(ရန်ကုန်၊ ဇွန် ၂၉၊ ၂၀၁၆)။ မြန်မာနိုင်ငံအစိုးရသစ်အနေဖြင့် လွှတ်တော်အတွင်း ကိုယ်စားလှယ် အများစုဦးရေ ရရှိထားခြင်းကိုအသုံးပြုပြီး စစ်အစိုးရခေတ်နှင့်ကိုလိုနီခေတ်တို့က ပြဋ္ဌာန်းခဲ့သည့် လွတ်လပ်စွာပြောဆိုခွင့်နှင့် စုဝေးခွင့်တို့ အပေါ်ပြစ်ဒဏ်များပေးထားသည့် ဥပဒေအများအပြားကို ပြင်ဆင်ရန် သို့မဟုတ် ရုပ်သိမ်းရန်အတွက် အသုံးပြုသင့်သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကြီး (Human Rights Watch/HRW) က ယနေ့ထုတ်ပြန် သည့် အစီရင်ခံစာ တစ်စောင် တွင် ဖော်ပြထားသည်။

“မြန်မာအစိုးရအဆက်ဆက်ဟာ အခြေခံလွတ်လပ်ခွင့်တွေကို ထိန်းချုပ်ဖို့နဲ့ကျင့်သုံးသူတွေကိုအပြစ်ဒဏ်ပေးဖို့ အတွက် အနက်ဘောင်ကျယ်ပြီး ဝေဝါးတဲ့ဝေါဟာရတွေနဲ့ရေးဆွဲထားတဲ့ဥပဒေတွေကို ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံရေး အကျဉ်းသားပေါင်း ထောင်ပေါင်းများစွာကို ဖန်တီးခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ အစိုးရ သစ်အနေနဲ့ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်တဲ့၊ ဒါမှမဟုတ် ကန့်ကွက်ဆန္ဒပြတဲ့အတွက် အကျဉ်းချခံထားရတဲ့သူ အမြောက်အများကို အလျင်အမြန်လွှတ်ပေးတာတွေလုပ်ခဲ့သလို ကျန်တဲ့လူတွေအပေါ် တင်ထားတဲ့စွဲချက်တွေကို လည်း ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ ဒါပေမဲ့လည်း ဖိနှိပ်တဲ့အသွင်ဆောင်တဲ့ ဥပဒေယန္တရားကြီးတစ်ခုလုံးကို ပြန်လည်ဖျက်ဆီးပစ်ဖို့က ပိုပြီးအသည်းအသန်လိုအပ်ပါတယ်။ ဒါမှလည်း မြန်မာပြည်မှာ နိုင်ငံရေး အကျဉ်းသားဆိုတာ နောင်ကို ဘယ်တော့မှရှိမလာတော့မှာဖြစ်ပါတယ်”ဟု လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့၏ အာရှတိုက်ဆိုင်ရာဒါရိုက်တာ ဘရက် အဒမ် (Brad Adams) က ပြောသည်။

သတင်းလိုက်မှုဖြင့် သတ်ဖြတ်ခံ သို့မဟုတ် ထောင်ချခံရသည့် လုပ်ဖော်ကိုင်ဖက်များအတွက် ရန်ကုန်မြို့ ဆူးလေဘုရား၌ ဆုတောင်းပွဲကျင်းပနေသည့် ရွှေမှုံနှင့်တခြားမြန်မာသတင်းသမားများ၊ နိုဝင်ဘာ ၂၊ ၂၀၁၄ (သတင်းထောက်များအပေါ်ကျူးလွန်သည့်ပြစ်မှုများအတွက် ပြစ်ဒဏ်ပေးမှုမရှိခြင်း အဆုံးသတ်ရေး နိုင်ငံတကာနေ့)။ အဆိုပါ “ခွင့်ပြုချက်မရသည့်နေရာတွင် ဆန္ဒထုတ်ဖော်ခြင်း” အတွက် ရွှေမှုံသည် နောက်ပိုင်းတွင် ထောင် ၁၅ ရက်ကျခံရန် သို့မဟုတ် ဒဏ်ငွေကျပ် ၁၀,၀၀၀ ပေးဆောင်စေရန် တရားရုံးက ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်

© 2014 Reuters

“သင့်ကိုအချိန်မရွေးဖမ်းဆီးနိုင်သည် … ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုကို ရာဇဝတ်မှုတပ်ခြင်း” အမည်ရှိ စာမျက်နှာ ၁၁၂ မျက်နှာပါ အဆိုပါအစီရင်ခံစာတွင် အများပြည်သူအကျိုးနှင့်စပ်သည့်ကိစ္စရပ်များအပေါ် လွတ်လပ်စွာသဘောထားကွဲလွဲငြင်းခုံခြင်းအပါအဝင် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုကို ရာဇဝတ်ပုဒ်မတပ်ပြီး အပြစ်ဒဏ်ပေးထားသည့် ကျယ်ပြောပြီးအဓိပ္ပာယ်မတိကျသည့် ဥပဒေများကို အစိုးရ၏အသုံးချခြင်းနှင့် တလွဲသုံးခြင်းများကို မှတ်တမ်းပြုစုထားပြီး အဆိုပါဥပဒေများကို ရုပ်သိမ်းရန် သို့မဟုတ် ပြင်ဆင်ရန်တို့အတွက် ခိုင်မာတိကျသည့် အကြံပြုချက်များကိုလည်း တင်ပြထားသည်။

ယခုအစီရင်ခံစာမှာ မြန်မာနိုင်ငံ၏ရာဇသတ်ကြီးပါပုဒ်မများနှင့်တကွ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ သတင်းမီဒီယာဥပ​ဒေ အစရှိသည့် ဥပဒေများအား နက်နက်ရှိုင်းရှိုင်း လေ့လာသုံးသပ်မှုအပေါ် အခြေခံထားသည်။ ယင်းအတွက် အဆိုပါဥပဒေများဖြင့် တရားစွဲဆိုခံ ခဲ့ရသူများနှင့် သတင်းထောက်များ၊ အရပ်ဘက်လူ့အဖွဲ့အစည်းမှ တက်ကြွသူများနှင့် ရှေ့နေများကို တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ အသေးစိတ်ဖော်ပြထားသည့် အကြံပြုချက်များသည် အစိုးရအနေဖြင့် ချက်ချင်း အချိန်မဆိုင်းဘဲ ဆောင်ရွက်သင့်သည့် တိကျသည့်ဥပဒေပြုရေးပြုပြင်ပြောင်းလဲမှုများအကြောင်းကို ရှင်းလင်းသေချာစွာဖော်ပြထားခြင်းဖြစ်သည်။

ပြီးခဲ့သည့်ငါးနှစ်တာကာလသည် မြန်မာနိုင်ငံ၌ လွတ်လပ်လာမှုနှင့်ပြောင်းလဲမှုတို့ရှိခဲ့သည့် အချိန်ကာလဖြစ်သည်။ သို့ရာတွင် သမ္မတဟောင်းဦးသိန်းစိန်လက်ထက်တွင် လွတ်လပ်ခွင့်အသစ်များကိုအသုံးပြုပြီး အစိုးရကိုသော် လည်းကောင်း၊ တပ်မတော်ကိုသော်လည်းကောင်း ပွင့်လင်းစွာဝေဖန်ခဲ့သူများမှာတော့ ဖမ်းဆီးတရားစွဲ အပြစ်ပေးခံခဲ့ရသည်။ ထိုသို့ ဝေဖန်သူများအပေါ် လက်တုံ့ပြန်ရာတွင် ဗြိတိသျှလက်ထက်က ရေးဆွဲခဲ့သော အချို့သောဥပဒေများ၊ စစ်အစိုးရအဆက်ဆက်လက်ထက် ပြဋ္ဌာန်းခဲ့သည့် အချို့သောဥပဒေများနှင့် ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးကြိုးပမ်းသည်ဟု ဆိုသောအရာမှ ပေါ်ထွက်လာသောဥပဒေများ စသည့် နိုင်ငံတကာတွင် အကာအကွယ်ပေးထားသည့် လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်နှင့် ငြိမ်းချမ်းစွာစုဝေးခွင့်များကို ချိုးဖောက်ထား သည့် ဥပဒေများကို အသုံးချခဲ့ခြင်းဖြစ်သည်။ ရန်ကုန်မြို့မှ ရှေ့နေတစ်ဦးဖြစ်သူ ပန်လောင်က ဇန်နဝါရီလ အတွင်းက လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကို ပြောခဲ့ဖူးသည့်စကားမှာ “သူတို့က ခင်ဗျားကို အချိန်မရွေး ဖမ်းသွားနိုင်တယ်။ မဖမ်းပါဘူးဆိုတဲ့အာမခံချက် ဘာမှမရှိဘူး” ဟူ၍ဖြစ်သည်။

အသုံးချအခံရဆုံးသော ဥပဒေမှာ ၂၀၁၂ ခုနှစ်က ရေးဆွဲပြဋ္ဌာန်းခဲ့သည့် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေဖြစ်ပြီး နိုင်ငံရေးနယ်ပယ်တွင် တပ်မတော်၏နေရာယူထားမှုကို ကန့်ကွက် ဆန္ဒပြသည့်ကျောင်းသားများ၊ သတ္တုတွင်း သို့မဟုတ် တပ်ဘက်အဆောက်အအုံများတည်ဆောက်ရန်အတွက် မိမိတို့လယ်မြေများ သိမ်းဆည်းခံခဲ့ရသည့်အတွက် ဆန္ဒပြကြသည့် လယ်သမားများ၊ ဘဝတူသတင်းသမားများ ဖမ်းဆီးခံရမှုအပေါ် ဆန္ဒပြကြသည့် ကျန်သတင်းသမားများနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးအတွက် တစ်ကိုယ်တော်ဆန္ဒပြသူစသည့် ငြိမ်းချမ်းစွာဆန္ဒပြသူအမြောက်အမြားကို ပြီးခဲ့သည့်နှစ်များအတွင်း ဖမ်းဆီးကာ တရားစွဲဆိုခဲ့သည်။ တရားစွဲရာတွင် ငြိမ်းစုစီဥပဒေပုဒ်မများအပြင် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)ဖြင့်ပါ စွဲဆိုလေ့ရှိ သည်။ အဆိုပါ ပုဒ်မ ၅၀၅(ခ)မှာ “အများပြည်သူအထိတ်တလန့်ဖြစ်စေနိုင်သည့်” စကားကိုပြောဆိုရုံမျှဖြင့် အပြစ်ပေးနိုင်သော ဖွင့်ဆိုပုံမတိကျမပြတ်သားသည့် ပြဋ္ဌာန်းချက်တစ်ခုဖြစ်သည်။ သာဓကအနေဖြင့် တက္ကသိုလ် ကျောင်းသားများဖြစ်ကြသည့် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသုနှင့် ကိုနန်းလင်းတို့ကို အာမခံမပေးဘဲ ဖမ်းဆီးခဲ့ကာ အထက်ပါဥပဒေနှစ်ခုပါ ပုဒ်မ နှစ်ခုဖြင့်စွဲချက်တင်ခဲ့သည်။ အစိုးရသစ်က စွဲချက်များကိုပြန်လည်မရုပ်သိမ်းခင် အထိ ၎င်းတို့အပေါ်ချမှတ်ဖွယ်ရှိသည့်ပြစ်ဒဏ်မှာ အမြင့်ဆုံးငါးနှစ်ဖြစ်သည်။

ဦးသိန်းစိန်သမ္မတတာဝန်ယူထားသည့်ကာလအတွင်း ဖမ်းဆီးခံခဲ့ရသူများကိုပြန်လွှတ်ပေးခဲ့သည့်ဆိုသော်လည်း ဧပြီနှင့်မေလများအတွင်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူများကို အသစ်ထပ်မံဖမ်းဆီးခဲ့ခြင်းကြောင့် တဖန် ပြောစရာဖြစ်ရပြန်သည်။ ပြီးခဲ့သည့်မေလနှောင်းပိုင်းက အမျိုးသားလွှတ်တော်ကအတည်ပြုပေးခဲ့သည့် ငြိမ်းစုစီ ဥပဒေအသစ်သည် ၂၀၁၂ ခုနှစ်ဥပဒေထက် ကြီးမားသိသာသည့်တိုးတက်မှုများရှိသည်ဆိုသော်လည်း ဥပဒေ အသစ်တွင် ဥပဒေအဟောင်း၏အပြစ်အနာအဆာများ ဆက်လက်ပါရှိနေသဖြင့် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီဖြစ်အောင် ထပ်မံပြင်ဆင်သင့်သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဆိုသည်။

ထို့ပြင် ဆက်သွယ်ရေးဥပဒေ၏ ပုဒ်မ ၆၆(ဃ)ဖြင့်လည်း အစိုးရ သို့မဟုတ် တပ်မတော်ကို “ပုတ်ခတ်စော်ကား” သူများ သို့မဟုတ် ၎င်းတို့အား တစ်နည်းနည်းဖြင့် “အသရေပျက်” စေသူများကို ဖမ်းဆီးတရားစွဲဆိုခဲ့သည်။ သာဓကအားဖြင့် လူသားချင်းစာနာမှုဆိုင်ရာလုပ်သား ပက်ထရစ်ခွန်ဂျာလီနှင့် မချောစန္ဒီထွန်းတို့မှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို “စော်ကားပုတ်ခတ်”သည်ဟု ယူဆရသည့် ဖေ့စ်ဘွတ်ပို့စ်များကြောင့် ထောင်ဒဏ် ခြောက်လစီချမှတ်ခံခဲ့ရသည်။

ရာဇသတ်ကြီးနှင့် သတင်းမီဒီယာဥပဒေတို့ပါ အသရေဖျက်မှုပုဒ်မများဖြင့်လည်း အစိုးရကိုဝေဖန်သည့် သတင်း သမားများကို တရားစွဲဆိုခဲ့သည်။ ‘ယူနတီဂျာနယ်’ မှ သတင်းသမားငါးဦးတို့မှာ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေအရ ၂၀၁၄ ခုနှစ်အတွင်း ထောင်ဒဏ် ၁၀ နှစ် (နောက်ပိုင်းတွင် ခုနစ်နှစ်သို့ ပြန်လည် လျှော့ချ) ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ ဧပြီလအတွင်းက အစိုးရသစ်ကပြန်လွှတ်ပေးလိုက်သည့် သတင်းသမားများ ထဲတွင် ‘ယူနတီ’ သတင်းသမားများပါဝင်ခဲ့သော်လည်း ၎င်းတို့ကိုထောင်ချခဲ့သည့်ဥပဒေပုဒ်မများမှာမူ ဆက်လက်ရှိနေဆဲဖြစ်သည်။

“ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိပြီးတက်လာတဲ့ မြန်မာနိုင်ငံအစိုးရသစ်အနေနဲ့ မည်သူမဆို ရဲက တံခါးလာခေါက်တာ၊ ရုံးတင်ပြီး ရာဇဝတ်ပုဒ်မနဲ့စွဲချက်တင်ခံရတာမျိုးတွေမရှိဘဲနဲ့ သူတို့ရဲ့အမြင်တွေကို ငြိမ်းချမ်းစွာနဲ့ ဖော်ထုတ်တင်ပြနိုင်စေမယ့် ဥပဒေတွေပေါ်ထွက်လာအောင် အပြောင်းအလဲလုပ်ခွင့် ရရှိထား ပါတယ်။ ဒါပေမဲ့လည်း ရဲရင့်တဲ့ပြုပြင်ပြောင်းလဲမှုတွေမလုပ်ခင် ကြားကာလဆိုတာဟာ ကြာချင်သလောက် တော့ ကြာလို့မဖြစ်ပါဘူး။ ဒါကြောင့်မို့လို့ လွှတ်တော်ပြန်လည်ခေါ်ယူတဲ့အခါကျရင် လုပ်ဆောင်ရမယ့်စာရင်းထဲမှာ ဒီကိစ္စကိုထိပ်ဆုံးက ထားရှိပေးသင့်ပါတယ်” ဟု အဒမ်ကပြောသည်။