(နယူးယောက်) – မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်စလင်များအပေါ် လူမျိုးသန့်စင်ရှင်းလင်းမှုပြုလုပ်ရာ၌ လက်နက်တစ်ခုအဖြစ် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား ကျယ်ကျယ်ပြန့်ပြန့်မုဒိမ်းပြုကျင့်မှုကို မြန်မာ့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျူးလွန်ခဲ့ကြသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) က ယနေ့ထုတ်ပြန်သည့် အစီရင်ခံစာတစ်စောင်တွင် ဆိုထားသည်။

စာမျက်နှာ ၃၇ မျက်နှာရှိသည့် “ကျွန်မတစ်ကိုယ်လုံးခံစားရတာနာကျင်မှု - မြန်မာနိုင်ငံ၌ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား လိင်ပိုင်းအကြမ်းဖက်မှု” ဟု အမည်ပေးထားသည့် အဆိုပါအစီရင်ခံစာတွင် ရိုဟင်ဂျာအမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် မြန်မာ စစ်တပ်၏ အုပ်စုဖွဲ့မုဒိမ်းကျင့်မှုများနှင့်တကွ အကြမ်းဖက်မှု၊ ရက်စက်မှုနှင့် ဂုဏ်သိက္ခာကျဆင်းအောင် ကျူးလွန်မှုများကို မှတ်တမ်းတင်ထားသည်။ မိမိတို့၏ကလေးငယ်များ၊ အိမ်ထောင်ဖက်များနှင့် မိဘများအပေါ် သတ်ဖြတ်သည်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်ဟု အမျိုးသမီးအများအပြားက ဖော်ပြထားသည်။ မုဒိမ်းပြုကျင့်ခံခဲ့ရပြီး လွတ်မြောက်ခဲ့သူများသည် လိင်အင်္ဂါများ ရောင်ရမ်းပြီး စုတ်ပြဲလျက်အနေအထားဖြင့် ဘင်္ဂလားဒေ့ရှ်သို့ ရက်ပေါင်းများစွာကြာအောင် လမ်းလျှောက်ထွက်ပြေးခဲ့သည့်အချိန်တွင် ဆင်းရဲဒုက္ခကိုခံစားခဲ့ရကြောင်း ပြန်လည်ပြောပြထားကြသည်။

“ရိုဟင်ဂျာတွေအပေါ် မြန်မာတပ်မတော်ရဲ့ လူမျိုးသန့်စင်ရှင်းလင်းရေးလုပ်ရာမှာ မုဒိမ်းကျင့်တဲ့နည်းဟာ အဓိက လက်နက်တစ်ခုဖြစ်ပြီး ထိခိုက်မှုကြီးတဲ့ လက္ခဏာရပ်တစ်ခုအဖြစ်မြင်ရပါတယ်။ မြန်မာတပ်မတော်ရဲ့ အရိုင်းအစိုင်းဆန်ဆန် အကြမ်းဖက်အပြုအမူတွေကြောင့် မရေမတွက်နိုင်တဲ့ အမျိုးသမီးကြီးငယ်တွေဟာ ပြင်းထန်ရက်စက်တဲ့ ဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်ရသလို သေရာပါထိတ်လန့်ဒဏ်ရာတွေလည်း ရသွားကြပါတယ်”ဟု အမျိုးသမီး အခွင့်အရေး အရေးပေါ်ဆိုင်ရာ သုတေသီ စကိုင်း ဝှီလာ က ပြောသည်။

မြန်မာတပ်မတော်သည် ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၇ ရက်နေ့မှပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာအများစု နေထိုင်သည့် ရာနှင့်ချီသောကျေးရွာများ၌ သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊  လက်လွတ်စပယ်ဖမ်းဆီးခြင်း၊ နေအိမ်များကို အကြီးအကျယ် မီးရှို့ဖျက်ဆီးခြင်းများကို ကျူးလွန်ခဲ့သည့်နောက် ရိုဟင်ဂျာ ၆၀၀,၀၀၀ ကျော်တို့မှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ရသည်။ ထိုသို့ ကျူးလွန်ချိုးဖောက်ခဲ့မှုများသည် နိုင်ငံတကာဥပဒေအရ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုမြောက်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့် လေ့လာရေးအဖွဲ့က တွေ့ရှိရသည်။ ထိုသို့ စစ်ဆင်ရခြင်းမှာ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဟုခေါ်သော ARSA လက်နက်ကိုင်တပ်ဖွဲ့က လုံခြုံရေးကင်းစခန်း ၃၀ နှင့် တပ်မတော် အခြေစိုက်စခန်းတစ်ခုတို့အား တိုက်ခိုက်ခဲ့သဖြင့် မြန်မာ့လုံခြုံရေးအရာရှိ ၁၁ ဦးသေဆုံးခဲ့ရသည့်အပေါ် လက်တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ မုဒိမ်းပြုကျင့်ခံရပြီးနောက် မသေဘဲ ထွက်ပြေးလွတ်မြောက်လာသူ ၂၉ ဦး (၎င်းတို့အနက်မှ သုံးဦးမှာ အသက် ၁၈ နှစ်အောက်) အပါအဝင် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးလာခဲ့သည့် ရိုဟင်ဂျာအမျိုးသမီးနှင့် မိန်းကလေးငယ် ၅၂ ဦး၊ လူသားချင်း စာနာမှုဖြင့် အကူအညီပေးသည့် အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အေဂျင်စီများ၊ ဘင်္ဂလားဒေ့ရှ်အစိုးရစသည်တို့မှ ကိုယ်စားလှယ် ၁၉ ဦး ကို လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က တွေ့ဆုံမေးမြန်းခဲ့သည်။ မုဒိမ်းပြုကျင့်ခံရပြီး လွတ်မြောက်လာသူများမှာ ရခိုင်ပြည်နယ်ရှိ ကျေးရွာ ၁၉ ရွာမှဖြစ်သည်။

မြန်မာစစ်သားများသည် ကျေးရွာများထဲသို့ဝင်ရောက်စီးနင်းစဉ်အတွင်းမှာရော၊ ထိုသို့မစီးနင်းမီ ရက်သတ္တပတ် များအတွင်းမှာရော အမျိုးသမီးနှင့်မိန်းကလေးငယ်များအား အကြိမ်ကြိမ်နှောင့်ယှက်စော်ကားမှုများ ပြုလုပ်ပြီးနောက် မုဒိမ်းပြုကျင့်ခဲ့ကြောင့် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က လေ့လာတွေ့ရှိခဲ့သည်။ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့အား ပြန်ပြောပြသည့် ဖြစ်စဉ်တိုင်းတွင် မုဒိမ်းပြုကျင့်သူများသည် မြန်မာနိုင်ငံ၏ လုံခြုံရေးတပ်ဖွဲ့ဝင် ယူနီဖောင်းဝတ်ထားသူများဖြစ်ကြပြီး အားလုံးနီးပါးမှာ တပ်မတော်သားများဖြစ်နေကြသည်။ ရခိုင်တိုင်းရင်းသား ရွာသားများသည် ရိုဟင်ဂျာအမျိုးသမီးများနှင့် မိန်းကလေးငယ်များအား လိင်ပိုင်းအရ နှောင့်ယှက်ခဲ့ကြပြီး မြန်မာစစ်တပ်နှင့် နှစ်ဖက်ညှိကာကျူးလွန်ခဲ့သည်ဟု ယူဆရသည်။ အများအားဖြင့် ၎င်းတို့နေအိမ်များမှ ပစ္စည်းများကိုလုယက်ခြင်းကိုပါ တစ်ပါတည်း တွဲလုပ်လေ့ ရှိကြသည်။

မောင်တောမြို့နယ် ဟာသီပါရကျေးရွာမှ အသက် ၁၅ နှစ်အရွယ် ဟာလာ ဆာဒက် (Hala Sadak) အား စစ်သားများက အဝတ်အစားများချွတ်ပစ်ပြီး နေအိမ်မှအနီးအနားရှိ သစ်ပင်တစ်ပင်သို့ခေါ်သွားကာ ခန့်မှန်းခြေ လူ ၁၀ ယောက်ခန့်က နောက်ကျောဖက်မှနေ၍ မုဒိမ်းကျင့်ကြသည်ဟု ကာယကံရှင်က ပြောသည်။ “သူတို့က ကျွန်မကို ရောက်နေတဲ့နေရာမှာပဲ ထားပစ်ခဲ့ကြတယ်… ကျွန်မ အစ်ကိုနဲ့အစ်မ ကျွန်မကိုခေါ်ဖို့လာတော့ ကျွန်မ အဲဒီမှာ မြေကြီးပေါ်လဲနေတယ်။ သူတို့က ကျွန်မ သေပြီထင်သွားကြတာ”ဟု ၎င်းက ပြောသည်။

အမှုတစ်ခုမှလွဲလျှင် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ထံ တင်ပြသည့်မုဒိမ်းမှုအားလုံးသည် အုပ်စုဖွဲ့မုဒိမ်းကျင့်သည့် ဖြစ်စဉ်များဖြစ်သည်။ “အစုလိုက်အပြုံလိုက်မုဒိမ်းကျင့်”သည်ဟု တင်ပြထားသည့် အမှုခြောက်ခုတွင် ပြုကျင့်ခံခဲ့ရပြီး အသက်မသေခဲ့သူများက ပြောသည်မှာ စစ်သားများသည် ရိုဟင်ဂျာအမျိုးသမီးများနှင့် မိန်းကလေး ငယ်များကို အုပ်စုခွဲ၍ထားပြီး တစ်ဦးချင်းအနေဖြင့်ဖြစ်စေ၊ အုပ်စုဖွဲ့၍ဖြစ်စေ မုဒိမ်းကျင့်သည်ဟု ဆိုသည်။ တွေ့ဆုံမေးမြန်းခဲ့သူ အများအပြားကမူ စစ်သားများက မိမိတို့မိသားစုတင်များကို သတ်ဖြတ်ပစ်နေသည်ကို မြင်ရခြင်းမှာ ဖြစ်ခဲ့သည့် တိုက်ခိုက်မှုများ၏ စိတ်ခြောက်ခြားစရာအကောင်းဆုံး အပိုင်းဖြစ်သည်ဟုလည်း ပြောသည်။ စစ်သားများသည် ကလေးငယ်လေး၏ ဦးခေါင်းကို သစ်ပင်နှင့် ကိုင်ဆောင့်ခြင်း၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုမိဘများအား မီးလောင်နေသည့်နေအိမ်များအတွင်းသို့ ပစ်သွင်းခြင်း၊ လင်ယောက်ျားများကို သေနတ်ဖြင့်ပစ်သတ်ခြင်းများကို ကျူးလွန်ခဲ့သည်ဟု ၎င်းကတို့ ပြောသည်။

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များအရေး ဆောင်ရွက်နေသည့် လူသားချင်းစာနာသည့်အကူအညီပေးရေးဆိုင်ရာ အဖွဲ့အစည်းများကလည်း ရာနှင့်ချီသော မုဒိမ်းမှုများကို တင်ပြကြသည်။ ၎င်းအမှုအရေအတွက်မှာ အမှန်တကယ် ဖြစ်ပွားခဲ့သည့် အမှုအရေအတွက်၏ အစိတ်အပိုင်းကလေးတစ်ခုကိုသာ ကိုယ်စားပြုလိမ့်မည်ဟု ယူဆရသည်။ အကြောင်းမှာ မုဒိမ်းပြုကျင့်ခံရသည်ဟု ဆိုထားသည့် အမှုများအနက် အရေအတွက်တော်တော်များများတွင် မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးများမှာ အသတ်ခံခဲ့ရခြင်း၊ အထူးသဖြင့် လျှို့ဝှက်လုံခြုံမှု နည်းပြီး လူများပြည့်ကျပ်နေသော အရေးပေါ်ကျန်းမာရေးဆေးခန်းများ၌ ၎င်းတို့လိင်ပိုင်းအကြမ်းဖက်ခံခဲ့ရသည်ကို တင်ပြရန်အတွက် ရှက်စရာတစ်ခုအဖြစ် ထင်မြင်ယူဆထားခြင်း စသည်တို့ကြောင့်ဖြစ်သည်။ တွေ့ဆုံမေးမြန်းခဲ့သည့် မုဒိမ်းပြုကျင့်ခံခဲ့ရသူများ၏ သုံးပုံနှစ်ပုံက ၎င်းတို့ ကြုံတွေ့ခဲ့သည့်ကို အာဏာပိုင်များအားဖြစ်စေ၊ လူသားချင်းစာနာမှုအဖွဲ့အစည်းများအားဖြစ်စေ ပြောပြတိုင်တန်း ခဲ့ခြင်းမရှိပါဟု ဖြေကြားကြသည်။

မုဒိမ်းပြုကျင့်ခံခဲ့ရသူ အများအပြားတွင် စိတ်မူမမှန် သို့မဟုတ် စိတ်ကျသည့် လက္ခာဏာများမြင်ရပြီး မလိင်အင်္ဂါ စုတ်ပြဲခြင်း၊ သွေးထွက်ခြင်း၊ ပိုးဝင်ခြင်းများအပါအဝင် ဆေးဝါးကုသမှုမခံယူရသေးသည့် ဒဏ်ရာများလည်း တွေ့ရသည်။

“သွေးပျက်စရာကောင်းလောက်တဲ့ အခု အရေးအခင်းမှာ စိတ်နှလုံးကြေကွဲစရာမြင်ရတာ တစ်ခုကတော့ ရိုဟင်ဂျာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ ရုပ်ပိုင်း၊ စိတ်ပိုင်း ထိခိုက်နာကျင်မှုတွေ နက်နက်ရှိုင်းရှိုင်း ခံစားနေရပြီး လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေမရတာပဲဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေနဲ့ အကူအညီပေးရေး အဖွဲ့တွေအနေနဲ့ ရိုဟင်ဂျာတွေထဲက အောက်ခြေလူထုထိ ရောက်ရှိလက်လှမ်းမီအောင် ပိုမို လုပ်ဆောင်ဖို့လိုနေသလို လိင်ပိုင်းအကြမ်းဖက်စော်ကားခံရတဲ့သူတွေ စိတ်ချလက်ချနဲ့ တိုင်ကြားနိုင်ပြီး ရှက်ရွံ့အားငယ်စိတ်တွေ လျော့ကျအောင်လို့ လုံခြုံတဲ့ဝန်းကျင်တစ်ခု ဖန်တီးပေးဖို့လိုအပ်ပါတယ်”ဟု ဝှီလာက ပြောသည်။

စစ်တပ်ကလိင်ပိုင်းအကြမ်းဖက်မှုများရှိကြောင်း သက်သေမှတ်တမ်းများ တစ်စတစ်စပိုမိုထွက်ပေါ် လာသော်လည်း မြန်မာအစိုးရကမူ ငြင်းဆိုပယ်ချထားသည်။ စက်တင်ဘာလအတွင်း ရခိုင်ပြည်နယ် နယ်စပ်လုံခြုံရေးဝန်ကြီးက ထွက်ပေါ်လာသည့်သတင်းများကို ငြင်းဆိုထားသည်။ “သက်သေ ဘယ်မှာလဲ။ ဒီလို စွပ်စွဲနေတဲ့မိန်းမတွေကို ကြည့်ပါဦး… သူတို့ကိုဘယ်သူက မုဒိမ်းကျင့်ချင်မှာလဲ”ဟု ၎င်းက ပြောသည်။

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့သည် ၂၀၁၆ ခုနှစ် နှောင်းပိုင်းတုန်းကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်း၌ မြန်မာစစ်တပ်က “နယ်မြေရှင်းလင်းရေး” လုပ်ဆောင်စဉ်အတွင်း အမျိုးသမီးများနှင့်မိန်းကလေးငယ်များအပေါ် ကျယ်ကျယ်ပြန့်ပြန့် မုဒိမ်းမှုကျူးလွန်ခဲ့ကြောင်းကို မှတ်တမ်းတင်ခဲ့ပြီး မြန်မာအစိုးရကမူ ထိုစွပ်စွဲမှုများသည် “လုပ်ကြံထားသောမုဒိမ်းမှု”ဖြစ်သည်ဟုဆိုကာ ပြင်းပြင်းထန်ထန်ပယ်ချ ခဲ့သည်။ ခြုံပြောရလျှင် မြန်မာအစိုးရနှင့် တပ်မတော်တို့သည် အနည်းစုသောလူမျိုးအုပ်စုဝင်များအပေါ် ကြီးမားသောကျူးလွန်ချိုးဖောက်မှုများ ပြုလုပ်သည့် တပ်မတော်သားများအား အရေးယူရန်ပျက်ကွက်ခဲ့သည်။ တစ်ဖက်စောင်းနင်းနိုင်ပြီး ညံ့ဖျင်းစွာ ပြုလုပ်ထားသော ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးမှုများမှာလည်း အဆိုပါ စွပ်စွဲမှုများကို အကြီးအကျယ် ငြင်းဆိုပယ်ချထားသည်။

မြန်မာအစိုးရအနေဖြင့် ရိုဟင်ဂျာများအပေါ် ကျူးလွန်ချိုးဖောက်နေမှုများကို ချက်ချင်းအဆုံးသတ်သင့်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ အချက်အလက်ရှာဖွေရေးအဖွဲ့အပါအဝင် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့များနှင့် အပြည့်အဝပူးပေါင်းကာ လူသားချင်းစာနာမှုဖြင့် အကူအညီပေးသည့် အဖွဲ့များအား ရခိုင်ပြည်နယ်သို့ အတားအဆီးမရှိသွားလာခွင့်ကို ခွင့်ပြုပေးရန် သင့်သည်။

ဘင်္ဂလားဒေ့ရှ်နှင့် နိုင်ငံတကာအလှူရှင်များအနေဖြင့် ဒုက္ခသည်များအတွက် ကယ်ဆယ်ရေးအကူအညီများကို လျင်မြန်စွာ ဖြည့်ဆည်းပေးခဲ့ပြီး မုဒိမ်းပြုကျင့်ခံခဲ့ရသူများအတွက် အကူအညီများကိုလည်း ထပ်မဲ့တိုးချဲ့ပေးလျက် ရှိသည်။ ဤအရေးအတွက် စာနာထောက်ထားသည့် အစိုးရအဖွဲ့များအနေဖြင့်လည်း လူ့အခွင့်အရေးချိုးဖောက်မှု များတွင်ပါဝင်ပတ်သက်နေသည့် မြန်မာစစ်တပ်အရာရှိများအား ခရီးသွားလာခွင့်ပိတ်ခြင်း၊ ပိုင်ဆိုင်မှုများကို သိမ်းဆည်းခြင်းများကို ပြုသင့်ပြီး လက်ရှိ လက်နက်ရောင်းချရေးပိတ်ပင်မှုများထဲသို့ စစ်ရေးနှင့်ဆိုင်သော အရာအားလုံးရောင်းချမှု၊ စစ်ဖက်အကူအညီနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုပါ ထည့်သွင်းသင့်သည်။ ထို့ပြင် မြန်မာစစ်တပ်ပိုင် လုပ်ငန်းကြီးများနှင့် ငွေပေးငွေယူဆောင်ရွက်မှုများမပြုရန်လည်း ပိတ်ပင်သင့်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေဖြင့်လည်း မြန်မာနိုင်ငံအပေါ် တင်းပြည့်ကျပ်ပြည့် လက်နက်ပိတ်ပင်မှု ပြုရန် ဆုံးဖြတ်ချက်ချသင့်ပြီး လိင်ပိုင်းအကြမ်းဖက်ခြင်းအပါအဝင် ကြီးမားသော လူ့အခွင့်အရေးချိုးဖောက်မှုများ အတွက် တာဝန်ရှိသည့် စစ်တပ်အရာရှိများအပေါ်ကိုလည်း တစ်ဦးချင်း အနေဖြင့် ပစ်မှတ်ထား ဒဏ်ခတ် အရေးယူသင့်သည်။ ကောင်စီအနေဖြင့် ရခိုင်ပြည်နယ်ရှိအခြေအနေများကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံး သို့ပါ လွှဲပြောင်းစေသင့်သည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများမှ ပြန်လာသည့် ‘ပဋိပက္ခအတွင်း လိင်ပိုင်းအကြမ်းဖက်မှုဆိုင်ရာ အထွေထွေအတွင်းရေးမှူးချုပ်၏ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်’ ထံမှလည်း အများရှေ့မှောက် ကြားနာခွင့်ပြုရန် တောင်းဆိုသင့်သည်။

“ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ကျူးလွန်မှုကြီးတွေကို အဆုံးသတ်ဖို့ အတူတကွ ပူးပေါင်းပြီး မြန်မာနိုင်ငံကိုဖိအားပေးဖို့ လိုပါတယ်။ တာဝန်ရှိသူတွေကို အရေးယူအပြစ်ပေးနိုင်အောင် လုပ်ဖို့လည်း လိုပါတယ်။ လိင်ပိုင်းအကြမ်းဖက်မှုခံခဲ့ရသူတွေ အပါအဝင် ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ ပြဿနာအစုအဝေးကြီးတွေကို ဖြေရှင်းပေးဖို့လည်း လုပ်ဆောင်သင့်ပါတယ်”ဟု ဝှီလာက ပြောသည်။

“သူတို့လုပ်ခဲ့တာတွေအတွက် ပြန်အကျိုးခံစားရမယ့်အချိန်ရောက်ပါပြီ။ မဟုတ်ရင် ရိုဟင်ဂျာတွေအပေါ် မြန်မာ စစ်တပ်ရဲ့ ထပ်မံတိုက်ခိုက်မှုတွေဟာ မလွဲမသွေဖြစ်လာမယ့်ပုံရှိပါတယ်”ဟု ၎င်းကပြောသည်။