(ဘန်ကောက်၊ အောက်တိုဘာလ ၈ ရက်၊ ၂ဝ၂ဝ ခုနှစ်) မြန်မာအစိုးအရအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ နေထိုင်မှုအဆင့်အတန်း အလွန်နိမ့်ကျသော၊ ဖိစီးနှိပ်စက်မှုများရှိသော စခန်းများတွင် ရိုဟင်ဂျာ မွတ်စလင် ၁၃ဝ,ဝဝဝ ခန့်အား အချိန်အကန့်အသတ်မရှိ ဖမ်းဆီးထိန်းသိမ်းထားခြင်းမှ အလျင်မြန်ဆုံး ရပ်တန့်သင့်သည်” ဟု ယနေ့ ထုတ်ပြန်လိုက်သော Human Rights Watch ၏ အစီအရင်ခံစာတစ်ခုမှ ဆိုသည်။ လက်ရှိ လုပ်ငန်းစဉ်များအရ ဒုက္ခသည်စခန်းများကို ပိတ်သိမ်းပါက သီးသန့်ခွဲခြားဖိနှိပ်မှုများ ပိုမိုမြင့်မားသွားနိုင်ပြီး ထောင်နှင့်ချီသော ကမန်လူမျိုး မွတ်စလင်များနှင့် ရိုဟင်ဂျာများကိုလည်း အချိန့်အကန့်အသတ်မရှိ ဖမ်းဆီးထိန်းသိမ်းသွားနိုင်မည့် အနေအထားတွင်ရှိသည်။ လူမျိုးတုန်းသတ်ဖြတ်ရေး လုပ်ငန်းစဉ်များကို စတင်ခဲ့သော အစိုးရအနေဖြင့် ၂ဝ၁၂ ခုနှစ်ကတည်းကပင် ထိုလူမျိုးစုများအား အမိုးအကာမရှိသော ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းထားရှိခဲ့ခြင်းဖြစ်သည်။
“‘အကန့်အသတ်မရှိသော လေဟာပြင် အကျဉ်းထောင်’ - ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာအများအပြားကို ဖမ်းဆီးထိန်းသိမ်းထားခြင်း” (169-page) ၏ အစီရင်ခံစာသည် ရခိုင်ပြည်နယ် အလယ်ပိုင်းရှိ ဒုက္ခသည်စခန်း ၂၄ ခု နှင့် စခန်းနှင့်တူသော နေထိုင်မှုအခြေအနေများမှ လူသားမဆန်သော အခြေအနေအရပ်ရပ်ကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ နေထိုင်မှုအခြေအနေများ၊ လှုပ်ရှားသွားလာမှုများ၊ ပညာရေး၊ ကျန်းမာရေး၊ ပြည့်စုံလုံလောက်သော အစားအသောက်များနှင့် နေထိုင်ရာနေရာများကို ကန့်သတ်ထားသည့်အပြင် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များ ကိုပါ ထိန်းချုပ်ကန့်သတ်လျက်ရှိသောကြောင့် ထိုအရာများကို အသက်ရှင်ရေးအတွက် အားထားနေရသော ရိုဟင်ဂျာများအနေဖြင့် အကြီးအကျယ် ဒုက္ခခံရလျက်ရှိသည်။
ဤအခြေအနေများက ရိုဟင်ဂျာများ၏ အသက်ရှင်နေထိုင်မှု နှင့် အခြား အခြေခံအခွင့်အရေးများကို အကြီးအကျယ်ခြိမ်းခြောက်လျှက်ရှိသည်။ စခန်းထဲတွင် ထိန်းသိမ်းခံထားရသူများအနေဖြင့် အစာအာဟာရပြတ်လပ်ခြင်း၊ ရေမှတစ်ဆင့် ရောဂါကူးစက်ခြင်း တို့ အပြင် ကလေးများနှင့် မိခင်များ သေဆုံးမှုနှုန်းမှာ ရခိုင်ပြည်နယ်မှ အခြားလူမျိုးစုများထက်စာလျင် ပိုမိုမြင့်တက်လျက်ရှိသည်။ ထိုသို့ဖြင့် မဖြစ်ပွားသင့်သော သေဆုံးမှုများမှာ ဖြစ်ပွားလျက်ရှိသည်။ “ဒီစခန်းက ကျွန်တော်တို့အတွက် အသက်ရှင်နေထိုင်ဖို့မဖြစ်နိုင်တဲ့ နေရာတစ်ခုပါပဲ” ဟု ရိုဟင်ဂျာ အမျိုးသားတစ်ဦးမှ Human Rights Watch သို့ ပြောကြားသည်။
“မြန်မာအစိုးရအနေဖြင့် ရိုဟင်ဂျာလူဦးရေ ၁၃ဝ,ဝဝဝ ခန့်ကို လူသားမဆန်သော အခြေအနေများတွင် ၈ နှစ်ကြာ ထားရှိခဲ့ကာ ၎င်းတို့၏ အိမ်များ၊ မြေများ၊ နေထိုင်ရာဒေသများထံမှ အဆက်အသွယ် ဖြတ်တောက်ခဲ့သည့်အပြင် အခြေအနေတွေတိုးတက်လာဖို့ကလဲ မျှော်လင့်ချက်အနည်းငယ်သာရှိပါတယ်” ဟု Human Rights Watch မှ အာရှဒေသပိုင်း သုတေသနပြုစုသူတစ်ဦးဖြစ်သည့် Shayna Bauchner က ပြောကြားခဲ့သည်။ သူမသည် ဤအစီရင်ခံစာကို ရေးသားခဲ့သူလည်းဖြစ်သည်။ ဆက်လက်၍ သူမက “အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများကို ကျူးလွန်ခြင်းမရှိပါဟု အစိုးရက ငြင်းပယ်ထားသော်လည်း ရိုဟင်ဂျာလူမျိုးများအနေဖြင့် ၎င်းတို့၏ နေရပ်ဒေသသို့ တရားဝင် ဥပဒေအကာအကွယ်များဖြင့် လုံခြုံစိတ်ချစွာ မပြန်ရမချင်း ထိုငြင်းပယ်ချက် ကို အတည်ယူရန် ခဲယဉ်းပါသည်” ဟု ဆိုသည်။
ရိုဟင်ဂျာလူမျိုးများအပေါ် ကျုးလွန်ခဲ့သည့် အကြမ်းဖက်မှုများမှာ ကမ္ဘာပေါ်ရှိ လူသားတို့ လက်မခံသော လူမျိုးရေးခွဲခြားမှုနှင့် ဖိစီးနှိပ်စက်မှုများ နှင့် သက်ဆိုင်သော ရာဇဝတ်မှုများကို ကျုးလွန်ရာရောက်သည်ဟု Human Rights Watch က ဆိုသည်။ ၂ဝ၁၂ ခုနှစ်မှ စတင်လိုက်သော လူမျိုးတုန်းသတ်ဖြတ်ခြင်း နှင့် ဖမ်းဆီးထိန်းသိမ်းမှုများက ၂ဝ၁၆ နှင့် ၂ဝ၁၇ ခုနှစ်၌ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အစိုးရစစ်တပ် ကျုးလွန်ခဲ့သော ရာဇဝတ်မှုများ၏ အခြေခံအုတ်မြစ်ပင် ဖြစ်သည်။ ဤသို့ဖြင့် မြန်မာနိုင်ငံအစိုးရ၏ လုပ်ရပ်မှာ လူသားမျိုးနွယ်အပေါ်ကျူးလွန်သောရာဇဝတ်မှု နှင့် လူမျိုးတုန်းသတ်ဖြတ်ခြင်း စသည့် ရာဇဝတ်မှုများ မြောက်နိုင်သည်။
ဤ အစီရင်ခံစာကို ရိုဟင်ဂျာများ၊ကမန်မွတ်စ်လင်များနှင့်လူသားချင်းစာနာမှုဆိုင်ရာ လုပ်ကိုင်သူများပါဝင်သော လူအယောက်(၆၀)အား ၂၀၁၈ခုနှစ်မှစတင်ကာ အင်တာဗျူးများ မေးမြန်းခဲ့ပြီး ပြုစုထားခြင်းဖြစ်သည်။ Human Rights Watch အနေဖြင့်လည်း အစိုးရ၊ ကမ္ဘာ့ကုလသမဂ္ဂ နှင့် အခြား အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ စာရွက်စာတမ်းများနှင့် အစီရင်ခံစာပေါင်း ၁ဝဝ ကျော်ကို ဆန်းစစ်ခဲ့သည်။ ထိုမှ ရရှိလာသော ရလဒ်များအရ စခန်းများအတွင်း နေထိုင်မှုအဆင့်အတန်းများအား မြှင့်တင်ခြင်း (သို့) သွားလာလှုပ်ရှားရာတွင် ပိုမိုလွတ်လပ်စေခြင်း (သို့) စခန်းဆောက်လုပ်ရေးအတွက် နေရာ/သင့်တော်သော မြေ လုံလောက်စွာရှိစေခြင်းများအား ဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရနှင့် ရခိုင်ပြည်နယ်အစိုးရမှ ငြင်းပယ်ခဲ့ကြောင်းကို တွေ့ရှိခဲ့ရသည်။
စခန်းအတွင်း နေထိုင်ရသည်မှာ အကျယ်ချုပ်အချခံထားရသည်နှင့် တူသည်ဟု ရိုဟင်ဂျာများက ဆိုသည်။ တရားဝင်ဥပဒေများ၊ ဒေသတွင်းရှိ အမိန့်များ၊ တရားဝင်မဟုတ်သော/အခြေအနေအရ ပြဌာန်းထားသော ပြဌာန်းချက်များ၊ စစ်ဆေးရေးဂိတ်များ၊ သံဇကာခြံစည်းရိုးများ၊ တွင်ကျယ်စွာ လာဘ်ပေးလာဘ်ယူမှုများရှိခြင်း စသည့် အတားအဆီးများက ၎င်းတို့၏လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်ကိုကန့်သတ်ထားသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက စခန်းပြင်ပတွင်တွေ့ရှိရသူရိုဟင်ဂျာများအား ရိုက်နှက်ပြီး အခြားသော နည်းလမ်းများဖြင့် နှိပ်စက်မည်လည်းဖြစ်သည်။
“စခန်းအတွင်းမှာ နေရတဲ့ဘဝက အရမ်းရင်နာဖို့ကောင်းပါတယ်။ ကျွန်တော်တို့အနေနဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာလို့ မရပါဘူး၊ လွတ်လပ်မှုဆိုတာ ဘာမှန်းတောင် မသိတော့ပါဘူးဗျာ” ဟု ရိုဟင်ဂျာအမျိုးသားတစ်ဦးက ဆိုသည်။
အင်တာဗျူးမေးမြန်းခံခဲ့ရသော ရိုဟင်ဂျာလူမျိုးတိုင်းက ၎င်းတို့၏ အိမ်များ၊ ရွာများ၊ နေရပ်ဒေသများသို့ ပြန်သွားလိုသည် ဖြေကြားခဲ့ကြသည်။ အုန်းတော်ကြီး စခန်းမှ အမျိုးသားတစ်ဦးက “ကျွန်တော်တို့ကို ရိုဟင်ဂျာ လို့ခေါ်စေချင်ပါတယ်။ ကျွန်တော်တို့ရဲ့ အိမ်၊ ကျွန်တော်တို့ရဲ့ နိုင်ငံမှာ ပြန်လည်နေထိုင်လိုပါတယ်။ ပြီးတော့ ကျွန်တော်တို့ ပိုင်ဆိုင်ခဲ့တဲ့အရာတွေကိုလည်း ပြန်လည်ရယူလိုပါတယ်။” ဟု ပြောကြားခဲ့သည်။
အာဏာပိုင်များက ရိုဟင်ဂျာလူမျိုးများကို နိုင်ငံအတွင်းမှ ဖယ်ရှားပစ်ရန် ကြံစည်ခဲ့သည်မှာ ယခင်ကတည်းကပင်ဖြစ်ပြီး ၂ဝ၁၂ ခုနှစ်၌ ရိုဟင်ဂျာ လူ့အသိုက်အဝန်းအပေါ် အကြမ်းဖက်မှုများ ကျူးလွန်၍ လူမျိုးရေးခွဲခြားမှုများ၊ လူမျိုးစုများအား ဖမ်းဆီးထိန်းသိမ်းမှုများ အား ပြုလုပ်ခဲ့သည် ဟု Human Rights Watch က ဆိုသည်။ ထိုအချိန်ကာလ၌ ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်ခဲ့သော ကုလသမဂ္ဂ မှ အရာရှိတစ်ဦးက ၂ဝ၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အစိုးရ၏ ချဉ်းကပ်မှုနှင့်ပတ်သက်၍ “(အစိုးရအနေနဲ့) သူတို့ကို ပိတ်ဖမ်းမယ်၊ ခြံစည်းရိုးခတ်မယ်၊ ဘုံ ‘ရန်သူ’ လို့ သမုတ်မယ် ဆိုတဲ့ နည်းလမ်းကို ကျင့်သုံးခဲ့တာပါ” ဟူ၍ ထုတ်ဖော်ပြောဆိုခဲ့သည်။ ၂ဝ၁၂ ခုနှစ်၌ ရွှေ့ပြောင်းခံခဲ့ရသော ဗုဒ္ဓဘာသာ ရခိုင်လူမျိုးထောင်ဂဏန်းသည်လည်း ၎င်းတို့ နေအိမ်များသို့ ပြန်လည်ရောက်ရှိကာ အခြေကျနေထိုင်လျက်ရှိပြီ ဖြစ်သည်။
၂ဝ၁၇ ခုနှစ် ဧပြီလတွင် အစိုးရအနေဖြင့် စခန်းများကို ပိတ်သိမ်းတော့မည်ဟု ကြေညာခဲ့သည်။ ၂ဝ၁၉ ခုနှစ် နိုဝင်ဘာလတွင် ရေရှည်တည်တံ့မည့် ဖြေရှင်းချက်များကို ဖော်ထုတ်ပေးမည့် “ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ” ကို အစိုးရမှ စတင်ကျင့်သုံးခဲ့သည်။ သို့သော် လုပ်ငန်းစဉ်များအရ ယခုလက်ရှိ စခန်းနေရာဒေသများ၏ အနီးတစ်ဝိုက်တွင် ရေရှည် အဆောက်အအုံများ ဆောက်လုပ်ခွင့်မပေးသည့်အတွက် လူမျိုးရေးခွဲခြားမှုများမှာ ပို၍ပင် ဖြစ်ပေါ်လျက်ရှိသည်။ ထို့ကြောင့် ရိုဟင်ဂျာလူမျိုးများအနေဖြင့် ၎င်းတို့ ပိုင်ဆိုင်ရာအိမ်များ၊ မြေများ၊ အလုပ်အကိုင်များ ကို ပြန်လည်ထူထောင်ပြီး မြန်မာလူ့အဖွဲ့အစည်းထံသို့ ပြန်လာရန် အခွင့်အရေးမရှိပါ။
“ဘယ်သူမှလည်း ပြန်ခွင့်မရဘူး၊ ဘယ်သူမှလည်း လျော်ကြေးမရခဲ့ဘူး” ဟု ကမန်လူမျိုးစု ခေါင်းဆောင်တစ်ဦးမှ ပြောကြားခဲ့သည်။ “ကျွန်တော်တို့ အမြဲမေးနေပါတယ်၊ အစိုးရကိုလည်း မေးပါတယ် - ဘယ်တော့ ကျွန်တော်တို့ရဲ့ မြေတွေ ပြန်ရမလဲဆိုတာ”။ ၎င်း၏ ပြောကြားချက်အပြင် အပိတ်ခံလိုက်ရသော စခန်း ၃ ခုတွင်လည်း လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်အပါအ၀င် အခြေခံဝန်ဆောင်မှုများ သိသိသာသာ တိုးတက်မှုမရှိကြောင်း တွေ့ရသည်။
စခန်းတွေထဲမှာ မျှော်လင့်ချက်ကင်းမဲ့မှုက ပိုမိုများပြားလာပါတယ်ဟု Human Rights Watch က ဆိုသည်။ Human Rights Watch မှ အင်တာဗျူးမေးမြန်းခဲ့သော ရိုဟင်ဂျာလူမျိုးအားလုံးက ၎င်းတို့ကို ယခုကဲ့သို့ ထိန်းသိမ်းထားသည်မှာ အချိန်အကန့်အသတ်မရှိ ထိန်းထားခြင်းဖြစ်ပြီး ၎င်းတို့၏ မျိုးဆက်သစ် ကလေးများအနေဖြင့် လွတ်လပ်စွာ နေထိုင်ခွင့်၊ ပညာသင်ယူခွင့်၊ သွားလာလှုပ်ရှားခွင့် ရရှိမည် မဟုတ်ဟု ယုံကြည်နေကြသည်။ ‘ကျွန်မ စိတ်ထင်တော့... ဒီစနစ်ကြီးက တစ်သက်လုံးသွားမှာပဲ’ ဟု ရိုဟင်ဂျာ အမျိုးသမီးတစ်ဦးက ဆိုသည်။ ‘ဘယ်အရာမှ ပြောင်းလဲမှာမဟုတ်ဘူး၊ ဒါတွေက စကားလုံးတွေနဲ့ပဲ ကတိပေးထားတာ’။
COVID-19 ကပ်ရောဂါကာလအတွင်း မြန်မာစစ်တပ်နှင့် ရခိုင်လက်နက်ကိုင်စစ်တပ် Arakan Army (ရခိုင့်တပ်မတော်) ကြားတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့ခြင်းက ရိုဟင်ဂျာလူမျိုးများအနေဖြင့် အလွန်အမင်း အကာကွယ်မဲ့နေကြောင်းမှာ ပိုမိုသိသာလာသည်။ အထွေထွေရွေးကောက်ပွဲများကို နိုဝင်ဘာလတွင် ကျင်းပမည်ဖြစ်သော်လည်း ရိုဟင်ဂျာလူမျိုးအများစုအနေဖြင့် မဲဆန္ဒနယ်များအတွက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်၊ မဲပေးခွင့်များ မရှိပါ။
၂ဝ၁၇ ခုနှစ်၊ ဩဂုတ်လနောက်ပိုင်းတွင် မြန်မာ့တပ်မတော်၏ လူသားမဆန်သော လုပ်ရပ်များကြောင့် ရိုဟင်ဂျာစစ်ဘေးဒုက္ခသည် လူဦးရေပေါင်း ၁ သန်းခန့်အနေဖြင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသရှိ လူဦးရေသိပ်သည်းထူထပ်သော၊ ရေကြီးမှုဒဏ်မခံနိုင်သော စခန်းများတွင် နေထိုင်ကြရလျက်ရှိသည်။ မြန်မာအစိုးရအနေဖြင့် ရိုဟင်ဂျာလူမျိုးများ ပြန်လည်နေထိုင်ခွင့်ရရှိရန် အဆင်သင့်ဆောင်ရွက်ထားပြီး ဖြစ်သည်ဟု ကြေညာထုတ်ပြန်ခဲ့သော်လည်း ရိုဟင်ဂျာလူဦးရေ ၁၃ဝ,ဝဝဝ ခန့်ကို ယခုအချိန်ထိ ၈ နှစ်ကြာ ထိန်းသိမ်းထားခြင်းက ထိုထုတ်ပြန်ကြေညာချက်မှာ အရေးမပါကြောင်း ပြသနေသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လက်ရှိနေထိုင်နေရသော ဒုက္ခသည်များအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်သွားရောက်နေထိုင်ရမည်ဆိုပါက ရခိုင်ပြည်နယ်အလယ်ပိုင်းရှိ စခန်းများအတွင်း ၎င်းတို့၏ လုံခြုံရေး၊ လွတ်လပ်မှုတို့နှင့် ပတ်သက်၍ စိုးရိမ်လျက်ရှိသည်။ ရိုဟင်ဂျာ ဒုက္ခသည်တစ်ဦးက ‘မြန်မာနိုင်ငံကို ပြန်သွားတဲ့ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေက အခုအချိန်ထိ ထိန်းသိမ်းရေးစခန်းတွေမှာ ရှိနေတုန်းပဲဆိုတာကို သိတယ်။ ဒီလူတွေကို အဲဒီ့ကနေ လွှတ်ပေးပြီးတော့ သူတို့ရဲ့ ရွာတွေမှာ သွားလာခွင့်ပေးလိုက်ပြီဆိုရင်တော့ လုံခြုံစိတ်ချရလောက်ပြီဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့လည်း အိမ်ပြန်ချင်ပါတယ်” ဟု ဆိုသည်။
အလှုရှင်အဖွဲ့အစည်းများ၊ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းများနှင့်ကမ္ဘာ့ကုလသမဂ္ဂတို့ ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်းရှိ လူမျိုးရေးခွဲခြားဆက်ဆံသောစနစ် ကို ထိထိရောက်ရောက် အရေးယူသင့်သည်။ ၎င်းတို့အနေဖြင့် မြန်မာအစိုးရက သွားလာလှုပ်ရှားရေး ကန့်သတ်ချက်များကို လျှော့ချပေးခြင်း စသဖြင့် လူ့အခွင့်အရေးများကို တိုးတက်မြင့်မားစေမည့် လုပ်ငန်းစဉ်များဆောင်ရွက်ပါက ရခိုင်ပြည်နယ်အတွင်းရှိ ဆောက်လုပ်ရေးနှင့် ဖွံ့ဖြိုးရေး စီမံကိန်းကို ထောက်ပံ့နိုင်မည့် အခြေအနေတစ်ရပ်ကို ရှာဖွေဖော်ထုတ်သင့်သည်။ ၎င်းတို့က မြန်မာအစိုးရမှ ဆောင်ရွက်နေသော စခန်းများအား ပိတ်သိမ်းတားဆီးခြင်း လုပ်ငန်းစဉ်ကို ရပ်တန့်စေသင့်ပြီး လက်ရှိတွင် ဒုက္ခခံနေရသော လူ့အသိုက်အဝန်းများနှင့် ဆွေးနွေးပြီးနောက်မှသာ ပေါ်ထွက်ရရှိလာမည့် ဗျူဟာကို နိုင်ငံတကာစံနှုန်းများနှင့်အညီ လိုက်နာဆောင်ရွက်စေသင့်သည်။
“ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရနှင့် စစ်တပ်တို့က ရိုဟင်ဂျာလူမျိုးများအတွက် အသက်ရှင်နေထိုင်ရန် ကြမ်းတမ်းပြီး ဖိနှိပ်မှုများရှိသော စခန်းများအား ဖန်တီးခဲ့ကြသည်” ဟု Bauchner က ဆိုသည်။ “ပြည်ပအစိုးရများနှင့် ကမ္ဘာ့ကုလမဂ္ဂတို့ အနေဖြင့် မြန်မာနိုင်ငံအပေါ် ၎င်းတို့၏ ချဉ်းကပ်မှုပုံစံအား ပြန်လည်ဆန်းစစ်သင့်ပြီး ရိုဟင်ဂျာများအတွက် လုံခြုံမှုနှင့် လွတ်လပ်မှုများ ရရှိစေရန် နှင့် တစ်ချိန်တည်းမှာပင် ဤကဲ့သို့ လူမျိုးရေးခွဲခြားဆက်ဆံသော စနစ်ကို ဖြစ်ထွန်းလာအောင် အားပေးထောက်ပံ့ခဲ့သော တာဝန်ရှိသူများအား အရေးယူနိုင်စေရန် မြန်မာအစိုးရကို တွန်းအားပေးရမည်ဖြစ်သည်။”
အစီရင်ခံစာထဲမှ စကားသံများ
၂ဝ၁၈ ခုနှစ်၌ ကျောက်တော်မြို့ရှိ နိဒင်စခန်း၏ သီးသန့်တဲကို ပြောင်းရွှေ့ရသော မျိုးမြင့်ဦး ၏ ပြောကြားချက် -
လွန်ခဲ့တဲ့ ၇ နှစ်အတွင်း စခန်းထဲမှာ ဘာမှ ပြောင်းလဲသွားတာ မရှိပါဘူး။ ၂ဝ၁၈ ခုနှစ်၊ ဩဂုတ်လကစပြီးတော့ ကျွန်တော်တို့တစ်တွေ သီးသန့်တဲစခန်းတွေ ရရှိခဲ့ပါတယ်။ ဒါကလွဲလို့ ကျန်တာတွေ အားလုံးက ၂ဝ၁၂ ခုနှစ်၊ ဇွန်လပိုင်းကပုံစံနဲ့ အတူတူပါပဲ။ ကျွန်တော်တို့ရဲ့ အိမ်တွေက ရိုဟင်ဂျာအများစု နေတဲ့နေရာနဲ့ အတော်လှမ်းပါတယ်၊ ပြီးတော့ (ဒေသတွင်း သက်ဆိုင်ရာတာဝန်ရှိသူတွေ) က ဒီပတ်ဝန်းကျင်က ကျွန်တော်တို့အတွက် မလုံခြုံဘူးဆိုပြီး လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားခွင့် မပေးပါဘူး။ နေ့တိုင်း အကျယ်ချုပ်ကျခံနေရသလိုပါပဲ။ ကျွန်တော်တို့ လွတ်လပ်စွာ လှုပ်ရှားခွင့်မရဘူး။ အသက်ရှင်ရေး၊ ဝင်ငွေရရှိရေး၊ ကျန်းမာရေးတွေအတွက် အကြီးအကျယ် စိန်ခေါ်မှုတွေ ရှိနေတုန်းပါပဲ။ လွတ်လပ်စွာ သွားလာလှုပ်ရှားဖို့ တောင်းဆိုတယ်ဆိုရင် တစ်ခါတစ်လေ တာဝန်ရှိသူတွေက ဒီကိုလာပြီး အဲဒီ့လိုမပြောဖို့ ခြိမ်းခြောက်လေ့ရှိပါတယ်။
ကျွန်တော်တို့ကတော့ ကိုယ့်ရဲ့နေရပ်ဒေသကို ပြန်ချင်တာပေါ့ဗျာ။ ၂ဝ၁၂ ခုနှစ် မတိုင်ခင်တုန်းကလို ကိုယ့်မှာ အလုပ်နဲ့အကိုင်နဲ့၊ အိမ်နီးနားချင်းတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း အေးအေးဆေးဆေးပဲ နေချင်တာပေါ့။ ဒါပေမယ့် လက်ရှိမှာ ကျွန်တော်တို့ရဲ့ နေရပ်ဒေသကို အခြားသူတွေက ဝင်သိမ်းထားပြီးတော့ ဒေသတွင်းက တာဝန်ရှိသူတွေကလည်း ဘာမှ မလုပ်ပေးဘူး။
၂ဝ၁၈ ခုနှစ်မှစတင်၍ စစ်တွေမြို့ရှိ ခေါင်းဒုက္ကာ စခန်းတွင် နေထိုင်လျက်ရှိသော ကမားလ်အာမက် (Kamal Ahmand) ၏ ပြောကြားချက် -
ညနေတွေမှာဆိုရင် ကိုယ့်ရဲ့တဲကနေ အပြင်ထွက်လို့မရပါဘူး၊ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် မရှိဘူးပေါ့။ တဲရဲ့အပြင်မှာ ရိုဟင်ဂျာတစ်ယောက်ယောက်ကို တွေ့သွားခဲ့ရင် အနှိပ်စက်ခံရပါတယ်၊ ဒါ့အပြင် ထောင်ထဲကို ပို့တာတွေလည်း ရှိပါတယ်။ ကျွန်တော့်ရဲ့ တဲက ရဲစခန်းနားမှာဆိုတော့ ညညဆိုရင် နှိပ်စက်ညှင်းပန်းနေတဲ့ အသံတွေ ကြားနေရပါတယ်။
အကယ်လို့ ရိုဟင်ဂျာ တစ်ယောက်ယောက်ကို ညဘက် အပြင်ထွက်တာတွေ့ခဲ့တယ်ဆိုရင် ခြေထောက်တွေ အရိုက်ခံရပါတယ်၊ ပြီးရင် တခြား ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ရိုက်ပါတယ်။ နှလုံးရောဂါ အခံရှိသူ (သို့) အသက်ရှုလမ်းကြောင်းရောဂါ ရှိတဲ့ ရိုဟင်ဂျာတွေက ရဲတွေနဲ့တွေ့ရင် သူတို့ရဲ့ ရင်ဘတ်ကို ခြေထောက်နဲ့ မကန်ဖို့ အော်ဟစ်တောင်းပန်လေ့ရှိပါတယ်။ များသောအားဖြင့် မျက်နှာကို အရိုက်ခံရတာ များပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ်လောက်က ရိုဟင်ဂျာကောင်လေးတစ်ယောက် အပြင်ထွက်လို့ဆိုပြီး ဝိုင်းနှိပ်စက်ကြတာ သေသွားပါတယ်။ လွန်ခဲ့တဲ့ ၈ လလောက်တုန်းက စခန်းထဲမှာ ရှိနေသေးတဲ့ ကျွန်တော့်အမေက ဘာပြောလဲဆိုတော့ သူတို့နားက မီးဖိုချောင်ပစ္စည်းရောင်းတဲ့ ရိုဟင်ဂျာ တစ်ယောက် စခန်းကို ညနေမစောင်းခင် ပြန်မလာလို့ သေသွားတဲ့အထိ ညှင်းပန်းနှိပ်စက်ခံခဲ့ရပါတယ်တဲ့။
၂ဝ၁၈ ခုနှစ်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ သက္ကယ်ပြင် စခန်းတွင် နေခဲ့သော ဟာမီဒါ ဘီဂမ် (Hamida Begum) ၏ ပြောကြားချက် -
စခန်းထဲမှာ ရေတွင်းတွေ၊ တဲတွေထားပေးရုံနဲ့ ကျွန်မတို့ ဘဝတွေကို ဖြတ်သန်းလို့ ရပြီလို့ ထင်နေလို့လား။ ကျွန်မတို့မှာ လိုအပ်နေတဲ့ အရာတွေကို စျေးထဲမှာ သွားဝယ်လို့ မရပါဘူး၊ ကောင်းမွန်စွာ စားသောက်ခွင့်မရှိဘူး၊ လွတ်လပ်စွာ သွားလာခွင့် မရှိဘူး။
ကျောင်းပညာရေးစနစ် မရှိတဲ့အတွက် ကျွန်မရဲ့သားနှစ်ယောက်က ယာယီသင်ကြားရေးစင်တာ မှာ ပညာသွားသင်ရပါတယ်။ အဲဒီ့မှာ ဘာအနာဂတ်မှ မရှိဘူး။
ကျွန်မတို့ လိုချင်တာက တရားမျှတမှုပေါ့။ ပြီးတော့ ကျွန်မတို့ရဲ့ ကိုယ်ပိုင်မြေတွေပြန်လိုချင်တယ်။ ကျွန်မ မသေခင် မွေးရပ်ဇာတိဖြစ်တဲ့ ကျောက်ဖြူကို ပြန်ချင်တယ်၊ အဲ့လိုမှ မဟုတ်ရင်တော့ ဘင်္ဂလားဒေ့ရှ်မှာပဲ ခေါင်းချရမှာပေါ့။ တိရိစ္ဆာန်တွေဖြစ်တဲ့ ခွေးတို့ မြေခွေးတို့တောင် သူတို့နေထိုင်ရာ တော၊ တောင်တွေရှိသေးတယ် - အရင်တုန်းက ကိုယ်ပိုင်မြေနဲ့ နေထိုင်ခဲ့ရတဲ့ ကျွန်မတို့ ရိုဟင်ဂျာတွေအတွက်ကတော့ လက်ရှိမှာ နေစရာလုံးဝမရှိပါဘူး။
စစ်တွေမြို့ရှိ မွတ်စလင်များ နောက်ဆုံးကျန်ရှိရာ အောင်မင်္ဂလာရပ်ကွက်တွင် နေထိုင်ခဲ့ပြီး မလေးရှားနိုင်ငံသို့ ကူးရန် ပင်လယ်ထဲမှ အသက်လု၍ ထွက်ပြေးခဲ့ရခြင်းနှင့် ပတ်သက်၍ ရိုဟင်ဂျာလူမျိုး ကိုမြတ်နိုးခိုင်မှ ပြောကြားချက် -
ပင်လယ်ထဲမှာသေနိုင်တယ်ဆိုတာကျွန်တော်တိို့သိထားပါတယ်။ အဲ့ဒီကိုရောက်ရင်တော့ကံကောင်းတာပေါ့။သေသွားရင်လဲအဆင်ပြေပါတယ်။ကျွန်တော်တို့မှာအနာဂတ်မှမရှိပဲ။ ကျွန်တော်ပြောတာမှားလား။ ရခိုင်ပြည်နယ်ကရိုဟင်ဂျာတစ်ယောက်ဖြစ်နေတဲ့အတွက်။ ကျွန်တော့်ကိုယ်ကျွန်တော်မေးတယ်။ငါဘာများလုပ်ခဲ့လို့လဲ။ကျွန်တော်ဘာအပြစ်မှမကျူးလွန်ခဲ့ပါဘူးဗျာ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်မပြေးခင် စစ်တွေမြို့ရှိ အုန်းတော်ကြီးစခန်းတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော မိုဟာမက် ယူနွတ်စ် (Mohammed Yunus) ၏ ပြောကြားချက် -
အုန်းတော်ကြီးစခန်းရဲ့ အပြင်ကို ဘယ်အချိန်ဖြစ်ဖြစ် ပေးထွက်ခွင့်မပြုတာပါ။ စခန်းထဲက တခြားနေရာတွေကိုတော့ နေ့ခင်းပိုင်းမှာ သွားလို့ရပါတယ်၊ ည ၉ နာရီအထိပေါ့။ ည ၉ နာရီကနေ မနက် ၆ နာရီဆိုရင်တော့ အပြင်ထွက်ခွင့် ပိတ်ပင်ထားပါတယ်၊ အခြားစခန်းတွေကိုလည်း သွားလို့မရပါဘူး။ ည ၉ နာရီနောက်ပိုင်း စခန်းရဲ့အပြင်မှာ တစ်စုံတစ်ယောက်ကို တွေ့ခဲ့တယ်ဆိုရင်တော့ သူတို့ကို အပြစ်ပေးတာ၊ ဒါမှမဟုတ် ညှင်းပန်းနှိပ်စက်ပြီး အချုပ်ထဲ ထည့်လေ့ရှိပါတယ်။ ကျွန်တော် အဲဒီ့မှာ နှစ်အတော်ကြာသည်အထိ နေခဲ့တုန်းကဆိုရင် အခြေအနေတွေက ပိုမိုတင်းကျပ်လာတာကို တွေ့ခဲ့ရပါတယ်။ ဒီ အခြေအနေက လုံးဝ အဆုံးမသတ်တော့မယ် အကျဉ်းထောင် တစ်ခုလိုပဲ။ ကိုယ်တွေရဲ့ အခွင့်အရေးတွေ သေချာမှု မရှိသေးသရွေ့ အဲဒီ့အကျဉ်းထောင်ကိုတော့ ပြန်မသွားချင်ဘူးဗျာ။
၂ဝ၁၈ ခုနှစ်အထိ သဲချောင်းစခန်းတွင် နေထိုင်ခဲ့သော အာဗ်ဒူလ် ကဒါးရ် (Abdul Kadar) ၏ ပြောကြားချက် -
ကျွန်တော်တို့က တံငါသည်တွေလေ၊ ဒါပေမယ့် တာဝန်ရှိသူတွေက ပင်လယ်ထဲကို နှစ်ရက်ပဲ သွားခွင့်ပြုတယ်။ ကျွန်တော်တို့အနေနဲ့ ၁ဝ ရက်ကနေ ၁၂ ရက်လောက်အထိ အချိန်လိုအပ်ပါတယ်၊ ဒါပေမယ့် ဒါကို ဗုဒ္ဓဘာသာလူမျိုးတွေအတွက်ပဲ အခွင့်အရေးပေးထားတာပါ၊ ကျွန်တော်တို့အတွက် မဟုတ်ဘူး။ ပင်လယ်ကို မထွက်ခင် စစ်ဆေးရေးဂိတ်မှာ ရဲကို ဆီ၊ ထင်း၊ အခြောက်အခြမ်းတွေ ပေးရပါတယ်၊ ပြီးတော့ အားလုံးရဲ့ နာမည်တွေကိုလည်း စာရင်းသွင်းရပါတယ်။ အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် ပင်လယ်ကနေ ပြန်လာတာ နောက်ကျသွားတယ်ဆိုရင် ကျွန်တော်တို့ ရိုက်တယ်၊ နှိပ်စက်တယ် ဒါမှမဟုတ် ကျွန်တော်တို့ဆီက ငါးတွေကို သိမ်းသွားတယ်။ ကျွန်တော်တို့က အချိန်မီအောင် ပြန်လာရင်တောင်မှ များသောအားဖြင့် ဖမ်းမိလာခဲ့တဲ့ အကြီးဆုံးငါးကို သူတို့က သိမ်းသွားတာများပါတယ်။
စစ်တွေမြို့ရှိ သက္ကယ်ပြင် စခန်းတွင် နေထိုင်နေသူ ဆူလ်တန် အာမက် (Sultan Ahmand) ၏ ပြောကြားချက်
၂ဝ၂ဝ မှာလာမယ့် ရွေးကောက်ပွဲအတွက် ကျွန်တော်တို့ စိုးရိမ်မှုတွေ အကြီးအကျယ်ရှိပါတယ်။ ၂ဝ၁၅ တုန်းက ပြည်ထောင်စုအစိုးရက ကျွန်တော်တို့ကို မဲပေးခွင့် မပေးခဲ့ပါဘူး။ ဒါဟာ ရိုဟင်ဂျာနဲ့ ကမန် လူမျိုးတွေအပေါ်မှာ တရားမျှတမှုမရှိပါဘူး။ ၂ဝ၂ဝ ခုနှစ်မှာ မျှတတဲ့ရွေးကောက်ပွဲ ဖြစ်လာအောင် ကျွန်တော်တို့ ရိုဟင်ဂျာတွေ မဲပေးနိုင်ဖို့အတွက် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက အစိုးရကို အကြံပြုတိုက်တွန်းပေးသင့်ပါတယ်။