Skip to main content

မြန်မာ

၂၀၂၃ ဖြစ်ရပ်များ

၂၀၂၃၊ အောက်တိုဘာ ၁၀ ရက်၊ မြန်မာနိုင်ငံ၊ လိုင်ဇာမြို့ရှိ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် ဗုံးကြဲမှုများ ဖြစ်ပွားခဲ့ပြီးနောက် ပျက်စီးခဲ့သော နေအိမ်များ။

© 2023 AP ဓာတ်ပုံ

၂ဝ၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကို လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးထဲနစ်သထက်နစ်အောင် စစ်ကောင်စီမှ တွန်းပို့ခဲ့သည်။ အနည်းဆုံး ၅၅ မြို့နယ်မှာ စစ်အုပ်ချုပ်ရေးအောက်တွင် ရှိနေသည်။ စစ်တပ်မှ သာမန်ပြည်သူလူထုနှင့် ဒီမိုကရေစီလိုလားသော လက်နက်ကိုင်အဖွဲ့များ၏ အတိုက်အခံပြုခြင်းများနှင့် ရင်ဆိုင်နေရပြီး တိုင်းပြည်ကို ဆက်လက်ထိန်းချုပ်ထားနိုင်ရန် အခက်ကြုံနေသည်။ မတရားဖမ်းဆီးထိန်းသိမ်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ တရားလက်လွတ် သတ်ဖြတ်ခြင်းနှင့် အရပ်သား၊ လက်နက်ကိုင် မခွဲခြားဘဲ တိုက်ခိုက်ခြင်းများ ပါဝင်သည့် အလွဲသုံးစားလုပ်ရပ်များကို စစ်ကောင်စီမှ နိုင်ငံတစ်ဝှမ်း ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ကျူးလွန်ခဲ့သောကြောင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများ ကျူးလွန်ရာရောက်သည်။

ဆက်လက်ဖြစ်ပွားနေသော အကြမ်းဖက်မှုများကြောင့် အာဏာသိမ်းကတည်းက ထုတ်ထားသည့် “အရေးပေါ်အခြေအနေ” ကို စတုတ္ထအကြိမ်မြောက် ထပ်တိုးလိုက်ပြီးနောက် သြဂုတ်လတွင် ကျင်းပရန် ရည်ရွယ်ထားသည့် နာမည်ခံသာရှိသည့် ရွေးကောက်ပွဲကို စစ်ကောင်စီမှ ရွှေ့ဆိုင်းလိုက်သည်။ လုပ်ကြံဖန်တီးထားသည့် ပြစ်မှုအတုပေါင်းများစွာနှင့် နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy, NLD) ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို စစ်ကောင်စီမှ ပြစ်ဒဏ်အနည်းငယ် လျှော့ပေါ့ပေးကြောင်း ကြေညာခဲ့သည်။

နိုင်ငံအချို့မှ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားခဲ့သော်လည်း မြန်မာအကျပ်အတည်းအပေါ် နိုင်ငံတကာ၏တုံ့ပြန်မှုမှာ ပူးပေါင်းညှိနှိုင်းမှုမရှိဘဲ အားနည်းနေခဲ့သည်။ ၂ဝ၂၁ အာဏားသိမ်းမတိုင်ခင်နှင့် အာဏာသိမ်းပြီးချိန်မှစ၍ ကျူးလွန်ခဲ့သည့် အလွဲသုံးစားလုပ်ရပ်များအတွက် ထိုက်တန်သည့် ပြစ်ဒဏ်အကျိုးဆက်များကို စစ်တပ်မှ အခုချိန်ထိ မရင်ဆိုင်ရသေးချေ။

ပြည်သူပိုင်စိုးသော နေရာများ(Civic Space) ကျုံ့သွားခြင်းနှင့် စစ်ကောင်စီ၏ အတုအယောင် “ရွေးကောက်ပွဲများ”

နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေသစ်အရ မှတ်ပုံတင်ရန် ပျက်ကွက်မှုကြောင့် ပျက်ပြယ်သွားသည့် နိုင်ငံရေးပါတီပေါင်း ၄ဝ တွင် NLD ပါတီ ပါဝင်ကြောင်း စစ်အစိုးရမှ မတ်လတွင် ကြေညာခဲ့သည်။ အဆိုပါဥပဒေတွင် ပါဝင်သည့် ပြဋ္ဌာန်းချက်များမှာ မြန်မာ၏ အရပ်သားဒီမိုကရေစီစနစ်သို့ ပြန်လည်ရောက်ရှိရေးကို လွယ်ကူချောမွေ့စေရမည့်အစား အကန့်အသတ်မရှိ နှောင့်နှေးကြန့်ကြာအောင် တမင်ရည်ရွယ်ထားပုံပေါ်သည်။ စစ်တပ် အဆိုပြုသည့် “ရွေးကောက်ပွဲများ” မှာ လက်ခံနိုင်ဖွယ်မရှိဟု ယုံကြည်ကြသောကြောင့် ဥပဒေထုတ်ပြန်ပြီး ရက်ပေါင်း ၆ဝ အတွင်း စာရင်းသွင်းရန် လိုအပ်ချက်ကို လိုက်နာရန် NLD အပါအဝင် ပါတီအများအပြားမှ ငြင်းဆိုခဲ့သည်

ဥပဒေအသစ်နှင့် အစောပိုင်း စစ်အုပ်ချုပ်ရေးအမိန့်များကြောင့် မည်သည့် ရွေးကောက်ပွဲတွင်မဆို စစ်ကောင်စီကျောထောက်နောက်ခံပြုထားသော နိုင်ငံရေးပါတီများမှ လွှမ်းမိုးထားပြီး ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားလွှတ်တော်နှင့် ဒေသန္တရလွှတ်တော်များတွင် အမတ်နေရာ ၂၅ ရာခိုင်နှုန်းကို စစ်တပ်မှ ရယူထားသည်။ များပြားသော နိုင်ငံရေးဖိနှိပ်မှုများ ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ အနာဂတ်တွင် ပေါ်ပေါက်လာနိုင်ဖွယ် မရှိချေ။

အစောပိုင်း သန်းခေါင်စာရင်းကောက်ယူရာတွင် လူပေါင်း ၅၁ သန်း၏အချက်အလက်များကို ဒစ်ဂျစ်တယ်စနစ်ဖြင့် မှတ်တမ်းတင်ခဲ့ပြီး ဩဂုတ်လတွင် လူ ၇ဝဝဝဝဝ ခန့်၏ ဇီဝမက်ထရစ် အချက်အလက်များကို စုဆောင်းခဲ့သည်ဟု စစ်ကောင်စီမှ အခိုင်အမာဆိုသည်။ နိုင်ငံသားစာရွက်စာတမ်းများ၊ နိုင်ငံကူးလက်မှတ်များ၊ ဘဏ်အချက်အလက်များနှင့် ဆင်းမ်ကတ်များ၊ မိုဘိုင်းလ်ဖုန်းများ ဝယ်ယူမှုများနှင့် ချိတ်ဆက်ရန် လက်ဗွေ၊ မျက်ဝန်းစကင်န်များ၊ မျက်နှာစကင်န်များနှင့် အခြားကိုယ်ရေးကိုယ်တာအသေးစိတ်အချက်အလက်များကို စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (Ministry of Immigration and Population) မှ စုဆောင်းလျက်ရှိသည်။ ထိုသို့ဒေတာအချက်အလက်စုဆောင်းမှုများကြောင့် တက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေးကာကွယ်သူများနှင့် အတိုက်အခံအဖွဲ့ဝင်များအပေါ် ဒစ်ဂျစ်တယ်စောင့်ကြည့်မှုများ ပိုမိုပြင်းထန်လာနိုင်ပြီး တိုင်းရင်းသားနှင့် လူနည်းစုအုပ်စုများ၏ နိုင်ငံသားဖြစ်ခွင့် အခွင့်အရေးများ စိစစ်မှုလည်း ထပ်မံတင်းကြပ်လာနိုင်သည်။

ပစ်မှတ်ထား ဖမ်းဆီးမှုများနှင့် တရားမျှတသော တရားစီရင်ရေးဆိုင်ရာ အခွင့်အရေးများကို ငြင်းပယ်ခြင်း

လွန်ခဲ့သောနှစ်အတွင်း တက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့်အရေးကာကွယ်သူများအား ပစ်မှတ်ထားတိုက်ခိုက်မှု များပြားလာခဲ့သည်။ အာဏာသိမ်းမှုနောက်ပိုင်း အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြသူ အနည်းဆုံး ၂၄ဝဝဝ ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး ၄ဝဝဝ ကျော် သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (Assistance Association for Political Prisoners, AAPP)၏ မှတ်တမ်းများအရ သိရသည်။ အမှန်တကယ် သေဆုံးသူနှင့် ဖမ်းဆီးခံရသူများ၏ အရေအတွက်မှာ အများကြီး ပိုများနိုင်သည်ဟု အော်စလို ငြိမ်းချမ်းရေး သုတေသနဌာန (Peace Research Institute of Oslo) မှ ခန့်မှန်းထားသည်။

အစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှုများတွင် ဒါဇင်ပေါင်းများစွာသော မြန်မာရှေ့နေများမှ ဖမ်းဆီးခံရသူများကို ကိုယ်စားပြုပြီး ထိုသူများအား ဥပဒေကြောင်းအရ ခုခံကာကွယ်ပေးရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော် ထိုသို့ကာကွယ်ပေးရန်ကြိုးစားတိုင်းတွင် ရှေ့နေများမှာ စစ်အာဏာပိုင်များ စနစ်တကျစီစဥ်ထားသော အတားအဆီးများနှင့် ကန့်သတ်တားမြစ်ချက်များကြောင့် လုပ်ငန်းခွင် အဟန့်အတားများကို ရင်ဆိုင်ကြရသည်။ အဆိုပါရှေ့နေများ ကိုယ်တိုင်မှာ ခြိမ်းခြောက်မှု၊ မတရားဖမ်းဆီးမှုနှင့် ထိန်းသိမ်းမှု၊ နိုင်ငံရေးလှုံ့ဆော်မှုဖြင့် တရားစွဲဆိုမှုများအပြင် အချို့အခြေအနေများတွင် ညှဉ်းပန်းနှိပ်စက်မှုနှင့် လူမဆန်စွာ ဆက်ဆံမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။

စစ်အစိုးရသည် နိုင်ငံရေးအရ ထိရှလွယ်သောအမှုများကို အမြန်ခြေရာခံနိုင်ရန် အကျဉ်းထောင်များအတွင်း၌ “အထူးတရားရုံးများ” ကို ဖန်တီးခဲ့သည်။ ရလဒ်အနေဖြင့် အာဏာသိမ်းမှုမတိုင်ခင် ပုံမှန် ရာဇဝတ်မှုတရားရုံးများတွင် ကြားနာလေ့ရှိသည့် အမှုအများအပြားမှာ လက်ရှိ စစ်ကောင်စီ ထိန်းချုပ်ထားသော အထူးတရားရုံးများ၏ စီရင်ပိုင်ခွင့်အောက်တွင် ရှိနေသည်။ အထူးတရားရုံးများအတွင်း ရှေ့နေများအပေါ် ကန့်သတ်ချက်များကြောင့် သံသယရှိခံရသူများမှာ မျှတစွာ ဆက်ဆံမှုနှင့် တရားမျှတသော တရားစီရင်မှု ရရှိရေး အခွင့်အရေးများ ငြင်းပယ်ခံနေရသည်။

တဆက်တည်းတွင် စစ်အုပ်ချုပ်ရေးအောက်ရှိ မြို့နယ်များတွင် လည်ပတ်နေသော စစ်ခုံရုံးများတွင် အရပ်သားများအတွက် အမှုများကို အဆုံးအဖြတ်ပေးသော်လည်း လုံးဝ ပွင့်လင်းမြင်သာမှုမရှိဘဲ ပြည်သူ များ တက်ရောက်လေ့လာခွင့်မရအောင် ပိတ်ထားသည်။

ဩဂုတ်လတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်အား ပြစ်ဒဏ်များ လျှော့ပေါ့ပေးမှုနှင့် တချိန်တည်းမှာပင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်နှင့်ချီသော အကျဉ်းသားများကို လွှတ်ပေးရန် စစ်ကောင်စီမှ ကြေညာခဲ့သည်။ သို့သော် ယခင်နှစ်များကဲ့သို့ပင် အဆိုပါလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူများထဲမှ အနည်းငယ်မှာ နိုင်ငံရေးအကျဉ်းသားများ ဖြစ်ကြပြီး အများစုမှာ ပြစ်ဒဏ်ကျခံနေရပြီး လွတ်ရက်နီးနေသည့်သူများသာ ဖြစ်ကြသည်။ အများယုံကြည်လက်ခံမှု ရရန်နှင့် နိုင်ငံတကာဖိအားများကို ရှောင်လွှဲရန် လွတ်ငြိမ်းချမ်းသာခွင့်များကို လက်နက်တစ်ခုအဖြစ် မြန်မာစစ်အာဏာပိုင်များမှ ကာလကြာရှည် အသုံးပြုခဲ့သည်။

စက်တင်ဘာတွင် ပိတ်ပင်ခံထားရသည့် လွတ်လပ်သောဂျာနယ် Myanmar Now ၏ ဓာတ်ပုံသတင်းထောက် စိုင်းဇော်သိုက်မှာ အင်းစိန်ထောင်အတွင်း တရားခွင်တွင် ဥပဒေဆိုင်ရာကိုယ်စားပြုမှု မရရှိဘဲ အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် (၂ဝ) စီရင်ချက်ချခံခဲ့ရသည်။ ထိုပြစ်ဒဏ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက်တိုင်းအတွက် အရှည်ဆုံး ပြစ်ဒဏ်ဖြစ်သည်။

အရပ်သားပြည်သူလူထုအပေါ် စစ်တပ်မှ တိုက်ခိုက်ခြင်း

ဧပြီ ၁၁ ရက်တွင် စစ်ကိုင်းတိုင်း ပဇီကြီးကျေးရွာရှိ အတိုက်အခံအဖွဲ့၏ အဆောက်အဦကို စစ်တပ်မှ သာမိုဘာရစ်ဗုံး (thermobaric bomb) ဖြင့် တိုက်ခိုက်ခဲ့ရာ ကလေးအများအပြား အပါအဝင် လူပေါင်း ၁၆ဝ ကျော် သေဆုံးခဲ့သည်။  အဆိုပါ ပေါက်ကွဲနှုန်းမြင့်သော အဆင့်မြင့်ဗုံး (enhanced-blast type munition) ဖြင့် တိုက်ခိုက်ခြင်းမှာ အရပ်သား၊ လက်နက်ကိုင် မခွဲခြားသော တိုက်ခိုက်မှုဖြစ်ပြီး အရပ်သားသေဆုံးမှု အဆမတန်များပြားသောကြောင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး ထင်ရှားသည့် စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်သည်။

စစ်ဥပဒေချိုးဖောက်မှုများအတွက် မြန်မာစစ်တပ်မှ တာဝန်ရှိသည့် အခြားတိုက်ခိုက်မှုများတွင် ဧပြီ ၁ဝ ရက် ချင်းပြည်နယ်တွင် အရပ်သား ကိုးဦးသေဆုံးခဲ့ပြီး မေ ၂ ရက် ပဲခူးတိုင်းဒေသကြီးတွင် အရပ်သား သုံးဦး သေဆုံးခဲ့ရသည့် လေကြောင်းတိုက်ခိုက်မှုများ ပါဝင်သည်။ ဧပြီ ၂၁ ရက် မကွေးတိုင်းဒေသကြီးတွင် လေကြောင်းနှင့် မြေပြင် တိုက်ခိုက်မှုများကြောင့် ဂျပန်နိုင်ငံမှ ထောက်ပံ့ထားသော ဆေးရုံတစ်ရုံ မီးလောင်ပျက်စီးခဲ့သည်။ မတ်လတွင် ရှမ်းပြည်နယ်ရှိ မြို့တစ်မြို့ကို စစ်တပ်မှ သိမ်းပိုက်ပြီးနောက် လူ ၂၂ ဦးမှာအကျဉ်းချုံး ကွပ်မျက်ခံခဲ့ရပြီး အများစုမှာ ညှင်းပန်းနှိပ်စက်ခံရသည့် အမှတ်အသားများ ရှိနေသည်။

အောက်တိုဘာ ၉ ရက် ကချင်ပြည်နယ်တွင် ရာနှင့်ချီသော စစ်ဘေးရှောင်ပြည်သူများ နေထိုင်သည့် ကျေးရွာတစ်ရွာကို စစ်တပ်မှ တိုက်ခိုက်ခဲ့ရာ ကလေး ၁၁ ဦးအပါအဝင် အရပ်သား ၂၈ ဦး သေဆုံးခဲ့သောကြောင့် ထင်ရှားသည့် စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်သည်။

ချင်းကချင်၊ ကရင်နှင့် ကရင်နီပြည်နယ်များကဲ့သို့ အခြားနေရာဒေသများ အပါအဝင် နိုင်ငံတဝှမ်းတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများမှာ ၂ဝ၂၃ တွင် သိသိသာသာ များပြားလာခဲ့သည်။ အချို့သောဒေသများတွင် လေကြောင်းတိုက်ခိုက်မှုများမှာ လွန်ခဲ့သောနှစ်၏ ၃ ဆ (၃ဝဝ ရာခိုင်နှုန်း) ထက်ကျော်လွန်ကာ တိုးများလာခဲ့သည်။ စစ်တပ်သည် ပြည်တွင်းတွင် ထုတ်လုပ်သော ဗုံးအငယ်စားများ အစုလိုက်အပြုံလိုက်ပါသည့် ကလပ်စ်တာဗုံးများကို ဆက်လက်အသုံးပြုနေသည်။ မြန်မာနိုင်ငံတွင် ထိုဗုံးအမျိုးအစား အသုံးပြုမှုကို အာဏာသိမ်းပြီးနောက် ပထမဆုံးမှတ်တမ်းတင်ခဲ့သည်။ နိုင်ငံပေါင်း ၁၂၃ နိုင်ငံမှ လက်မှတ်ရေးထိုးထားသော ၂ဝဝ၈ သဘောတူညီချက်တွင် ကလပ်စ်တာဗုံးများကို တားမြစ်ထားသည်၊ ထိုသဘောတူညီချက်ကို မြန်မာနိုင်ငံမှ လက်မှတ်မရေးထိုးခဲ့ပေ။

အစိုးရနှင့် မသက်ဆိုင်သော လက်နက်ကိုင်အဖွဲ့များမှ ကလေးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ဆိုးရွားသော ချိုးဖောက်မှုများ အပါအဝင် အရပ်သားများအပေါ် ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်။

အိုးအိမ်စွန့်ခွာထွက်ပြေးရမှုနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ

လူပေါင်း ၂ သန်းနီးပါး ပြည်တွင်းတွင် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ဒုက္ခသည် ၉၄ဝဝဝ မှာ အိမ်နီးချင်း နိုင်ငံများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။ အောက်တိုဘာ ၂၇ တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ မဟာမိတ်တပ်ဖွဲ့များနှင့် စစ်တပ်ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ နိုင်ငံတစ်ဝှမ်း နောက်ထပ် လူပေါင်း ၅ဝဝဝဝဝ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ပြည်တွင်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူ အများအပြားမှာ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများမှ အကြိမ်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ လူပေါင်း ၁၈ သန်းမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်သည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (United Nations Office for the Coordination of Humanitarian Affairs, UNOCHA) မှ ဆိုသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို စစ်ကောင်စီမှ ကန့်သတ်ထားခဲ့သောကြောင့် ပဋိပက္ခဖြစ်ပွားရာဒေသများရှိ သန်းနှင့်ချီသော လူများအပေါ် ခြိမ်းခြောက်မှုများစွာ ဖြစ်ပေါ်စေခဲ့သည်။ စစ်တပ်မှ စုပေါင်းပြစ်ဒဏ်ပေးသည့်ပုံစံအဖြစ် အကူအညီများကို တမင် ပိတ်ဆို့ထားခဲ့သည်။ အဆိုပါပိတ်ဆို့တားဆီးမှုများကြောင့် စစ်တပ် နှစ်ပေါင်းများစွာ ကျင့်သုံးလာသည့် “ဖြတ်လေးဖြတ်” ဗျူဟာမှာ ပိုမိုခိုင်မာလာခဲ့သည်၊ အဆိုပါ ဗျူဟာကို ကျင့်သုံးရာတွင် လက်နက်ကိုင်တပ်ဖွဲ့များမှ အရပ်သားများကို သီးခြားခွဲထုတ်ပြီး အကြမ်းဖက်ခြင်းဖြင့် နယ်မြေတစ်ခုကို ဆက်လက်ထိန်းချုပ်ထားသည်။

မေ ၁၄ တွင် အိန္ဒိယသမုဒ္ဒရာ မြောက်ပိုင်း၏ မှတ်တမ်းအရ အပြင်းထန်ဆုံး ဆိုင်ကလုန်းမုန်တိုင်း မိုခါမှာ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့သောကြောင့် ချင်း၊ ကချင်၊ ရခိုင်ပြည်နယ်များနှင့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသကြီးများတွင် လူပေါင်း ၇ ဒသမ ၉ သန်းထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်ဟု OCHA စာရင်းဇယားများအရ သိရသည်။ “ကလေးငယ်များနှင့် မိသားစုများအပေါ် ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုကို လူတိုင်း ရှင်းရှင်းလင်းလင်း မြင်နိုင်သည်” ဟု UNICEF မှ မုန်တိုင်းဖြစ်ပြီးနောက် မှတ်ချက်ပြုခဲ့သည်။ အကူအညီပေးရေး အလုပ်သမားများအတွက် ခရီးသွားလာခွင့်နှင့် ဗီဇာများကို ခွင့်ပြုရန်၊ အကောက်ခွန်နှင့် ဂိုဒေါင်များမှ အရေးပေါ် အထောက်အပံ့များ ထုတ်ပေးရန် သို့မဟုတ် အသက်ကယ်အကူအညီများနှင့် ပတ်သက်ပြီး မလိုအပ်သော ကန့်သတ်ချက်များကို ဖြေလျှော့ပေးရန် စစ်ကောင်စီ အာဏာပိုင်များမှ ငြင်းဆိုခဲ့သည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ကန့်သတ်ချက်များမှ “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဘေးကင်းကင်းနှင့် အဟန့်အတားမရှိဘဲ အပြည့်အဝ ရရှိရေး” ကို အလေးအနက် တောင်းဆိုထားသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ သဘောတူညီချက်ငါးရပ်နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဒီဇင်ဘာ ၂ဝ၂၂ ဆုံးဖြတ်ချက်များ အပါအဝင် နိုင်ငံတကာတောင်းဆိုမှုများကို လျစ်လျူရှုခဲ့သည်။

ပဋိပက္ခများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ လျော့ကျခြင်းမှာ စားနပ်ရိက္ခာ မလုံခြုံမှုကို သိသာထင်ရှားစွာ ဖြစ်ပေါ်စေသည်ဟု ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (UN Food and Agriculture Organization) အရ သိရသည်။ ထို့အပြင် မြန်မာ့ငွေကြေး အဆမတန် တန်ဖိုးကျဆင်းခြင်းကြောင့် ဘဏ်လုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာ အကျပ်အတည်းများနှင့် အစားအစာ၊ ဆေးဝါးနှင့် အခြား မရှိမဖြစ်လိုအပ်သောပစ္စည်းများ ပြတ်လပ်မှုကို ဖြစ်ပေါ်စေသည်။

ရိုဟင်ဂျာ လူမျိုးရေးခွဲခြားမှု

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ ၆ သိန်းကျော်မှာ လူမျိုးရေးခွဲခြားခံရသည့် အခြေအနေများအောက်တွင် ဆက်လက် နေထိုင်နေကြရပြီး စစ်ကောင်စီ အာဏာပိုင်များ၏ ဖိနှိပ်ချုပ်ချယ်မှုနှင့် ပြင်းထန်သည့် ဖမ်းဆီးထောင်ချမှုများနှင့် ရင်ဆိုင်နေရသည်။ အဆိုပါ ရိုဟင်ဂျာများထဲမှ ရိုဟင်ဂျာ ၁၄ဝဝဝဝ ခန့်မှာ ၂ဝ၁၂ ကတည်းက ရခိုင်ပြည်နယ်အလယ်ပိုင်းရှိ စခန်းများတွင် ပိတ်လှောင်ခံခဲ့ရပြီး နေရပ်ပြန်ခွင့် ပိတ်ပင်ခံခဲ့ရသည်။

စစ်ကောင်စီမှ အငြင်းပွားဖွယ်ဖြစ်သော “စခန်းပိတ်ခြင်း” လုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး ယာယီလူနေဆောင်တန်းလျားများနေရာတွင် သို့မဟုတ် ထိုယာယီတန်းလျားများ အနီးတွင် အတည်တကျ အဆောက်အဦများ (permanent structures) ဖြင့် အစားထိုးလိုက်သောကြောင့် လူမျိုးရေးခွဲခြားမှုကို ပိုမိုခိုင်မာသွားစေသည်။ ရိုဟင်ဂျာစခန်းအားလုံးမှာ ရခိုင်ပြည်နယ် အလယ်ပိုင်းတွင် တည်ရှိသည်၊ လွန်ခဲ့သည့် နှစ်နှစ်အတွင်း ပြုပြင်မှု ရရှိခဲ့သည့် ရိုဟင်ဂျာများ၏ ခိုလှုံရာတဲများမှာ စခန်းအားလုံး၏ ထက်ဝက်မျှပင် မရှိခဲ့ပေ။

ဆိုင်ကလုန်း မိုခါ ကျရောက်ချိန်တွင် ဒေသခံစစ်ကောင်စီအာဏာပိုင်များမှ မုန်တိုင်းအန္တရာယ်များကို တိတိကျကျ သတိပေးခြင်း မရှိသည့်အပြင် ရိုဟင်ဂျာများကို လုံခြုံသည့် ခိုလှုံရာများ ပေးခြင်း သို့မဟုတ် သွားရေးလာရေး ကူညီပေးခြင်း သို့မဟုတ် မုန်တိုင်းအပြီး ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ ပံ့ပိုးပေးခြင်း မရှိခဲ့ပေ။

နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ် စမ်းသပ်မှု” (pilot repatriation process) ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များနှင့် မြန်မာစစ်ကောင်စီမှ ခြေလှမ်းစတင်ခဲ့ရာတွင် အကျပ်ကိုင်မှုနှင့် အကောက်ကြံမှုများ ပါဝင်နေသည်။ ရိုဟင်ဂျာများအတွက် ဘေးကင်းလုံခြုံစွာ၊ ရေရှည်တည်တံ့ပြီး ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်သည့်အခြေအနေများ တစ်နှစ်ပတ်လုံး မရှိခဲ့ပေ။

လိင်စိတ်ကိုင်းညွတ်ခြင်းနှင့် ဂျန်ဒါဝိသေသ

မြန်မာ့ရာဇသတ်ကြီးအရ “သဘာဝတရားနှင့် ဆန့်ကျင်၍ လိင်ဆက်ဆံခြင်း” ကို ငွေဒဏ်နှင့် ထောင်ဒဏ် ၁ဝ နှစ်အထိ ချမှတ်နိုင်သည်။ စစ်ကောင်စီအောက်တွင် ဖမ်းဆီးခံရစဉ် အထူးသဖြင့် လက်ဇ်ဘီယန်၊ ဂေး၊ ဘိုင်စက်ရွှယ်နှင့် ထရန်ဂျန်ဒါ (LGBT) လူများမှာ ပစ်မှတ်ထား လိင်အကြမ်းဖက်ခံရနိုင်ဖွယ်ရှိသည်။

အမျိုးသမီးများနှင့် မိန်းကလေးများ၏ အခွင့်အရေးများ

အာဏာသိမ်းပြီးကတည်းက စစ်တပ်နှင့် အစိုးရမဟုတ်သော ကျူးလွန်သူများမှ ကျူးလွန်ခဲ့သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ဂျန်ဒါအခြေပြု ထိပါးနှောင့်ယှက်မှုများနှင့် ပတ်သက်သည့် မှတ်တမ်းများ ရုတ်ချည်း မြင့်တက်လာခဲ့သည်။ ထို့အပြင် အမျိုးသမီးများနှင့် မိန်းကလေးများမှာ အထူးသဖြင့် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများအတွင်း ဂျန်ဒါအခြေပြုအကြမ်းဖက်မှုများ ခံရနိုင်ခြေ အလွန်မြင့်မားသည်။ နိုင်ငံရေးနှင့် ပညာရေးတွင် အမျိုးသမီးများ၏ ပါဝင်နိုင်စွမ်း သိသိသာသာ ကျဆင်းလာကြောင်း အမျိုးသမီးများမှ အစီရင်ခံခဲ့သည်။​ မိန်းကလေး ၁၆ ရာခိုင်နှုန်းနှင့် ယောက်ျားလေး ၅ ရာခိုင်နှုန်းမှာ အသက် ၁၈ နှစ်မတိုင်မီ အိမ်ထောင်ပြုကြပြီး ပြည်တွင်းနှင့် ပြည်ပ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုများကြောင့် အမျိုးသမီးများနှင့် မိန်းကလေးများ လူကုန်ကူးခံရနိုင်သည့် အန္တရာယ်များ ရင်ဆိုင်နေရသည်။

အဓိကကျသည့် နိုင်ငံတကာ ပါဝင်ကူညီသူများ

၂ဝ၂၂၊ ဒီဇင်ဘာတွင် မြန်မာနှင့်သက်ဆိုင်သော ဆုံးဖြတ်ချက်ကို အတည်ပြုပြီးနောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနှင့် ကြေညာချက်အနည်းငယ် ထုတ်ပြန်ခြင်းမှလွဲ၍ ကြီးကြီးမားမား လုပ်ဆောင်ခဲ့ခြင်း မရှိပေ။ မြန်မာစစ်တပ်မှ အဆိုပါဆုံးဖြတ်ချက်ကို လျစ်လျူရှုထားသည်၊ လုံခြုံရေးကောင်စီမှ ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ပိတ်ပင်ခြင်း၊ မြန်မာ၏ အခြေအနေအား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) သို့ လွှဲပြောင်းပေးခြင်း သို့မဟုတ် စစ်ကောင်စီ ခေါင်းဆောင်များနှင့် စစ်တပ်ပိုင် ကုမ္ပဏီများအပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ  မဖြစ်မနေလုပ်ဆောင်ခြင်း ကဲ့သို့ ခိုင်မာပြီး အဓိပ္ပါယ်ရှိသည့် နောက်ထပ် အရေးယူဆောင်ရွက်ချက်များ ပြုလုပ်ခဲ့ခြင်း မရှိပေ။

ဖေဖော်ဝါရီနှင့် ဇူလိုင်တွင် အီးယူမှ မြန်မာနိုင်ငံအပေါ် ကန့်သတ်တားမြစ်ချက် ၆ ခုမြောက်နှင့် ၇ ခုမြောက်ကို အတည်ပြုခဲ့ပြီး စုစုပေါင်း လူ ၉၉ ဦးနှင့် အဖွဲ့အစည်း ၁၉ ခုအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။

မေလတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews မှ အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်များနှင့် လက်နက်ဆိုင်ရာ ကုန်ကြမ်းပစ္စည်းများ ပါဝင်သော အမေရိကန်ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ ကုန်သွယ်မှုနှင့် ပတ်သက်သည့် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။ အဆိုပါအစီရင်ခံစာတွင် ရုရှား၊ တရုတ်၊ စင်ကာပူ၊ ထိုင်းနှင့် အိန္ဒိယတွင် အခြေစိုက်သည့် အဖွဲ့အစည်းများသို့ လက်နက်နှင့် ပစ္စည်းများ စီးဝင်မှုကို ခြေရာခံထားသည်။ လက်နက်ရောင်းဝယ်သူများမှာ လျော့ရဲသည့်ဥပဒေများကို အခွင့်ကောင်းယူကာ “အယောင်ပြကုမ္ပဏီများ” (front companies) ကို အသုံးပြု၍ ပိတ်ဆို့အရေးယူမှုများကို ရှောင်ရှားခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဇွန်လတွင် အမေရိကန်မှ မြန်မာ့ကာကွယ်ရေးဝန်ကြီးဌာနနှင့်  လက်နက်နှင့် အရပ်သား-စစ်တပ် နှစ်မျိုးသုံးကုန်ပစ္စည်းများ ဝယ်ယူရာတွင် အသုံးပြုခဲ့သည့် ဘဏ်နှစ်ခုဖြစ်သည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (Myanmar Foreign Trade Bank, MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (Myanmar Investment and Commercial Bank, MICB) များကို ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။ အဆိုပါပိတ်ဆို့အရေးယူမှုကို တုံ့ပြန်သည့်အနေဖြင့် မြန်မာစစ်တပ် အသုံးပြုသောနိုင်ငံခြားဘဏ်ဖြစ်သည့် စင်ကာပူ၏ United Overseas Bank (UOB) မှ ဘဏ်လွှဲပြောင်းမှုအားလုံးကို ရပ်ဆိုင်းခဲ့သည်။ ဘင်္ဂလားဒေ့ရှ်၏ Sonali ဘဏ်မှ MFTB နှင့် MICB ဘဏ်များ၏ ငွေလွှဲပြောင်းမှုများနှင့် အကောင့်များကို ရပ်တန့်ခဲ့သည်။

မြန်မာစစ်တပ်မှ အရပ်သားများအပေါ် တိုးမြှင့်တိုက်ခိုက်မှုများကြောင့် ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုများတွင် လေကြောင်းလောင်စာဆီကိုပါ ထည့်သွင်းရန် ဩဂုတ် ၂၃ တွင် အမေရိကန်မှ ထပ်မံချမှတ်ခဲ့သည်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (Office of Foreign Assets Control, OFAC) မှ မြန်မာ့စီးပွားရေး၏ “လေယာဉ်လောင်စာဆီကဏ္ဍတွင် လုပ်ကိုင်နေသော နိုင်ငံခြားသားတစ်ဦးချင်း သို့မဟုတ် မည်သည့်အဖွဲ့အစည်းကိုမဆို” ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။ လေယာဉ်ဆီဝယ်ယူဖြန့်ဖြူးမှုတွင် ပါဝင်သည့် လူနှစ်ဦးနှင့် အဖွဲ့အစည်းတစ်ခုအပြင် အဆိုပါ လူနှစ်ဦးပိုင်ဆိုင်သည့် အခြားအဖွဲ့အစည်းနှစ်ခုကိုလည်း OFAC မှ ပိတ်ဆို့အရေးယူရန် သတ်မှတ်ခဲ့သည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (Myanma Oil and Gas Enterprise, MOGE) နှင့် ပတ်သက်သည့် ငွေကြေးလွှဲပြောင်းမှုများကို အောက်တိုဘာ ၃၁ တွင် အမေရိကန်မှ တားမြစ်ခဲ့ပြီး အဆိုပါ တားမြစ်ချက်မှာ ဒီဇင်ဘာ ၁၅ တွင် စတင်အကျိုးသက်ရောက်မည် ဖြစ်သည်။ အဆိုပါ တားမြစ်ချက်တွင် အမေရိကန် တရားစီရင်ပိုင်ခွင့်အောက်ရှိ ပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများအား MOGE သို့ တိုက်ရိုက်ဖြစ်စေ သို့မဟုတ် သွယ်ဝိုက်၍ဖြစ်စေ ငွေကြေးဝန်ဆောင်မှုများ–သွင်းငွေ၊ ငွေလွှဲပြောင်းမှု၊ ချေးငွေ၊ အာမခံ၊ ရင်းနှီးမြှုပ်နှံမှုများ၊ နိုင်ငံခြားငွေလဲလှယ်မှုနှင့် အခြားဝန်ဆောင်မှုများ အပါအဝင်–ပေးခြင်းမှ တားမြစ်ထားသည်။။ အမေရိကန်၊ ကနေဒါနှင့် ဗြိတိန်မှ လူတစ်ဦးချင်းစီနှင့် အဖွဲ့အစည်းများအပေါ် ထပ်တိုး ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။

ယခုနှစ်အစောပိုင်းတွင် ကနေဒါယူကေနှင့် အီးယူမှ မြန်မာစစ်တပ်အား လေကြောင်းလောင်စာဆီ ထောက်ပံ့ပေးရာတွင် ပါဝင်သည့် လူတစ်ဦးချင်းစီနှင့် အဖွဲ့အစည်းများအပေါ် ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။ သို့သော် အနည်းဆုံး ဗြိတိန်အာမခံကုမ္ပဏီငါးခုမှ မြန်မာနိုင်ငံသို့ လေကြောင်းလောင်စာဆီ ပို့ဆောင်မှုအတွက် အာမခံပေးနေဆဲဖြစ်သည်။

နှစ်စဉ် အက္ခရာစဉ်အလိုက် အလှည့်ကျ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ရာတွင် ၂ဝ၂၆ တွင် အလှည့်ကျမည့် မြန်မာနိုင်ငံကို အသင်းဥက္ကဋ္ဌအဖြစ် မခန့်ရန် အောက်တိုဘာလ အာဆီယံနှစ်ပတ်လည် ထိပ်သီးအစည်းအဝေး၌ ဆုံးဖြတ်ခဲ့သည်။ အာဆီယံအလှည့်ကျဥက္ကဋ္ဌဟောင်း၊ လက်ရှိဥက္ကဋ္ဌနှင့် နောင်ဖြစ်လာမည့် ဥက္ကဋ္ဌနိုင်ငံများ သုံးနိုင်ငံပါဝင်သော “ထရိုင်ကာ” (troika) မှ မြန်မာ၏ ပြဿနာကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဆုံးဖြတ်ချက်ချခဲ့သည်။

ICC တွင် ရိုဟင်ဂျာများအပေါ် ၂ဝ၁၇ လူမျိုးတုံးသတ်ဖြတ်ရေး လှုပ်ရှားမှု၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အစိုးရရှေ့နေရုံးမှ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်ခဲ့သည်။ ထိုစစ်ဆေးမှုမှာ ICC အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်တွင် အဆိုပါရာဇဝတ်မှုများ ဖြစ်ပွားမှုအပေါ် အခြေခံထားသည်။ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားမှ နောင်လာမည့် တရားစွဲဆိုမှုများအတွက် သက်သေအထောက်အထားများကို ဆက်လက်စုဆောင်းလျက်ရှိသည်။

လူမျိုးတုံးသတ်ဖြတ်ခြင်း ကွန်ဗင်းရှင်း (Genocide Convention) ကို မြန်မာနိုင်ငံမှ ချိုးဖောက်သည်ဟု စွပ်စွဲထားသော ဂမ်ဘီယာ၏ အမှုမှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုရုံး (International Court of Justice, ICJ) တွင် ဆက်လက်ရှိနေပြီး မြန်မာနိုင်ငံမှ တုန့်ပြန်လွှာကို သြဂုတ်လတွင် တင်သွင်းခဲ့သည်။ နိုဝင်ဘာ ၁၅ တွင် ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်နှင့် ယူကေမှ ဂမ်ဘီယာအမှုကို ထောက်ခံသည့်အနေဖြင့် ကြားဝင်စွက်ဖက်ရန် ပူးတွဲကြေငြာချက် တင်သွင်းခဲ့သည်။