(ဘန်ကောက်၊) – ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းက စစ်ခုံရုံးများတွင် တရားမျှတမှုမရှိဘဲ ရုံးတင်စစ်ဆေးခံရပြီးနောက် သေဒဏ်ချမှတ်ခံရသူ ၆၅ ဉီးရှိပြီဟု လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောသည်။ အဆိုပါ သေဒဏ်ချခံရသူများအနက် ၂၆ ဉီးမှာ လက်ရှိထိန်းသိမ်းခံနေရသူများဖြစ်ပြီး ၃၉ ဉီးမှာ မျက်ကွယ်သေဒဏ်ပေးခံရသူများဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနများနှင့် ဒေသခံအဖွဲ့အစည်းများအရ သိရသည်။
မတ်လကတည်းက စစ်အုပ်ချုပ်ရေးအမိန့် ကြေညာထားသော ရန်ကုန်တိုင်းရှိ မြို့နယ်တချို့တွင် စစ်ခုံရုံးများမှ သေဒဏ်ပေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။ စစ်အုပ်ချုပ်ရေးအမိန့်အောက်တွင် စီရင်ဆုံးဖြတ်ခွင့်အာဏာနှင့် တရားရေးရာအာဏာနှစ်ရပ်စလုံးကို ဒေသခံစစ်တပ်ကို အပ်နှင်းထားပြီး သေဒဏ်ကျခံရနိုင်သော ပြစ်မှုပေါင်း ၂၃ ခုအထိ ရှိလာသည်။
“မြန်မာစစ်အစိုးရက လမ်းပေါ်ထွက်ဆန္ဒပြသူတွေကို အစုလိုက်အပြုံလိုက်ပစ်သတ်ရုံသာမက သြချရလောက်အောင် တရားမျှတမှုမရှိတဲ့ စစ်ခုံရုံးတွေက သေဒဏ်တွေ ဒါဇင်နဲ့ချီပြီး အပြစ်ပေးနေတယ်” ဟု လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ အာရှသုတေသီ ရှေးနာ ဘောက်ချ်နာက ပြောသည်။ “စစ်အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ငြိမ်ကျသွားအောင် လုပ်တာသိသာတယ်၊ ကျူးလွန်ထားတဲ့ အပြစ်တွေအတွက် ပြန်ပေးဆပ်ရမယ်ဆိုတာ စစ်အစိုးရ သိသွားအောင် ပြည်ပအစိုးရတွေ တခုခုလုပ်ဖို့လိုပြီဆိုတာ ဒီသေဒဏ်ပေးမှုတွေက ထင်ထင်ရှားရှားသတိပေးနေတယ်။”
မတ်လဆန်းပိုင်းတွင် လုံခြုံရေးတပ်များက ဆန္ဒပြသူ ၁၂၀ ခန့်ကို ပစ်သတ်ခဲ့ပြီးနောက် မတ်လ ၁၄ နှင့် ၁၅ ရက်နေ့များတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက)က ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းရှိ မြို့နယ် ၁၁ မြို့နယ်တွင် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့သည်။ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ထားသော ရန်ကုန်ရှိမြို့နယ်များတွင် စီမံအုပ်ချုပ်ရေးနှင့် တရားရေးရာအာဏာနှစ်ခုစလုံးကို ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေက ကိုင်တွယ်ရသည်။
စစ်အုပ်ချုပ်ရေးထုတ်ပြန်ချက်များအရ စစ်အုပ်ချုပ်ရေးနယ်မြေတွင် စစ်ခုံရုံးမှကိုင်တွယ်သော သေဒဏ်အထိ အပြစ်ပေးနိုင်သည့် ပြစ်မှုအမျိုးအစားပေါင်း ၂၃ မျိုးအထိ ရှိလာသည်။ အဆိုပါပြစ်မှုများထဲတွင် စစ်အာဏာသိမ်းပြီးမှ စစ်အစိုးရက ထည့်သွင်းလိုက်သော ပြစ်မှုများပါဝင်ပြီး အများစုမှာ သေဒဏ်ထိုက်တန်သည့် ပြစ်မှုများမဟုတ်ပေ။ အထက်ပါ ၆၅ မှုမှာ လူသတ်မှုဖြင့် စွဲချက်တင်ခံရပြီး ပြစ်မှုဆိုင်ရာဉပဒေပုဒ်မ ၃၀၂၊ ၃၉၆ နှင့် ၃၉၇ အောက်တွင် သေဒဏ်ချမှတ်ခံရခြင်း ဖြစ်သည်။
စစ်အုပ်ချုပ်ရေးဉပဒေအရ နစကဉက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သေဒဏ်စီရင်ခြင်းကို အတည်ပြုရမည်ဖြစ်သည်။ စစ်ခုံရုံးမှချမှတ်ထားသော ဆုံးဖြတ်ချက်များနှင့်ပြစ်ဒဏ်များကို အယူခံဝင်ပိုင်ခွင့်မရှိပေ။ သေဒဏ်အပြစ်ပေးခံရသူအတွက် တစ်ခုတည်းသော ရွေးချယ်စရာမှာ သေဒဏ်ချခံရပြီး ၁၅ ရက်အတွင်း နစကဉက္ကဌသို့ အသနားခံစာတင်ရမည်ဖြစ်သည်။ သေဒဏ်မှလွတ်မြောက်စေရန်၊ ပြစ်ဒဏ်ပြောင်းလဲသတ်မှတ်ပေးရန် သို့မဟုတ် လျော့ပါးစေရန် နစကဉက္ကဌတွင် လုပ်ပိုင်ခွင့်ရှိသည်။ ရှေ့နေများမှတဆင့် မဟုတ်ဘဲ ထောင်ဝန်ထမ်းများမှတဆင့်သာ အသနားခံစာတင်နိုင်သည်ဟု လွတ်လပ်သောအာရှအသံသတင်းအရ သိရသည်။
ဧပြီလမှ ဇွန်လအတွင်း သေဒဏ်ပြစ်မှုအားလုံးကို ၆ ကြိမ်ခွဲ၍ ချမှတ်ခဲ့သည်။ ဉပဒေဘောင်မဝင်သော စစ်ခုံရုံးများမှ အရပ်သားများကို ခပ်မြန်မြန် ရုံးတင်စစ်ဆေးမှုများမှာ ထိန်းသိမ်းခံနေရသူများသာမက မျက်ကွယ်သေဒဏ်ကျခံရသူများ၏ အခြေခံလူ့အခွင့်အရေးဖြစ်သော မျှတသော တရားစီရင်မှုရပိုင်ခွင့်ကို ချိုးဖောက်နေသည်။ ရန်ကုန်မြို့အင်းစိန်ထောင်တွင်းတွင် တံခါးပိတ်စစ်ဆေးလေ့ရှိသော စစ်ခုံရုံးအမှုများတွင် အရပ်သားတရားရုံးများတွင် ကျင့်သုံးလေ့ရှိသော သက်သေအထောက်အထားနှင့် လုပ်ထုံးလုပ်နည်းများကို ကျင့်သုံးခြင်းမရှိ။ စစ်ခုံရုံးရှေ့မှောက်ရောက်လျှင် အမှုမခိုင်လုံသော်လည်း ပြစ်မှုထင်ရှားဖို့ သေချာသည်၊ ရုံးထုတ်စစ်ဆေးခြင်းများကိုလည်း မြန်မာပြည်သူနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့ ဝင်ရောက်ကြားနာခွင့်မရှိပေ။
ဧပြီလ ၈ ရက်နေ့ စစ်အစိုးရ၏ပထမဉီးဆုံးသေဒဏ်ပေးမှုတွင် အမျိုးသား ၁၈ ယောက်နှင့် အမျိုးသမီး ၁ ယောက် ပါဝင်သည်၊ မော်တော်ဆိုင်ကယ်စီးလာသော စစ်သားနှစ်ဉီး (နှစ်ဉီးအနက်တစ်ဉီး သေဆုံး) ကို ရန်ကုန်၊ မြောက်ဉက္ကလာတွင် မတ်လ ၂၇ ရက်နေ့က တိုက်ခိုက်မှုဆိုသော စွဲချက်ဖြင့် သေဒဏ်ပေးခံရခြင်းဖြစ်သည်။ ထို ၁၉ ဉီးမှာ လူသတ်မှုနှင့် လုယက်မှု ဉပဒေပုဒ်မ ၃၉၆၊ ၃၉၇ တို့ဖြင့် ပြစ်ဒဏ်ပေးခံခဲ့ကြရသည်။ ဧပြီလ ၂၈ ရက်နေ့တွင် ထိုပြစ်မှုဖြင့်ပင် နောက်ထပ် အမျိုးသားတစ်ယောက်ကို သေဒဏ်ချမှတ်ခဲ့သည်။ ထိုကဲ့သို့ သေဒဏ်ချမှတ်ခံရသူများအနက် ၃ ယောက်မှာ ထိန်းသိမ်းခံထားရပြီး ကျန်သူများမှာ မျက်ကွယ်သေဒဏ်ပေးခံရသည်။
ဧပြီလ ၁၂ ရက်နေ့တွင် လှိုင်သာယာမြို့နယ်နေ စစ်အစိုးရထောက်ခံသူ အမျိုးသမီးတစ်ဉီးကို သတ်သည်ဟု စွပ်စွဲကာ ရန်ကုန်စစ်ခုံရုံးက အမျိုးသမီး၂ ယောက်နှင့် အမျိုးသား ၅ ယောက်ကို ဉပဒေပုဒ်မ ၂၀၃ (၁) (ခ) ဖြင့် သေဒဏ်ပေးခဲ့သည်။ ထိုသူများအနက် ၄ ယောက်မှာ ထိန်းသိမ်းခံထားရပြီး ကျန် ၃ ယောက်မှာ မျက်ကွယ်သေဒဏ်ပေးခံရသည်။
မေလ ၂၄ ရက်နေ့တွင်လည်း အင်းစိန်ထောင်တွင်း စစ်ခုံရုံးမှ အမျိုးသား ၁၅ ယောက်၊ အမျိုးသမီး ၁ ယောက်နှင့် ဆယ်ကျော်သက်အရွယ်ကောင်လေး ၂ ယောက်တို့ကို သေဒဏ်ပေးခဲ့သည်။ ထိုသူတို့မှာ မတ်လ ၂၉ ရက်နေ့က တောင်ဒဂုံမြို့နယ်နေ စစ်အစိုးရထောက်ခံသူ ၁ ယောက်ကို သတ်သည်ဟု စွပ်စွဲကာ ဉပဒေပုဒ်မ ၃၀၂ (၁)(ဂ) ဖြင့် သေဒဏ်ပေးခံခဲ့ရသည်။ ထို ၁၈ ယောက်အနက် ၇ ယောက်မှာ ပုန်းရှောင်နေဆဲ ဖြစ်ပြီး၊ ကျန် ၁၁ ယောက်မှာ ထိန်းသိမ်းခံထားရသည်။ အသက် ၁၇ နှစ်နှင့် ၁၅ နှစ် အရွယ် နှစ်ယောက်ကို ဧပြီလ ၁၇ ရက်နေ့က ထိန်းသိမ်းလိုက်သည်။ ထိုကလေးနှစ်ယောက်ကို ကလေးတရားရုံးသို့ လွှဲလိုက်ပြီဟု စစ်အစိုးရမီဒီယာများက ဆိုသည်။ ထိန်းသိမ်းခံထားရသူများအနက် ၄ ယောက်မှာ ညီအစ်ကိုအရင်းများ ဖြစ်ကြသည်။
မေလ ၂၇ ရက်နေ့တွင် ရွှေပြည်သာမြို့နယ်နေ လူတစ်ယောက်ကို သတ်သည်ဟု စွပ်စွဲကာ အမျိုးသား ၅ ယောက်ကို ဉပဒေပုဒ်မ ၂၀၃ (၁) (ခ) ဖြင့် စစ်ခုံရုံးမှ သေဒဏ်ချမှတ်ခဲ့သည်။ ထို ၅ ယောက်အနက် ၄ ယောက်မှာ မျက်ကွယ်သေဒဏ်ကျခံခဲ့ရသည်။
စစ်အစိုးရ၏သေဒဏ်အပြစ်ပေးမှု နောက်ဆုံးသတင်းထုတ်ပြန်ချက်အရ အမျိုးသား ၁၃ ယောက်နှင့် အမျိုးသမီး ၂ ယောက်ကို စစ်ခုံရုံးမှ ဇွန်လ ၂၁ ရက်နေ့တွင် သေဒဏ်ပေးခဲ့ကြောင်း သိရသည်။ ထိုသူတို့မှာ မြောက်ဉက္ကလာပ၊ ရွှေပေါက်ကံမြို့သစ်နေ ဒလန်ဆိုသူနှင့် သားနှစ်ယောက်ကို မတ်လ ၁၅ ရက်နေ့က သတ်သည်ဟု စွပ်စွဲခံခဲ့ကြရသည်။ ထိုသူများအနက် ၇ ယောက်မှာ ထိန်းသိမ်းခံထားရပြီး ၈ ယောက်မှာ မျက်ကွယ်သေဒဏ်ကျခံခဲ့ရသည်။
ဖေဖော်ဝါရီလကတည်းက နိုင်ငံတဝှမ်း အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုကို စစ်အစိုးရနှင့် လုံခြုံရေးတပ်ဖွဲ့များမှ တနေ့ထက်တနေ့ဆိုးရွားလာသော အကြမ်းဖက်မှုများ၊ နှိမ်နှင်းမှုများဖြင့် တုန့်ပြန်ခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက လူ ၉၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး တက်ကြွသူ၊ ဂျာနယ်လစ်၊ အစိုးရဝန်ထမ်းနှင့် နိုင်ငံရေးသမား စုစုပေါင်း ၅၀၉၄ ခန့်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
စစ်အုပ်ချုပ်ရေးဉပဒေအရ နိုင်ငံတော်သစ္စာဖောက်မှုနှင့် ဆက်စပ်သောအမှုများကို သေဒဏ်ပေးနိုင်သည်၊ ထိုဆက်စပ်သောအမှုများမှာ နစက က ဆန္ဒပြပွဲများနှင့် အမိန့်မနာခံရေး အကြမ်းမဖက်လှုပ်ရှားမှု (CDM) တို့ကို ပြစ်မှုမြောက်အောင် ချဲ့ကားထည့်သွင်းထားခြင်း ဖြစ်သည်။ ချဲ့ကားထားသော ဉပဒေအရ နိုင်ငံတော်ကာကွယ်ရေးတပ်များကို “မုန်းတီးအောင်လုပ်ခြင်း” ကိုလည်း နိုင်ငံတော်သစ္စာဖောက်မှုဟု သတ်မှတ်သဖြင့် စစ်တပ်ကို ဝေဖန်သူတိုင်း သစ္စာဖောက်ဖြစ်နိုင်သည်။ အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများ ရပ်တန့်စေမည့် အခြားပြစ်မှုများကိုလည်း စစ်ခုံရုံးများက ကိုင်တွယ်ရသည်၊ ဉပမာ - စစ်အစိုးရက ထပ်မံထည့်သွင်းထားသော ပုဒ်မ ၅၀၅ (က) အရ “ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တခုခုဖြစ်စေရန်” သို့မဟုတ် “ကောလဟာလသတင်း”ကို ထုတ်ပြန်ကြေညာလျှင် သို့မဟုတ် အစိုးရဝန်ထမ်းတစ်ဉီးကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ထိခိုက်နာကြင်စေလျှင် ပြစ်မှုမြောက်စေသည်။
သေဒဏ်ကျခံနေရသော အကျဉ်းသားအချို့မှာ ရဲများ၏ရိုက်နှက်နှိပ်စက်ခြင်း ခံကြရသည်ဟု ဆိုသည်။ အာဏာသိမ်းပြီးချိန်ကတည်းက မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းသိမ်းခံထားရသူများကို ရိုက်နှက်စစ်ဆေးခြင်းအပါအဝင် နှိပ်စက်ညှင်းဆဲခြင်း၊ မဖွယ်မရာလုပ်ခြင်းများ ပြုလုပ်လေ့ရှိသည်။ ထိန်းသိမ်းခံထားရသူတချို့မှာ မိသားစုဝင်များ၊ ရှေ့နေများနှင့်တွေ့ခွင့်မရဘဲ ပြင်ပနှင့်အဆက်အသွယ်ဖြတ်ခံထားရသည်။ ထိုသူများအနက် ၁၇ နှစ်အရွယ် လူငယ်တစ်ယောက်မှာ ရိုက်နှက်ခံရခြင်း၊ ဆေးလိပ်မီးနှင့်အတို့ခံရခြင်း၊ ပုံစံထိုင်ထိုင်ရခြင်းနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ကြုံတွေ့ခဲ့ရကြောင်း လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့သို့ ပြောသည်။
အခြားထိန်းသိမ်းခံရသူများမှာလည်း ရဲစခန်း သို့မဟုတ် စစ်တပ်စစ်ကြောရေးစခန်းများတွင် အရိုက်ခံရကြောင်း၊ နာရီပေါင်းများစွာ မတ်တပ်ရပ်နေ၊ ဒူးထောက်နေ၊ မှောက်လျက်နေ အစရှိသော အပြစ်ပေးခြင်းများကိုလည်း ကြုံခဲ့ကြရသည်။
မြန်မာဉပဒေတွင် သေဒဏ်ပေးခြင်း ဆက်လက်ရှိနေပြီး တရားရုံးများမှ သေဒဏ်ချမှတ်ခြင်းများ ဆက်လက်ရှိနေသေးသော်လည်း ၁၉၈၈ ကတည်းက သေဒဏ်ကြောင့် အသတ်ခံရသူမရှိသေးပေ။ သေဒဏ်အပြစ်ပေးခြင်း၏ရက်စက်သော၊ ပြန်ပြင်၍မရနိုင်သော သဘောကြောင့် မည်သည့်ပြစ်မှုပင်ဖြစ်စေ သေဒဏ်ပေးခြင်းကို လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲက ကန့်ကွက်ပြီး မြန်မာစစ်အစိုးရကိုလည်း သေဒဏ်ပေးခြင်းအားလုံးကို ရပ်ဆိုင်းရန် ယခင်ကတည်းက တောင်းဆိုခဲ့သည်။
“နိုင်ငံတကာဉပဒေအရ အဆိုးရွားဆုံးပြစ်မှုတွေကို ကျူးလွန်ခဲ့လို့ ဉရောပသမဂ္ဂ၊ အမေရိကန်နှင့် အခြားနိုင်ငံတွေက ပိတ်ဆို့အရေးယူခံထားရတဲ့ ဗိုလ်ချုပ်တစ်ယောက်ရဲ့ ညွှန်ကြားမှုအောက်မှာ ဒီစစ်ခုံရုံးအတုတွေက တရားမမျှတတဲ့၊ အယူခံဝင်လို့မရတဲ့ သေဒဏ်တွေ ပေးနေတာ” ဟု ဘောက်ချ်နာက ပြောသည်။ “ဉရောပသမဂ္ဂ၊ အမေရိကန်နှင့် အခြားနိုင်ငံတွေက တလွဲထောင်ကျခံနေရတဲ့လူတွေကို လွှတ်ပေးဖို့ တောင်းဆိုသင့်တယ်၊ အလုံပိတ်ထားတဲ့ထောင်တွေထဲမှာတောင် သူတို့လုပ်ချင်တိုင်းလုပ်လို့မရဘူး၊ ကမ္ဘာကစောင့်ကြည့်နေတယ်ဆိုတာ စစ်အစိုးရ သိသွားအောင် ဖိအားပိုပေးသင့်တယ်။”