Skip to main content

မြန်မာ - ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုများကို TotalEnergies မှ အားပေးထောက်ခံခြင်း

စစ်အစိုးရ ရရှိနေသော သဘာဝဓာတ်ငွေ့ဝင်ငွေများကို ပိတ်ဆို့ရန် အမေရိကန်၊ ပြင်သစ်၊ ဥရောပသမဂ္ဂတို့အတွက်လည်း လမ်းကြောင်းပွင့်လာ

Soldiers move in to disperse protesters during a demonstration in Yangon, Myanmar, Sunday, March 7, 2021. © AP Photo, File

(ပြင်သစ်) -၂၀၂၂၊ ဇန်နဝါရီ ၂၀ ရက်နေ့တွင် ပြင်သစ်ကုမ္ပဏီ TotalEnergies သည် ရက်စက်ကြမ်းကြုတ်သော စစ်အစိုးရမှ မြန်မာ့သဘာ၀ဓာတ်ငွေ့ဝင်ငွေများမှ ဒေါ်လာသန်းရာနှင့်ချီ အမြတ်ထုတ်နေသည်ကို ပိတ်ဆို့ရန် ပစ်မှတ်ထားအရေးယူမှုများကို ထောက်ခံမှုပြသကြောင်း လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ယနေ့ ပြောကြားသည်။

လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့မှ TotalEnergies သို့ ပေးပို့သည့် စာတစ်စောင်တွင် မြန်မာစစ်တပ်ထိန်းချုပ်သော လုပ်ငန်းများသို့ ဓာတ်ငွေ့ဝယ်ယူပေးချေမှုများ ရပ်တန့်ရန် ပိတ်ဆို့အရေးယူမှုများပြုလုပ်ပေးရန် တိုက်တွန်းခဲ့ရာ TotalEnergies မှ အသိအမှတ်ပြုတုန့်ပြန်ခဲ့ခြင်းဖြစ်သည်။ TotalEnergies သည် မြန်မာနိုင်ငံတွင် ၁၉၉၀ ခုနှစ်များမှစ၍ ရတနာဓာတ်ငွေ့စီမံကိန်းကို စတင်လုပ်ဆောင်ခဲ့ပြီး စစ်အစိုးရပိုင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကို ဝင်ငွေများစွာ ရစေခဲ့သည်။

“TotalEnergies ရော လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းတွေရောကပါ မြန်မာ့ဓာတ်ငွေ့ရောင်းရဝင်ငွေတွေကို ပိတ်ဆို့အရေးယူဖို့ ထောက်ခံလာတာဟာ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ နောက်ထပ်အချိန်ဆွဲလို့မရအောင် ဖြစ်လာပြီ”ဟု လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့၏ Asia Advocacy Director John Sifton ကပြောသည်။ “အဲဒီအစိုးရတွေအနေနဲ့ စစ်အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အုပ်ချုပ်မှုကို ထောက်ပံ့နေတဲ့ငွေတွေကို ပစ်မှတ်ထားတဲ့ လုံးဝလိုအပ်တဲ့အရေးယူမှုတွေ ချက်ချင်း လုပ်သင့်နေပြီ။”

၂၀၂၂၊ ဇန်နဝါရီ ၁၈ တွင် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့သို့ TotalEnergies ၏ အမှုဆောင်အရာရှိချုပ် Patrick Pouyanné မှ ပေးပို့သောစာအရ TotalEnergies သည် ဓာတ်ငွေ့ဝင်ငွေစီးဆင်းမှုအပေါ် ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုနှင့် ပတ်သတ်ပြီး ပြင်သစ်နှင့် အမေရိကန်မှ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။ ထို့အပြင် TotalEnergies သည် ဥရောပနှင့် အမေရိကန်အစိုးရတို့မှ ချမှတ်သော မည်သည့်ပိတ်ဆို့အရေးယူဆုံးဖြတ်ချက်ကိုမဆို လိုက်နာသွားရန် ရှိကြောင်းနှင့် ပစ်မှတ်ထားပိတ်ဆို့အရေးယူလုပ်ဆောင်ချက်များကိုလည်း ထောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းသို့ “ငွေကြေးစီးဆင်းမှုများကို ရပ်တန့်ပေးဖို့ တောင်းဆိုသော ဥပဒေမူဘောင်တစ်ရပ် ဖန်တီးနိုင်မည့်” ပိတ်ဆို့အရေးယူမှုများ ချမှတ်ပေးရန် TotalEnergies မှ ပြင်သစ်နိုင်ငံခြားရေးရာဝန်ကြီးဌာနသို့ တရားဝင်တောင်းဆိုခဲ့သည်။

၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဒီမိုကရေစီနည်းလမ်းအရ ရွေးချယ်တင်မြှောက်ထားသော အစိုးရကို ဖြုတ်ချလိုက်သော မြန်မာစစ်တပ်သည် တစ်နိုင်ငံလုံးရှိ အာဏာရှင်ဆန့်ကျင်သူများ၊ လှုပ်ရှားသူများ၊ သတင်းထောက်များ၊ နိုင်ငံရေးအတိုက်အခံအသိုင်းအဝိုင်းများကို ဖိနှိပ်ခဲ့ပြီး လူပေါင်း ၁၄၀၀ ကျော်ကို သတ်ဖြတ်ခဲ့ခြင်းမှာ လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ် ရာဇဝတ်မှုများ ကျူးလွန်ရာ ရောက်သည်။ တိုင်းရင်းသားဒေသများကို တိုက်ခိုက်မှုများလည်း ပြန်လည်ဖြစ်ပွားခဲ့ပြီး စစ်ရာဇဝတ်မှု အမြောက်အမြား ကျူးလွန်ခဲ့သည်။ မြန်မာ့အရပ်ဖက်အဖွဲ့အစည်းများ၊ အလုပ်သမားအဖွဲ့အစည်းများနှင့် ရင်းနှီးမြှုပ်နှံသောအဖွဲ့အစည်းများ၏ စစ်အစိုးရကို ငွေပေးချေမှုများ ရပ်တန့်ရန် တောင်းဆိုချက်များကို TotalEnergies သည် ၂၀၂၁ တနှစ်လုံး ရင်ဆိုင်ခဲ့ရသည်။

အာဏာသိမ်းပြီးချိန်မှစ၍ အမေရိကန်၊ ကနေဒါ၊ ယူကေနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ စစ်အစိုးရခေါင်းဆောင်များနှင့် မြန်မာစစ်တပ်ပိုင်လုပ်ငန်းကြီးများကို ပစ်မှတ်ထားပိတ်ဆို့အရေးယူခဲ့သော်လည်း မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ထိုလုပ်ငန်းမှ ရရှိဝင်ငွေများကို ပိတ်ဆို့ခြင်း မရှိခဲ့ပေ။ ပြင်သစ်သမ္မတ Emmanuel Macron သည် ထိုပိတ်ဆို့မှုများကို ထောက်ခံအားပေးခြင်း မရှိခဲ့ပေ။ အမေရိကန်သမ္မတ Joe Biden အစိုးရကလည်း ပြင်သစ်နှင့် အခြားဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ထောက်ခံမှုမပါဘဲ ဓာတ်ငွေ့ဝင်ငွေကို အမေရိကန်တစ်နိုင်ငံတည်းအနေဖြင့် ပိတ်ဆို့အရေးယူရန် မလိုလားပေ။ 

အမေရိကန်နှင့် ပြင်သစ်တို့ တူညီစွာရပ်တည်ပြီး ပိတ်ဆို့အရေးယူမှုများ ချက်ချင်းပြုလုပ်ဖို့ အချိန်တန်ပြီဖြစ်ကြောင်း လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောကြားသည်။

မြန်မာနိုင်ငံရှိ သဘာ၀ဓာတ်ငွေ့စီမံကိန်းများမှာ စစ်အစိုးရကို နှစ်စဉ်အမေရိကန်ဒေါ်လာ ၁ ဘီလီယံ နိုင်ငံခြားဝင်ငွေရရှိစေပြီး နိုင်ငံခြားဝင်ငွေ အများဆုံးရရှိစေသည့်လမ်းကြောင်းလည်း ဖြစ်သည်။ အဆိုပါဝင်ငွေများကို လုပ်ခ၊ အခွန်၊ မူပိုင်ခနှင့် သဘာ၀ဓာတ်ငွေ့တင်ပို့မှုအမြတ်ဝေစုတွေအဖြစ် နိုင်ငံခြားရှိ မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်းဘဏ်အကောင့် သို့မဟုတ် စစ်တပ်ပိုင်ဘဏ်အကောင့်များသို့ အမေရိကန်​ဒေါ်လာနှင့်ထည့်သွင်းပေးရပြီး သဘာ၀ဓာတ်ငွေ့အများစုကို ထိုင်းနှင့်တရုတ်နိုင်ငံများသို့ ပိုက်လိုင်းများနှင့် တင်သွင်းသည်။

ဓာတ်ငွေ့ဝင်ငွေအများစုကို ထိုင်းအစိုးရ ရှယ်ယာအများဆုံးပိုင်သော PTT ကုမ္ပဏီကတဆင့်ပေးချေသည်။ မြန်မာနိုင်ငံ၏ဓာတ်ငွေ့တင်ပို့မှု ၈၀ ရာခိုင်နှုန်းနီးပါးကို TotalEnergies၊ Chevron နဲ့ မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်းတို့ပါဝင်သော ဖက်စပ်လုပ်ငန်းများမှတဆင့် PTT ကုမ္ပဏီက ဝယ်ယူခြင်းဖြစ်သည်။ PTT သည် တောင်ကိုရီးယားကုမ္ပဏီ POSCO နှင့် ပူပေါင်းလုပ်ငန်းများမှ သီးသန့်ပိုင်ဆိုင်မှုများရှိပြီး POSCO သည် ဓာတ်ငွေ့များကို တရုတ်ပြည်သို့ တင်ပို့ရောင်းချသည်။ အဆိုပါကုမ္ပဏီများနှင့် ယင်းတို့၏ရှယ်ယာပိုင်ဆိုင်သူများထံသို့ ဓာတ်ငွေ့ရောင်းရဝင်ငွေအပေါ် ပိတ်ဆို့အရေးယူရာတွင် ထောက်ခံအားပေးရန် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့အနေဖြင့် အကြောင်းကြားပြီး ဖြစ်သည်။

“TotalEnergies ရဲ့ ပိတ်ဆို့အရေးယူမှုအပေါ်ထောက်ခံမှုဟာ မြန်မာနိုင်ငံအတွင်း လုပ်ကိုင်နေတဲ့ အခြားစွမ်းအင်ကုမ္ပဏီတွေသာမက မြန်မာ့ဓာတ်ငွေ့ရဲ့အကြီးဆုံးဖောက်သည် ထိုင်းအစိုးရအတွက်လဲ ဥပမာဖြစ်သင့်တယ်”ဟု Sifton က ပြောသည်။ “အဲဒီကုမ္ပဏီတွေက ဘုတ်အဖွဲ့ဝင်တွေနဲ့ ရင်းနှီးမြုပ်နှံတဲ့အဖွဲ့အစည်းတွေအနေနဲ့ TotalEnergies ရဲ့ ဆုံးဖြတ်ချက်ကို အတုယူသင့်တယ်။”

ဓာတ်ငွေ့လုပ်ငန်းလည်ပတ်မှုကို လုံးဝရပ်တန့်သွားစေနိုင်ပြီး လူဦးရေအများစုကို ထိခိုက်စေနိုင်သည်ဟု ပိတ်ဆို့အရေးယူမှုနှင့်ပတ်သတ်ပြီး ဝေဖန်ချက်တစ်ခုက ဆိုသည်။ ဝင်ငွေနှင့် အခွန်ငွေပေးဆောင်မှုအပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူခြင်းမှာ လုပ်ငန်းလည်ပတ်ခြင်းကို အနှောင့်အယှက်မရှိစေပဲ စစ်အစိုးရသို့ ဝင်ငွေစီးဆင်းမှုကိုသာ သက်ရောက်စေမည်။ ဓာတ်ငွေ့လုပ်ငန်းလည်ပတ်မှုများအတွက် အမေရိကန်ဒေါ်လာနှင့် ပေးဆောင်ရပြီး နိုင်ငံတကာဘဏ်များမှာ ဥရောပသမဂ္ဂနှင့် အမေရိကန် တရားစီရင်ပိုင်ခွင့်အောက်တွင် ရှိသောကြောင့် ဥရောပသမဂ္ဂနှင့် အမေရိကန်တို့မှာ ဤပိတ်ဆို့အရေးယူရာတွင် အခရာကျသည်။ ယူရို သို့မဟုတ် ဒေါ်လာ ငွေလွှဲ၊ ငွေပေးချေမှုများ လုပ်ဆောင်တိုင်း နိုင်ငံခြားဘဏ်များက ဥရောပသမဂ္ဂနှင့် အမေရိကန် သတ်မှတ်ချက်များကို လိုက်နာရခြင်းကြောင့် ဥရောပသမဂ္ဂနှင့် အမေရိကန်အစိုးရများမှာ ထိုင်း၊ စင်ကာပူ၊ တောင်ကိုရီးယားနှင့် တခြားနိုင်ငံများရှိဘဏ်များတွင် ယူရို၊ ဒေါ်လာငွေပေးဆောင်မှုများ ရပ်တန့်သွားအောင် လုပ်နိုင်သည်။

“TotalEnergies သတင်းထုတ်ပြန်လိုက်ကတည်းက နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာနိုင်ငံက တရားမျှတမှုနဲ့ တာဝန်ခံမှုလိုလားတဲ့ သန်းပေါင်းများစွာသောလူထုကို ထောက်ခံမှုပြသတဲ့ ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုများကို ကန့်ကွက်ခြင်း၊ ရှောင်လွှဲခြင်းလုပ်နေဖို့ အကြောင်းမရှိတော့ဘူး”ဟု Sifton က ပြောသည်။ “စစ်အစိုးရခေါင်းဆောင်တွေဟာ စီးပွားပျက်လောက်အောင် ပေးဆပ်ရမှ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ဖိနှိပ်ခြင်းတွေကို ကျောခိုင်းမှာ။”

GIVING TUESDAY MATCH EXTENDED:

Did you miss Giving Tuesday? Our special 3X match has been EXTENDED through Friday at midnight. Your gift will now go three times further to help HRW investigate violations, expose what's happening on the ground and push for change.

Most Viewed