့များအနေဖြင့် ဥရောပသမဂ္ဂလမ်းစဉ်ကို လိုက်၍ MOGE ကို ဒဏ်ခတ်ပိတ်ဆို့သင့်သည်၊ တစ်ချိန်တည်းမှာပင် ကုမ္ပဏီများအနေဖြင့် ၎င်းတို့ပိုင်ဆိုင်မှုများ စစ်အုပ်စုထံ လွှဲပြောင်းပေးခြင်းကို တားမြစ်ကြောင်းလည်း အတိအကျ ထုတ်ပြန်သင့်သည်ဟု HRW က ဆိုသည်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုအနေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုများကို ချမှတ်ရေးတွင် ဦးဆောင်သင့်သည်။ အကြောင်းမှာ သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ငွေပေးချေမှုများကို (အမေရိကန်မဟုတ်သော ကုမ္ပဏီများ၏ ငွေပေးချေမှုများမှာပင်) အမေရိကန် ဒေါ်လာဖြင့် ပြုလုပ်နေကြ ခြင်းကြောင့် ဖြစ်သလို ဒေါ်လာ သို့မဟုတ် ယူရိုငွေဖြင့် ပမာဏကြီးကြီး ငွေချေခြင်းများကို ကြားခံ အမေရိကန်ဘဏ် သို့မဟုတ် အီးယူဘဏ်များဘက်က အတည်ပြုပေး၊ မီးစိမ်းပြပေးရခြင်းကြောင့် ဖြစ်သည်။ ထို့ပြင် စစ်အုပ်စုအနေဖြင့် အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ဥပါယ်တမျဉ်ဖြင့် ရှောင်လွှဲချိုးဖောက်၍ မရနိုင်အောင်လည်း ထပ်တိုးဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သင့်ပေသည်။
ယခုအခါ PTTEP နှင့် တောင်ကိုရီးယား၏ ပေါ်စကို (POSCO) တို့မှာ မြန်မာနိုင်ငံတွင် ကျန်နေသေးသည့် အဓိက စွမ်းအင်ကုမ္ပဏီကြီး နှစ်ခုဖြစ်သည်။ ၎င်းတို့အနေဖြင့် အဆိုပါ ဒဏ်ခတ်အရေးယူမှုကိစ္စကို ထောက်ခံကြောင်း ပြသသင့်သည်။ စစ်အုပ်စုထိန်းချုပ်ထားသော ဘဏ်ငွေစာရင်းများထဲသို့ အများဆုံးစီးဝင် နေသော သဘာဝဓာတ်ငွေ့ ရောင်းချရငွေများမှာ PTTEP ၏ မိခင်ကုမ္ပဏီဖြစ်သော PTT ထံမှ လာခြင်း ဖြစ်သည်။ ထိုကုမ္ပဏီသည် ရတနာနှင့် (PTT ကိုယ်တိုင်ကိုင်တွယ်သည့်) ရဲတံခွန် ဓာတ်ငွေ့ တူးဖော်ရေး လုပ်ကွက်များမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များ၏ ၈၀ ရာခိုင်နှုန်းဝန်းကျင်ကို ဝယ်ယူသူဖြစ်သည်။ ဓာတ်ငွေ့မကျန်သလောက်နီးနီးဖြစ်နေသည့် ရဲတံခွန်ကို ဆက်မလုပ်ကိုင်တော့ဟု PTTEP က ဧပြီလအတွင်း ကြေညာသည်။ ပေါ်စကိုသည် ဒုတိယအကြီးဆုံး စီမံကိန်းဖြစ်သည့် ‘ရွှေ’ စီမံကိန်းကို လုပ်ကိုင်လျက်ရှိသည်။
အဆိုပါကုမ္ပဏီများအားလုံးနှင့်တကွ ၎င်းတို့၏ ရှယ်ရာဝင်သူအားလုံးအနေဖြင့် သဘာဝဓာတ်ငွေ့မှ ရောင်းချရငွေများ ထိန်းချုပ်ရေးအပေါ် ထောက်ခံကြရန် HRW အဖွဲ့က စာရေးသား တောင်းဆိုခဲ့ပြီး ဖြစ်သည်။ ထို့အပြင် အမေရိကန်၊ ယူကေ၊ ဩစတြေးလျ နှင့် ဂျပန်အပါအဝင် အခြားသော အစိုးရအဖွဲ့များ အနေဖြင့်လည်း အီးယူကို နမူနာယူပြီးလျှင် MOGE စသည့် မြန်မာ စစ်တပ်ပိုင် လုပ်ငန်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့ပေးရန်လည်း HRW က တိုက်တွန်းထားသည်။
“အမေရိကန်နှင့် အခြားနိုင်ငံအစိုးရတွေကလည်း အီးယူရဲ့ဦးဆောင်မှုကို လိုက်သင့်ပါတယ်။ လူ့အခွင့်အရေး အလေးမထားတဲ့ ကုမ္ပဏီတွေလက်ထဲ ငွေပေးချေရမယ့်တာဝန်တွေ ရောက်မသွားခင် ဒါကို လုပ်ဆောင်သင့်ပါတယ်။ စစ်တပ်လက်ထဲ သန်းနဲ့ချီတဲ့ သဘာဝဓာတ်ငွေ့ရောင်းရငွေတွေ မရောက်အောင် ဖြတ်တောက်ဖို့ လုပ်သင့်တာမှန်သမျှ ချက်ချင်းလုပ်သင့်ပါတယ်။ မြန်မာတစ်ပြည်လုံးမှာ သူတို့ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် စစ်ခေါင်းဆောင်တွေဟာ စီးပွားရေးပြစ်ဒဏ်တွေ တန်ပြန်ခံစားရဖို့ လိုနေပါပြီ” ဟု ဂျီနီဟော့က ပြောသည်။