Skip to main content
Rohingya refugees walk through rice fields after crossing the border from Myanmar into Palang Khali, Bangladesh, October 19, 2017.

ဂျန်နိုဆိုက်အမှုအပေါ် မြန်မာနိုင်ငံက ကန့်ကွက်မှုကို ကမ္ဘာ့ခုံရုံးက ပယ်ချ

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ ဆုံးဖြတ်ချက်က ရိုဟင်ဂျာတို့အတွက် တရားမျှတမှုကို တစ်ဆင့်မြှင့်တင်ပေး

မြန်မာနိုင်ငံ နယ်စပ်ဖြတ်ကျော်ထွက်ပြေးလာသော ရိုဟင်ဂျာဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Palang Khaki တွင်  လယ်ကွင်းများကို ဖြတ်လျှောက်နေစဉ် (အောက်တိုဘာ ၁၉၊ ၂၀၁၇) © 2017 Jorge Silva/Reuters

(သည်ဟိဂ်၊) - နိုင်ငံတကာလူမျိုးတုံးသတ်ဖြတ်ရေးကွန်ဗင်းရှင်းအရ ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံကို စွပ်စွဲထားသော အမှုတွင် ICJ သည် မြန်မာနိုင်ငံမှ တင်သွင်းသော ကနဦး ကန့်ကွက်မှုများကို ပယ်ချလိုက်သည် ဟု လူ့အခွင့်အရေးလေ့လာစောင့်ကြည်ရေးအဖွဲ့ (HRW) မှ ယနေ့ ပြောကြားသည်။ အဆိုပါအမှုမှာ မြန်မာအစိုးရက ရိုဟင်ဂျာလူမျိုးစုအပေါ် ဂျန်နိုဆိုက်ရာဇဝတ်မှု ကျူးလွန်ခဲ့သည်ဟု စွဲချက်တင်ထားသော အမှုဖြစ်ပြီး အောက်တိုဘာ ၂၀၁၆ နှင့် သြဂုတ် ၂၀၁၇ ကြား မြန်မာစစ်တပ်၏စစ်ဆင်ရေးများကို အဓိကထားသည်။​

ဂမ်ဘီယာနိုင်ငံမှ နိုဝင်ဘာ ၂၀၁၉ တွင် ICJ ရှေ့မှောက်သို့ တင်သွင်းခဲ့သော အမှုတွင် “သတ်ဖြတ်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အကြီးအကျယ် ထိခိုက်စေခြင်း၊ အိမ်ယာများ ပျက်သုဉ်းမှုကို ဖြစ်စေမည့် အခြေအနေများကို ဖန်တီးခြင်း၊ မွေးဖွားခြင်းများကို ကန့်သတ်ပိတ်ပင်ခြင်း၊ အတင်းအကြပ်ပြောင်းရွှေ့စေခြင်း တို့မှာ ရိုဟင်ဂျာလူမျိုးစု တစ်စုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို ပျက်စီးစေရန် ကြံရွယ်လုပ်ဆောင်ခြင်း ဖြစ်သောကြောင့်” မြန်မာအစိုးရမှာ ဂျန်နိုဆိုက်လုပ်ရပ်များ ကျူးလွန်ခဲ့သည်ဟု ဖော်ပြထားသည်။

“ရိုဟင်ဂျာလူထုအပေါ် မြန်မာစစ်တပ်က လူသတ်စစ်ဆင်ရေး လုပ်နေတာ ကြာပြီ၊ အဲလိုအသိနောက်ကျနေတာကို ICJ ရဲ့ဆုံးဖြတ်ချက်က တံခါးဖွင့်ပေးလိုက်ပြီ” ဟု HRW အာရှဌာန၏ယာယီတာဝန်ခံ အီလိန်း ပီယာဆန် (Elaine Pearson) က ပြောကြားသည်။ “ရိုဟင်ဂျာတွေအပေါ် ကြမ်းကြုတ်ရက်စက်မှုတွေ ပြုလုပ်ခဲ့တဲ့ စစ်တပ်ကို ပြစ်ဒဏ်ပေးဖို့လိုတယ်၊ အဲဒါမှ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ ရာဇဝတ်မှုတွေကြောင့် ထိခိုက်နစ်နာခဲ့ရသူတွေအတွက် တရားမျှတမှုရဖို့ ပိုမိုထိရောက်တဲ့ နိုင်ငံတကာအရေးယူမှုတွေ လုပ်ဖို့ ကမ္ဘာ့ခုံရုံးက ဖိအားပေးနိုင်မယ်။”

ICJ ၏ တရားစီရင်ပိုင်ခွင့်၊ ဂမ်ဘီယာ၏ တရားဝင်အမှုဖွင့်နိုင်ခွင့်သာမက ဂမ်ဘီယာ၏ တုန့်ပြန်မှုတို့ကိုပါ  မြန်မာနိုင်ငံ၏ကန့်ကွက်ကြောင်း တင်ပြသည့် အချက်လေးချက်ကို ICJ က ဖေဖော်ဝါရီလ ၂၀၂၂ တွင် ကြားနာခဲ့သည်။

အဆိုပါဆုံးဖြတ်ချက်တွင် မြန်မာနိုင်ငံ၏ကန့်ကွက်ချက်များမှ သုံးချက်ကို ICJ မှ အားလုံးသဘောတူ ပယ်ချခဲ့ပြီး ကျန်တစ်ချက်ကိုမူ ၁၅ မဲ ၁ မဲ ဖြင့် ပယ်ချခဲ့သည်။​ ထိုစီရင်ချက်အရ “ဤအမှုတွင် လျှောက်ထားသူမှာ ဂမ်ဘီယာနိုင်ငံ ဖြစ်သည်၊” “အမှုကို ဂမ်ဘီယာမှ ခုံရုံးတင်ချိန်တွင် ဂျန်နိုဆိုက်ကွန်ဗင်းရှင်းကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ အသုံးချခြင်း၊ အကောင်အထည်ဖော်ခြင်းတို့နှင့် ပတ်သက်သော အငြင်းပွားမှုမှာ နှစ်နိုင်ငံကြားတွင် ရှိနေခဲ့သည်၊” “ဂမ်ဘီယာမှာ ဂျန်နိုဆိုက်ကွန်ဗင်းရှင်းကို လက်မှတ်ထိုးသော နိုင်ငံဖြစ်သောကြောင့် ကွန်ဗင်းရှင်းအပိုဒ် (၁)၊ (၃)၊ (၄) နှင့် (၅) တို့အရ မြန်မာနိုင်ငံ၏စည်းမျဉ်းချိုးဖောက်မှုကို မြန်မာနိုင်ငံမှ တာဝန်ယူရန် တောင်းဆိုနိုင်သည်” ဟု တရားရုံးမှ အတည်ပြုခဲ့သည်။

ဂမ်ဘီယာနိုင်ငံမှာ မြန်မာနှင့်ရော ရိုဟင်ဂျာတို့နှင့်ပါ အဆက်အစပ်မရှိခြင်းကြောင့် ဂမ်ဘီယာမှ မြန်မာကို တရားမစွဲနိုင်ဟူသော မြန်မာ၏ချေပချက်ကို တရားရုံးက တုန့်ပြန်ရာတွင် “ဂျန်နိုဆိုက်ကွန်ဗင်းရှင်းကို လက်မှတ်ထိုးထားသော နိုင်ငံများမှာ ဂျန်နိုဆိုက်ကို တာဆီးရန်၊ ဖိနှိပ်ရန်နှင့် အပြစ်ပေးရန် ဆန္ဒတူကြသောကြောင့် ကွန်ဗင်းရှင်းတွင် ပါဝင်သော တာဝန်ဝတ္တရားများကို ကျေပွန်အောင် လုပ်ဆောင်နိုင်သည်” ဟု တရားရုံးက ထုတ်ပြန်ခဲ့သည်။​

မြန်မာ၏ကနဦးကန့်ကွက်ချက်များကို ပယ်ချလိုက်ခြင်းဖြင့် ICJ သည် မြန်မာ ဂျန်နိုဆိုက်ကျူးလွန်သည်ဟူသော ဂမ်ဘီယာ၏ စွဲချက်များကို စစ်ဆေးရန် ခွင့်ပြုလိုက်ရာရောက်သည်။ မြန်မာနိုင်ငံအနေဖြင့် ယခုအခါ အောက်တိုဘာ ၂၀၂၀ တွင် ဂမ်ဘီယာက တင်သွင်းထားသော အသေးစိတ်အမှုအခင်းပါ အဓိကစွဲချက်များကို ချေပရမည်ဖြစ်သည်။

ICJ အမှုမှာ သံသယရှိသူတစ်ဦးချင်းကို စွဲဆိုသော ရာဇဝတ်မှုမဟုတ်ဘဲ မြန်မာမှာ နိုင်ငံတစ်နိုင်ငံအနေဖြင့် ဂျန်နိုဆိုက်အတွက် တာဝန်ယူဖို့လိုကြောင်း ဂမ်ဘီယာမှ မြန်မာကို တရားစွဲဆိုမှု ဖြစ်သည်။

မြန်မာပြည်တွင်း ကျန်ရှိနေသော ရိုဟင်ဂျာများကို ဂျန်နိုဆိုက်မှ အကာအကွယ်ပေးနိုင်ရန် ယာယီစီမံချက်များ ချမှတ်ပေးရန် ဒီဇင်ဘာ ၂၀၁၉ တွင် ဂမ်ဘီယာမှ တောင်းဆိုခဲ့ပြီးနောက် ကြားနာမှုများကို စတင်ခဲ့သည်။ ဇန်နဝါရီ ၂၀၂၀ တွင် အဆိုပါယာယီစီမံချက်များ ချမှတ်ရန် တရားရုံးမှ ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့သည်။  ယာယီစီမံချက်များအရ ဂျန်နိုဆိုက်နှင့်သက်ဆိုင်သောအမှုများ ထပ်မံမဖြစ်ပွားအောင် မြန်မာအစိုးရမှ  ရိုဟင်ဂျာများကို ကာကွယ်ပေးရန်၊ လုံခြုံရေးတပ်များမှ ဂျန်နိုဆိုက်အမှုများ မကျူးလွန်ရန်နှင့်ဂျန်နိုဆိုက်နှင့်ပတ်သက်သော အထောက်အထားများ မပျောက်ပျက်အောင် လုပ်ဆောင်ပေးရန် သတ်မှတ်ထားသည်။ အဆိုပါယာယီစီမံချက်များကို လိုက်နာဆောင်ရွက်နေကြောင်း မြန်မာမှ ခြောက်လတစ်ကြိမ် အစီရင်ခံစာတင်သွင်းရမည်ဟု တရားရုံးမှ အမိန့်ချခဲ့သည်။

မြန်မာနိုင်ငံမှ ထိုအမိန့်ကို တရားဥပဒေအရ လိုက်နာရမည်ဖြစ်သည်။ သို့ရာတွင် မြန်မာပြည်တွင်းတွင် ကျန်ရှိနေသေးသော ရိုဟင်ဂျာ ခြောက်သိန်းကျော် ဆက်လက်ခံစားနေရသော ရက်စက်ကြမ်းကြုတ်မှုများကို လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့နှင့် အခြားအဖွဲ့များမှ မှတ်တမ်းတင်နိုင်ခဲ့သောကြောင့် မြန်မာမှာ ယာယီစီမံချက်များကို မလိုက်နာကြောင်း တွေ့ရသည်။ မြန်မာအာဏာပိုင်များက ရိုဟင်ဂျာများအပေါ် အလွန်အမင်း ကန့်သတ်ချုပ်ချယ်မှုများမှာ (ဖိနှိခြင်း၊ လူမျိုးရေးခွဲခြားခြင်းနှင့် လွတ်လပ်ခွင့်ကို အကြီးအကျယ် ကန့်သတ်ထားခြင်း စသည်) လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှုများ ကျူးလွန်ရာရောက်သည်။  ၂၀၂၁၊ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်းတွင်   ရခိုင်ပြည်နယ်မှ ထွက်ပြေးရန် ကြိုးစားသော ရိုဟင်ဂျာများအပေါ် ပိုမိုတင်းကြပ်သော ရွှေ့ပြောင်းသွားလာခွင့်ကန့်သတ်ချက်များနှင့် ပိုမိုပြင်းထန်သော အပြစ်ပေးမှုများကို စစ်အစိုးရမှ ပြုလုပ်ခဲ့သည်။

ICJ အဖွင့်ကြားနာပွဲများသို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ခေါင်းဆောင်အဖြစ် ဒီဇင်ဘာ ၂၀၁၉ တွင် တက်ရောက်ခဲ့သည်။ ၂၀၂၁ အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်မှဖမ်းဆီးခဲ့ပြီး စစ်ကောင်စီခုံရုံးတစ်ခုက ထောင်ဒဏ် ၁၁ နှစ် အပြစ်ပေးခဲ့သည်။ စုစုပေါင်းထောင်ဒဏ် နှစ်ပေါင်း ၁၈၀ ကျော် ကျခံနိုင်ရဖွယ်ရှိတဲ့ လုပ်ကြံဖန်တီးထားသော အမှုပေါင်းများစွာကို သူမ ရင်ဆိုင်နေရသည်။

ကနဦးကန့်ကွက်ချက် ကြားနာမှုများတွင် မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ကိုကိုလှိုင်နှင့် ပြည်ထောင်စုရှေ့နေချုပ် သီတာဦးတို့က ကိုယ်စားပြုထွက်ဆိုခဲ့ကြသည်။ သူတို့နှစ်ဦးမှာ အမေရိကန်နှင့် အခြားအစိုးရများက စစ်အစိုးရထိပ်သီးပိုင်းတွင် တာဝန်ထမ်းဆောင်နေသောကြောင့် အမေရိကန်နှင့် အခြားအစိုးရများက အမည်တပ်ပြစ်ဒဏ်ခတ်ခံထားရသူများ ဖြစ်သည်။ ၂၀၂၁ အာဏာသိမ်းပြီးချိန်ကတည်းက ဆန့်ကျင်သူများကို တစ်နိုင်ငံလုံးတွင် စစ်အစိုးရက ရက်စက်ကြမ်းကြုတ်စွာ နှိမ်နှင်းခဲ့ရာ လူ ၂၀၀၀ ကျော် သေဆုံးခဲ့ပြီး ၁၄၀၀၀ ကျော် တရားမဝင် အဖမ်းခံထားရသည်။

အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အခြားအဖွဲ့အစည်းတို့က ICJ တွင် မြန်မာပြည်ကို စစ်အစိုးရက ကိုယ်စားပြုသည့်အတွက် စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြသော်လည်း ICJ တွင် စစ်အစိုးရ၏ပါဝင်မှုမှာ ကုလသမဂ္ဂတွင် စစ်အစိုးရအား တရားဝင် အသိမှတ်ပြုမှု၊ မပြုမှုအပေါ် သက်ရောက်မှုမရှိကြောင်း HRW မှ ပြောကြားခဲ့သည်။

မြန်မာ၏ကနဦးကန့်ကွက်မှုများကို ICJ မှ ပယ်ချလိုက်သဖြင့် ယူကေနယ်သာလန်၊ ကနေဒါနှင့် စိုးရိမ်သော အစိုးရများမှ ဂမ်ဘီယာအမှုကို တရားဝင် ကူညီနိုင်ရန် အခွင့်အရေးရသွားသည် - ထိုအစိုးရများမှာ ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီး ဂျန်နိုဆိုက်ကွန်ဗင်းရှင်း၏ အသေးစိတ်အကွက်များကို တရားရေးအရ ခွဲခြမ်းစိတ်ဖြာလေ့လာနိုင်သည်ဟု - HRW မှ ပြောကြားသည်။

ICJ လုပ်ထုံးလုပ်နည်း၏ အပိုဒ် ၄၁ (၂) အရ ICJ ၏ ယာယီစီမံချက်များ အမိန့်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ အလိုအလျောက် ပို့ပေးရသည်။ ရိုဟင်ဂျာတို့အား စစ်တပ်မှ ရက်စက်ကြမ်းကြုတ်မှုပြုခြင်း ငါးနှစ်ပြည့်လုနီးချိန်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်များက ရိုဟင်ဂျာတို့အတွက် တရားမျှတမှုနှင့် လုံခြုံမှု ပေးနိုင်ခြင်း မရှိခဲ့ကြောင်း ပြန်လည်သုံးသပ်ရန် ဆောင်ရွက်သင့်သည်။ အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံး (ICC) ကို မြန်မာပြည်နှင့် ပတ်သက်သော လုပ်ပိုင်ခွင့်အာဏာ ပေးပြီး စစ်အစိုးရ၏လက်နက်နှင့် ဝင်ငွေများကို ဖြတ်တောက်ရန် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအနေဖြင့် ဆုံးဖြတ်ချက် ချသင့်သည်၊ အဆိုပါဆုံးဖြတ်ချက်ကို ရရှားနှင့်တရုတ်က ဗီတိုဖြင့် ပယ်ချကောင်း ပယ်ချနိုင်သည်။

မြန်မာစစ်တပ်က အရပ်သားများနှင့် တိုင်းရင်းသားလူနည်းစုများကို ဆက်လက်ပြီး အကြမ်းဖက်နှိပ်စက်နေသောကြောင့် ICJ မှာ စစ်တပ်ကို တရားစွဲနိုင်သော အခွင့်အလမ်း အနည်းငယ်ထဲမှ တစ်ခု ဖြစ်သည်။ တိုင်းရင်းသားအုပ်စုများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများသည် မြန်မာပြည်တွင် ဒီမိုကရေစီအုပ်ချုပ်ရေး ထူထောင်ရန် ပူးပေါင်းလှုပ်ရှားနေကြပြီး ICJ တွင် တရားမျှတမှုပေါ်ပေါက်ရေး စွမ်းဆောင်မှုများက သူတို့၏ ကြိုးပမ်းမှုများကို အားမြှင့်ပေးသည်။

“မြန်မာရာဇဝတ်မှုတွေကို တာဝန်ယူဖို့ ဦးဆောင်ချင်တဲ့ စိုးရိမ်တဲ့နိုင်ငံတွေအနေနဲ့ ဂျန်နိုဆိုက်ကွန်ဗင်းရှင်းအမှုမှာ တရားဝင် ဝင်ပါသင့်တယ်” ဟု ပီယာဆန်က ပြောကြားသည်။ “ဒီအမှုဟာ မြန်မာစစ်တပ် ရာစုနှစ်ပေါင်းများစွာ အာဏာတည်မြဲအောင် ကျားကန်ပေးထားတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ပေါ်လစီတွေနဲ့ လုပ်ရပ်တွေကို အသေးစိတ်လေ့လာနိုင်မဲ့ အထူးအခွင့်အရေး ဖြစ်တယ်။”

Your tax deductible gift can help stop human rights violations and save lives around the world.

Tags