Skip to main content

မြန်မာနိုင်ငံ - ၂၀၁၃ ခုနှစ် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ကို ရုပ်သိမ်းပါ

မြန်မာနိုင်ငံနှင့် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်း ၆၁ ဖွဲ့၏ ပူးတွဲ ထုတ်ပြန်ချက်။

မြန်မာအာဏာပိုင်အဖွဲ့များအနေဖြင့် ဆက်သွယ်ရေးဥပဒေအပေါ် ပြန်လည်သုံးသပ်မှုတစ်ရပ်ပြုလုပ်စဉ် အသရေဖျက်မှုမြောက်သော ပြဋ္ဌာန်းချက် ဖြစ်သည့် ပုဒ်မ ၆၆ (ဃ) အား ဆက်လက်ကျင့်သုံးမည်ဟူ၍ ကြားသိရသည့်ကိစ္စရပ်အပေါ် စိုးရိမ်ပူပန်သည့်အားလျော်စွာ ပြည်တွင်းနှင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်း (၆၁) ဖွဲ့အနေဖြင့် မြန်မာအာဏာပိုင်များ၊ အထူးသဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအပါအဝင် လွှတ်တော်တို့အား ပြင်ဆင်ဖြည့်စွက်မည့် ဥပဒေအတွင်း အဆိုပါ ဆက်သွယ်ရေးဥပဒေအား ထည့်သွင်းပြဋ္ဌာန်းမှုမပြုဘဲ ဧကန်အမှန် ရုပ်သိမ်းပေးရန် တိုက်တွန်းနေပါသည်။

၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) တွင် “ဆက်သွယ်ရေးကွန်ယက်တစ်ခုကို အသုံးပြု၍ တစ်စုံတစ်ဦးအား  ခြောက်လှန့် တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီးဖမ်းချုပ်ခြင်း၊ အသရေဖျက်ခြင်း၊ အနှောင့်အယှက်ပေးခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း” စသည်တို့အတွက်  ထောင်ဒဏ်သုံးနှစ်အထိ ကျခံစေရန် ပြဋ္ဌာန်းထားသည်။ ယင်းဥပဒေသည် လွန်ခဲ့သော နှစ်နှစ်တာကာလ အတွင်း Facebook ပေါ်တွင် ငြိမ်းချမ်းစွာ  ပြောဆိုဆက်ဆံမှုများ ကြောင့် လူပုဂ္ဂိုလ်များ အား ပြစ်မှုကျူးလွန်မှုဖြင့် တရားစွဲဆိုမှုများ တဖွဲဖွဲ ဖြစ်ပေါ်လာစေရန် တံခါးဖွင့်ပေးလျက်ရှိပြီး အာဏပိုင်များအပေါ် ဝေဖန်မှုကို နှိမ်နင်းရန်အတွက် ယင်းဥပဒေအား ပိုမိုတွင်ကျယ်စွာ အသုံးပြုလျက် ရှိသည်။ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုမှုများကို မှတ်တမ်းပြုစုလျက်နေသော ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့၏ အဆိုအရ ၂၀၁၃ ခုနှစ် ဆက်သွယ်ရေး ဥပဒေဖြင့် အွန်လိုင်းပေါ်မှတစ်ဆင့် အသရေဖျက်မှုဖြင့် တရားစွဲခံထားရသည့် အမှုပေါင်း အနည်းဆုံး [၇၁] မှုရှိကြောင်း သိရှိရသည်။

ဆက်သွယ်ရေးဥပဒေအပေါ် လတ်တလော ပြန်လည်သုံးသပ်မှုသည် ပုဒ်မ ၆၆ (ဃ) အား ရုပ်သိမ်းရန် နှင့် ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေကို နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် စံနှုန်းများနှင့်အညီ ပြင်ဆင် ပြဋ္ဌာန်းရန်အတွက် အရေးပါသော အခွင့်အရေးတစ်ရပ်ကို ဖန်တီးပေးလျက် ရှိသည်။  ယင်းကဲ့သို့ ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ပါက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့်ပတ်သက်၍ အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုအပေါ် ပြင်းထန်သော မေးခွန်းများထွက်ပေါ်လာစေနိုင်ပါသည်။ မိမိတို့၏ ထင်မြင်ချက်များကို အွန်လိုင်းပေါ်တွင် သက်သက်ဖြင့် နိုင်ငံအတွင်းရှိ ပြည်သူများအနေဖြင့် ထောင်ဒဏ်ကျခံရနိုင်သည့် အန္တရာယ်မှာ စိုးရိမ်ဖွယ်ကောင်းစွာ ဆက်လက်ကျရောက်နေမည်ဖြစ်သည်။ ထိုမျှမက အများပြည်သူဆိုင်ရာ အခန်းကဏ္ဍတွင် လွဲမှားစွာစီမံဖြေရှင်းမှု၊ အန္တရာယ်ဖြစ်စေပြီး ဥပဒေနှင့်မညီသော စီးပွားရေးဆိုင်ရာ အလေ့အထများနှင့် အကျင့်ပျက်ခြစားမှုတို့အပေါ် ပြည်သူများနှင့် သတင်းမီဒီယာများအနေဖြင့် ဖော်ထုတ်အကြောင်းကြားနိုင်စွမ်းကို  လျော့ကျစေခြင်း သို့မဟုတ် ရေငုံနှုတ်ပိတ်စေခြင်း ဖြစ်စေနိုင်ပြီး အစိုးရ၏ ပြုပြင်ပြောင်းလဲမှု နှင့် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများဖြစ်ထွန်းရေးတို့အား ထိခိုက်စေမည်ဖြစ်သည်။

အဓိပ္ပါယ် မသဲကွဲသော စကားလုံးအသုံးအနှုန်းများဖြင့် ပြဋ္ဌာန်းထားသော ပုဒ်မ ၆၆ (ဃ) သည် ဥပဒေအား အလွဲသုံးစားပြုသည့်သဘောဖြင့် ကျင့်သုံးနိုင်စေရန် လမ်းဖွင့်ပေးထားသည်

ပုဒ်မ ၆၆ (ဃ) ၏ အဆိုးဆုံးသော အချက်များထဲမှ တစ်ခုမှာ အဓိပ္ပါယ်သဲကွဲမှုမရှိခြင်း ဖြစ်သည်။ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် စံနှုန်းများအရ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် ကန့်သတ်ထားသည့်အချက်များကို အခြားလူပုဂ္ဂိုလ်တို့၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာတို့အား ကာကွယ်ရန် ဆိုသည့် အချက်အပါအဝင်  ရှင်းလင်းတိကျကျစ်လစ်စွာသတ်မှတ်ပြဋ္ဌာန်းထားသော ရည်ရွယ်ချက်များ အတွက်သာခွင့်ပြုထားသည်။   ကန့်သတ်ချက်များအား ဥပဒေတွင် အသေးစိတ် ရှင်းလင်းပြတ်သားစွာနှင့် အဓိပ္ပါယ်နားလည်ရလွယ်ကူစွာရေးသား ဖော်ပြသင့်သည့်။ ထို့ပြင် အဆိုပါ ကန့်သတ်ချက်များကို သတ်မှတ်ထားသော ရည်ရွယ်ချက်များ အတွက်သာ ထားရှိရမည်ဖြစ်ပြီး၊ အဆိုပါ သတ်မှတ်သည့် ရည်ရွယ်ချက်ရရှိနိုင်ရန်သာ လိုအပ်ချက်နှင့် အချိုးအစား ညီညွှတ်မျှတမှု ရှိသင့်သည်။

ပုဒ်မ ၆၆ (ဃ) တွင် မည်သည့် လုပ်ရပ်များအား “အနှောင့်အယှက်ပေးမှု” သို့မဟုတ် “မလျော်သြဇာသုံးမှု” ဖြစ်ကြောင်း ပြည့်စုံလုံလောက်စွာ အဓိပ္ပါယ်ဖော်ပြထားခြင်းမရှိပါ။ ယင်း အသုံးအနှုန်းများမှာ အလွန် ယေဘုယျဆန်ပြီး ၎င်းတို့အား အမျိုးမျိုး အနက်အဓိပ္ပါယ်ပြန်ဆိုနိုင်စေသည်။ ဥပမာအနေဖြင့်ဆိုပါက ယခင် စစ်အစိုးရများသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့ကို  ထောက်ခံအားပေးသော ပြည်သူတို့၏ ထင်မြင်ချက်များမှာ “အနှောင့်အယှက်” ဖြစ်စေသည်ဟူ၍ သတ်မှတ်ယူဆခဲ့ကြသည်။

အဓိပ္ပါယ်သဲကွဲမှုမရှိခြင်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါသည်။ အရပ်သားအစိုးရနှင့် စစ်တပ် နှစ်ရပ်စလုံးအား ဝေဖန်မှုကို နှိမ်နင်းရန်အတွက် ပုဒ်မ ၆၆ (ဃ) ကို အသုံးပြုလာခဲ့ကြသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်အား “မိုက်မဲသူ” ဟုလည်းကောင်း “ရူးသွပ်သူ” ဟုလည်းကောင်း၊ မြန်မာ့တပ်မတော်အား လှောင်ပြောင်သရော်သည့် ပို့စ်များ Facebook ပေါ်တွင် တင်သည့် လူပုဂ္ဂိုလ်များမှာ အကျဉ်းထောင်ကျခံနေရကြသည်။ ပြစ်မှုမြောက်သည့် တရားစွဲဆိုမှုတစ်ခုမှာ တပ်မတော် စစ်ဦးစီးချုပ်၏ ဦးခေါင်းပေါ်တွင် အမျိုးသမီး ထဘီ (လုံချည်ကဲ့သို့သော အထည်) ပေါင်းထားသည့် ရုပ်ပြပုံကို အွန်လိုင်းပေါ်တွင် တင်သည့် ကိစ္စအပေါ် ဗဟိုပြုခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာဥပဒေအရ အသရေဖျက်ခြင်း၊ သိက္ခာချခြင်း၊ မဟုတ်မမှန်ပြောဆိုခြင်းနှင့် စော်ကားခြင်း စသည်တို့နှင့်သက်ဆိုင်သော ဥပဒေများ၏ ရည်ရွယ်ချက်မှာ လူအများ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာတို့ကို ကာကွယ်ရန်အတွက်ဖြစ်ပြီး၊ အစိုးရ သို့မဟုတ် အကြီးအကဲ ပုဂ္ဂိုလ်တစ်ဦးအား ဝေဖန်မှုအား တားဆီးရန် ရည်ရွက်ချက်အတွက် မဟုတ်ကြောင်းကို မှတ်သားရန် အရေးကြီးသည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်များနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီတိုု့ ၏ အဆိုအရ အရေးပါ အရာရောက်သော အကြီးအကဲပုဂ္ဂိုလ်များ သည် ၎င်းတို့၏ အဖွဲ့အစည်းဌာနဆိုင်ရာ အခန်းကဏ္ဍများအနေဖြင့် အများပြည်သူ အကျိုးနှင့်သက်ဆိုင်သော ကိစ္စရပ်များအပေါ် လွတ်လပ်စွာ ဆွေးနွေးငြင်းခုံမှု ပြုကြရန်  လုုိအပ်သောကြောင့် သာမန်ထက်ကြီးမားသည့် ဝေဖန်မှုကို တစ်သီးပုဂ္ဂလ ပြည်သူပြည်သားများထက် ခံရလေ့ရှိကြပါသည်။

ပုဒ်မ ၆၆ (ဃ) ဖြင့် စွဲဆိုထားသော အမှုများထဲမှ ပမာဏအများစုမှာ အသရေဖျက်ခံရသည်ဟု သက်သေမရှိဘဲ စွပ်စွဲခံရသော လူပုဂ္ဂိုလ်ကိုယ်တိုင် မဟုတ်ဘဲ အခြားသော လူပုဂ္ဂိုလ် မည်သူတစ်ဦးတစ်ယောက်မျှမဆို တိုင်ချက်ဖွင့်နိုင်ရန် ခွင့်ပြုထားသည့် အချက်ဖြင့် အမှုမြောက်စေရန် စွဲဆိုထားခြင်းဖြစ်သည်။ ရလဒ်အဖြင့် မြန်မာနိုင်ငံတွင် လူအများသည် နိုင်ငံတော်၏အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးထင်ကျော် အပြင် စစ်တပ် အဖွဲ့ဝင်များ၏ကိုယ်စား တိုင်ချက်ဖွင့်လျက်ရှိသည်။

လွန်ခဲ့သည့်နှစ်တွင် တစ်သီးပုဂ္ဂလ Facebook အသုံးပြုသူများသည် ၎င်းတို့အနေဖြင့် မမှန်ကန်သော၊ စော်ကားသော၊ စိတ်အနှောင့်အယှက် ဖြစ်စေသော သို့မဟုတ် မနှစ်မြို့ဖွယ်ဖြစ်သည်ဟု ထင်မြင်ယူဆသော ပို့စ်များကြောင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် တရားစွဲဆိုသည့် ပြစ်မှုအရေအတွက် အရှိန်အဟုန် မြင့်တက်လာခဲ့ကြောင်းကိုလည်း ကျွန်ုပ်တို့ မြင်တွေ့ခဲ့ရသည်။ အဆိုပါ အမှုများမှာ ဥပမာအားဖြင့် တစ်စုံတစ်ဦးမှာ လူလိမ်တစ်ဦးဖြစ်ခဲ့ကြောင်း၊ တိကျသော တချို့သော စီးပွားရေးလုပ်ငန်းများအား အသုံးမပြုရန် လူအများအား သတိပေးခြင်း၊ သို့မဟုတ် မြေယာ အငြင်းပွားမှုများနှင့်ပတ်သက်ပြီး မကျေနပ်ကြောင်း  ရေးသားဖော်ပြထားသည့် Facebook ပို့စ်များကြောင့် တိုင်ချက်ဖွင့်ကြခြင်း ဖြစ်သည်။

အသရေဖျက်မှုအား ပြစ်မှုအဖြစ် သတ်မှတ်ပြဋ္ဌာန်းခြင်းကို လုံးဝ မပြုသင့်ပါ - အမှုဖြစ်လာခဲ့ပါက ၎င်းကို ကိုယ်တွယ်ဖြေရှင်းရန် အခြား နည်းလမ်းများ ရှိပါသည်

နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် စံနှုန်းများသည် အသရေဖျက်မှုဆိုင်ရာ ဥပဒေများအား လူအများ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာတို့ကို ကာကွယ်ရန်အစရှိသည့် ရည်ရွယ်ချက်များအတွက် အသုံးပြုခြင်းကို တားမြစ်ထားခြင်း မရှိသော်လည်း၊ အသရေဖျက်မှုအား ရာဇဝတ်မှု ကျူးလွန်မှုတစ်ခုအဖြစ် လုံးဝ မသတ်မှတ်သင့်ကြောင်း နုုိင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆုုိင်ရာ ကော်မတီ နှင့် လွတ်လပ်စွာ ထုုတ်ဖော်ပြောဆိုုခွင့်ဆိုုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုုယ်စား လှယ်များ မှ အခိုင်အမာအတည်ပြုကြသည်။   အဘယ်ကြောင့်ဆိုသော် လူတစ်စုံတစ်ဦးသည် အခြားသူတစ်ဦးအား အသရေဖျက်သည့်အတွက် ၎င်းအား အကျဉ်းထောင်ကျခံစေခြင်းသည် အချိုးအစားမျှတမှု မရှိဘဲ ယင်းအချက်သည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အား ခြိမ်းခြောက်စေနိုင်ပါသည်။ အကျဉ်းထောင်ချသည့် ခြိမ်းခြောက်မှုမျိုးသည် လူအများအား အလွန်သတိထားဆင်ခြင်ရမည့် ကိစ္စများအား ငြိမ်းချမ်းစွာ ဖွင့်ဟပြောဆိုခြင်းကို အဟန့်အတား ဖြစ်စေနိုင်ပြီး မိမိ၏ ကိုယ်ပိုင် ပြုမှုပြောဆိုမှုအပေါ် ချုပ်တည်းမှုအဖြစ် ဆိုက်ရောက်စေနိုင်ပါသည်။

အကျဉ်းထောင်ကျခံစေခြင်း မပါဝင်သော အွန်လိုင်းပေါ်မှ အသရေပျက်ပြားစေမှု အပါအဝင် အသရေဖျက်မှုကို ဥပမာအနေဖြင့် ယင်းအမှုကို ရာဇဝတ်မှုအဖြစ် မဟုတ်ဘဲ တရားမမှုအဖြစ် သတ်မှတ်ပြီး ကိုင်တွယ်ဖြေရှင်းနိုင်သည့် အခြားနည်းလမ်းများစွာ ရှိပါသည်။ ထိုမျှမက တာဝန်ရှိသူများ အနေဖြင့် တောင်းပန်စာ ရေးစေခြင်း၊ ထိခိုက်နစ်နာခဲ့သော ဂုဏ်သိက္ခာကို နဂိုအတိုင်းပြန်ဆယ်ရန် လူသိရှင်ကြား ပြင်ဆင်ပြောဆိုခြင်း သို့မဟုတ် ရှင်းလင်းခြင်းတို့ကို လုပ်ဆောင်စေနိုင်ပါသည်။

နိုင်ငံတော်အစိုးရ၏ အဖွဲ့ဝင်အချို့တို့သည် အမုန်းတရား ထောက်ခံအားပေးမှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ပုဒ်မ ၆၆ (ဃ) အား ဖြေရှင်းချက် တစ်ခုအနေဖြင့် ရှုမြင်နေကြကြောင်းကို မြင်တွေ့ရသည့်အတွက် ကျွန်ုပ်တို့၏ အဖွဲ့အစည်းများအနေဖြင့် အလွန်ပင် စိုးရိမ်ပူပန်မိပါသည်။ မြန်မာနိုင်ငံသည် ဤကိစ္စနှင့်စပ်လျဉ်းသည့်  ပြဿနာမှာ တဖြည်းဖြည်း ကြီးထွားလာကြောင်းကို ကျွန်ုပ်တို့ သိမှတ်သည်သာမက ယင်းပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းဆောင်ရွက်မှုများကိုလည်း လက်ခံကြိုဆိုပါသည်။ သို့သော်လည်း ယင်းကဲသို့ လုပ်ဆောင်မှုကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပုဒ်မ ၆၆ (ဃ) မှာ  စွမ်းဆောင်နိုင်ခြင်းမရှိပါ။ ယင်းပုဒ်မသည် Facebook ပို့စ်တစ်ခုအား “စိတ်အနှောင့်အယှက်ဖြစ်စေသည်” ဟု ထင်မြင်ယူဆသူ မည်သူမဆို ပို့စ်တင်သည့်သူအား တရားစွဲရန် ခွင့်ပြုလျက်ရှိပြီး သဘောထားသေးသိမ်ပြီး ပဋိပက္ခဖြစ်ပွားစေသော အခြေအနေတစ်ရပ်ကိုသာ ဖန်တီးပေးလျက်ရှိသည်။

အမုန်းစကားဟောပြောခြင်းနှင့်သက်ဆိုင်သည့် သီးသန့် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းလိုသည့် ရည်ရွယ်ချက်ဆန္ဒကို အစိုးရအနေဖြင့် ထုတ်ဖော်ပြသခဲ့ သော်လည်း အမုန်းတရား ထောက်ခံအားပေးမှု တားမြစ်ချက်တစ်စုံတစ်ခုကို တိကျပြတ်သားစွာ ဖော်ထုတ်ဖန်တီးရမည် ဖြစ်ကြောင်းသာမက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အား မတရားကန့်သတ်ခြင်းမပြုရန် ကျွန်ုပ်တို့အနေဖြင့် အလေးအနက် ပြောဆိုလိုပါသည်။ ဥပဒေပြဋ္ဌာန်းမှုထက် ကျော်လွန်၍ ရာထူးအဆင့် အားလုံးရှိ အာဏာပိုင်များသည် ခွဲခြားဆက်ဆံသော အဟောအပြောတို့အား ဆန့်ကျင်ကြောင်း ရဲတင်းစွာ ထုတ်ဖော် ပြောဆိုသင့်ကြောင်း သာမက ဥပမာအားဖြင့် မတူကွဲပြားမှုနှင့် လူမျိုးဘာသာ နိုင်ငံရေးဝါဒပေါင်းစုံ အတူယှဉ်တွဲတည်ရှိမှု စသည်တို့နှင့်ပတ်သက်ပြီး ယဉ်ကျေးမှုထုံးတမ်းဓလေ့ အချင်းချင်းအကြား အပြန်အလှန်ဆွေးနွေးမှုနှင့် ပညာရေးတို့ကို  မြှင့်တင်ပေးခြင်းဖြင့် သဘောထား သေးသိမ်စေသည့် အကြောင်းတရားများ၏ အရင်းအမြစ်ကို ရှာဖွေဖြေရှင်းရန် ပိုမို ကျယ်ပြန့်ပြည့်စုံသော မူဝါဒဆိုင်ရာ စီမံချက်များကို အမှန်တကယ် ချမှတ်ကျင့်သုံးခြင်းရှိစေရန်  ဆောင်ရွက်သင့်ကြောင်း ကျွန်ုပ်တို့၏ အဖွဲ့အစည်းများအနေဖြင့် ယုံကြည်ပါသည်။

အကြံပြုချက်များ

ကျွနု်ပ်တို့၏ အဖွဲ့အစည်းများအနေဖြင့် အထက်ပါ အကြောင်းအရာများနှင့်စပ်လျဉ်း၍ မြန်မာအာဏာပိုင်များအား တိုက်တွန်း အကြုံပြုလိုသည်မှာ -

  • ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ကို ရုပ်သိမ်းပေးရန်၊
  • သို့မဟုတ် အသရေဖျက်မှုအား ပြစ်မှုကျူးလွန်မှုအဖြစ် ဆက်လက်သတ်မှတ်ခြင်းမရှိစေရန် သေချာစေခြင်းသာမက နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနှင့် စံနှုန်းများနှင့်အညီ ရှင်းလင်းတိကျစွာ အဓိပ္ပါယ်ဖွင့်ဆိုထားသည့် ဥပဒေဘောင်အတွင်း အခြား သိသာထင်ရှားသော ပြစ်မှုကျုးလွန် မှုများ ဖြစ်သည့် “ခြောက်လှန့်တောင်းယူခြင်း”၊ “အနိုင်အထက်ပြုခြင်း”၊ “မတရားတားဆီးဖမ်းချုပ်ခြင်း” နှင့် “ခြိမ်းခြောက်ခြင်းများ” စသဖြင့် ပြစ်မှုမြောက်သည့် ကျူးလွန်မှုများ ရှိခဲ့ပါက ငြိမ်းချမ်းစွာ ထုတ်ဖော်ပြောဆိုသော ထင်မြင်ချက်များအား ပြစ်ဒဏ်ပေးရန် ယင်းဥပဒေအား အသုံးပြုခြင်း မရှိစေရန် သေချာစေခြင်းဖြင့်  ဆက်သွယ်ရေးဥပဒေကို အနည်းဆုံးအနေဖြင့် ပြင်ဆင်ဖြည့်စွက်ခြင်း။

ပုဒ်မ ၆၆ (ဃ) တည်ရှိနေသ၍ အထူးသဖြင့် အွန်လိုင်းပေါ်တွင် အကြီးအကဲအရာရှိများနှင့် အစိုးရ မူဝါဒများပေါ် ဝေဖန်နေကျသည့် မြန်မာနိုင်ငံသားများသည် မိမိတို့၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်ကို ငြိမ်းချမ်းစွာ ကျင့်သုံးခြင်းကြောင့် အကျဉ်းထောင်ကျခံရမည့် အန္တရာယ်ကို ဆက်လက်ရင်ဆိုင်နေရမည်ဖြစ်သည်။

  1. Alin Mee Ain 
  2. Alternative ASEAN Network on Burma (Altsean-Burma) 
  3. All Arakan Students’ and Youths’ Congress (AASYC) 
  4. Amnesty International 
  5. Arakan Rivers Network (ARN)
  6. Area Peace and Development Forward 
  7. ASEAN Parliamentarians for Human Rights (APHR) 
  8. Assistance Association for Political Prisoners – Burma (AAPP-B) 
  9. Association of Human Rights Defenders and Promoters (HRDP) 
  10. Association Suisse Birmanie (ASB)
  11. Burma Campaign UK (BCUK)  
  12. Burma Human Rights Network (BHRN) 
  13. Burma Link 
  14. Burmese Rohingya Organisation UK
  15. Charity-Oriented Myanmar 
  16. Cherry Images  
  17. Christian Solidarity Worldwide (CSW)
  18. CIVICUS
  19. Civil Rights Defenders (CRD)  
  20. Colors Rainbow 
  21. Committee to Protect Journalists (CPJ)  
  22. Equality Myanmar (EQMM) 
  23. Farmer Rights and Development Organization 
  24. Farmer Union, Magway 
  25. Fortify Rights  
  26. Free Burma Campaign (South Africa) 
  27. Free Expression Myanmar (FEM) 
  28. Future Light Center 
  29. Gender Equality Network  
  30. Green Network Sustainable Environment Group 
  31. Human Rights Documentation-Burma (ND-Burma) 
  32. Human Rights Educators Association (HREA) 
  33. Human Rights Educators Network (HREN) 
  34. Human Rights Foundation of Monland (HURFOM) 
  35. Human Rights Watch (HRW) 
  36. Info Birmanie (France) 
  37. Institute for Asian Democracy  
  38. International Campaign for the Rohingya
  39. International Commission of Jurists (ICJ)  
  40. International Federation for Human Rights (FIDH) 
  41. Karen Human Rights Group (KHRG) 
  42. Korean House for International Solidarity
  43. Magway EITI Watch Group
  44. Mon Youth Educator Organization (MYEO) 
  45. Mwetaung Area Development Group 
  46. Myaing Youth Development Organization 
  47. New Generation (Shan State) 
  48. Nyein Chan Yar 
  49. Norwegian Burma Committee
  50. Odhikar 
  51. Peace and Justice Myanmar (PJM)  
  52. Progressive Voice (PV) 
  53. Promotion of Indigenous and Nature Together (POINT) 
  54. Reporters Without Borders (RSF)  
  55. Shwechinthae Social Service Group (Shwe Bo) 
  56. Swedish Burma Committee  
  57. The Seagull: Human Rights, Peace & Development 
  58. United-ACT  
  59. US Campaign for Burma
  60. Women and Peace Action Network (Shan State) 
  61. Women Peace Network

Your tax deductible gift can help stop human rights violations and save lives around the world.

Topic

Most Viewed