Skip to main content

မြန်မာ - ရက်စက်ကြမ်းကြုတ်မှုများကို မီးမောင်းထိုးပြနေသော တပ်မတော်နေ့

စစ်တပ်ကို ပြစ်ဒဏ်ပေးရာတွင် ပိုမိုပြင်းထန်သော စီးပွားရေးပိတ်ဆို့မှုများနှင့် လက်နက်တင်ပို့မှု တားဆီးမှုများ လိုအပ်နေ

Military personnel participate in a parade on Armed Forces Day in Naypyidaw, Myanmar, March 27, 2021. © AP Photo

(ဘန်ကောက်၊ မတ်လ ၂၅၊ ၂၀၂၂) - မတ်လ ၂၇ ရက်၊ ၂၀၂၂ တွင် ကျရောက်သော မြန်မာ့တပ်မတော်နေ့သည် မြန်မာစစ်တပ်မှ နေရာအနှံ့ကျူးလွန်နေသော မတရားမှုများအတွက် ပိုမိုပြင်းထန်သော အပြစ်ပေးမှုများ လုပ်နိုင်ရန် နိုင်ငံခြားအစိုးရများအတွက် အခွင့်အရေး ဖြစ်သည်ဟု လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ယနေ့ ပြောကြားခဲ့သည်။

စစ်အစိုးရအဖွဲ့ဝင်များနှင့် အခြားစစ်အရာရှိကြီးများသာမက စစ်တပ်ပိုင်လုပ်ငန်းကြီးများကို စီးပွားရေး အပြစ်ပေးဒဏ်ခတ်မှုများကို စိုးရိမ်သောအစိုးရများအနေဖြင့် တိုးမြှင့်လုပ်ဆောင်သင့်သည်။ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာစစ်တပ်ကို လက်နက်တင်ပို့မှုကို တကမ္ဘာလုံးအနေဖြင့် ရပ်ဆိုင်းရန် အရေးကြီးလုပ်ဆောင်သင့်ပြီး တိုင်းပြည်၏အခြေအနေကို အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးသို့ လွှဲပေးရမည် ဖြစ်သည်။

“မြန်မာတပ်မတော်နေ့အခမ်းအနား တက်တဲ့အစိုးရတွေဟာ စစ်တပ်က ပြည်သူတွေကို ရက်ရက်စက်စက် ဖိနှိပ်မှု ဂုဏ်ပြုပွဲအခမ်းအနား တက်နေတဲ့အတိုင်းပဲ”ဟု လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ မြန်မာသုတေသီ မန်နီမောင်က ပြောကြားသည်။ “ဗိုလ်ချုပ်တွေနဲ့ စစ်တပ်စီးပွားရေးလုပ်ငန်းတွေကို အမည်တပ်ဒဏ်ခတ်ခြင်းတွေ လုပ်ခြင်းနဲ့သာ အဲဒီအစိုးရတွေက တပ်မတော်နေ့မှာ ပါဝင်သင့်တာ။”

၂၀၂၁၊ မတ်လ ၂၆ နေ့တွင် “နောက်စေ့နဲ့ နောက်ကျောကို ဖောက်မယ့် အန္တရာယ်ရှိနေတယ်ဆိုတာ ရှေ့က မရှုမလှသေခဲ့ရတာ ဆန္ဒပြသူများအနေဖြင့် သင်ခန်းစာယူဖို့လိုတယ်”ဟု မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ကြေညာခဲ့ပြီး “မိဘများက နားဝင်အောင် ကြိုတင်တားဆီးပါ၊ အချည်းနှီး မသေပါစေနဲ့”ဟုလည်း သတိပေးခဲ့သည်။​ အဆိုပါကြေညာချက်ကို မတ်လ ၂၇ ရက်တပ်မတော်နေ့တွင် ကျင်းပမည့် ဆန္ဒပြပွဲများကို လုံခြုံရေးတပ်ဖွဲ့များက အကြမ်းဖက်တိုက်ခိုက်မည်ဖြစ်ကြောင်း အတိအလင်းပြောဆိုနေသည်ဟု အများက အဓိပ္ပာယ်ကောက်ခဲ့ကြသည်။

အဆိုပါကြေညာချက်ထွက်ပြီး နောက်တစ်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆန္ဒပြပွဲများကို ပြင်းထန်စွာ နှိမ်နင်းရာတွင် ဆန္ဒပြသူပေါင်း ၁၆၃ ယောက်အထိ သေဆုံးခဲ့သည်။ ထိုနေ့သည် ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ စစ်တပ်အာဏာသိမ်းဆန္ဒပြပွဲများ တစ်နိုင်ငံလုံးတွင် ပေါ်ပေါက်လာပြီးနောက် အသေအပျောက်များဆုံးနေ့ ဖြစ်သည်။

အာဏာသိမ်းပြီးချိန်မှစ၍ လူ ၁၆၀၀ ကျော် အသတ်ခံခဲ့ရပြီး ၁၂၀၀၀ ကျော် ထိန်းသိမ်းခံရဆဲ ဖြစ်သည်။ လူပေါင်း ၅ သိန်းကျော်မှာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီး အကူအညီလိုနေသော လူထုထံသို့ အကူအညီများမရောက်ရန် လူထုကို အပြစ်ပေးသည့်အနေဖြင့် စစ်အစိုးရမှ တမင်တကာ ပိတ်ဆို့ထားသည်။ လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ် ရာဇဝတ်မှုများကျူးလွန်ခြင်းနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်ရာရောက်သည့် စစ်တပ်၏ လူထုအပေါ် ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်မျိုးစုံကို လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့မှ မှတ်တမ်းတင်ထားခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်း ၆ လ အတွင်း လူထုအပေါ်ကျူးလွန်ခဲ့သောရာဇဝတ်မှုများတွင် အမိန့်ပေးခဲ့သော၊ တိုက်ရိုက်ပါဝင်ပတ်သတ်နေသော စစ်တပ်နှင့်ရဲအရာရှိကြီး ၆၁ ယောက်၏အမည်များကို Fortify Rights နှင့် ယေးလ်တက္ကသိုလ် ဥပဒေဌာန၏ Shell Center for International Human Rights တို့မှ မတ်လ ၂၄ ရက်၊ ၂၀၂၂ ပူးတွဲထုတ်ပြန်သော မှတ်တမ်းတွင် ဖော်ထုတ်ခဲ့သည်။

လေတပ်မှ ဗုံးကြဲခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် အရပ်သားများ အသက်သေဆုံးရခြင်းနှင့် စည်းစိမ်ဥစ္စများ ဆုံးရှုံးရကြောင်း သတင်းများမှာ လွန်ခဲ့သော ရက်သတ္တပတ်များအတွင်း ပိုမိုများပြားလာခဲ့သည်။ ကုလသမဂ္ဂ၏မြန်မာပြည်လူ့အခွင့်အရေး အထူးကိုယ်စားလှယ်၏ ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့သော မြန်မာစစ်တပ်ကို အခြားအစိုးရများမှ လက်နက်ရောင်းချမှုအစီရင်ခံစာတွင် အရပ်သားများကို တိုက်ခိုက်ရာတွင် ဂျက်လေယာဉ်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ သံချပ်ကာကားများ၊ လက်နက်ကြီး လက်နက်ငယ်များ၊ ဒုံးကျည်များနှင့် ဒုံးပျံများ သုံးခဲ့သည်ဟု ဖော်ပြခဲ့သည်။ တိုက်ခိုက်မှုပေါင်း ၄၀၀ ကျော်မှာ အရပ်သားအများဆုံး သေဆုံးမှုများ ဖြစ်ပွားခဲ့သည့် မြန်မာပြည် အနောက်မြောက်ပိုင်းရှိ စစ်ကိုင်းတိုင်းတွင် ဖြစ်ပွားခဲ့သည်။ ၂၀၁၈ နောက်ပိုင်း မြန်မာပြည်ကို လက်နက်ရောင်းချခဲ့သော နိုင်ငံများမှာ ဘယ်လာရုစ်၊ တရုတ်၊ အိန္ဒိယ၊ အစ္စရေး၊ ပါကစ္စတန်၊ ရုရှား၊ ဆားဘီးယား၊ တောင်ကိုရီးယားနှင့် ယူကရိန်းနိုင်ငံများ ဖြစ်သည်ဟု အဆိုပါအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ဂျပန်အပါအဝင် အချို့နိုင်ငံများမှာလည်း မြန်မာစစ်တပ်နှင့် စစ်ရေးဆက်ဆံရေးကို ဆက်လက်ကျင့်သုံးနေပြီး လူ့အခွင့်အရေးအလွဲသုံးစားလုပ်မှုများ ရေရှည်ကျူးလွန်နေသည့် မြန်မာစစ်တပ်ကို သင်တန်းပေးမှုများ ဆက်လက်ပံ့ပိုးနေသည်။ ဂျပန်နိုင်ငံအမျိုးသားကာကွယ်ရေးတက္ကသိုလ်နှင့် မိမိကိုယ်ကိုယ်ကို ကာကွယ်ရေးတပ်များက မြန်မာစစ်တပ်ဗိုလ်လောင်းများနှင့် အရာရှိများကို ၂၀၁၅ ကတည်းက သင်တန်းတက်ခွင့်ပေးခဲ့ကြသည်။ ဂျပန်အစိုးရအနေဖြင့် ထိုအစီအစဉ်များကို ချက်ချင်း ရပ်သင့်ပြီး မြန်မာစစ်အစိုးရနှင့်စစ်ရေးဆက်ဆံရေးများကို ချက်ချင်း မဖြတ်တောက်ပါက စစ်တပ်၏ရက်စက်ကြမ်းကြုတ်မှုများတွင် ကြံရာပါဖြစ်သွားနိုင်သည်။

မြန်မာလုံခြုံရေးတပ်ဖွဲ့များ၏ နိုင်ငံတကာလူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဥပဒေ ချိုးဖောက်မှုများကို ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးရုံးက မတ်လ ၁၅ ရက်နေ့ ထုတ်ပြန်သော အစီရင်ခံစာတွင် ရှုံ့ချခဲ့သည် - အရပ်သားများကို စစ်တပ်က တမင်တကာ ပစ်မှတ်ထားသတ်ဖြတ်နေကြောင်း ဦးခေါင်းကိုပစ်ခတ်ခံရသူ၊ မီးရှို့ခံရသူ၊ မတရားဖမ်းဆီးခံရသူ၊ ညှင်းပန်းနှိပ်စက်ခံရသူနှင့် လူသားဒိုင်းများအဖြစ်အသုံးချခံရသူ များစွာရှိသည်ဟု ဆိုသည်။

အမေရိကန်အစိုးရကလည်း မြန်မာစစ်တပ်မှာ ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားရိုဟင်ဂျာမွတ်စလင်များအပေါ် လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ် ရာဇဝတ်မှုများကျူးလွန်ခဲ့ကြောင်း မတ်လ ၂၁ ရက်နေ့တွင် တရားဝင် အဆုံးအဖြတ်ပေးခဲ့သည်။​ ရိုဟင်ဂျာများနှင့် အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြသူများအပေါ် စစ်တပ်မှ ကျူးလွန်ခဲ့သော စိုးရိမ်ဖွယ် နိုင်ငံတကာရာဇဝတ်မှုများအတွက် အမေရိကန်နှင့် သဘောထားတူအစိုးရများအနေဖြင့် တရားမျှတမှုကို ဖော်ဆောင်ပေးသင့်သည် - စစ်တပ်ခေါင်းဆောင်ပိုင်းကို ပိုမိုပြင်းထန်သော စီးပွားရေးပိတ်ဆို့မှုများ လုပ်သင့်သည်ဟု လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီကမူ တရုတ်နှင့် ရရှားဗီတိုအာဏာကို စိုးရိမ်သောကြောင့် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် ပတ်သတ်ပြီး ထိထိရောက်ရောက် အရေးယူခြင်း မရှိသေးချေ။ သို့ရာတွင် လုံခြုံရေးကောင်စီအနေဖြင့် မြန်မာပြည်ကို လက်နက်တင်ပို့မှု ပိတ်ဆို့အရေးယူသင့်ပြီး ရခိုင်ပြည်နယ်အခြေအနေကို နိုင်ငံတကာရာဇဝတ်မှုခုံရုံးသို့ လွှဲပြောင်းပေးသင့်သည်။

“ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာလူထုရဲ့ဒုက္ခ အဆုံးသတ်သွားအောင် ကူညီသင့်တယ်” ဟု မန်နီမောင်က ပြောသည်။ “ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို စောင့်နေလို့တော့ မဖြစ်ဘူး၊ ကုလသမဂ္ဂအထွေထွေညီလာခံမှာ လုပ်နိုင်တာလုပ်သင့်တယ်၊ တစ်နိုင်ငံချင်းစီအနေနဲ့ မြန်မာနိုင်ငံ တရားမျှတမှုရရှိရေးဆောင်ရွက်သင့်တယ်။”

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.
Tags

Most Viewed